News @ M-Media
Blog
  • ‘၀’ စစ်သားများ ခရစ်ယာန်ဘုရားကျောင်းဖြိုနေသည့် ဗီဒီယို ထွက်ပေါ်လာ
    ‘၀’ စစ်သားများ ခရစ်ယာန်ဘုရားကျောင်းဖြိုနေသည့် ဗီဒီယို ထွက်ပေါ်လာ
    စက်တင်ဘာ ၂၀၊ ၂၀၁၈
    M-Media
    ဗီဒီယိုတွင်တွေ့ရသည့် ပုံရိပ်တစ်ခု
    – ခရစ်ယာန်သာသနာပြုတွေကို စောင့်ကြည့်ဖို့အတွက် ညွှန်ကြားချက် ထုတ်ပြန်ထားတဲ့ ‘၀’ ဒေသမှာ ခရစ်ယာန်ဘုရားကျောင်းသစ်တစ်ခု ဖြိုဖျက်နေတဲ့ ဗီဒီယိုတစ်ခုဟာ ဒီကနေ့ ဆိုရှယ်မီဒီယာတွေမှာ ပြန့်နှံ့နေပါတယ်။
    ‘၀’ ဒေသကို အုပ်ချုပ်နေတဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ UWSA ရဲ့ နိုင်ငံရေးအဖွဲ့ဖြစ်တဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီက အခုလအစောပိုင်းမှာ ပါတီတွင်း ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အုပ်ချုပ်ရေးပိုင်းအနေနဲ့ ခရစ်ယာန်သာသနာပြုတွေကို စောင့်ကြည့်ဖို့၊ ဘုရားကျောင်းအသစ်တွေ ဆောက်လုပ်တာကို ပိတ်ပင်ဖို့၊ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့ ဘုရားကျောင်းတွေကို ဖြိုချဖျက်ဆီးဖို့ အမိန့်ပေးထားပါတယ်။
    အခုပြန့်နှံ့နေတဲ့ ဗီဒီယိုမှာ ‘၀’ စစ်သားတွေဟာ ခရစ်ယာန်ဘုရားကျောင်းသစ်တစ်ခု ဖျက်ဆီးနေတာကို မြင်ရပြီး ဒါဟာ ညွှန်ကြားချက်ထွက်လာပြီးနောက်ပိုင်း လုပ်တာလား၊ အရင်က လုပ်ခဲ့တာလားဆိုတာကို တိတိကျကျ မသိရပါဘူး။
    ‘၀’တပ်ဖွဲ့ဟာ လတ်တလောမှာ ခရစ်ယာန်ဘုန်းကြီးတွေ၊ သာသနာပြုတွေကို ဖမ်းဆီးထိန်းသိမ်း စစ်မေးတာတွေလည်း လုပ်ဆောင်နေပါတယ်။
    ခရစ်ယာန်တွေကို ဒီလိုနှိပ်ကွပ်မှုရဲ့နောက်ကွယ်မှာ တရုတ်အာဏာပိုင်တွေရဲ့ ဖိအားတွေ ပါလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်နေကြပါတယ်။
    တရုတ်ကွန်မြူနစ်အစိုးရဟာ မြန်မာနိုင်ငံအတွင်းက ခရစ်ယာန်သာသနာပြုတွေ၊ အန်ဂျီအိုအဖွဲ့အစည်းတွေကို အနောက်နိုင်ငံတွေက သူလျှိုတွေ၊ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် လွှမ်းမိုးဖို့ ကြိုးစားနေသူတွေအဖြစ် ရှုမြင်နေပါတယ်။
    Ref: Asia Times
  • ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းရေး နိုင်ငံခြားပညာရှင်တစ်ဦး လာရောက်လေ့လာ
    ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းရေး နိုင်ငံခြားပညာရှင်တစ်ဦး လာရောက်လေ့လာ
    စက်တင်ဘာ ၂၀၊ ၂၀၁၈
    M-Media
    Photo Credit – Frontier Myanmar
    – မြန်မာနိုင်ငံက ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းသွင်းဖို့ လျှောက်ထားမှုကို စဉ်းစားသုံးသပ်ဖို့အတွက် ‘အထိမ်းအမှတ်အဆောက်အဦများနှင့် နေရာများဆိုင်ရာ နိုင်ငံတကာကောင်စီ’ က ကျွမ်းကျင်သူတစ်ဦး စက်တင်ဘာ ၁၅ ရက်နေ့က ပုဂံကို လာရောက်ခဲ့ပါတယ်။
    သြစတေးလျနိုင်ငံသား မစ္စတာ ရစ်ချက်မက်ကေးဆိုသူဖြစ်ပြီး ကုလသမဂ္ဂ၊ ပညာရေး၊ သိပံ္ပနဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (ယူနက်စကို) တင်သွင်းမယ့် သုတေသနစာတမ်းအတွက် လာရောက် လေ့လာတာ ဖြစ်ပါတယ်။
    ရစ်ချက်ဟာ မနေ့က ပုဂံရှေးဟောင်းပြတိုက်မှာ ဒေသခံကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံကာ ရှေးဟောင်းဒေသတွေကို ထိန်းသိမ်းစောင့်ရှောက်ရေး ဒေသခံပြည်သူတွေရဲ့ အမြင်တွေကို မေးမြန်းခဲ့ပါတယ်။ လာမယ့်ရက်တွေမှာ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ပုဂံဒေသက ဟိုတယ်ပိုင်ရှင်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။
    ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်ဖို့အတွက် လျှောက်ထားရာမှာ အပိုင်းနှစ်ပိုင်းရှိပြီး တစ်ပိုင်းက သမိုင်းဝင်နေရာတွေ၊ အဆောက်အဦးတွေနဲ့ သက်ဆိုင်ကာ နောက်တစ်ပိုင်းက ဒီနေရာတွေကို စီမံခန့်ခွဲမယ့် ပြည့်ဝတဲ့ စီမံကိန်းတစ်ခု ထားရှိရေး ဖြစ်ပါတယ်။
    မြန်မာနိုင်ငံဟာ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းရေး ၁၉၉၆ ခုနှစ်က ကြိုးပမ်းခဲ့ဖူးပြီး ပုဂံရှေးဟောင်းဇုန်တွေနဲ့ သင့်လျော်မှုမရှိတဲ့ စီးပွားရေးလုပ်ဆောင်မှုတွေကြောင့် ပယ်ချခံခဲ့ရပါတယ်။
    အခုနှစ်ဇန်န၀ါရီလမှာ မြန်မာအစိုးရက ထပ်မံလျှောက်ထားခဲ့ပြီး လာမယ့်နှစ်မှာ ယူနက်စကိုက ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
    ‘မြန်မာ ဗိသုကာပညာရှင်များအသင်း’ ရဲ့ ၂၀၁၇ ခု စစ်တမ်းအရ ပုဂံမှာ စေတီပုထိုးတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ ရုပ်ပွားဆင်းတုတော်တွေအပါအ၀င် ရှေးဟောင်းအဆောက်အဦးပေါင်း ၃၈၂၂ ခု ရှိတယ်လို့ သိရပါတယ်။
    Ref: Frontier Myanmar
    ( Frontier Myanmar တွင် ဖော်ပြထားသည့်သတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုခြင်း ဖြစ်သည်)
  • မွတ်စလင်ကမ္ဘာမှ ပြဿနာများ ဖြေရှင်းရန် ကူညီလိုသည်ဟု ပါကစ္စတန်ဝန်ကြီးချုပ်ပြော
    မွတ်စလင်ကမ္ဘာမှ ပြဿနာများ ဖြေရှင်းရန် ကူညီလိုသည်ဟု ပါကစ္စတန်ဝန်ကြီးချုပ်ပြော
    စက်တင်ဘာ ၂၀၊ ၂၀၁၈
    M-Media
    ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်း
    – မွတ်စလင်တွေအကြား သဘောထားကွဲလွဲမှုဟာ အစ္စလာမ့်အသိုင်းအ၀ိုင်းကို အားနည်းစေပြီး ဒီလိုတင်းမာမှုတွေကို ဖြေရှင်းရေး ကူညီဖို့ ဆန္ဒရှိတယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက Arabiya TV နဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။
    အင်မရန်းခန်းဟာ သူ့ရဲ့ ပထမဆုံး နိုင်ငံရပ်ခြားခရီးစဉ်အဖြစ် ဆော်ဒီအာရေဗျနိုင်ငံကို ရောက်ရှိစဉ် မနေ့က အင်တာဗျူး ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
    ခန်းက မွတ်စကမ္ဘာမှာ ဖြစ်ပွားနေတဲ့ တင်းမာမှုတွေကို အဆုံးသတ်ရေးနဲ့ နိုင်ငံအချင်းချင်း နားလည်းမှုတည်ဆောက်ရေးတို့အတွက် ပါကစ္စတန်က ကူညီဖို့ ဆန္ဒရှိနေတယ်လို့ Arabiya TV ကို ပြောကြားခဲ့ပါတယ်။
    ပါကစ္စတန်ဟာ တာလီဘန်လို အကြမ်းဖက်သမားတွေကို ထိထိရောက်ရောက် နှိမ်နှင်းမှုမရှိဘူးလို့ အမေရိကန်က ပြီးခဲ့တဲ့လတွေမှာ စွပ်စွဲခဲ့ပါတယ်။
    ဆော်ဒီက ပါကစ္စတန်ကို ကူညီခဲ့မှုတွေအတွက် အင်မရန်းခန်းက ကျေးဇူးတင်ခဲ့ပြီး၊ ဆော်ဒီခေါင်းဆောင်ပိုင်းရဲ့ ခြစားမှုတိုက်ဖျက်ရေးဆောင်ရွက်မှုကိုလည်း ချီးကျူးခဲ့ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံ ပြည်သူချင်း ဆက်သွယ်ဆောင်ရွက်မှုကို ခိုင်မာအောင် ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
    ပြီးခဲ့တဲ့လ ရွေးကောက်ပွဲမှာ အာဏာရခဲ့တဲ့ ၀န်ကြီးချုပ် အင်မရန်းခန်းဟာ တိုင်းပြည်အတွင်း ခြစားမှုကို တိုက်ဖျက်သွားမှာဖြစ်ပြီး စီးပွားရေး ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်မယ်လို့ ပြောကြားထားပါတယ်။
    ဆော်ဒီကနေတစ်ဆင့် အင်မရန်းခန်းဟာ မနေ့နှောင်းပိုင်းမှာ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံကို သွားရောက်ခဲ့ပါတယ်
    Ref : Pakistan Today
  • ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ
    ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ
    စက်တင်ဘာ ၂၀၊ ၂၀၁၈
    M-Media
    ကိုရီးယားနှစ်နိုင်ငံ စည်းလုံးညီညွတ်ကြောင်း ခေါင်းဆောင်များပြသ
    ===========
    နာမည်ကြီး ဒုံးကျည်စမ်းသပ်ရာနေရာကို နိုင်ငံတကာ စောင့်ကြည့်သူတွေရှေ့မှောက်မှာ ဖြိုချဖျက်ဆီးသွားဖို့ တောင်းဆိုမှုကို လက်ခံကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က တိုင်းပြည်ကိုရောက်နေတဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်ကို ပြောကြားလိုက်ပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ ဒီကနေ့မှာ ကိုရီးယားနိုင်ငံဆိုတဲ့ အယူအဆ သန္ဓေတည်ရာတောင်ကုန်းကို သွားရောက်ခဲ့ပြီး စည်းလုံးညီညွတ်မှုကို ပြသခဲ့ပါတယ်။ အမေရိကန်ကသာ မှန်မှန်ကန်ကန် ဆောင်ရွက်မယ်ဆိုရင် နျူစမ်းသပ်ရာနေရာကိုလည်း ဖျက်ဆီးသွားမယ်လို့ မြောက်ကိုရီးယားက ပြောကြားခဲ့ပါတယ်။
    မလေးဝန်ကြီးချုပ်ဟောင်း ငွေကြေးခ၀ါချမှု စွဲချက် ၂၁ ချက်ဖြင့် တရားစွဲခံရမည်
    ===============
    ကိုယ်ပိုင်အကောင့်ထဲကို ကန်ဒေါ်ဘာ ၆၈၁ သန်း ၀င်ရောက်မှုနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ဟာ ငွေကြေးခ၀ါချမှုစွဲချက် ၂၁ ခုနဲ့ တရားစွဲဆိုခံရမယ်လို့ မလေးရှားရဲတပ်ဖွဲ့ ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။ မနေ့က ဖမ်းဆီးလိုက်တဲ့ နာဂျစ်ကို ဒီကနေ့မနက်မှာ ရဲတပ်ဖွဲ့ရဲ့ စီးပွားရေး ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဌာနကို ခေါ်ဆောင်သွားခဲ့ပြီး စစ်ချက်ယူမှာ ဖြစ်ပါတယ်။ အရင် ရာဇ၀တ်မှုဆိုင်ရာ စွဲချက် ၇ ခုနဲ့ တရားစွဲဆိုခံထားရတဲ့ နာဂျစ်ရဲ့အမှုကို ဒီကနေ့နှောင်းပိုင်းမှာ စတင်ကြားနာမှာ ဖြစ်ပါတယ်။
    ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ထောင်ဒဏ်ဆိုင်းငံ့ခံရပြီး ထောင်မှ လွတ်မြောက်လာ
    ==================
    လန်ဒန်က ဇိမ်ခံတိုက်ခန်း ၀ယ်ယူမှုနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ်ဟောင်း နာဝဇ်ရှရစ်ဖ်နဲ့ သမီးဖြစ်သူတို့အပေါ် ထောင်ဒဏ်တွေ ချမှတ်ထားမှုကို ပါကစ္စတန်တရားရုံးချုပ်က မနေ့မှာ ရပ်ဆိုင်းလိုက်ပြီး သူတို့နှစ်ဦးကိုလည်း အကျဉ်းထောင်ကနေ လွှတ်ပေးလိုက်ပါတယ်။ နာဝဇ်ရှရစ်ဖ်က ထောင်ဒဏ် ၁၀ နှစ်၊ သမီးဖြစ်သူ မရ်ယမ်က ၇ နှစ် အသီးသီး ချမှတ်ခံထားရတာပါ။ ထောင်ဒဏ်ကို ရပ်ဆိုင်းလိုက်ပေမယ့် သူတို့အပေါ်စွဲထားတဲ့ ခြစားမှုစွဲချက်တွေ၊ အာဏာအလွဲသုံးစားမှု စွဲချက်တွေကိုတော့ ဆက်လက်ရင်ဆိုင်ရအုံးမှာ ဖြစ်ပါတယ်။ ရှရစ်ဖ်က အခုလိုတရားစွဲဆိုမှုတွေကို ငြင်းဆိုပြီး နိုင်ငံရေးလုပ်ကြံမှုတစ်ခုဖြစ်တယ်လို့ ပြောကြားထားပါတယ်။
    ဖိလစ်ပိုင်တွင်မြေပြိုမှုကြောင့် လူ ၃ ဦးသေဆုံး
    =================
    ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းမှာ ဒီနေ့မနက်အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် နေအိမ် ၁၀ လုံးလောက်ပြိုကျပြီး အနည်းဆုံး ၃ ဦး သေဆုံးခဲ့ပါတယ်။ ဖိလစ်ပိုင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ အခုနှစ်အတွင်း အဆိုးဝါးဆုံး တိုင်ဖုန်းမုန်တိုင်းဒဏ်ကို ခံစားခဲ့ရကာ လူအများအပြား သေဆုံးခဲ့ပါတယ်။ ဒီကနေ့မနက် မြေပြိုမှုအတွင်း ပိတ်မိနေသူတစ်ချို့လည်း ရှိတာကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ပါတယ်။ လက်ရှိမှာ ရှာဖွေကယ်ဆယ်ရေးတွေကို လုပ်ဆောင်နေပါတယ်။
    Ref: CNA, Aljazeera
  • မွတ်စလင်အမျိုးသားများ တစ်ကြိမ်တည်း ‘သုံးသွလားက်’ ပေး ကွာရှင်းမှုကို အိန္ဒိယ ပိတ်ပင်
    မွတ်စလင်အမျိုးသားများ တစ်ကြိမ်တည်း ‘သုံးသွလားက်’ ပေး ကွာရှင်းမှုကို အိန္ဒိယ ပိတ်ပင်
    စက်တင်ဘာ ၁၉၊ ၂၀၁၈
    M-Media
    – မွတ်စလင်အမျိုးသားတွေက သူတို့ရဲ့ ဇနီးတွေကို တစ်ကြိမ်တည်း သွလားက် ၃ ကြိမ်ပေးကွာရှင်းမှုကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်တဲ့ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်တစ်ခုကို အိန္ဒိယအစိုးရက ဒီကနေ့မှာ ထုတ်ပြန်လိုက်ပြီး ကျူးလွန်သူအနေနဲ့ ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်ပါတယ်။
    အစ္စလာမ့်ထုံးတမ်းဥပဒေအရ အကြင်လင်မယား ကွာရှင်းမှုကို ‘တွလားက်’ လို့ ခေါ်ဝေါ်ပြီး ပုံမှန်အားဖြင့် ပထမအကြိမ်၊ ဒုတိယအကြိမ်စသဖြင့် အချိန်အပိုင်းအခြားတစ်ခုထားပြီး တွလားက်ပေးစောင့်ကြည့်ကာ တတိယအကြိမ်ရောက်မှ အပြီးတိုင် ကွာရှင်းပြတ်စဲရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အချိန်အပိုင်းအခြားမထားဘဲ တစ်ကြိမ်တည်း တွလားက် ၃ ကြိမ်ပေးတာဟာ အပြီးအပြတ် ကွာရှင်းမှုမြောက်တယ်လို့ အိန္ဒိယက မွတ်စလင်အသိုင်းအ၀ိုင်းက လက်ခံထားကြပါတယ်။
    အိန္ဒိယမှာ မွတ်စလင်အမျိုးသားတွေဟာ WhatsApp လို မက်ဆေ့ပေးပိုတဲ့ အက်ပလီကေးရှင်းတွေ၊ အီးမေးလ်တွေကနေတစ်ဆင့် ‘တွလားက်’ ၃ ကြိမ် တစ်ပြိုင်တည်းပေးကာ ကွာရှင်းမှုတွေကြောင့် မွတ်စလင်ဇနီးသည်တွေဟာ အခွင့်အရေးဆုံးရှုံးတာ၊ အရှက်တကွဲအကျိုးနည်းဖြစ်တာ၊ အတိဒုက္ခရောက်တာတွေ ဖြစ်နေပါတယ်။
    ဒါ့ကြောင့် မွတ်စလင်အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေက ဦးဆောင်က ဒီလို ‘သွလားက်’ ၃ ကြိမ်ပေးမှုကို ပိတ်ပင်ဖို့အတွက် အစိုးရထံ တောင်းဆိုခဲ့ပြီး အောက်လွှတ်တော်က ဒီဇင်ဘာမှာ ‘သုံးသွလားက်’ ကျင့်သုံးမှုကို ပိတ်ပင်ခဲ့ပါတယ်။
    ဒါပေမယ့် အထက်လွှတ်တော်က ဆုံးဖြတ်ဖို့အတွက် ကြန့်ကြာနေတာကြောင့် အစိုးရက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တစ်ခုကို ထုတ်ပြန်လိုက်တာဖြစ်ပြီး သမ္မတက လက်မှတ်ရေးထိုးပြီးရင် အသက်ဝင်လာမှာ ဖြစ်ပါတယ်။
    ၂၀၁၇ ခုနှစ် သြဂုတ်လမှာ အိန္ဒိယ တရားရုံးချုပ်က သုံးသွလားက်ကျင့်သုံးမှုဟာ အခြေခံဥပဒေနဲ့မညီဘဲ ဒါကိုပိတ်ပင်ရေး ဥပဒေတစ်ခု ပြဌာန်းဖို့အတွက် အစိုးရကို အမိန့်ပေးခဲ့ပါတယ်။
    ဒါပေမယ့် နိုင်ငံအတွင်းက အစ္စလာမ်ဘာသာဝင်တစ်ချို့ဟာ ဒီလုပ်ရပ်ကို ဝေဖန်ခဲ့ကြပြီး ၀န်ကြီးချုပ်မိုဒီနဲ့ သူ့ရဲ့ ဟိန္ဒူအမျိုးသားရေးပါတီ BJP ဟာ ဒီကိစ္စကိုအသုံးချပြီး နိုင်ငံရေးအမြတ်ထုတ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: Daily Mail