News @ M-Media

Blog

  • အမေရိကန်ကပေးသည့်ငွေမှာ မိမိတို့ရရန်ရှိသည့် အကြွေးဖြစ်သည်ဟု ပါကစ္စတန်ပြော

    အမေရိကန်ကပေးသည့်ငွေမှာ မိမိတို့ရရန်ရှိသည့် အကြွေးဖြစ်သည်ဟု ပါကစ္စတန်ပြော

    စက်တင်ဘာ ၃၊ ၂၀၁၈
    M-Media

    – အမေရိကန်က မပေးတော့ဖို့ ဆုံးဖြတ်လိုက်တဲ့ ကန်ဒေါ်လာ သန်း ၃၀၀ ဟာ ကူညီထောက်ပံ့တာ မဟုတ်ဘဲ မိမိတို့အပေါ် ပေးရမယ့်အကြွေးကို ပေးတာသာဖြစ်တယ်လို့ ပါကစ္စတန်က ပြောကြားလိုက်ပါတယ်။

    အာဖဂန်က တာလီဘန်အဖွဲ့လို လက်နက်ကိုင်တွေကို ထိထိရောက်ရောက် နှိမ်နှင်းမှုမရှိဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ ပါကစ္စတန်အပေါ် ပေးနေတဲ့ လုံခြုံရေးဆိုင်ရာ အကူအညီ ကန်ဒေါ်လာ ၁.၁ ဘီလီယံကျော်ကို ရပ်ဆိုင်းလိုက်တယ်လို့ ဇန်န၀ါရီမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေငြာခဲ့ပါတယ်။

    အဲဒီကတည်းက ပါကစ္စတန်နဲ့ အမေရိကန်တို့အကြား ဆက်ဆံရေးဟာ တင်းမာလာခဲ့တာ ဖြစ်ပါတယ်။

    မနေ့က ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ကုန်နေး ဖောလ်ကနာက ‘မဟာမိတ်ထောက်ပံ့ရေးရန်ပုံငွေ (CSF)’ ကို ပေးနေတဲ့ ကန်ဒေါ်လာ သန်း ၃၀၀ ကို လုံးဝရပ်ဆိုင်းလိုက်တယ်လို့ ပြောကြားခဲ့ပါတယ်။ CSF ဟာ ပါကစ္စတန်ကိုပေးနေတဲ့ ၁.၁ ဘီလီယံရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

    ပါကစ္စတန်နဲ့ နိုင်ငံခြားရေးဝန်ကြီးသစ် ရှားမိုဟာမက် ကိုရိုက်ရှီက ဒီသန်း ၃၀၀ ဟာ အကူအညီပေးတဲ့ငွေ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    “ဒီ သန်း ၃၀၀ ဟာ အကူအညီမဟုတ်သလို၊ ထောက်ပံ့ကြေးလည်း မဟုတ်ပါဘူး။ ဒါဟာ CSF က ကျွန်တော်တို့ ရပိုင်ခွင့်ပါ။ ပါကစ္စတန်ရဲ့ ကိုယ်ပိုင်ရင်းမြစ်တွေကနေတစ်ဆင့် သုံးစွဲထားတဲ့ ငွေတွေဖြစ်ပြီး အမေရိကန်က ဒါကို ပြန်ပေးတာသာ ဖြစ်ပါတယ်”

    အမေရိကန်နိုင်ငံခြားရေးဝနကြီး မိုက် ပွမ်ပီယိုဦးဆောင်တဲ့အဖွဲ့ဟာ ဗုဒ္ဓဟူးနေ့မှာ ပါကစ္စတန်ကို လာရောက်ဖို့ ရှိနေပါတယ်။

    ကိုရိုက်ရှီက လက်ရှိမှာ အမေရိကန်နဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ မရှိသလောက်ဖြစ်နေပြီး ပွမ်ပီယိုရဲ့ လာရောက်မှုဟာ ဒီအခြေအနေကို အပြောင်းအလဲဖြစ်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ယခုနှစ်အတွင်း မြေထဲပင်လယ်တွင်သေဆုံးသည့် ဒုက္ခသည် ၁၆၀၀ ကျော် ရှိ

    ယခုနှစ်အတွင်း မြေထဲပင်လယ်တွင်သေဆုံးသည့် ဒုက္ခသည် ၁၆၀၀ ကျော် ရှိ

    စက်တင်ဘာ ၃၊ ၂၀၁၈
    M-Media

    ဥရောပသို့ ရောက်ရှိလာကြသည့် အာဖရိက ဒုက္ခသည်များ

    – အခုနှစ်အတွင်း ဥရောပမှာ လာရောက်ခိုလှုံဖို့ကြိုးစားရင်း မြေထဲပင်လယ်မှာ သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးသူ အရေအတွက်ဟာ ၁၆၀၀ ကျော် ရှိတယ်လို့ UNHCR က ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    အစီရင်ခံစာအရ ဥရောပမှာ ခိုလှုံဖို့ ကြိုးစားသူအရေအတွက်ဟာ အခြားနှစ်တွေထက်စာရင် အခုနှစ်မှာ လျော့ကျသွားတာကို တွေ့ရပေမယ့် သေဆုံးသူ အရေအတွက်ကတော့ မြင့်တက်လာပါတယ်။ ဒီလို ၀င်ရောက်လာသူတွေကို ဥရောပက စောင့်ကြည့်မှုတွေ ပိုမို လုပ်ဆောင်လာတာကြောင့် လူကုန်ကူးသူတွေဟာ ပိုမိုအန္တရာယ်ရှိတဲ့ ပုံစံမျိုးတွေနဲ့ လူပို့နေကြတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ပြီးခဲ့တဲ့နှစ်အတွင်း မြေထဲပင်လယ်မှာ သေဆုံးသူအရေအတွက်ဟာ ၂၂၇၆ ဦးရှိခဲ့ပြီး ၄၂ ဦး ရောက်လာရင် ၁ ဦး သေဆုံးတယ်ဆိုတဲ့ လက္ခဏာပါ။

    အခုနှစ်မှာတော့ ၁၈ ယောက်မှာ ၁ ယောက်နှုန်း သေဆုံးနေပြီး ဇွန်လတစ်လတည်းမှာပဲ လူ ၅၀၀ လောက် မြေထဲပင်လယ်ထဲမှာ ပျောက်ဆုံးခဲ့ပါတယ်။

    အာဖရိကနိုင်ငံတစ်ချို့မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ၊ ဘာသာရေး၊ လူမျိုးရေး ဖိနှိပ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကနေ လွတ်မြောက်ရေးအတွက် ပြည်သူတွေဟာ မြေထဲပင်လယ်ကိုဖြတ်ပြီး ဥရောပမှာ လာရောက်ခိုလှုံဖို့ ကြိုးစားနေကြတာပါ။

    Ref: Aljazeera

  • ရန်ကုန်ဆေးရုံကြီးတွင် ၈ လအတွင်း ခွေးရူးရောဂါကြောင့် ၁၈ ဦး သေဆုံး

    ရန်ကုန်ဆေးရုံကြီးတွင် ၈ လအတွင်း ခွေးရူးရောဂါကြောင့် ၁၈ ဦး သေဆုံး

    စက်တင်ဘာ ၃၊ ၂၀၁၈
    M-Media

    – အခုနှစ် ပထမ ၈ လအတွင်းမှာ ခွေးရူးရောဂါကြောင့် သေဆုံးသူအရေအတွက် ၁၈ ဦး ရှိတယ်လို့ ရန်ကုန်ဆေးရုံကြီးက တာဝန်ရှိသူ ဒေါက်တာ ဒေါ်ခင်သိင်္ဂီမြင့်က ပြောကြားလိုက်ပါတယ်။

    ဒါဟာ ရန်ကုန်ဆေးရုံကြီး တစ်ခုတည်းမှာ လာရောက်ပြသတဲ့ လူနာတွေထဲက သေဆုံးသူစာရင်းဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းက အခြားဆေးရုံးတွေမှာလည်း ခွေးရူးရောဂါကြောင့် သေဆုံးသူတွေရှိရင် အရေအတွက် ပိုမိုများပြားနိုင်တယ်လို့ ဆိုပါတယ်။

    “ခွေးရူးရောဂါကို ကုသနိုင်တဲ့ဆေး မရှိသေးတာကြောင့် ဒီရောဂါကူးစက်လို့ရှိရင် အသက်ရှင်ဖို့ အခွင့်အရေးက နည်းပါတယ်။ ခွေးကိုက်ခံရတဲ့ ဘယ်သူမဆို ၂၄ နာရီအတွင်း နီးစပ်ရာဆေးရုံကိုသွားပြီး ကာကွယ်ဆေး ထိုးသင့်ပါတယ်”

    ဇန်န၀ါရီလကနေ ဇူလိုင်လအတွင်း ရန်ကုန်ဆေးရုံကြီးမှာ ခွေးကိုက်လို့ လာပြသူ ၅၃၂၈ ဦးကို ကာကွယ်ဆေးထိုးပေးခဲ့ရပြီး၊ အများစုဟာ ဒလမြို့နယ်က ဖြစ်ပါတယ်။

    ဒေါက်တာ ဒေါ်ခင်သိင်္ဂီမြင့်က ရန်ကုန်မှာ နေထိုင်သူတွေအနေနဲ့ ခွေးရူးရောဂါ ကာကွယ်ဆေး ပထမအကြိမ်ကို ဆေးရုံကြီးမှာ လာရောက်ထိုးနှံနိုင်ပြီး ဒုတိယနဲ့ တတိယအကြိမ်တွေကိုတော့ နီးစပ်ရာ ကျန်းမာရေးဌာနတွေမှာ ထိုးနှံနိုင်တယ်လို့ ပြောပါတယ်။

    ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အငြိမ်းစားညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်လွင်က ကျန်းမာရေးဌာနရဲ့ တိရစ္ဆာန်ကာကွယ်ဆေးထိုးနှံမှုတွေ၊ ခွေးလေခွေးလွင့် နှိမ်နှင်းမှုတွေကို ဒေသခံတွေက လက်ခံခွင့်ပြုသင့်ပြီး ဒါမှ ခွေးရူးရော ပြန့်နှံ့မှုကို တားဆီးနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

    “မြို့တော်စည်ပင်က ခွေးလေခွေးလွင့် နှိမ်နှင်းရေးကို ပြည်သူလူထုက ခွင့်ပြုသင့်ပြီး၊ မွေးထားတဲ့ခွေးတွေကို စည်ပင်ကလုပ်ပေးထားတဲ့ တိရစ္ဆာန်ဆေးခန်းတွေမှာ ကာကွယ်ဆေးထိုးပေးတာ၊ ပြတာတွေလည်း လုပ်သင့်ပါတယ်”

    ပြီးခဲ့တဲ့နှစ်အတွင်း ရန်ကုန်ဆေးရုံကြီးမှာ ခွေးကိုက်လူနာပေါင်း ၁၆၂၇၄ ဦးကို ကာကွယ်ဆေးထိုးနှံတာ၊ ကုသတာတွေ လုပ်ပေးခဲ့ရပြီး အဲဒီအထဲက ၃၂ ဦးဟာ ခွေးရူးရောဂါကြောင့် သေဆုံးခဲ့ပါတယ်။

    Ref: mmtimes

  • တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    သြဂုတ် ၃၊ ၂၀၁၈
    M-Media

    ရိုက်တာသတင်းထောက်နှစ်ယောက်ဖြစ်သည့် ၀လုံးနှင့် ကျော်စိုးဦး

    ရိုက်တာသတင်းထောက်ကိစ္စ အမေရိကန်နှင့် ဗြိတိန်တို့ ရှုတ်ချ
    ===============
    ရိုက်တာသတင်းထောက်နှစ်ဦးကို ဒီကနေ့ ထောင် ၇ နှစ်စီ ချမှတ်လိုက်တာဟာ တိုင်းပြည်အတွင်း လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရဖို့ ရုန်းကန်နေရသူတွေအတွက် စိုးရိမ်စရာကောင်းတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက စကော့မာရှယ်က ပြောကြားလိုက်ပါတယ်။

    ဗြိတိန်သံအမတ်ကြီး ဒန်ချက်ဂ်ကလည်း ဗြိတိန်နဲ့ ဥရောပနိုင်ငံတွေကိုယ်စား ဒီ အမိန့်ချမှတ်မှုကို စိတ်ပျက်ကြောင်း၊ ဒီမိုကရေစီမှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ တရားဥပဒေစိုးမိုးရေးတို့ဟာ အခြေခံကျပြီး အခုကိစ္စက ဒီနှစ်ခုစလုံး ယိုယွင်းနေတယ်ဆိုတာကို ပြသနေတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    မလေးရှားဘဏ္ဍာရေးဝန်ကြီး ခြစားမှုစွဲချက်အတွက် တရားသေလွတ်
    =============
    ပီနန်မှာ ဘန်ဂလိုဝယ်ယူမှုကိစ္စအတွက် ခြစားမှုနဲ့ စွဲချက်တင်ခံထားရတဲ့ မလေးရှား ဘဏ္ဍာရေးဝန်ကြီး လင်ဂွမ်အန်နဲ့ အခြားတစ်ဦးကို ပီနန်တရားရုံးချုပ်က ဒီကနေ့မှာ တရားသေ လွှတ်ပေးလိုက်ပါတယ်။ ပီနန်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်က မြေယာသဘောတူညီချက် ကိစ္စတစ်ခုမှာ အာဏာအလွဲသုံးစားလုပ်ခဲ့တယ်၊ ဘန်ဂလိုတစ်ခုကို ဈေးကွက်ပေါက်ဈေးထက် လျော့ပြီး ၀ယ်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ လင်ဂွမ်အန်ဟာ ၂၀၁၆ ခုနှစ်မှာ မလေးရှား ခြစားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။ ကော်မရှင်ကတော့ သူတို့နှစ်ယောက်ကို တရားသေလွှတ်ပေးမှုအတွက် အလွန် အံ့အားသင့်ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    အာဖရိကကိုပေးသည့်အထောက်အပံ့ ပြစားရန်မဟုတ်ဟု တရုတ်ပြော
    ==============
    အာဖရိကိုပေးတဲ့ ဘဏ္ဍာရေးအထောက်အပံ့တွေဟာ ပြစားတဲ့နေရာတွေမှာ အသုံးပြုဖို့မဟုတ်ဘဲ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမယ့် အခြေခံအဆောက်အဦးတွေ ဆောက်လုပ်ဖို့ ဖြစ်တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က စီးပွားရေးဖိုရမ်တစ်ခုမှာ ပြောကြားလိုက်ပါတယ်။ တရုတ်ဟာ အာဖရိကကို ကန်ဒေါ်လာ ၁၂၆ ဘီလီယံ ထောက်ပံ့ဖို့ ကတိပြုထားတာပါ။ ၃ နှစ်တစ်ကြိမ် ကျင်းပမယ့် တရုတ်-အာဖရိက ထိပ်သီးအစည်းအဝေးကိုလည်း ဒီတစ်ပတ်အတွင်း ကျင်းပဖို့ ရှိနေပါတယ်။

    တိုက်ခိုက်မှုများကြောင့် လစ်ဗျားတွင် အရေးပေါ်အခြေအနေ ကြေငြာ
    ===========
    မြိုတော်ထရီပိုလီ ဆင်ခြေဖုံးမှာ လက်နက်ကိုင်အဖွဲ့တွေအကြား ပြီးခဲ့တဲ့တစ်ပတ်ကတည်းက တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ကုလ ကျောထောက်နောက်ခံပြု လစ်ဗျားအစိုးရဟာ မနေ့က အရေးပေါ်အခြေအနေ ကြေငြာလိုက်ပါတယ်။ တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး ၃၉ ဦး သေဆုံးခဲ့ပြီး ၁၀၀ နီးပါးလောက် ဒဏ်ရာရခဲ့ပါတယ်။ အာဏာရှင် မွမ်မာ ကဒါဖီကို ဖြုတ်ချနိုင်ခဲ့တဲ့ ၂၀၁၁ ခုနှစ် တော်လှန်ရေးနောင်ပိုင်းကတည်းက လစ်ဗျားမှာ မငြိမ်သက်မှုတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

    Ref: CNA,Aljazeera

  • မြန်မာစစ်တပ်၏ လျှို့ဝှက်ဝါဒဖြန့်ကွန်ယက်ကို ဖော်ထုတ်နိုင်ခဲ့သည်ဟု Facebook ပြောကြား

    မြန်မာစစ်တပ်၏ လျှို့ဝှက်ဝါဒဖြန့်ကွန်ယက်ကို ဖော်ထုတ်နိုင်ခဲ့သည်ဟု Facebook ပြောကြား

    စက်တင်ဘာ ၁၊ ၂၀၁၈
    M-Media

    – မြန်မာစစ်တပ်ဟာ Facebook ကို အသုံးပြုပြီး လျှို့ဝှက် ၀ါဒဖြန့်ချီတာတွေ လုပ်ခဲ့တယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ Facebook က တာဝန်ရှိသူတစ်ဦး ပေးပို့တဲ့ အီးမေးလ်တွေကို ကိုးကားပြီး Time Magazine က ဒီကနေ့မှာ ဖော်ပြပါတယ်။

    Facebook က အခုနှစ်အစပိုင်းကတည်းက ပြုလုပ်ခဲ့တဲ့ ရုံးတွင်းစုံစမ်းစစ်ဆေးမှုမှာ စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ အကောင့်တွေ၊ page တွေ တော်တော်များများကို ဖော်ထုတ်နိုင်ခဲ့ပြီး အဲဒီ အကောင့်တွေဟာ လွတ်လပ်တဲ့ သတင်းစာမျက်နှာတွေအဖြစ် သုံးစွဲသူတွေ ထင်ယောင်ထင်မှားဖြစ်လာအောင်လုပ်ကာ စစ်တပ်လိုလားတဲ့ သဘောထားတွေဖြန့်ချီတာ၊ ရိုဟင်ဂျာတွေ၊ မွတ်စလင်တွေနဲ့ပတ်သက်လို့ မှားယွင်းတဲ့ အကြောင်းအရာတွေကို ရေးသားလှုံ့ဆော်တာတွေ လုပ်ခဲ့တယ်လို့လည်း အီးမေးလ်မှာ ထည့်သွင်း ရေးသားထားပါတယ်။

    ဒါဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို ပစ်မှတ်ထားတဲ့ ၀ါဒဖြန်လှုံ့ဆော်မှုတွေမှာ မြန်မာစစ်တပ်က ပါဝင်တယ်ဆိုတဲ့ ပထမဆုံးအထောက်အထားလည်း ဖြစ်ပါတယ်။

    အဲဒီလှုံ့ဆော်တဲ့ အကောင့်တွေ၊ page တွေ Facebook မှာ မှတ်ပုံတင်တုန်းက အသုံးပြုတဲ့ အချက်အလက်တွေ၊ တူညီတဲ့ IP လိပ်စာတွေနဲ့ admin တာဝန်ယူထားတဲ့ အကောင့်ပိုင်ရှင်တွေကို စစ်ဆေးခြင်းအားဖြင့် ဒီအကောင့်တွေ၊ page တွေဟာ တပ်မတော်လို့ခေါ်တဲ့ မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေတယ်ဆိုတာ Facebook က တွေ့ခဲ့ရတယ်လို့ Time က ရရှိတဲ့ အီးမေးလ်မှာ ဖော်ပြထားပါတယ်။

    Facebook က သူတို့ဟာ အမုန်းစကားတွေ ဖြန့်ချီမှုအတွက် ကာကွယ်ရေးဦးချုပ်ရဲ့ အကောင့်အပါအ၀င် စုစုပေါင်း အကောင့် ၁၈ ခုနဲ့ page ၅၂ ခုကို ပိတ်ပစ်လိုက်တယ်လို့ တနင်္လာနေ့မှာ ကြေငြာခဲ့ပြီး အဲဒီအကောင့်တွေ၊ page တွေမှာ စုစုပေါင်း follower ၁၂ သန်းလောက်ရှိတယ်လို့လည်း ဆိုပါတယ်။

    ပိတ်ပစ်လိုက်တဲ့ အကောင့်တွေနဲ့ page တွေအားလုံးကို Facebook က တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ လက်ရှိမှာ စုံစမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေကာ ဒီလိုအကောင့်မျိုး ထပ်ရှိနိုင်သေးတယ်လို့လည်း Facebook က အတည်ပြုထားပါတယ်။

    ဒီအကောင့်တွေ၊ page တွေက ရေးသားမှု ထက်ဝက်ကျော်ကျော်လောက်က တိုင်းပြည်အတွင်း မငြိမ်းချမ်းမှုတွေဟာ စစ်တပ်ကြောင့် မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကြောင့်ဖြစ်ကြောင်း ၀ါဒဖြန့်တာ၊ ရိုဟင်ဂျာနဲ့ မွတ်စလင်မုန်းတီးရေးလှုံ့ဆော်တာတွေ လုပ်ခဲ့ကြောင်း၊ မုန်းတီးရေးလှုံ့ဆော်မှုတစ်ခုသာ Facebook ရဲ့ Community Standards နဲ့ ငြိပေမယ့် အဲဒီအကောင့်တွေ၊ page တွေဟာ စစ်တပ်ရဲ့ လျှို့ဝှက်ဝါဒဖြန့်မှု အစီအစဉ်လို့ မှတ်ယူတာကြောင့် ဖယ်ရှားခဲ့တာဖြစ်ကြောင်း Facebook တာဝန်ရှိသူက Time Magazine ကို ပေးပို့တဲ့ အီးမေးလ်မှာ ရေးသားထားပါတယ်။

    အဲဒီအကောင့်တွေ၊ ပေ့ဂ်ျတွေဟာ လူများများဆီရောက်အောင် ပိုက်ဆံပေး Boost လုပ်ခဲ့သလားဆိုတဲ့ မေးမြန်းမှုကိုတော့ Facebook က ဖြေကြားခြင်း မရှိပါဘူး။

    မြန်မာစစ်တပ်ရဲ့ Facebook အသုံးပြု ၀ါဒဖြန့်မှုဟာ ပြည်သူလူထုရဲ့အမြင်အပေါ် ဘယ်လောက်လွှမ်းမိုးမှုရှိသလဲ၊ ပြည်သူတွေ၊ စစ်သားတွေက လူနည်းစုတွေအပေါ် အကြမ်းဖက်လာဖို့ ဘယ်လောက် လှုံ့ဆော်နိုင်ခဲ့သလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရဘူးလို့ Time Magazine က ရေးသားထားပါတယ်။

    ဖယ်ရှားထားတဲ့ အကောင့်တွေ၊ page တွေက အချက်အလက်တွေကို ဥပဒေကြောင်းအရ တောင်းဆိုလာရင် Facebook က ဘယ်သူ့ကိုမဆို ပေးလွှဲပြောင်းပေးသွားမယ်လို့လည်း အီးမေးလ်မှာ ရေးသားထားပါတယ်။

    Ref: TIME