News @ M-Media
Blog
  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ
    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ
    အောက်တိုဘာ ၁၉၊ ၂၀၁၈
    M-Media
    မလေးရှား ဒုတိယ၀န်ကြီးချုပ်ဟောင်း ဟာမီဒီ
    တရုတ်စီမံကိန်းတစ်ခုကို သီရိလင်္ကာ ပယ်ဖျက်
    ==============
    ဒေါ်လာ သန်း ၃၀၀ တန် အိမ်ယာဆောက်လုပ်ရေး စီမံကိန်း တရုတ်ကုမ္ပဏီကို တင်ဒါပေးထားမှုကို သီရိလင်္ကာနိုင်ငံက ပယ်ဖျက်လိုက်ပြီး အိန္ဒိယနိုင်ငံကို လုပ်ခွင့်ပေးဖို့ စီစဉ်နေပါတယ်။ သီရိလင်္ကာနိုင်ငံ တောင်ပိုင်းက တရုတ်ရဲ့ ဆိပ်ကမ်းစီမံကိန်းတွေနဲ့ အခြား အခြေခံအဆောက်အဦး ဆောက်လုပ်မှုတွေဟာ အကြွေးထောင်ချောက်ထဲ ရောက်နိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေတဲ့အချိန် ဒီလို ပယ်ဖျက်လိုက်တာပါ။ အိန္ဒိယဟာ သီရိင်္ကာမြောက်ပိုင်းမှာ အိမ်ယာတွေ၊ လေဆိပ်တစ်ခုနဲ့ ဆိပ်ကမ်းတစ်ခုတို့ကို ဆောက်လုပ်ပေးခဲ့ပါတယ်။ သီရိလင်္ကာဟာ တရုတ်ကို အကြွေးမဆပ်နိုင်တာကြောင့် နိုင်ငံတောင်ပိုင်းက အရေးပါတဲ့ ဆိပ်ကိမ်းတစ်ခုကို နှစ် ၁၀၀ နီးပါး တရုတ်လက်ထဲ ထိုးအပ်ထားရပါတယ်။
    ဆော်ဒီသတင်းထောက် အသတ်ခံရသည်ဟု ယုံကြည်ကြောင်း ထရမ့်ပြော
    ======================
    အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးထဲမှာ ပျောက်သွားတဲ့ ၀ါရှင်တန်ပို့စ်သတင်းထောက် ဂျမားလ် ကာရှိုဂီ သေဆုံးသွားပြီလို့ ယုံကြည်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ ပြောကြားလိုက်ပြီး၊ ဆော်ဒီအစိုးရရဲ့ လက်ချက်သာဖြစ်မယ်ဆိုရင် ဆိုးရွားတဲ့ နောက်ဆက်တွဲတွေ ကြုံရမယ်လို့ သတိပေးလိုက်ပါတယ်။ တူရကီက ကာရှိုဂျီကို ဆော်ဒီအစိုးရကခန့်ထားတဲ့ ကြေးစား ၁၅ ဦးက သတ်ဖြတ်ခဲ့တာဖြစ်ပြီး အသံအထောက်အထားတွေ၊ ဗီဒီယိုအထောက်အထားတွေ ရှိတယ်လို့ ဆိုပါတယ်။ ဆော်ဒီဟာ အမေရိကန်ရဲ့ မဟာမိတ်ဖြစ်ပြီး ကာရှိုဂီကိစ္စအတွက် ထရမ့်က ဖာဖာထေးထေး ပြောဆိုမှု  ရှိနေတယ်လို့ ဝေဖန်ခံနေရပါတယ်။
    အာဖဂန်ထိပ်တန်းဗိုလ်ချုပ် တာလီဘန်တို့၏ လုပ်ကြံသတ်ဖြတ်မှု ခံရ
    ======================
    အာဖဂန်နစ္စတန် ကန်ဒါဟာပြည်နယ်က ထိပ်တန်းဗိုလ်ချုပ် အဘ်ဒူလ်ရာဇစ်ဟာ မနေ့က တာလီဘန်တွေရဲ့ လုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်မှာ အမေရိကန် စစ်ဖက်တာဝန်ရှိသူတွေနဲ့ အစည်းအဝေးပြီး သက်တော်စောင့်တစ်ယောက်က ပစ်ခတ်ခဲ့တာဖြစ်ပြီး ရာဇစ်အပြင် ပြည်နယ် ထောက်လှမ်းရေးအကြီးအကဲ အဘ်ဒူလ် မိုဟ်မင်လည်း သေဆုံးခဲ့သလို၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဇာလ်မိုင် ၀ီဆာ ဒဏ်ရာရခဲ့ပါတယ်။ တာလီဘန်ကလူတွေ အာဖဂန်အစိုးရအတွင်းစည်းအထိ စိမ့်ဝင်တိုက်ခိုက်မှုတွေဟာ အခုနှစ်ပိုင်းအတွင်း မြင့်တက်လာခဲ့ပါတယ်။ အရည်အချင်းပြည့်ဝတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့ အမေရိကန်စစ်ဖက်က လေးစားတဲ့ ရာဇစ်ဟာ အရင်ကလည်း လုပ်ကြံမှုတွေကို ခံခဲ့ရပြီး အသက်အန္တရာယ်ကနေ သီသီကလေး လွတ်မြောက်ခဲ့ဖူးသူ ဖြစ်ပါတယ်။
    မလေးရှား ဒုတိယ၀န်ကြီးချုပ်ဟောင်း ခြစားမှုဖြင့် ဖမ်းခံရ
    =====================
    ဒုတိယ၀န်ကြီးချုပ်ဟောင်း အဟ်မဒ် ဇာဟစ် ဟာမီဒီကို မလေးရှား ခြစားမှုတိုက်ဖျက်ရေးကော်မရှင်က မနေ့မှာ ဖမ်းဆီးလိုက်ပြီး သူဥက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ Yayasan Akal Budi ဖောင်ဒေးရှင်းမှာ ရန်ပုံငွေတွေကို မလျော်ကန်စွာ သုံးစွဲမှုနဲ့ပတ်သက်လို့ စွဲချက် ၄၀ ကျော်နဲ့ တရားစွဲဆိုခဲ့ပါတယ်။ ဟာမီဒီဟာ အခုနှစ်အတွင်း ကော်မရှင်ရဲ့ ခေါ်ယူမေးမြန်းမှုကို အကြိမ်ကြိမ် ခံခဲ့ရပါတယ်။ မလေးရှားမီဒီယာတွေက ဟာမီဒီဟာ သူနဲ့ သူ့ဇနီးရဲ့ အကြွေးဝယ်ကဒ်ဘီလ်တွေကို ပေးဆောင်ဖို့အတွက် ဖော်ဒေးရှင်းကနေ ရင်းဂစ် ၈ သိန်း (၁၉၇၆၀၀ ဒေါ်လာ) အလွဲသုံးစားလုပ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဟာမီဒီကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး သူ့ရဲ့လက်ထောက်က မှားပေးခဲ့တာဖြစ်ကြောင်း၊ အဲဒီငွေကို ပြန်ပေးပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    Ref : Aljazeera, CNA
  • ခါဘစ်အပြင် မက်ဂရီဂေါ်နှင့်ပါ ထိုးမည်ဟု မေ၀ယ်သာ အတည်ပြု
    ခါဘစ်အပြင် မက်ဂရီဂေါ်နှင့်ပါ ထိုးမည်ဟု မေ၀ယ်သာ အတည်ပြု
    အောက်တိုဘာ ၁၈၊ ၂၀၁၈
    M-Media
    (၀ဲမှယာ) ခါဘစ်၊ မေ၀ယ်သာနှင့် မက်ဂရီဂေါ်
    – ရုရှားက ရှုံးပွဲမရှိ UFC လိုက်ဝိတ်ချန်ပီယံ ခါဘစ် နူမာဂိုမီဒေါ့ဗ်နဲ့ လာမယ့်နှစ်မှာ ထိုးသတ်သွားမှာဖြစ်ပြီး အဲဒီနောက်ပိုင်း အိုင်ယာလန် MMA သမား ကော်နာ မက်ဂရီဂေါ်နဲ့ မကျေပွဲနွှဲချင်တယ်လို့ ဖလွိုက်မေ၀ယ်သာက ပြောကြားလိုက်ပါတယ်။
    ခါဘစ်ဟာ အခုလအစောပိုင်း UFC လိုက်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲမှာ မက်ဂရီဂေါ်ကို အနိုင်ရခဲ့ပြီးတဲ့နောက် မေ၀ယ်သာနဲ့ထိုးဖို့ စိန်ခေါ်ခဲ့တာဖြစ်ပါတယ်။
    မေ၀ယ်သာက ခါဘစ်ကို ရှောင်မယ်ဆိုတဲ့သတင်းတွေကို ငြင်းဆိုခဲ့ပြီး ခါဘစ်အပြင် မက်ဂရီဂေါ်နဲ့ပါ ထိုးသတ်မယ်လို့ TMZ Sports ကို ပြောကြားခဲ့ပါတယ်။
    “မက်ဂရီဂေါ်က သောက်ပေါက်ကရတွေ လျှောက်ပြောနေတယ်ဗျ။ ဒါ့ကြောင့် သူနဲ့လည်း ကျွန်တော် ထပ်တွေ့အုံးမယ်။ ခါဘစ်နဲ့ကျွန်တော် ထိုးပြီးရင် ကော်နာနဲ့ ထပ်ထိုးမှာပါ။ ‘MMA က ဒီငတိတွေနဲ့ သူဘာ့ကြောင့်ထိုးနေတာလဲမသိဘူး’ လို့ လူတွေကပြောကြတယ်။ ကျွန်တော်နဲ့ ခါဘစ်ပွဲက တော်တော်လေးကို လူကြိုက်များမှာပါ။ မက်ဂရီဂေါ်နဲ့ပွဲလည်း လူတွေများမှာပါ။ ဒီလို အားပေးသူများတဲ့လူတွေနဲ့ ကျွန်တော် ထိုးချင်ပါတယ်”
    မေ၀ယ်သာနဲ့ မက်ဂရီဂေါ်တို့ဟာ ၂၀၁၇ ခုနှစ်က လက်စ်ဗီးဂက်စ်မှာ ထိုးခဲ့ဖူးပြီး အဲဒီပွဲမှာ မေ၀ယ်သာက အနိုင်ရခဲ့ပါတယ်။
    ပက်ကွီအိုနဲ့ ထိုးခဲ့ပြီးတဲ့နောက် အနားယူပြီလို့ ကြေငြာခဲ့တဲ့ မေ၀ယ်သာဟာ မက်ဂရီဂေါ်နဲ့ ထိုးပြီးတဲ့နောက်ပိုင်းမှာလည်း အနားယူမယ်လို့ ကြေငြာခဲ့ပါတယ်။ မေ၀ယ်သာဟာ ပွဲပေါင်း ၅၀ ထိုးသတ်ထားပြီး ရှုံးပွဲမရှိသေးပါဘူး။
    ဒါပေမယ့် အခုလို ကြိုးဝိုင်းထဲ ပြန်ဝင်လာတာဟာ ပရိတ်သတ်တွေကို ဖျော်ဖြေဖို့ဖြစ်တယ်လို့ မေ၀ယ်သာက ပြောကြားခဲ့ပါတယ်။
    ခါဘစ်ဟာ ၂၇ ပွဲထိုးကာ ရှုံးပွဲမရှိပါဘူး။ သူ့ကိုလေ့ကျင့်ပေးသူဖြစ်ပြီး ဖခင်လည်းဖြစ်တဲ့ အဘ်ဒူလ်မာနက်ပ်က မေ၀ယ်သာနဲ့ပွဲသာ ဖြစ်လာမယ်ဆိုရင် မိုက်တိုင်ဆန်နဲ့ အနာတိုလေး လိုမာချန်ကိုတို့ကို လေ့ကျင့်ဖို့ ခေါ်ယူသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: RT
  • ယာဉ်နှင့် လမ်းများ စောင့်ကြည့်သည့်စနစ်သစ်တစ်ခု ဒူဘိုင်းတွင် စမ်းသပ်
    ယာဉ်နှင့် လမ်းများ စောင့်ကြည့်သည့်စနစ်သစ်တစ်ခု ဒူဘိုင်းတွင် စမ်းသပ်
    အောက်တိုဘာ ၁၈၊ ၂၀၁၈
    M-Media
    – မြို့ပြစနစ်၊ ကားလမ်းတွေနဲ့ မော်တော်ယာဉ်တွေကို တက္ကဆီတွေကနေတစ်ဆင့် စောင့်ကြည့်မယ့် စနစ်တစ်ခုကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ ဒူဘိုင်းမြို့ အာဏာပိုင်တွေက အခုတစ်ပတ်အတွင်းမှာ စတင်လိုက်ပါတယ်။
    တက္ကဆီတွေရဲ့ ရှေ့နဲ့နောက်၊ အတွင်းပိုင်တွေမှာ ဉာဏ်ရည်တုနည်းပညာသုံး ကင်မရာတွေကို တပ်ဆင်ကာ စောင့်ကြည့်မှာဖြစ်ပြီး ရှေ့ပြေးစမ်းသပ်မှုအနေနဲ့ တက္ကဆီ ၁၀ စီးကို တပ်ဆင်ပေးထားပါတယ်။
    ကင်မရာတွေကနေ ကားနံပါတ်ပြားတွေ၊ လူတွေရဲ့မျက်နှာတွေကို အလိုအလျောက် မှတ်တမ်းတင်မှာဖြစ်ပြီး၊ ယာဉ်ကျောအခြေအနေကိုလည်း စောင့်ကြည့်မှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီအချက်အလက်တွေကို သက်ဆိုင်ရာ ဌာနအသီးသီးကို ပို့ဆောင်သွားမှာ ဖြစ်ပါတယ်။
    ဒူဘိုင်း တက္ကဆီ ကော်ပိုရေးရှင်းရဲ့ စီအီးအို ဒေါက်တာ ယူဆက် အလ် အလီက နံပါတ်ပြားတွေကို စောင့်ကြည့်တဲ့စနစ်ဟာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို ချိုးဖောက်တာ၊ ကားအခိုးခံရတာ၊ ဒါမှမဟုတ် လိုင်စင်သက်တမ်းတိုးဖို့ လိုနေတာမျိုးလို ကိစ္စတွေကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်နိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
    အခုလို စမ်းသပ်မှု အောင်မြင်ရင် နောက်ပိုင်းမှာ ဒီနည်းပညာကို ဒူဘိုင်းက တက္ကဆီ အစီး ၅၀၀၊ အဲဒီနောက်ပိုင်း တက္ကဆီအားလုံးမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။
    ကားမောင်းသူကို စောင့်ကြည့်တဲ့စနစ်၊ ယာဉ်နောက်ပိုင်းအန္တရာယ် သတိပေးစနစ်တွေလို အဆင့်မြင့်နည်းပညာတွေကို ဒူဘိုင်းက တက္ကဆီလုပ်ငန်းမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း တပ်ဆင် အသုံးပြုလာခဲ့ပါတယ်။
    Ref: Alarabiya
  • ကုလအထူးကိုယ်စားလှယ် ကချင်ပြည်နယ်သွားရောက်ကာ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေး
    ကုလအထူးကိုယ်စားလှယ် ကချင်ပြည်နယ်သွားရောက်ကာ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေး
    အောက်တိုဘာ ၁၈၊ ၂၀၁၈
    M-Media
    ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံနေသည့် Christine
    – ကုလ အတွင်းရေးမှူးချုပ် အန်တိုနီ ဂူတာရက်စ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ဟာ ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ မနေ့မှာ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဆွေးနွေးခဲ့ရတယ်လို့ သိရပါတယ်။
    ဒါဟာ Christine ရဲ့ ကချင်ပြည်နယ် ပထမဆုံးခရီးစဉ်လည်း ဖြစ်ပါတယ်။
    ကချင်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေဟာ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ သူတို့ရဲ့ ပါဝင်မှုနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပြီး၊ ငြိမ်းချမ်းရေးအတွက် အချိန်နဲ့ စိတ်ရှည်မှု လိုအပ်တယ်ဆိုတာ နှစ်ဖက်စလုံးက လက်ခံခဲ့ကြတယ်လို့ ပြည်နယ် လူမှုဖူလှုံရေးဝန်ကြီး ဦးတင်လွင်က ဆွေးနွေးပွဲအပြီး သတင်းထော က်တွေကို ပြောကြားခဲ့ပါတယ်။
    ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နိုင်ငံလုံးဆိုင်ရာ အပြစ်အခတ်ရပ်ဆဲရေးစာချုပ် NCA ကို လက်မှတ်ထိုးထားခြင်း မရှိပါဘူး။
    ခရီးစဉ်အတွင်း Christine ဟာ စစ်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသူတွေ နေထိုင်တဲ့ မြစ်ကြီးနားက စစ်ရှောင်စခန်းတွေကိုလည်း သွားရောက်ခဲ့သလို၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ စစ်ဌာနချုပ် အကြီးတန်းအရာရှိတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
    ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့က Christine ဟာ နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံကာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်၊ ရခိုင်ပြဿနာတွေ အပါအ၀င် ကိစ္စတော်တော်များများကို ဆွေးနွေးခဲ့ပါတယ်။
    တနင်္လာနေ့မှာတော့ ရခိုင်ပြည်နယ်က စစ်တွေ၊ မောင်တောနဲ့ ဘူးသီးတောင်မြို့တွေကို သွားရောက်ကာ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ၊ တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ခံစားရသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
    Ref: Irrawaddy
    (ဧရာဝတီ သတင်းဌာန အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့်သတင်းအား ကောက်နှုတ်ပြန်ဆိုခြင်း ဖြစ်ပါသည်)
  • အွမ္မရာဟ်ပြုသူများအပေါ် အခွန်ကောက်ခံမှုကို ဆော်ဒီ ပယ်ဖျက်
    အွမ္မရာဟ်ပြုသူများအပေါ် အခွန်ကောက်ခံမှုကို ဆော်ဒီ ပယ်ဖျက်
    အောက်တိုဘာ ၁၈၊ ၂၀၁၈
    M-Media
    ပါကစ္စတန်ဝန်ကြီးချုပ်နှင့် ဆော်ဒီ အိမ်ရှေ့မင်းသားတို့ တွေ့ဆုံမှု
    – ပါကစ္စန်ဝန်ကြီးချုပ်ရဲ့ တောင်းဆိုမှုကြောင့် အွမ္မရာဟ်သွားသူတွေအပေါ် အခွန်ကောက်ခံမှုကို ဆော်ဒီက ပယ်ဖျက်လိုက်ပါတယ်။
    ၂ နှစ်အတွင်း အွမ္မရာဟ် တစ်ကြိမ်ထက်ပို သွားရောက်သူတွေကို ဆော်ဒီက အခွန် ရီယဲလ်နှစ်ထောင်စီ ကောက်ခံနေတာ ဖြစ်ပြီး ဒီအတွက် ပါကစ္စတန်ပြည်သူတွေက စောဒက တက်ခဲ့ကြပါတယ်။
    လူတစ်ချို့သာ အွမ္မရာဟ် ထပ်ခါခါ သွားရောက်နေမှုကို တားဆီးဖို့အတွက် ကမ္ဘ့ာနိုင်ငံအားလုံးက လူတွေကို အခွန်တပ်တာဖြစ်ကြောင်း၊ ဒါပေမယ့် အီဂျစ်နဲ့ တူရကီတို့ကလည်း ဒီအခွန်ကို ပယ်ဖျက်ဖို့ တောင်းဆိုနေတဲ့အတွက် ပယ်ဖျက်ပေးလိုက်ကြောင်း ဆော်ဒီဖက်က ပြန်ကြားခဲ့တယ်လို့ သာသနာရေးနဲ့ ဘာသာပေါင်းစုံ သဟဇာတဖြစ်ရေး ၀န်ကြီးဌာန ၀န်ကြီး မိုဟာမက် မွတ်ရှ်တက်က ပြောကြားခဲ့ပါတယ်။
    နှစ်စဉ် ဟဂ်ျဘုရားဖူးခရီး သွားရောက်တဲ့ အစီအစဉ် ပိုမို အဆင်ပြေစေဖို့အတွက် လေကြောင်းလိုင်း တင်ဒါခေါ်ဖို့ စီစဉ်နေတယ်လို့ ၀န်ကြီးက လွှတ်တော်မှာ ထည့်သွင်း တင်ပြခဲ့ပါတယ်။
    Ref: The News