News @ M-Media

ဘုန်းကြီးများ၏ လိင်ပြဿနာအတွက် ဂျာမနီမှ ရိုမန်ကက်သလစ်အကြီးအကဲ တောင်းပန်

စက်တင်ဘာ ၂၅၊ ၂၀၁၈
M-Media

ကာဒီနယ် ရိန်ဟာ့ဒ် မာ့က်စ်

– ဘုန်းကြီးတွေက ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကြောင့် ‘ထိခိုက်နာကျင်မှုတွေ’၊ ဒီလုပ်ရပ်တွေအပေါ် မတားဆီးနိုင်မှုတွေအတွက် တောင်းပန်တယ်လို့ ဂျာမနီက ခရစ်ယာန်ကက်သလစ်အသင်းတော်အကြီးအကဲက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

ဂျာမနီ တက္ကသိုလ် ၃ ခုက သုတေသနပညာရှင်တွေရဲ့ စုံစမ်းဖော်ထုတ်မှုအရ ၁၉၄၄ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ နှစ်ပေါင်း ၇၀ အတွင်း ခရစ်ယာန် ကသလစ်ဘုန်းတော်ကြီး ၁၆၇၀ ဦးဟာ ကလေးငယ်ပေါင်း ၃၇၀၀ ကျော်လောက်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။

ဒီဖော်ထုတ်မှုကို အခုလအစောပိုင်းက ဂျာမန်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Der Spiegel မှာ ဖော်ပြခဲ့ပြီး ကက်သလစ်အသင်းတော်က မှတ်တမ်းမတင်တာ၊ ဒါမှမဟုတ် ဖျောက်ဖျက်လိုက်တာတွေကြောင့် အမှန်တကယ် ကျူးလွန်ခံရသူအရေအတွက် ဒီထက်ပိုများနိုင်တယ်လို့လည်း လေ့လာသူတွေက ပြောကြားခဲ့ပါတယ်။

ဂျာမနီ ကက်သလစ်ဘုန်းတော်ကြီးများအသင်းရဲ့ အကြီးအကဲ ကာဒီနယ် ရိန်ဟာ့ဒ် မာ့က်စ်က ဒီကနေ့မှာ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ဒီကိစ္စကို တောင်းပန်ခဲ့ပါတယ်။

“အသင်းတော်က ဒီကိစ္စတွေကို လစ်လျူရှုတာ၊ ငြင်းဆိုတာ၊ ဖုံးကွယ်တာ၊ မဖြစ်ခဲ့သလို ဟန်ဆောင်တာတွေဟာ တော်တော်လေး ကြာမြင့်ခဲ့ပါပြီ။ အရေးမယူနိုင်မှု၊ ထိခိုက်နာကျင်၊ ခံစားရမှုတွေ အားလုံးအတွက် ဂိုဏ်အုပ်ဘုန်းတော်ကြီးများအသင်း ဥက္ကဌတစ်ယောက်အနေနဲ့ရော၊ ဘုန်းကြီးတစ်ပါးအနေနဲ့ပါ ၀န်ချတောင်းပန်ပါတယ်။ ဒီပြဿနာကို လစ်လျူရှုထားခဲ့လို့ မရဘူးဆိုတဲ့အချက်ကို လေ့လာဖော်ထုတ်မှုက အမြင်ဖွင့်ပေးလိုက်ပါတယ်”

လေ့လာဖော်ထုတ်မှုအရ ဘုန်းကြီးတွေရဲ့ ကျူးလွန်မှုတွေကို ကက်သလစ်အသင်းတော် အာဏာပိုင်တွေက အရေးမယူဘဲ စနစ်တကျ ဖုံးကွယ်ပေးတာမျိုးတွေ လုပ်ခဲ့တယ်ဆိုတာကိုလည်း တွေ့ခဲ့ရပါတယ်။

Ref: Reuters