News @ M-Media

Blog

  • ကမ္ဘာ့အကြီးဆုံး ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အိန္ဒိယ စတင်

    ကမ္ဘာ့အကြီးဆုံး ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အိန္ဒိယ စတင်

    စက်တင်ဘာ ၂၃၊ ၂၀၁၈
    M-Media

    – နိုင်ငံအတွင်းက လူပေါင်း သန်း ၅၀၀ လောက် အကျိုးခံစားရမယ့် ကျန်းမာရေးစောင့်ရှောက်မှု အာမခံစနစ်ကို အိန္ဒိယနိုင်ငံက ဒီကနေ့မှာ စတင်လိုက်ပြီး ဒါဟာ ကမ္ဘာ့ အကြီးအဆုံး အစိုးရကျန်းမာရေးစောင့်ရှောက်မှု စီမံကိန်းလည်း ဖြစ်ပါတယ်

    Ayushman Bharat လို့ အမည်ပေးထားပြီး ဆင်းရဲတဲ့ မိသားစုတစ်စုကို ကျန်းမာရေးစောင့်ရှောက်မှုစရိတ် ရူပီး ၅ သိန်း (ဒေါ်လာ ၆၉၀၀၀) ပေးအပ်သွားမယ်လို့ ၀န်ကြီးချုပ်မိုဒီက ကတိပေးထားမှုကြောင့် ဒီအစီအစဉ်ကို Modicare လို့လည်း ခေါ်ဝေါ်ပါတယ်။

    နိုင်ငံအရှေ့ပိုင်း ဂျာ့ခ်ဟန်းပြည်နယ် မြို့တော် ရန်ချီမှာပြုလုပ်တဲ့ စီမံကိန်း တရားဝင်စတင်မှု အခမ်းအနားမှာ မိုဒီက ‘ဒီလိုကြီးမားတဲ့ အစိုးရအစီအစဉ်မျိုးကို ကမ္ဘာ့ ဘယ်နိုင်ငံကမှ မလုပ်သေးဘူး’ လို့ ပြောကြားခဲ့ပါတယ်။

    ဒီအစီအစဉ်ကြောင့် အိန္ဒိယဟာ အနာဂတ်မှာ ကျန်းမာရေးဗဟိုချက် ဖြစ်လာမှာဖြစ်ပြီး၊ ဆင်းရဲတဲ့ အိန္ဒိယနိုင်ငံသားတွေကို အရည်အသွေးကောင်းပြီး၊ ပြည့်ဝတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့အတွက် ကနဦးခြေလှမ်းအစဖြစ်တယ်လို့လည်း မိုဒီက ဆိုပါတယ်။

    ဒီအစီအစဉ်အတွက် ငွေကြေးကို ဗဟိုအစိုးရက ၆၀ ရာခိုင်နှုန်း၊ ပြည်နယ်အစိုးရက ၄၀ ရာခိုင်နှုန်း စိုက်ထုတ်မှာဖြစ်ပြီး လိုအပ်ချက်ပေါ်မူတည်ပြီး ပမာဏ ထပ်တိုးဖို့လည်း ရှိနေပါတယ်။

    မိုဒီကဟာ ဒီကနေ့ စီမံကိန်းဖွင့်ပွဲအခမ်းအနားမှာ ဆင်းရဲတဲ့မိသားစုတွေထံ ကျန်းမာရေးစောင့်ရှောက်မှုကဒ်တွေ ဝေပေးခဲ့ပြီး ဒါဟာ သမိုင်းဝင်နေ့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    လာမယ့် ၄ နှစ်အတွင်း အိန္ဒိယအစိုးရဟာ နိုင်ငံတစ်ဝှမ်း ကျန်းမာရေးစောင့်ရှောက်မှုစင်တာပေါင်း ၄ သောင်းလောက်ကို ဆောက်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။

    အိန္ဒိယနိုင်ငံမှာ ဆေးရုံတွေ၊ ဆရာဝန်တွေ မလုံလောက်မှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေဟာ ဆိုးရွားပြီး၊ ပုဂ္ဂလိကဆေးရုံတွေကလည်း ဆေးကြီးလွန်းတာကြောင့် လူတိုင်း မတတ်နိုင်ကြပါဘူး။

    Ref : Aljazeera

  • အရက်အတုရောင်းသူများကို ပြင်းပြင်းထန်ထန်အပြစ်ပေးရန် မလေးအန်ဂျီအို တောင်းဆို

    အရက်အတုရောင်းသူများကို ပြင်းပြင်းထန်ထန်အပြစ်ပေးရန် မလေးအန်ဂျီအို တောင်းဆို

    စက်တင်ဘာ ၂၃၊ ၂၀၁၈
    M-Media

    – နိုင်ငံအတွင်း အရက်တွေကို ခိုးသွင်းသူတွေ၊ အရက်အတုရောင်းသူတွေကို ကြီးလေးတဲ့အပြစ်ပေးဖို့ မလေးရှား ရာဇ၀တ်မှုတားဆီးရေး ဖောင်ဒေးရှင်း MCPE က အစိုးရကို ဒီကနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

    အခုတစ်ပတ်အစောပိုင်းမှာ ကွာလာလမ်ပူမြို့ ဆင်ခြေဖုံးဒေသတစ်ခုမှာ အရက်အတုတွေ သောက်သုံးမှုကြောင့် ၂၄ ဦးသေဆုံးကာ အများအပြား ဆေးရုံတင်ထားရပါတယ်။

    အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း MCPE ရဲ့ ဒုတိယဥက္ကဌ လီလန်သိုင်က နိုင်ငံအတွင်း အရက်ရောင်းချသူတွေ မြင့်တက်လာပြီး အာဏာပိုင်တွေက ထိထိရောက်ရောက် စောင့်ကြည့်တာမျိုး မရှိတာကြောင့် အရက်နဲ့ပတ်သက်တဲ့ လက်ရှိဥပဒေတွေကို ပြင်ဆင်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဆိုင်တော်တော်များများဟာ တရားမ၀င်သွင်းထားတဲ့ အရက်တွေနဲ့ အရက်အတုတွေကို ရောင်းနေကြပြီး အာဏာပိုင်တွေကလည်း အရက်ရောင်းချမှုကို ထိန်းချုပ်နိုင်ခြင်း မရှိတဲ့အတွက်ကြောင့် အခုလို အရက်အဆိပ်ဖြစ်သေဆုံးမှု ဖြစ်လာတာဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”

    ကွာလာလမ်ပူမှာ သေဆုံးသွားသူတွေနဲ့ ဆေးရုံတင်ထားရသူတွေဟာ မလေးရှား၊ မြန်မာ၊ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဖြစ်ပြီး Mandalay Whiskey၊ King Fisher Beer နဲ့ Grand Royal Whiskey တွေကို သောက်သုံးပြီးတဲ့နောက် ဒီလိုဖြစ်ခဲ့တာပါ။

    အရက်အလွန်အကျွံသောက်သုံးမှုနဲ့ ဆက်စပ်နေတဲ့ မိသားစုပြဿနာတွေ၊ ကျောင်းသားတွေ အဆင့်ကျမှုတွေ၊ ယာဉ်မတော်တဆမှု၊ လေယာဉ်ပျံမတော်တဆဖြစ်မှုတွေကို ဖြေရှင်းဖို့အတွက် မလေးရှားနိုင်ငံသားတွေအနေနဲ့ အစိုးရကို ကူညီဖို့ လီက ထည့်သွင်းတိုက်တွန်းခဲ့ပါတယ်။

    ပဲရက်ပြည်နယ်မှာလည်း မနေ့က အရက်အဆိပ်သင့်မှုတစ်ခု ဖြစ်ခဲ့ပြီး မလေးရှားနိုင်ငံသားတစ်ဦး ဆေးရုံတင်ထားရပါတယ်။

    ကွာလာလမ်ပူ၊ ဆီလန်ဂေါနဲ့ ပဲရက်တို့မှာ လတ်တလော အရက်အဆိပ်သင့်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၃၆ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။

    Ref: CNA

  • တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    စက်တင်ဘာ ၂၃၊ ၂၀၁၈
    M-Media

    အီရန်စစ်ရေးပြအခမ်းအနားတွင် တိုက်ခိုက်မှုပြီးနောက် မြင်ကွင်း

    အီရန်စစ်ရေးပြအခမ်းအနားတွင် ပစ်ခတ်မှုဖြစ်၍ ၂၉ ဦး သေဆုံး
    ===========
    အီရန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မနေ့ကကျင်းပတဲ့ စစ်ရေးပြအခမ်းအနားအတွင်း စစ်ဝတ်စုံဝတ် သေနတ်သမား ၄ ဦး ၀င်ရောက်ပစ်ခတ်မှုကြောင့် စစ်သားတွေ၊ ကလေးတွေနဲ့ အမျိုးသမီးတွေ စုစုပေါင်း ၂၉ ဦးသေဆုံးကာ ၇၀ ကျော်လောက် ဒဏ်ရာရခဲ့ပါတယ်။ အီရန်တပ်ဖွဲ့တွေရဲ့ ပြန်လည်ပစ်ခတ်မှုအတွင်း သေနတ်သမား ၃ ဦး နေရာမှာသေဆုံးခဲ့ပြီး အခြားတစ်ဦးကတော့ ရရှိတဲ့ဒဏ်ရာကြောင့် နောက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။ အီရန်အဓိပတိ အယာတိုလာ အလီ ခါမေနီက ဒီတိုက်ခိုက်မှုဟာ အမေရိကန်နဲ့ ဒေသတွင်းက သူ့ရဲ့မဟာမိတ်တွေလက်ချက်ဖြစ်တယ်လို့ ပြစ်တင်ပြောဆိုခဲ့ပါတယ်။

    ဂိုဏ်းအုပ်ဘုန်းကြီးခန့်အပ်ရေး တရုတ်နှင့် ဗာတီကန်တို့ သဘောတူ
    ============
    တရုတ်နိုင်ငံအတွင်းက ခရစ်ယာန်ကက်သလစ်သာသနာအတွက် တရုတ်အစိုးရက ခန့်အပ်ထားတဲ့ ဂိုဏ်အုပ်ဘုန်းတော်ကြီး ၇ ပါးကို ဗာတီကန်က မနေ့မှာ အသိအမှတ်ပြုလိုက်ပြီး ၁၉၅၁ ခုနှစ်က စတင်ခဲ့တဲ့ တရုတ်နဲ့ ဗာတီကန်အကြား ဆက်ဆံရေးတင်းမာမှုဟာ အဆုံးသတ်သွားခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ကက်သလစ်ဘာသာဝင် ၁၀ သန်းကနေ ၁၂ သန်းလောက်အထိရှိပြီး တရုတ်အစိုးရက အသိအမှတ်ပြုတဲ့ အသင်းတော်ကို လိုက်နာသူနဲ့ ဗာတီကန်ဖက်ယိမ်းတဲ့ မြေအောက်အသင်းတော်တွေကို လိုက်နာသူဆိုပြီး ကွဲနေကြတာ ဖြစ်ပါတယ်။ အခုလို သဘောတူညီချက်ကြောင့် အနာဂတ်မှာ ဗာတီကန်နဲ့ တရုတ်တို့အကြား တရားဝင် သံတမန်ဆက်ဆံမှု ဖြစ်လာဖွယ် ရှိနေပါတယ်။

    မကြာခင်ပြန်လာမည်ဟု မလေးရှား ကြက်တောင်သမား လီချုံဝေပြော
    ================
    နှာခေါင်းကင်ဆာရောဂါကို ခံစားနေရတဲ့ လ မလေးရှား ကမ္ဘာ့ကြက်တောင်ချန်ပီယံဟောင်း လီချုံဝေက သူ့အနေနဲ့ ကွင်းထဲကို မကြာခင်ပြန်လာမယ်လို့ မနေ့က ပြောကြားလိုက်ပါတယ်။ လီဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ပြိုင်ပွဲတွေကို ၀င်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိပါဘူး။ မလေးရှားကြက်တောင်အဖွဲ့ချုပ်က လီဟာ နှာခေါင်းကင်ဆာရောဂါ ခံစားနေရတယ်လို့ အတည်ပြုခဲ့ပါတယ်။ လီရဲ့ ကင်ဆာရောဂါဟာ ကနဦးအဆင့်သာဖြစ်ပြီး လက်ရှိ ဟောင်ကောင်မှာ ကုသမှု ခံယူနေရပါတယ်။

    အာဖဂန်တွင် မော်တာကျည်ပေါက်ကွဲမှုကြောင့် ကလေး ၈ ဦး သေဆုံး
    ==============
    အာဖဂန်နစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ သောကြာနေ့က မော်တာကျည်အဟောင်းတစ်ခုကို ကလေးငယ်တွေ ကစားရာကနေ ပေါက်ကွဲမှု ဖြစ်ပွားတဲ့အတွက် ၈ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ပါယ်။ သေဆုံးသူတွေထဲကမှာ ၄ ဦးက ညီအစ်ကိုမောင်နှမတွေဖြစ်ကြပြီး အားလုံးဟာ အသက် ၅ နှစ်ကန ၁၂ နှစ်အရွယ်တွေဖြစ်ပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာကို ပြီးခဲ့တဲ့တစ်ပတ်မှာ တာလီဘန်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အာဏာပိုင်တွေက ဒီပေါက်ကွဲမှုအတွက် တာလီဘန်ကို အပြစ်တင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း အာဖဂန်မှာ တိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၃၁၇၉ ဦး သေဆုံးခဲ့ပြီး စုစုပေါင်းသေဆုံးသူအရေအတွက်ရဲ့ ၃ ပုံတစ်ပုံ ဖြစ်ပါတယ်။

    Ref: Aljazeera, CNA

  • စနေနေ့မနက် နိုင်ငံတကာသတင်းများ

    စနေနေ့မနက် နိုင်ငံတကာသတင်းများ

    စက်တင်ဘာ ၂၂၊ ၂၀၁၈
    M-Media

    မလေးရှားတွင် လူအများအပြား သေဆုံးစေခဲ့သည့် အရက်တုများ

    1MDB ကိစ္စအတွက် နာဂျစ်ရာဇတ်တွင် တာဝန်အပြည့်ရှိဟု အန်ဝါရ်ပြော
    ===================
    မလေးရှား ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ ခြစားမှုမျိုးဟာ တော်တော်လေးကို ဆိုးရွားပြီး ဒီလောက်ဆိုးရွားတာမျိုး အရင်တုန်းက မမြင်ဖူးခဲ့ဘူးလို့ လက်ရှိဝန်ကြီးချုပ် မဟာသီရဲ့နေရာကို ဆက်ခံဖို့ရှိနေတဲ့ အန်ဝါရ် အီဘရာဟင်က ပြောကြားလိုက်ပါတယ်။ နာဂျစ်ဟာ သူတာဝန်ထမ်းဆောင်စဉ် နိုင်ငံပိုင် 1MDB လုပ်ငန်းက ငွေတွေ ပျောက်ဆုံးမှုအတွက် လက်ရှိမှာ ဖမ်းဆီး တရားစွဲဆိုခံနေရတာဖြစ်ပါတယ်။ အန်န၀ါရ်က သူ့အနေနဲ့ 1MDB ကိစ္စကို ၂၀၁၁ ခုနှစ်ကတည်းက စတင်ကာ လွှတ်တော်မှာ ပြောခဲ့ဖူးကြောင်း၊ ဒီကိစ္စအတွက် နာဂျစ်ရာဇတ်မှာ လုံးလုံးတာဝန်ရှိကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အိန္ဒိယ-ပါကစ္စတန် ဆွေးနွေးမည့်အစီအစဉ် ၂၄ နာရီအတွင်း ပျက်ပြယ်
    ======================
    နယူးယောက်မှာ ကျင်းပပြုလုပ်နေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးဖို့ သဘောတူညီထားမှုကို ပယ်ဖျက်ကြောင်း အိန္ဒိယက မနေ့မှာ ကြေငြာလိုက်ပြီး  ၂၄ နာရီအတွင်းမှာပဲ အစီအစဉ် ပျက်သွားတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပါကစ္စတန်က ကျောထောက်နောက်ခံပြုထားတဲ့ အဖွဲ့တွေက အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လတ်တလော သတ်ဖြတ်ခဲ့မှု၊ ကက်ရှ်မီးယားဒေသက သူပုန်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဘူရ်ဟန်ဝါနီရဲ့ရုပ်ပုံနဲ့ ပါကစ္စတန်က စာပို့တံဆိပ်ခေါင်း ထုတ်မှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ၀ါနီဟာ ၂၀၁၆ ခုနှစ် ဇူလိုင်လက အိန္ဒိယတပ်ဖွဲ့တွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

    ဂါဇာတွင် အစ္စရေးလက်ချက်ကြောင့် ၁ ဦးသေ ၃၀၀ ကျော်ဒဏ်ရာရ
    ==============
    အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေကို ပြန်ခွင့်ရရေးအတွက် မနေ့က ဂါဇာပြည်သူတွေရဲ့ ဆန္ဒပြမှုအတွင်း အစ္စရေး စနိုက်ပါလက်ချက်ကြောင့် အသက် ၂၅ နှစ်အရွယ် ပါလက်စတိုင်းအမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။ ဆန္ဒပြသူတွေကို အစ္စရေးက ဖြိုခွင်းရာမှာ လူ ၃၀၀ ကျော်လောက်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ဂါဇာက ပါလက်စတိုင်းတွေဟာ Great March of Return လို့ခေါ်တဲ့ နေရပ်ပြန်ခွင့်ရရေး ဆန္ဒပြမှုကို မတ်လ ၃၀ ရက်နေ့ကတည်းက အပတ်စဉ် ပြုလုပ်ခဲ့တာဖြစ်ပြီး အစ္စရေးရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အနည်းဆုံး ၁၄၇ ဦး သေဆုံးကာ ၁၈၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

    မလေးရှားတွင် အရက်တုသောက်မှုကြောင့် သေဆုံးသူ ၃၀ နီးပါး ရှိလာ
    ================
    မလေးရှားမြို့တော် ကွာလာလမ်ပူတစ်ဝိုက်မှာ ယခုတစ်ပတ်အတွင်း အရက်အတုတွေ သောက်သုံးမှုကြောင့် သေဆုံးသူအရေအတွက်ဟာ အနည်းဆုံး ၂၉ ဦးအထိ ရှိလာခဲ့ပြီး၊ ၄၇ ဦးဟာ ဆေးကုသမှု ခံယူနေရတယ်လို့ အာဏာပိုင်တွေက မနေ့မှာ ပြောကြားခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ မလေးရှားနိုင်ငံသား ၉ ဦးပါဝင်ပြီး၊ မြန်မာ၊ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေလည်း ပါဝင်ပါတယ်။ ထိခိုက်ခံစားရသူတွေဟာ Mandalay Whiskey၊ King Fisher Beer နဲ့ Grand Royal Whiskey တွေကို သောက်သုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ဟာ ကွာလာလမ်ပူတစ်ဝိုက်က ရာနဲ့ချီတဲ့ဆိုင်တွေကို ၀င်ရောက်စီးနင်းကာ အရက်တွေကို သိမ်းယူခဲ့သလို၊ လူ ၉ ဦးကိုလည်း ဖမ်းဆီးထားပါတယ်။

    Ref: CNA, Aljazeera

  • စစ်တပ်အပေါ် ပိတ်ဆို့မှုအတွက် အမေရိကန်ကို တရုတ် ခြိမ်းခြောက်

    စစ်တပ်အပေါ် ပိတ်ဆို့မှုအတွက် အမေရိကန်ကို တရုတ် ခြိမ်းခြောက်

    စက်တင်ဘာ ၂၁၊ ၂၀၁၈
    M-Media

    – ရုရှားထံကနေ စစ်လက်နက်ပစ္စည်းတွေ ၀ယ်ယူမှုအတွက် ပြုလုပ်ထားတဲ့ ပိတ်ဆို့မှုကို ဖယ်ရှားပေးဖို့ တရုတ်က အမေရိကန်ကို တိုက်တွန်းလိုက်ပြီး အဲဒီလိုမှမဟုတ်ရင် ‘နောက်ဆက်တွဲဆိုးကျိုးတွေ’ ခံစားရမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

    တရုတ်ဟာ ရုရှားထံဆီကနေ SU-35 တိုက်လေယာဉ်တွေ၊ S-400 ဒုံးခွင်းနစ်တွေကို ၀ယ်ယူမှာဖြစ်ပါတယ်။ အမေရိကန်အစိုးရက ဒီလို ၀ယ်ယူမှုဟာ ယူကရိန်းကိစ္စနဲ့ ရုရှားအပေါ် သူတို့ပြုလုပ်ထားတဲ့ ပိတ်ဆို့မှုတွေကို ချိုးဖောက်တာဖြစ်တယ်လို့ မနေ့မှာ ပြောကြားခဲ့ပြီး တရုတ်စစ်တပ်အပေါ် ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

    တရုတ်ကတော့ အမေရိကန်အနေနဲ့ ဒီ ပိတ်ဆို့မှုတွေကို မဖယ်ရှားဘူးဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရမယ်လို့ ဒီကနေ့မှာ သတိပေးခဲ့ပါတယ်။

    “အထက်ကပြောခဲ့တဲ့အတိုင်း အမေရိကန်ရဲ့ ကျိုးကြောင်းမဆီလျော်တဲ့ ဆောင်ရွက်မှုတွေအတွက် တရုတ်က တော်တော်လေး ခံပြင်းဒေါသထွက်ပါတယ်” လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဂျန်ရွှန်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    ရုရှားကလည်း အမေရိကန်ဟာ မီးနဲ့ကစားနေပြီး ကမ္ဘာ့လက်နက်ဈေးကွက်မှာ ရုရှားကို ပိတ်ဆို့ဖို့ ကြိုးစားနေတယ်လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။

    အမေရိကန်က ရုရှားအပေါ် ပြုလုပ်ထားတဲ့ ပိတ်ဆို့မှုနဲ့ပတ်သက်ပြီး တတိယနိုင်ငံတစ်ခုကို အရေးယူတာဟာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

    ရုရှားရဲ့ ဒုံးခွင်းစနစ်တွေကို ၀ယ်ယူဖို့အတွက် တူရကီနဲ့ အိန္ဒိယတို့လည်း စိတ်ဝင်စားနေပါတယ်။

    Ref: Aljazeera