News @ M-Media
Blog
  • S-400 ဒုံးခွင်းနစ်ကို တိုင်းပြည်က လိုအပ်နေသည်ဟု အာဒိုဂန်ပြော
    S-400 ဒုံးခွင်းနစ်ကို တိုင်းပြည်က လိုအပ်နေသည်ဟု အာဒိုဂန်ပြော
    သြဂုတ် ၃၁၊ ၂၀၁၈
    M-Media
    S-400 ဒုံးခွင်းစနစ်
    – တိုင်းပြည်အတွက် လိုအပ်နေတဲ့ S-400 ဒုံးခွင်းစနစ်ကို အမြန်ဆုံး အရယူသွားမယ်လို့ တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်ပါတယ်။
    နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ တူရကီအနေနဲ့ ရုရှားရဲ့ ဒီဒုံးခွင်းစနစ် ၀ယ်ယူဖို့ စီစဉ်မှုအတွက် အမေရိကန်နဲ့ အခြား နေတိုးအဖွဲ့ဝင်နိုင်ငံတွေက အပြင်းအထန် ကန့်ကွက်နေကြတာပါ။
    S-400 ဒုံးခွင်းစနစ်ဟာ ကမ္ဘာပေါ်က အဆန်းသစ်ဆုံး ဒုံးခွင်းစနစ်တွေထဲက တစ်ခုလို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပြီး ကီလိုမီတာ ၄၀၀ အတွင်း လေကြောင်းပစ်မှတ်မျိုးစုံကို ပစ်ခတ်နိုင်ပါတယ်။ ရုရှားကလည်း ဒီစနစ်ကို သတ်မှတ်ထားတဲ့အချိန်ထက် တစ်နှစ်စောပြီး ၂၀၁၉ ခုနှစ်မှာ ပေးပို့သွားမယ်လို့ အခုလ အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
    မနေ့က စစ်တပ်အရာရှိတွေရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ အာဒိုဂန်က တူရကီဟာ ဒီ ဒုံးခွင်းစနစ်ကို လိုအပ်တယ်လို့ ထပ်မံ ပြောကြားခဲ့ပါတယ်။
    တူရကီဟာ ၂၀၁၄ ခုနှစ်မှာ အမေရိကန်ထံကနေ F-35 တိုက်လေယာဉ်တွေ ၀ယ်ယူဖို့အတွက် ကမ်းလှမ်းခဲ့ပြီး S-400 ဒုံးခွင်းစနစ်ကိစ္စကြောင့် တူရကီကို လေယာဉ်မရောင်းဖို့ အမေရိကန်လွှတ်တော်က ဆုံးဖြတ်ထားပါတယ်။
    အာဒိုဂန်ကတော့ အမေရိကန်မရောင်းရင် တစ်ခြားနိုင်ငံတွေကနေ ၀ယ်ယူသွားမယ်လို့ မနေ့က အခမ်းအနားမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    ရုရှားထံကနေ S-400 ၀ယ်ယူဖို့ ကြိုးစားတာဟာ တူရကီ တစ်နိုင်ငံတည်းမဟုတ်ဘဲ အိန္ဒိယနိုင်ငံကလည်း ၀ယ်ယူဖို့ စီစဉ်နေပါတယ်။ အမေရိကန်ကတော့ အိန္ဒိယအနေနဲ့ ဒီစနစ်ကို ၀ယ်ယူမယ်ဆိုရင် ပိတ်ဆို့မှုတွေ ပြုလုပ်သွားမယ်လို့ မနေ့မှာ ခြိမ်းခြောက်ခဲ့ပါတယ်။
    Ref: Aljazeera
  • နယ်သာလန်တွင် စီစဉ်ထားသည့် တမန်တော်မိုဟာမက် ကာတွန်းပြိုင်ပွဲကို ဖျက်သိမ်း
    နယ်သာလန်တွင် စီစဉ်ထားသည့် တမန်တော်မိုဟာမက် ကာတွန်းပြိုင်ပွဲကို ဖျက်သိမ်း
    သြဂုတ် ၃၁၊ ၂၀၁၈
    M-Media
    ပါကစ္စတန်မှ ဆန္ဒပြမှုတစ်ခု
    – နယ်သာန်လန်က မွတ်စလင်ဆန့်ကျင်ရေး အတိုက်အခံ နိုင်ငံရေးသမား ဂါ့တ် ၀ိုင်းလ်ဒါးဟာ လာမယ့်နိုဝင်ဘာလမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ တမန်တော်မိုဟာမက် ရုပ်ပြောင်ကာတွန်းပြိုင်ပွဲကို ဖျက်သိမ်းလိုက်ပါတယ်။
    နယ်သာလန်နိုင်ငံမှာလည်း ၀ိုင်းလ်ဒါးကို သတ်ဖြတ်ဖို့ ကြံစည်မှုနဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။
    ပြည်တွင်းမှာ လူကြိုက်နည်းလာတဲ့အတွက် လူတွေ အာရုံစိုက်မှု ရအောင် ၀ိုင်းလ်ဒါးတစ်ယောက် ဒီလို စတန့်ထွင်ရခြင်းဖြစ်တယ်လို့ နိုင်ငံရေး လေ့လာဆန်းစစ်သူတစ်ချို့က သုံးသပ်ပါတယ်။
    အင်မရန်းခန်းဦးဆောင်တဲ့ ပါကစ္စတန်အစိုးရကတော့ ဒီကိစ္စကို ကုလသမဂ္ဂအထိ ရောက်ရှိအောင် ဆောင်ရွက်သွားမယ်လို့ ကတိပြုထားပါတယ်။
    Ref: Aljazeera
  • ရခိုင်ကိစ္စ ဓာတ်ပုံအမှားများဖြင့် မြန်မာစစ်တပ်က ၀ါဒဖြန့်မှုကို ရိုက်တာသတင်းဌာန ဖော်ထုတ်
    ရခိုင်ကိစ္စ ဓာတ်ပုံအမှားများဖြင့် မြန်မာစစ်တပ်က ၀ါဒဖြန့်မှုကို ရိုက်တာသတင်းဌာန ဖော်ထုတ်
    သြဂုတ် ၃၁၊ ၂၀၁၈
    M-Media
    ဘင်္ဂလားဒေ့ရှ်စစ်ပွဲမှ ပုံရိပ်ကို ရခိုင်ပြည်နယ်ကိစ္စဟု ၀ါဒဖြန့်မှု
    – စစ်တပ်ရဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးဌာနက ရေးသားပြီး ဇူလိုင်လမှာ ထုတ်ဝေခဲ့တဲ့ “မြန်မာ့နိုင်ငံရေးနှင့် တပ်မတော် (အပိုင်း ၁)” စာအုပ်မှာ ရခိုင်ပြဿနာကို ဓာတ်ပုံအမှားတွေနဲ့ အမုန်းဝါဒဖြန့်ထားတယ်ဆိုတာကို ရိုက်တာသတင်းဌာနက ဒီကနေ့မှာ ဖော်ထုတ်လိုက်ပါတယ်။
    ၁၉၄၀ ပြည့်နှစ်တွေက ရခိုင်မှာဖြစ်ခဲ့တဲ့ လူမျိုးစုပဋိပက္ခအကြောင်း ရေးသားထားတဲ့အခန်းမှာ ထွန်ခြစ်ကိုင်ထားတဲ့ အမျိုးသားတစ်ဦးဟာ ကပ်းစပ်က အလောင်းနှစ်ခုအနီး ရပ်နေတာကို ဒီစာအုပ်မှာ ဖော်ပြထားပြီး “ဘင်္ဂါလီများ ဒေသခံတိုင်းရင်းသားများအား ရက်စက်စွာ သတ်ဖြတ်ခဲ့ပုံ” လို့ ပုံစာ ရေးထိုးထားပါတယ်။
    လေ့လာစုံစမ်းမှုအရ ဒီပုံဟာ ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးစစ်ပွဲအတွင်း ပါကစ္စတန်တပ်တွေက ထောင်သောင်းချီတဲ့ ဘင်္ဂလားဒေ့ရှ် ပြည်သူတွေကို ဒါကာမှာ အစုလိုအပြုံလိုက် သတ်ဖြတ်မှုအပြီး ရိုက်ထားတဲ့ဓာတ်ပုံဖြစ်တယ်ဆိုတာ တွေ့ရကြောင်း ရိုက်တာသတင်းဌာနက Exclusive: Fake photos in Myanmar army’s ‘True News’ book on the Rohingya crisis ဆိုတဲ့ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ ဒီဆောင်းပါးကို သြဂုတ် ၃၁ ရက်နေ့မှာ ရိုက်တာသတင်းဌာနက သူတို့ရဲ့ ၀ဘ်ဆိုက်မှာ လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။
    ရခိုင်ကိစ္စ ဓာတ်ပုံအမှားများဖြင့် ၀ါဒဖြန်ထားပြီး ဇူလိုင်လက ထွက်ရှိခဲ့သည့် စာအုပ်မျက်နှာဖုံး
    “နယ်ချဲ့အင်္ဂလိပ်တို့ အောက်မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် ဘင်္ဂါလီများ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာပုံ” ဆိုတဲ့ ပုံစာနဲ့ ဓာတ်ပုံမှာ အမျိုးသမီးတွေ၊ အမျိုးသားတွေ၊ ကလေးငယ်တွေ ပါဝင်တဲ့ လူတန်းရှည်ကြီးဟာ အထုတ်အပိုးတွေနဲ့ ခရီးသွားနေတာကို တွေ့ရပါတယ်။
    ရိုက်တာသတင်းဌာနက ဒီပုံဟာ မြန်မာနိုင်ငံကပုံမဟုတ်ဘဲ ရ၀မ်ဒါ လူမျိုးတုန်းသတ်ဖြတ်မှုအပြီး ဟူတူဒုက္ခသည်တွေ ရ၀မ်ဒါနိုင်ငံကနေ တန်ဇန်းနီးယားနိုင်ငံအတွင်း ၀င်ရောက်ခိုလှုံလာမှုကို ရိုက်ယူထားတဲ့ ဓာတ်ပုံဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒီဓာတ်ပုံကိုရိုက်ကူးသူ ဓာတ်ပုံသမား မာသာရီယဲလ်ဟာ Pittsburgh Post-Gazette သတင်းစာအတွက် အလုပ်လုပ်ခဲ့သူဖြစ်ပြီး ‘ပူလစ်ဇာဆု’ ကိုလည်း ရရှိခဲ့ပါတယ်။
    ဒီဓာတ်ပုံကို ဒီလိုအသုံးပြုထားမှုအတွက် Pittsburgh Post-Gazette သတင်းစာကို ဆက်သွယ်ခဲ့ပေမယ့် ချက်ခြင်း မှတ်ချက်မပေးသေးဘူးလို့ ရိုက်တာက ဖော်ပြထားပါတယ်။
    အဲဒီလို ဓာတ်ပုံအမှားတွေနဲ့ ၀ါဒဖြန့်ထားတဲ့ စာမျက်နှာ ၁၁၇ မျက်နှာပါ “မြန်မာ့နိုင်ငံရေးနှင့် တပ်မတော် (အပိုင်း ၁)” ဆိုတဲ့ စာအုပ်ကို ဇူလိုင်လကတည်းက မြန်မာနိုင်ငံတစ်ဝှမ်း စာအုပ်ဆိုင်တွေမှာ ရောင်းချနေတာ ဖြစ်ပါတယ်။
    ပြီးခဲ့နှစ် သြဂုတ်လနောက်ပိုင်း ရခိုင်ပြည်နယ်မှာဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေကို ဒီစာအုပ်မှာ ဖော်ပြထားပြီး အများစုကို ‘တပ်မတော် သတင်းမှန်ပြန်ကြားရေး’ ကနေ ယူတယ်လို့ ညွှန်းထားပါတယ်။ အဲဒီအဖွဲ့ဟာ ရခိုင်ပြည်နယ်ပြဿနာ စဖြစ်ကတည်းက Facebook ကနေတစ်ဆင့် စစ်တပ်ရဲ့ သဘောထားကို ဖြန့်ဖြူးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။
    တန်ဇန်းနီးယားမှဓာတ်ပုံဖြင့် ၀ါဒဖြန့်မှု
    ဒီကိစ္စနဲ့ပတ်သက်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးနဲ့ မြန်မာစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတို့ကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန်ကို မေးမြန်းရာမှာ သူက အဲဒီစာအုပ်ကို မဖတ်ရသေးကြောင်း ပြန်လည်ဖြေကြားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
    Facebook က စစ်တပ်ဟာ ‘ဘာသာရေးနဲ့ လူမျိုးရေး ပဋိပက္ခတွေဖြစ်အောင် လှုံ့ဆော်နေတယ်’ ဆိုတဲ့ စွပ်စွဲချက်နဲ့ ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် စစ်ခေါင်းဆောင် ၆ ဦးရဲ့ အကောင့်တွေ၊ စစ်တပ်နဲ့ ဆက်နွယ်တဲ့ သတင်းပေ့ခ်ျတွေ၊ အဖွဲ့တွေကို တနင်္လာနေ့မှာ ပိတ်ပစ်လိုက်ပါတယ်။
    ကုလရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုကလည်း ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ကျူးလွန်ခဲ့မှုတွေအတွက် စစ်ခေါင်းဆောင်တွေကို လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇတ်မှုတွေနဲ့ တရားစွဲဆိုသင့်တယ်လို့ အဲဒီနေ့မှာပဲ ပြောကြားခဲ့ပါတယ်။
    စစ်တပ်ဟာ ရခိုင်မှာ ကျူးလွန်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို “မြန်မာ့နိုင်ငံရေးနှင့် တပ်မတော် (အပိုင်း ၁)” စာအုပ်မှာ ငြင်းဆိုထားပြီး ‘အာရ်ကစ္စတန်’ နာမည်နဲ့ နိုင်ငံလိုချင်တဲ့ ‘ဘင်္ဂါလီအကြမ်းဖက်တွေ’ ကြောင့် ဒီပြဿနာတွေ ဖြစ်ပွားရတာဖြစ်တယ်လို့ အပြစ်တင်ခဲ့ပါတယ်။
    အိမ်နီးချင်းနိုင်ငံတွေကို ထွက်ခွာမယ့် ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇၀၀ ကျော်ပါဝင်တဲ့ စက်လှေတစ်စီးကို ၂၀၁၅ ခုနှစ် မေလ ၂၉ ရက်နေ့က မြန်မာ့ရေတပ်ကနေ ဖမ်းဆီးစဉ် ရိုက်ကူးထားတဲ့ ဓာတ်ပုံကို ဒီစာအုပ်မှာ “ပင်လယ်ရေကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဘင်္ဂါလီများ ၀င်ရောက်လာပုံ” ဆိုတဲ့ ပုံစာနဲ့ ၀ါဒဖြန့်ဖော်ပြထားပါတယ်။
    စာအုပ်ကို ရေးသားသူလို့ဆိုတဲ့ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးက ‘ဘင်္ဂါလီတွေရဲ့ သမိုင်းကြောင်းကို ဖော်ထုတ်လိုတဲ့’ ရည်ရွယ်ချက်နဲ့ ‘အထောက်အထားဓာတ်ပုံတွေကို’ ဖော်ပြထားတာဖြစ်တယ်လို့ အမှာစာမှာ ရေးသားထားပါတယ်။
    “မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲ ဒါမှမဟုတ် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခဖြစ်တိုင်းမှာ ဘင်္ဂါလီတွေဟာ ဒါကို အခွင့်အရေးယူ အသုံးချတယ်” လို့ စစ်တပ်ရဲ့ အဲဒီစာအုပ်မှာ ဖော်ပြထားပြီး ‘ဘာသာရေးပဋိပက္ခတွေဖြစ်ဖို့’ မွတ်စလင်တွေဟာ မြန်မာနိုင်ငံရဲ့ မသေချာသေးတဲ့ ဖြစ်ထွန်းစ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အသုံးချတယ်လို့လည်း ရေးသားထားပါတယ်။
    ရိုက်တာသတင်းဌာနကတော့ အဲဒီ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးဆိုသူကို ဆက်သွယ်လို့ မရဘူးလို့ ဆိုပါတယ်။
    ၂၀၁၅ ခုနှစ်ကပုံဖြင့် ၀ါဒဖြန့်မှု
    ပုံတွေကို မှန်၊ မမှန် အတည်ပြုရာမှာ သတင်းသမားတွေ အသုံးပြုလေ့ရှိတဲ့ Google Reverse Image Search နဲ့ TinEye တို့ကို အသုံးပြုပြီး ဓာတ်ပုံတွေကို ဖော်ထုတ်ထားခြင်း ဖြစ်တယ်လို့လည်း ရိုက်တာက ဆောင်းပါးမှာ ထည့်သွင်းရေးသားထားပါတယ်။
    “မြန်မာ့နိုင်ငံရေးနှင့် တပ်မတော် (အပိုင်း ၁)” စာအုပ်မှာ အသုံးပြုထားတဲ့ ဓာတ်ပုံ စုစုပေါင်း ပုံ ၈၀ မှာ အများစုက ကာကွယ်ရေးဦးစီးချုပ် နိုင်ငံခြားက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှု၊ ရခိုင်ပြည်နယ်က ဒေသခံတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှုပုံတွေဖြစ်ပြီး၊ Arakan Rohingya Salvation Army လို့ခေါ်တဲ့ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့က လွှင့်တင်ထားတဲ့ ဗီဒီယိုက screenshoot ပုံတွေ တော်တော်များများလည်း ပါဝင်ပါတယ်။
    သမိုင်းဆိုင်ရာ ဓာတ်ပုံ ၈ ပုံမှာ ၃ ပုံက လိမ်လည်ထည့်သွင်းထားတာဖြစ်ပြီး ၅ ပုံရဲ့နောက်ကြောင်းကို လိုက်လို့မရဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
    Ref: Reuters
  • မလေးဘုရင်က ၎င်း၏မွေးနေ့ပွဲကိုဖျက်သိမ်းပြီး ကုန်ကျမည့်ငွေကို တိုင်းပြည်အကြွေး ဆပ်မည်
    မလေးဘုရင်က ၎င်း၏မွေးနေ့ပွဲကိုဖျက်သိမ်းပြီး ကုန်ကျမည့်ငွေကို တိုင်းပြည်အကြွေး ဆပ်မည်
    သြဂုတ် ၃၀၊ ၂၀၁၈
    M-Media
    ဆူလ်တန် မိုဟာမက် ၅
    – စက်တင်ဘာ ၉ ရက်နေ့မှာ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားတဲ့ မွေးနွေးပွဲနဲ့ လက်ဖက်ရည်ပွဲအခမ်းအနားကို မလေးရှားဘုရင် ဆူလ်တန် မိုဟာမက် ၅ က ပယ်ဖျက်ကြောင်း ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။
    နန်းတော်က ထုတ်ပြန်တဲ့ကြေငြာချက်မှာ တော်ဝင်မိသားစု ပြောရေးဆိုခွင့်ရှိသူ ဒါတွတ် ၀မ် အဟ်မဒ် ဒါလန် အဘ်ဒူလ်အဇစ်က မွေးနေ့ပွဲအတွက် အစိုးရထံကနေ ရရှိထားတဲ့ ငွေတွေကို Tabung Harapan ရန်ပုံငွေထဲ ထည့်ဝင်သွားမယ်လို့ ဆိုပါတယ်။
    Tabung Harapan ဟာ မလေးရှားနိုင်ငံက တင်ရှိနေတဲ့ အကြွေးတွေကို လျှော့ချဖို့အတွက် နိုင်ငံသားတွေ ၀ိုင်းဝန်း လှူဒါန်းနိုင်ရေး ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက်က မေလ ၃၀ ရက်နေ့မှာ တည်ထောင်ပေးခဲ့တာဖြစ်ပါတယ်။
    အဲဒီရန်ပုံငွေကို မလေးရှားနိုင်ငံသားတွေ ထည့်ဝင်မှုဟာ ဒီကနေ့နေ့လည် ၃ နာရီအထိ ရင်းဂစ် ၁၇၉.၉ သန်း ရရှိနေပြီး လာမယ့်လမှာ ရန်ပုံငွေကို ပိတ်သိမ်းမယ်လို့ သတင်းတွေ ထွက်နေပါတယ်။
    “မင်းတရားကြီး ဆူလ်တန် မိုဟာမက် ၅ က ၂၀၁၈ မွေးနေ့မင်္ဂလာအတွက် တရားဝင်အခမ်းအနားတွေ ကျင်းပပြုလုပ်ဖို့ အစိုးရက စီစဉ်တာကို ကျေးဇူးတင်ကြောင်း မိန့်တော်မူခဲ့ပါတယ်” လို့ အဘ်ဒူလ်အဇစ်က ပြောကြားခဲ့ပါတယ်။
    ဆူလ်တန်ဟာ သူ့အသုံးစားရိတ်အတွက် ခွဲဝေပေးတဲ့ငွေကြေးက တစ်ချို့တစ်ဝက်ကို တိုင်းပြည်အကြွေးဆပ်ဖို့အတွက် ပြန်ပေးမယ်လို့ အရင်က ပြောကြားခဲ့ဖူးပါတယ်။
    Ref: The Star
  • နယ်သာလန်မှ တမန်တော်ကာတွန်းပြိုင်ပွဲကို ပါကစ္စတန်ပြည်သူများ ဆန့်ကျင်ဆန္ဒပြ
    နယ်သာလန်မှ တမန်တော်ကာတွန်းပြိုင်ပွဲကို ပါကစ္စတန်ပြည်သူများ ဆန့်ကျင်ဆန္ဒပြ
    သြဂုတ် ၃၀၊ ၂၀၁၈
    M-Media
    ဆန္ဒပြမှု မြင်ကွင်းတစ်ခု
    – နယ်သာလန်နိုင်ငံမှာ လာမယ့်လအတွင်း ကျင်းပပြုလုပ်ဖို့ စီစဉ်ထားတဲ့ တမန်တော်မိုဟာမက် ရုပ်ပြောင်ကာတွန်းပြိုင်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ ပါကစ္စတန်ပြည်သူ ထောင်ပေါင်းများစွာဟာ မြို့တော် အစ္စလာမ်မာဘတ်မှာကို ချီတက်လာကြပြီး နယ်သာလန်နဲ့ သံအဆက်အသွယ်ဖြတ်ဖို့ အစိုးရကို တောင်းဆိုနေပါတယ်။
    အဲဒီ ရုပ်ပြောင်ကာတွန်းပြိုင်ပွဲကို မွတ်စလင်ဆန့်ကျင်ရေး အတိုက်အခံလွှတ်တော်အမတ် ဂါ့တ်ဝိုင်းလ်ဒါးက စီစဉ်တာဖြစ်ပါတယ်။
    လာဟိုးရ်မြို့က Tehreek-e-Labbaik Pakistan (TLP) ပါတီဝင်တွေဟာ မနေ့ကစတင်ကာ မြို့တော်အစ္စလာမ်မာဘတ်ကို ချီတက်လာတာဖြစ်ပြီး တောင်းဆိုမှုတွေကို အစိုးရက မလုပ်ပေးဘူးဆိုရင် မြို့တော်ကို ပိတ်ဆို့ဖို့လည်း စီစဉ်ထားပါတယ်။
    အစိုးရကတော့ ချီတက်သူတွေမရောက်ခင် မြို့တော်မှာ လုံခြုံရေးကို တိုးမြှင့်ချထားပြီး အဓိကလမ်းမတွေကိုလည်း ပိတ်ဆို့ဖို့ ပြင်ဆင်နေပါတယ်။
    အစ္စလာမ်သာသနာမှာ တမန်တော်မိုဟာမက်ရဲ့ပုံ ရေးဆွဲထားကို တားမြစ်ထားပြီး ၀ိုင်းလ်ဒါးစီစဉ်တဲ့ ဒီပြိုင်ပွဲဟာ ဘာသာသာသနာတစ်ခုကို စော်ကားမှုဖြစ်တယ်လို့ TLP က ပြောကြားခဲ့ပါတယ်။
    နယ်သာလန်ဝန်ကြီးချုပ် မာ့ခ် ရုတ်က ၀ိုင်းလ်ဒါးဟာ အစိုးရအဖွဲ့ဝင်မဟုတ်ဘူးလို့ဆိုကာ ဒီကိစ္စကို ကိုင်တွယ်တာမျိုး မလုပ်ပါဘူး။
    နိုင်ငံခြားရေးဝန်ကြီး စတက်ဖ်ဘလော့က သူတို့တိုင်းပြည်ဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကို အလေးထားတာကြောင့် ဒီပြိုင်ပွဲကို တားဆီးမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
    ပါကစ္စတန်အထက်လွှတ်တော်က ဒီကာတွန်းပြိုင်ပွဲကို ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို တနင်္လာနေ့က အတည်ပြုခဲ့ပြီး၊ ၀န်ကြီးချုပ် အင်မရန်းခန်းကလည်း အစ္စလာမ်သာသနာကို စော်ကားမှုကို တားဆီးဖို့အတွက် ပေါ်လစီတစ်ခုကို မွတ်စလင်တိုင်းပြည်တွေက မချမှတ်နိုင်ခဲ့ဘူးလို့လည်း ဝေဖန်ခဲ့ပါတယ်။
    Ref: Aljazeera