News @ M-Media

Blog

  • ဒုံးကျည်စွမ်းအားကို ပိုမိုမြှင့်တင်သွားမည်ဟု အီရန်ပြော

    ဒုံးကျည်စွမ်းအားကို ပိုမိုမြှင့်တင်သွားမည်ဟု အီရန်ပြော

    စက်တင်ဘာ ၁၊ ၂၀၁၈
    M-Media

    – တိုင်းပြည်ရဲ့ တိုက်ချင်းပစ် ဒုံးကျည်၊ ခရုဇ်ဒုံးကျည်တွေရဲ့ စွမ်းအားကို မြှင့်တင်သွားဖို့ ရှိနေပြီး၊ မျိုးဆက်သစ် တိုက်လေယာဉ်တွေ၊ ရေငုပ်သင်္ဘောတွေကိုလည်း စုဆောင်းသွားမယ်လို့ အီရန်နိုင်ငံက ပြောကြားလိုက်ပါတယ်။

    အီရန်နိုင်ငံရဲ့ ဒုံးကျည်ထုတ်လုပ်မှုဟာ ၂၀၁၅ ခုနှစ်က လက်မှတ်ရေးထိုးထားတဲ့ နျူသဘောတူညီချက်နဲ့ မညီညွတ်ဘူးလို့ အမေရိကန်က အရင်က ပြောကြားထားပါတယ်။ အီရန်ကတော့ သူတို့ရဲ့ ဒုံးကျည်တွေဟာ တိုင်းပြည်ကာကွယ်ရေးအတွက်သာဖြစ်ပြီး ဒီကိစ္စအတွက် ဘယ်တော့မှ ညှိနှိုင်းသွားမှာ မဟုတ်ဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။

    “တိုက်ချင်းပစ် ဒုံးကျည်နဲ့ ခရုဇ်ဒုံးကျည်တွေရဲ့ စွမ်းအားတွေ တိုးမြှင့်ရေး၊ မျိုးဆက်သစ် တိုက်လေယာဉ်တွေ၊ လက်နက်အမျိုးအမျိုး တင်ဆောင်ပစ်ခတ်နိုင်တဲ့ သင်္ဘောတွေ၊ ရေငုပ်သင်္ဘောတွေ စုဆောင်းရေးဟာ ၀န်ကြီးဌာနရဲ့ အစီအစဉ်အသစ်တွေထဲမှာ ပါဝင်နေပါတယ်” လို့ အီရန် ကာကွယ်ရေးဝန်ကြီးဌာနက နိုင်ငံတကာရေးကာ ဒုတိယ၀န်ကြီး မိုဟာမက် အဟာဒီက ပြောကြားခဲ့ပါတယ်။

    အမေရိကန်ဟာ ၂၀၁၅ နှစ် နျူသဘောတူညီချက်ကနေ မေလက နှုတ်ထွက်သွားခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုတွေ ထပ်မံပြုလုပ်ထားပါတယ်။

    အဟာဒီကတော့ နိုင်ငံတကာရဲ့ ပိတ်ဆို့မှုတွေဟာ အီရန်ရဲ့ လက်နက်ကဏ္ဍကို ထိခိုက်မှာမဟုတ်ဘူးလို့ ဒီကနေ့ နိုင်ငံခြား စစ်ဖက်အရာရှိတွေနဲ့ တီဟီရန်မှာတွေ့ဆုံစဉ် ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ကျွန်တော်တို့မှာ လိုအပ်တဲ့ အခြေခံအဆောက်အဦးတွေ ရှိနေပါပြီ။ လိုအပ်နေတာက သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ပါ။ တစ်ချိန်တည်းမှာပဲ တိုင်းပြည်ရဲ့ ကြီးမားတဲ့ သိပ္ပံဆိုင်ရာ လုပ်နိုင်စွမ်းတွေ၊ နည်းပညာနဲ့ အင်ဂျင်နီယာနယ်ပယ်က ထောင်နဲ့ချီတဲ့ ဘွဲ့ရတွေရဲ့အင်အားကို မှီခိုပြီး ကာကွယ်ရေးစွမ်းအားကို မြှင့်တင်သွားရပါမယ်”

    Ref: Reuters

  • အိုလံပစ်ပြိုင်ပွဲ လက်ခံကျင်းပရန် အင်ဒိုနီးရှားလျှောက်ထားမည်

    အိုလံပစ်ပြိုင်ပွဲ လက်ခံကျင်းပရန် အင်ဒိုနီးရှားလျှောက်ထားမည်

    စက်တင်ဘာ ၁၊ ၂၀၁၈
    M-Media

    အာရှအားကစားပြိုင်ပွဲ မီးရှူးတိုင်ကို သယ်ဆောင်လာသည့် ဂျိုကိုဝီဒိုဒို

    – ၂၀၃၂ အိုလံပစ်ပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပရေး လျှောက်ထားသွားမယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ၀ီဒိုဒိုက ပြောကြားလိုက်ပါတယ်။

    အင်ဒိုနီးရှားဟာ လက်ရှိမှာ အာရှအားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပနေပြီး ၀ီဒိုဒိုက သူတို့အနေနဲ့ အိုလံပစ်ပြိုင်ပွဲကိုလည်း အခုလို အောင်မြင်စွာ ကျင်းပနိုင်မှာဖြစ်ကြောင်း နိုင်ငံတကာ အိုလံပစ်ကော်မတီ၊ အာရှ အိုလံပစ်ကော်မတီ ဥက္ကဌတွေနဲ့ ဒီကနေ့တွေ့ဆုံမှုမှာ ပြောကြားခဲ့ပါတယ်။

    “လက်ရှိကျင်းပနေတဲ့ ၁၈ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲက အတွေ့အကြုံကိုယူပြီး အင်ဒိုနီးရှားဟာ ဒီထက်ပိုကြီးတဲ့ ပြိုင်ပွဲမျိုးကို ကျင်းပနိုင်မယ်ဆိုတာ သေချာပါတယ်”

    နိုင်ငံတကာ အိုလံပစ်ကော်မတီ ဥက္ကဌ သောမတ်စ် ဘက်ခ်ျက အင်ဒိုနီးရှားရဲ့ အိမ်ရှင်လျှောက်ထားမှုကို ကြိုဆိုခဲ့ပြီး၊ အာရှအားကစားပြိုင်ပွဲ ကျင်းပမှုဟာ ၂၀၃၂ အိုလံပစ်ပြိုင်ပွဲအတွက် ‘ခိုင်မာတဲ့ ဖောင်ဒေးရှင်း’ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “အာရှအားကစားပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တာကြောင့် အိုလံပစ်ပြိုင်ပွဲကိုလည်း အောင်မြင်စွာ ကျင်းပနိုင်တဲ့ အစွမ်းအစရှိတယ်ဆိုတာ အင်ဒိုနီးရှားက ပြသလိုက်တာ ဖြစ်ပါတယ်”

    ဒီကနေ့မှာ ပြီးဆုံးမယ့် အာရှကစားပြိုင်ပွဲကို အာရှဒေသ နိုင်ငံပေါင်း ၄၅ နိုင်ငံက အားကစားသမား ၁၂၀၀၀၊ ထောင်ချီတဲ့ အာဏာပိုင်တွေ၊ ဂျာနယ်လစ်တွေ လာရောက်ခဲ့ကြပါတယ်။

    အင်ဒိုနီးရှားဟာ ကြီးကျယ်တဲ့ ဖွင့်ပွဲအခမ်းအနားကို ကျင်းပနိုင်ခဲ့ပြီး မျှော်မှန်းထားတဲ့ အရေအတွက်ထက်ကျော်ကာ ရွှေဆု ၃၀ ကို ဆွတ်ခူးနိုင်ခဲ့ပြီး နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှုမှာ အဆင့် ၄ နေရာ ရှိနေပါတယ်။

    ကမ္ဘာပေါ်မှာ စတုတ္ထမြောက် လူဦးရေအများဆုံးနိုင်ငံလည်းဖြစ်တဲ့ အင်ဒိုနီးရှားဟာ ၂၀၃၀ ရောက်ရင် ကမ္ဘာ့ ၁၀ နိုင်ငံမြောက် စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်လာဖို့လည်း ရှိနေပါတယ်။

    ၂၀၂ အိုလံပစ်ပြိုင်ကို တိုကျိုမှာ ပြုလုပ်မှာဖြစ်ပြီး ၂၀၂၄ ကို ပဲရစ်၊ ၂၀၂၈ ကို လော့စ်အိန်ဂျလိစ်မြို့တို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ၂၀၁၆ အိုလံပစ်ပြိုင်ပွဲကို ဘရာဇီးလ်မှာ ကျင်းပခဲ့ပါတယ်။

    Ref: Aljazeera

  • ကလေးများ ဂိမ်းဆော့မှုကို တရုတ်က တင်းကြပ်တော့မည်

    ကလေးများ ဂိမ်းဆော့မှုကို တရုတ်က တင်းကြပ်တော့မည်

    သြဂုတ် ၃၁၊ ၂၀၁၈
    M-Media

    တရုတ်ကျောင်းသားတစ်ဦး ဂိမ်းကစားနေစဉ်

    – ဂိမ်းကစားမှုကြောင့် ကလေးငယ်တွေမှာ အမြင်အာရုံ ချို့ယွင်းတဲ့ ပြဿနာတွေ မြင့်တက်လာတဲ့အတွက် တရုတ်နိုင်ငံက အွန်လိုင်းဂိမ်းတွေနဲ့ ဂိမ်းကစားမယ့်အချိန်ကို ကန့်သတ်တော့မယ်လို့ သိရပါတယ်။

    တရုတ် ပညာရေးဝန်ကြီးဌာနက ၀ဘ်ဆိုက်မှာ မနေ့က လွှင့်တင်ထားတဲ့ ကြေငြာချက်မှာ ဒီလို တားဆီးမယ့် အစီအစဉ်ဟာ ကလေးငယ်တွေအကြား မျက်စိရောဂါတွေကို ဖြေရှင်းရေး နည်းလမ်းတစ်ခုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    နိုင်ငံတွင်းက အမြင်အာရုံကျန်းမာရေးနဲ့ပတ်သက်ပြီး ပိုမို အာရုံစိုက်လုပ်ဆောင်ဖို့ သမ္မတ ရှီကျင့်ဖျင်က အခုတစ်ပတ်အစောပိုင်းမှာ တိုက်တွန်းခဲ့ပြီးတဲ့နောက် အခုအစီအစဉ် ပေါ်ထွက်လာတာပါ။

    တရုတ်နိုင်ငံဟာ အွန်လိုင်းဂိမ်းယဉ်ကျေးမှု ကြီးကြီးမားမား ရှိနေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

    အခြားဝန်ကြီးဌာန ၇ ခုက ထောက်ခံထားတဲ့ အဲဒီကြေငြာချက်မှာ အွန်လိုင်းကနေ ကစားလို့ရတဲ့ ဂိမ်းတော်တော်များများအပေါ် စည်းကမ်းတွေ တင်းကြပ်သွားမှာဖြစ်ပြီး၊ အသစ်ထွက်တာကို ကန့်သတ်တာ၊ ဂိမ်းတွေအတွက် အနိမ့်ဆုံးအသက် သတ်မှတ်တာ၊ အရွယ်မရောက်သေးသူတွေရဲ့ ဂိမ်းကစားချိန်ကို လျှော့ချခိုင်းတာတွေ လုပ်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။

    ဒါပေမယ့် အချိန်ဘယ်လောက်အတွင်း လုပ်ဆောင်မလဲဆိုတာကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ ဒီကြေငြာချက် ထွက်လာပြီးနောက် တရုတ်နိုင်ငံက ဂိမ်းကုမ္ပဏီတွေရဲ့ ရှယ်ယာတွေဟာ ထိုးကျသွားခဲ့ပါတယ်။

    လေ့လာမှုတွေအရ တရုတ်နိုင်ငံ ကလေးငယ်တွေမှာ မျက်စိမှုန်တာတွေ အဖြစ်များလာပြီး ဖုန်းတွေ အလွန်အကျွံ ကြည့်မှုနဲ့ တင်းကြပ်တဲ့ ကျောင်းအချိန်ဇယားတွေကြောင့်ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။

    ၂၀၁၅ ခုနှစ်က ထုတ်ပြန်တဲ့ နိုင်ငံလုံးဆိုင်ရာအစီရင်ခံစာမှာ ထတရုတ်နိုင်ငံမှာ လူ သန်း ၅၀၀ လောက်ဟာ မျက်စိရောဂါ ခံစားနေရပြီး၊ သန်း ၄၅၀ လောက်ဟာ မျက်စိမှုန်နေကြတယ်လို့ ဖော်ပြထားပါတယ်။

    အမြင်အာရုံဆိုင်ရာ ရောဂါကြောင့် ၂၀၁၂ ခုနှစ်မှာ တရုတ်နိုင်ငံဟာ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ လောက် ကုန်ကျခဲ့တယ်လို့လည်း ဆိုပါတယ်။

    Ref : CNA

  • မြန်မာနိုင်ငံ၏ အရေးပေါ်လူနာကုသရေးတွင် စင်ကာပူ ကူညီမည်

    မြန်မာနိုင်ငံ၏ အရေးပေါ်လူနာကုသရေးတွင် စင်ကာပူ ကူညီမည်

    သြဂုတ် ၃၁၊ ၂၀၁၈
    M-Media

    ရန်ကုန်ဆေးရုံကြီး

    – မြန်မာနိုင်ငံက အရေးပေါ်လူနာ ကုသရေးမှာ စင်ကာပူက ကူညီပေးဖို့ရှိနေပြီး နှစ်နိုင်ငံ သဘောတူညီချက်တစ်ခုကို ဒီကနေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

    ရန်ကုန်ဆေးရုံကြီးနဲ့ စင်ကာပူက နိုင်ငံတကာ ကျန်းမာရေးဖောင်ဒေးရှင်း SingHealth တို့ရဲ့ ဒီသဘောတူညီချက်ကြောင့် လူနာပေါင်း ၃ သောင်းလောက် အကျိုးခံစားရဖို့ ရှိနေပါတယ်။

    ဆိုးဆိုးရွားရွား ဒဏ်ရာရထားတဲ့ လူနာတွေကို ပြုစုကုသရေး စနစ်တွေနဲ့ ကျွမ်းကျင်မှုတွေ တိုးတက်စေဖို့အတွက် ရန်ကုန်ဆေးရုံကြီးက ဆရာဝန် ၂၀၀ လောက်ကို SingHealth က ဆရာဝန်တွေက လေ့ကျင့်သင်ကြားပေးမှာ ဖြစ်ပါတယ်။

    အဲဒီနောက် မြန်မာဆရာဝန်တွေက နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ အခြားဆရာဝန်တွေကို ပြန်လည်သင်ကြား ပေးရမှာပါ။

    မြန်မာနိုင်ငံက အကြီးဆုံးဆေးရုံဖြစ်တဲ့ ရန်ကုန်ဆေးရုံကြီးဟာ ကုတင် ၂ ထောင်ဆန့်ဖြစ်ပြီး အဲဒီအထဲက ၂၀၀ ကို အရေးပေါ်လူနာတွေအတွက် ဖယ်ထားပါတယ်။ ဆေးရုံကြီးမှာ တစ်နေ့ကို အရေးပေါ်လူနာ ၃၀ လောက် တက်ရောက် ကုသနေကြပါတယ်။

    SingHealth က ပါမောက္ခလင်မ်က အရေးပေါ်လူနာတွေအတွက် ရန်ကုန်ဆေးရုံကြီးက ပြဿနာဟာ ဘယ်သူ့ကို အရင်ကုရမလဲဆိုတဲ့ကိစ္စဖြစ်တယ်လို့ ဆိုပါတယ်။

    “မြန်မာနိုင်ငံမှာ စိတ်ဒဏ်ရာကိစ္စဟာ အဓိကပြဿနာဖြစ်လာတာကြောင့် ဒီနယ်ပယ်မှာ ပစ္စည်းကိရိယာတွေ၊ ရင်းမြစ်တွေကို တိုးမြှင့်ပေးဖို့အတွက် လိုအပ်လာပါပြီ။ ပြန်လည်ထူထောင်ရေးလည်း လိုအပ်နေပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ လူနာတွေကို နေကောင်းလို့ အိမ်ပြန်တာနဲ့တင် မလုံလောက်သေးပါဘူး”

    အခုအစီအစဉ်မှာ မြန်မာနိုင်ငံက ဆရာဝန်တွေ စင်ကာပူနိုင်ငံက ဆေးရုံတွေ ဆေးခန်းတွေမှာ သွားရောက်လေ့လာမယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။

    Ref: CNA

  • ချောလှမှုမှာ မုဒိမ်းမှု၏ အဓိကအကြောင်းအရင်းဟု ဒူတာတေးပြော

    ချောလှမှုမှာ မုဒိမ်းမှု၏ အဓိကအကြောင်းအရင်းဟု ဒူတာတေးပြော

    သြဂုတ် ၃၁၊ ၂၀၁၈
    M-Media

    – အမျိုးသမီးတွေ အဓမ္မကျင့်ခံရမှု အဖြစ်အပျက်တွေကို လှောင်ပြောင်တဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးကို လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ရှုတ်ချလိုက်ပါတယ်။

    နိုင်ငံတောင်ပိုင်း သူ့ရဲ့ဇာတိမြို့ဖြစ်တဲ့ ဒါဗာအိုမြို့မှာ မနေ့ကပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ ဒူတာတေးက ဒါဗာအိုမှာ မုဒိမ်းမှုတွေ မြင့်တက်နေတာဟာ အမျိုးသမီးတွေ ချောလှတာကြောင့်ဖြစ်တယ်လို့ အရွှန်းဖောက်ပြောကြားခဲ့ပါတယ်။

    “ဒါဗာအိုမှာ မုဒိမ်းမှုတွေ တော်တော်များများဖြစ်တယ်လို့ ပြောကြတယ်။ ချောချောလှလှ အမျိုးသမီးတွေ ရှိနေသမျှတော့ မုဒိမ်းမှုတွေလည်း ဖြစ်နေမှာပါ”

    ဖိလစ်ပိုင် အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ အလိဇဘက် အန်စီယိုကိုက ဒူတာတေးရဲ့ ဒီမှတ်ချက်ဟာ မုဒိမ်းမှုတွေကျူးလွန်ဖို့ တွန်းအားပေးသလိုဖြစ်နေပြီး၊ နိုင်ငံအတွင်းက အမျိုးသမီးတွေရဲ့ အခြေအနေကို ခြိမ်းခြောက်နေတာဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

    “မုဒိမ်းမှုကို ထမင်းစားရေသောက်ကိစ္စတစ်ခုဖြစ်အောင် လုပ်လိုက်တဲ့ ဒီမှတ်ချက်ကြောင့် ဒူတာတေးဟာ အမျိုးသမီးတွေကို တော်တော်လေး မုန်းတယ်ဆိုတာ ပေါ်လွင်နေပါတယ်။ ဒါဟာ လက်မခံနိုင်စရာ ကိစ္စပါ။ ဘယ်သူပြောပြော၊ အထူးသဖြင့် တိုင်းပြည်ရဲ့ အမြင့်ဆုံးအာဏာပိုင်ထံကနေ ထွက်လာတာမျိုးက ပိုပြီး လက်မခံနိုင်စရာပါ”

    ဒူတာတေးရဲ့ ဒီမှတ်ချက်ဟာ ချောလှတဲ့မိန်းကလေးတွေ မုဒိမ်းကျင့်ခံရမယ်လို့ ဆိုလိုရာရောက်နေတာသာမက၊ သူတို့ကို မုဒိမ်းကျင့်လို့ရတယ်လို့ အမျိုးသားတွေဖက်က ထင်သွားနိုင်တယ်လို့လည်း အန်စီယိုကိုက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    “အမျိုးသမီးတွေရဲ့ အခွင့်အရေးကို အလေးထားဖို့၊ ဥပဒေမှာ ထည့်သွင်း အသိအမှတ်ပြုဖို့အတွက် ဖိလစ်ပိုင်က အမျိုးသမီးအရေး လှုပ်ရှားသူတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ လုပ်ဆောင်လာခဲ့တာပါ။ ကျွန်မတို့ အောင်မြင်တစ်ချို့ ရခဲ့ပြီး အမျိုးသမီးတွေကို အသားပေးတဲ့ ဥပဒေတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ ဒူတာတေးဟာ ကျွန်မတို့ရဲ့ ဒီအောင်မြင်မှုတွေ အားလုံးကို ဖျက်ဆီးနေပြီး အမှောင်ခေတ်ထဲ ပြန်ခေါ်သွားနေတာပါ”

    ဒူတာတေးဟာ သမ္မတတာဝန် ထမ်းဆောင်ပြီးနောက်ပိုင်း အမျိုးသမီးတွေကို စော်ကားတဲ့ မှတ်ချက်တွေကို အကြိမ်ပေါင်းများစွာ ပြောဆိုခဲ့ပြီး ဝေဖန်မှုတွေကိုလည်း ခံခဲ့ရပါတယ်။

    ၂၀၁၇ ခုနှစ် ဇူလိုင်လမှာ ဒူတာတေးက မယ်စကြာဝဠာဘွဲ့ရသူကို အဓမ္မကျင့်နိုင်သူကို ဂုဏ်ပြုမယ်လို့ ပြောကြားခဲ့ပါတယ်။

    အခုနှစ် အစောပိုင်းက စစ်သားတစ်ချို့ကို ပြောကြားတဲ့ မိန့်ခွန်းမှာလည်း ဒူတာတေးက စစ်သားတွေအနေနဲ့ အမျိုးသမီး ၃ ဦးအထိကို အဓမ္မကျင့်နိုင်ပြီး အရေးမယူဘူးလို့ ပြောကြားခဲ့ပါတယ်။

    ဖိလစ်ပိုင် အမျိုးသမီးအခွင့်အရေးကွန်ယက် Gabriela က ဒီကနေ့မှာ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အဓမ္မကျင့်မငဟာ ဖိလစ်ပိုင်ဥပဒေအရ အပြစ်ပေးနိုင်တဲ့ ရာဇ၀တ်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “အမျိုးသမီးတွေရဲ့ အလှဟာ အဓမ္မကျင့်မှုအတွက် အဓိကအကြောင်းအရင်း ဖြစ်တယ်ဆိုတဲ့ အင်မတန်အန္တရာယ်ရှိတဲ့စကားကို သမ္မတဒူတာတေးက ထပ်ပြောခဲ့ပါတယ်။ သူဟာ ဒါဗာအိုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး၊ သူ့ရဲ့ဇာတိမြို့ ဒါဗာအိုက အမျိုးသမီးတွေဟာ နိုင်ငံအတွင်း မုဒိမ်းမှုအဖြစ်အများဆုံးဒဏ်ကို ခံစားနေရတယ်ဆိုတဲ့ အရေးပါတဲ့အချက်ကို ပျောက်ကွယ်သွားစေပါတယ်”

    Ref: Aljazeera