News @ M-Media

Blog

  • အစ္စလာမ်အပေါ် စော်ကားမှုကို တားဆီးရန် မွတ်စလင်နိုင်ငံများ ပျက်ကွက်ခဲ့ဟု အင်မရန်းခန်းပြော

    အစ္စလာမ်အပေါ် စော်ကားမှုကို တားဆီးရန် မွတ်စလင်နိုင်ငံများ ပျက်ကွက်ခဲ့ဟု အင်မရန်းခန်းပြော

    သြဂုတ် ၂၈၊ ၂၀၁၈
    M-Media

    ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်း

    – ခေတ်အဆက်ဆက် အစ္စလာမ်သာသနာအပေါ် စော်ကားမှုတွေကို တားဆီးဟန့်တားရေး နိုင်ငံတကာအဆင့် ပေါ်လစီမျိုးကို မွတ်စလင်နိုင်ငံတွေက မချနိုင်ခဲ့ဘူးလို့ ပါကစ္စတန်ဝန်ကြီးချုပ်သစ် အင်မရန်းခန်းက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    သူ့ရဲ့ ပထမဆုံး အထက်လွှတ်တော်မိန့်ခွန်းမှာ ခန်းက သူ့အစိုးရဟာ ဒီကိစ္စကို ကုလအထိရောက်အောင် ဆောင်ရွက်သွားမယ်လို့ ထည့်သွင်းပြာဆိုခဲ့ပေမယ့်၊ ထိထိရောက်ရောက် ဖြစ်လာမယ်လို့ မထင်ကြောင်းလည်း ဆိုပါတယ်။

    နယ်သာလန်က Freedom ပါတီ ခေါင်းဆောင်ဖြစ်ပြီး အတိုက်အခံ လွှတ်တော်အမတ်လည်းဖြစ်တဲ့ ဂါ့တ် ၀ိုင်းလ်ဒါးက တမန်တော် မိုဟာမက်ကို စော်ကားတဲ့ ရုပ်ပြောင်ကာတွန်းပြိုင်ပွဲ လုပ်ဆောင်ဖို့ စီစဉ်နေမှုကို ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်တစ်ခုကိုလည်း ပါကစ္စတန် အထက်လွှတ်တော်က မနေ့မှာ အတည်ပြုခဲ့ပါတယ်။

    ဆုံးဖြတ်ချက်ဟာ ဒီကိစ္စကို ကုလက အာရုံစိုက်လာရေး ရည်ရွယ်တာလည်း ဖြစ်ပါတယ်။ ၀ိုင်းလ်ဒါးရဲ့ ဒီလိုဆောင်ရွက်မှုကို နယ်သာလန်အစိုးရစီ တရားဝင် ကန့်ကွက်သွားဖို့အတွက်လည်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက နယ်သာလန်ဆိုင်ရာ ပါကစ္စတန်သံအမတ်ကို တိုက်တွန်းထားပါတယ်။

    “‘ဒီလိုစော်ကားမှုကြောင့် မွတ်စလင်တွေ ဘယ်လောက် ထိခိုက်နာကျင် ခံစားရသလဲဆိုတာကို အနောက်တိုင်းက လူတော်တော်များများက မသိကြပါဘူး။ ဒီကိစ္စကို OIC အဖွဲ့မှာ တင်ပြသွားမှာဖြစ်ပြီး နိုင်ငံတကာ ဖိုရမ်တွေမှာ ဆွေးနွေးလာနိုင်တဲ့အထိ ပေါ်လစီတစ်ခု စုပေါင်းချမှတ်နိုင်ရေး မွတ်စလင်နိုင်ငံတွေကို တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ ဒါကို လွန်ခဲ့တဲ့နှစ်တွေကတည်းက လုပ်ခဲ့သင့်တာပါ” လို့ ၀န်ကြီးချုပ် အင်မရန်းခန်းက ပြောကြားခဲ့ပါတယ်။

    ခန်းက ဂျူးတွေ အစုလိုက်အပြုံလိုက် အသတ်ခံရမှု Holocaust ကိစ္စ တစ်လွဲပြောဆိုသူတွေကို ဥရောပမှာ ထောင်ဒဏ်တွေ ချမှတ်ခဲ့တာကို ထောက်ပြခဲ့ပြီး၊ ဒီလို တစ်လွဲပြောဆိုမှုဟာ ဂျူးလူ့အဖွဲ့အစည်းကို ထိခိုက်နာကျင်စေတယ်ဆိုတာ ဥရောပနိုင်ငံတွေက သိရှိတာကြောင့် အရေးယူတာ ဖြစ်တယ်လို့ ဆိုပါတယ်။

    “ကျွန်တော်တို့မှာလည်း ဒီလိုပေါ်လစီမျိုးလိုအပ်ပြီး ဒါမှ လူတွေဟာ ကျွန်တော်တို့ ယုံကြည်မှုအပေါ် ထပ်ခါတလဲလဲ စော်ကားတာမျိုး မလုပ်ကြတော့မှာပါ”

    Ref: Dawn

  • ယီမင်တွင် ဆော်ဒီဦးဆောင်သည့်အုပ်စု စစ်ရာဇ၀တ်မှု ကျူးလွန်နိုင်သည်ဟု ကုလပြော

    ယီမင်တွင် ဆော်ဒီဦးဆောင်သည့်အုပ်စု စစ်ရာဇ၀တ်မှု ကျူးလွန်နိုင်သည်ဟု ကုလပြော

    သြဂုတ် ၂၈၊ ၂၀၁၈
    M-Media

    – ယီမင်မှာ ဆော်ဒီနဲ့ ယူအေအီးတို့ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေရဲ့ လုပ်ရပ်တွေဟာ စစ်ရာဇ၀တ်မှု မြောက်ဖွယ်ရှိတယ်လို့ ကုလသမဂ္ဂက စွပ်စွဲပြောကြားလိုက်ပါတယ်။

    အဲဒီမဟာမိတ်အဖွဲ့ဟာ ၂၀၁၅ ခုနှစ် မတ်လကနေစတင်ကာ ယီမင်ပြည်တွင်းစစ်မှာ ပါဝင်ခဲ့တာဖြစ်ပြီး အစိုးရအဖွဲ့ဖက်ကနေ ဟူသီသူပုန်တွေကို တိုက်ခိုက်ပေးနေတာ ဖြစ်ပါတယ်။

    ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ကုလက ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ပွဲမှာ အရပ်သားတွေအပေါ် တိုက်ရိုက် ထိခိုက်မှုတွေ ရှိနေပြီး၊ ဆိပ်ကမ်းတွေ၊ လေပိုင်နက်တွေ ပိတ်ဆို့မှုကလည်း နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်ရာ ရောက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

    အရင်ကလည်း ဒီလို စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ဖူးပြီး မဟာမိတ်အဖွဲ့ကတော့ ဒါတွေဟာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

    Save the Children အဖွဲ့က ပြည်တွင်းစစ်ကြောင့် ဖြစ်ပွားတဲ့ ငတ်မွတ်ခေါင်းပါးမှု၊ ရောဂါဘယတွေကြောင့် ယီမင်မှာ တစ်နေ့ကို ကလေးငယ်ပေါင်း ပျမ်းမျှ ၁၃၀ လောက် သေဆုံးနေတယ်လို့ ပြောကြားထားပါတယ်။

    ပြည်တွင်းစစ် စတင်ကတည်းက ယီမင်မှာ သေဆုံးသူဟာ အနည်းဆုံး ၁ သောင်းလောက် ရှိနေတယ်လို့ ကုလက ပြောကြားထားပေမယ့် လေ့လာဆန်းစစ်သူတွေက ဒီထက်ပိုများနိုင်တယ်လို့ ဆိုပါတယ်။

    Ref: Aljazeera

  • အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    သြဂုတ် ၂၈၊ ၂၀၁၈
    M-Media

    ကနေဒါ ကုန်သွယ်ရေးဝန်ကြီး ဂျင်မ်ကာရ်

    မြောက်ကိုရီးယား၊ တရုတ်နဲ့ ရုရှားတို့ကို စိုးရိမ်ကြောင်း ဂျပန်ပြော
    ===============
    ဒုံးကျည်စမ်းသပ်တဲ့နေရာတွေကို ဖျက်ဆီးပြီး ကိုရီးယားကျွန်းဆွယ်မှာ နျူကင်းစင်ရေး လုပ်သွားမယ်လို့ ကင်ဂျုံအွန်က ကတိပြုထားပေမယ့် မြောက်ကိုရီးယားရဲ့ စစ်ရေးလှုပ်ရှားမှုတွေက မိမိတို့အတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဆက်ရှိနေတုန်းပဲဖြစ်တယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် တရုတ်ရဲ့ စစ်ရေးအင်အား ကြီးထွားလာမှုနဲ့ ပိုင်နက်ချဲ့ထွင်လိုမှုတွေ၊ ရုရှားရဲ့ အင်အား ပြန်လည်တည်ဆောက်လိုမှုတွေကိုလည်း စိုးရိမ်ကြောင်း ဖော်ပြထားပါတယ်။ ဇွန်လအတွင်း ထရမ့်နဲ့ ကင်ဂျုံအွန်တို့ တွေ့ဆုံပြီးနောက်ပိုင်း လက်ရှိ မြောက်ကိုရီးယား နျူအရေးဟာ အနည်းငယ် ပြန်လည်တင်းမာလာခဲ့ပါတယ်။

    ဖိလစ်ပိုင်ပြည်သူများက ဒူတာတေးကို ICC သို့ တိုင်ကြား
    ==============
    ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ မူးယစ်နှိမ်နှင်းရေးစစ်ပွဲမှာ သတ်ဖြတ်ခံလိုက်ရသူ ၈ ဦးရဲ့ မိသားစုတွေနဲ့ တက်ကြွလှုပ်ရှားတွေက ဒူတာတေးကို အရေးယူပေးဖို့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC ကို ဒီကနေ့မှာ တိုင်ကြားလိုက်ပါတယ်။ ဒါဟာ နိုင်ငံအတွင် တရားလက်လွတ်သတ်ဖြတ်မှု၊ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ရှိတယ်လို့ စွပ်စွဲကာ ဒူတာတေးကို ဒုတိယမြောက် တိုင်ကြားမှုလည်း ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ဧပြီလက တိုင်ကြားမှုကို ICC က ကနဦး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ မူးယစ်နှိမ်နှင်းမှုမှာ တရားလက်လွတ် သတ်ဖြတ်မှုတွေ ရှိတယ်ဆိုတဲ့သတင်းတွေကို ဒူတာတေးက ငြင်းဆိုထားပါတယ်။

    အာဆီယံနှင့် ကုန်သွယ်ရန် စိတ်ဝင်စားနေဟု ကနေဒါပြော
    ===============
    အာဆီယံနိုင်ငံတွေနဲ့ လွတ်လပ်စွာ ကုန်သွယ်နိုင်ဖို့ ကနေဒါက ဆန္ဒရှိနေတယ်လို့ ထိုင်းနဲ့ စင်ကာပူတို့ကို သွားရောက်မယ့် ကနေဒါကုန်သွယ်ရေးဝန်ကြီး ဂျင်မ်ကာရ်က မနေ့မှာ ပြောပါတယ်။ မြောက်အမေရိက လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်အတွက် အမေရိကန်နဲ့ မက္ကဆီကိုတို့အကြား ဆွေးနွေးမှု အောင်မြင်ခဲ့ပြီးတဲ့နောက် ကနေဒါဟာ ကုန်သွယ်ရေးဆိုင်ရာ အကြပ်အတည်းနဲ့ တွေ့နေတာပါ။ ဂျင်မ်ကာရ်က အာဆီယံဟာ အလျင်အမြန် တိုးတက်နေတဲ့ ဈေးကွက်ကြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဥရောပသမဂ္ဂကလည်း အာဆီယံနဲ့ ကုန်သွယ်ဖို့ စိတ်ဝင်စားနေပါတယ်။

    Ref: CNA,Aljazeera

  • ကိုယ်ပျောက်လေယာဉ်များအား ပစ်ချနိုင်သည့် ဒုံးကျည်ကို ရုရှားထုတ်ပြ

    ကိုယ်ပျောက်လေယာဉ်များအား ပစ်ချနိုင်သည့် ဒုံးကျည်ကို ရုရှားထုတ်ပြ

    သြဂုတ် ၂၇၊ ၂၀၁၈
    M-Media

    ရုရှား၏ S400 ဒုံးခွင်းနစ်

    – အသံထက်မြန်တဲ့ ကိုယ်ပျောက်တိုက်လေယာဉ်တွေကို ပစ်ချနိုင်မယ့် ဒုံးကျည်တစ်မျိုးကို ရုရှားက မော်စကိုမှာပြုလုပ်ခဲ့တဲ့ ‘၂၀၁၈ စစ်လက်နက်ပြပွဲ’ မှာ ထုတ်ပြလိုက်ပါတယ်။

    40N6E လို့ အမည်ပေးထားတဲ့ အဲဒီ ဒုံးကျည်ဟာ ရုရှားရဲ့ နာမည်ကျော် ဒုံးခွင်းစနစ် S-400 နဲ့ နောက်မျိုးဆက် S-500 တို့မှာ အသုံးပြုနိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီး မြေပြင်အထက် ၁၀ မီတာလောက်ကနေ ပျံသန်းတဲ့ လေယာဉ်ကိုတောင် ပစ်ချနိုင်တယ်လို့ ဆိုပါတယ်။

    အလေးချိန် ၁၈၉၃ ကီလိုဂရမ်ရှိပြီး ပစ်လွှတ်လိုက်တဲ့အချိန်မှာ တစ်စက္ကန့်ကို ပျမ်းမျှ ၁၁၉၀ မီတာနှုန်းနဲ့ သွားနိုင်ပါတယ်။ ကီလိုမီတာ ၃၀ လောက်မြင့်တဲ့ နေရာမှာရှိတဲ့ အရာတွေကို ပစ်ချနိုင်ပြီး ဂြိုဟ်တုနဲ့ ဖမ်းယူလို့မရတဲ့စနစ်မျိုး ဒုံးကျည်မှာ ထည့်သွင်းထားတယ်လို့ သတင်းတွေလည်း ထွက်နေပါတယ်။

    40N6E ဒုံးကျည်ဟာ လေယာဉ်ပျံဆိုရင် ကီလိုမီတာ ၃၈၀ အကွာအဝေးလောက်ကနေ ပစ်ချနိုင်ပြီး၊ ဒုံးကျည်ဆိုရင်တော့ ၁၅ ကီလိုမီတာအကွာအဝေးကနေ ပစ်ချနိုင်တယ်လို့ သရုပ်ပြမှုမှာ ပြောကြားခဲ့ပါတယ်။

    ဒုံးကျည်ကို ဇူလိုင်လမှာ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီး လာမယ့် သီတင်းပတ်အနည်းငယ်အတွင်း S-400 ဒုံးခွင်းစနစ်တွေမှာ တပ်ဆင်သွားမှာ ဖြစ်ပါတယ်။

    S-400 အတွက် ဒုံးကျည်တွေကို ထုတ်လုပ်ရာမှာ 40N6E ဟာ ပဉ္စမမြောက် ထွက်ရှိလာတဲ့ ဒုံးကျည်ဖြစ်ပြီး အရင်ကထွက်ခဲ့တဲ့ ဒုံးကျည်တွေထက် ပိုဝေးဝေး ပစ်ခတ်နိုင်ပါတယ်။ S-400 ကို ဆက်ခံမယ့် S-500 ဒုံးခွင်းစနစ်မှာလည်း ဒီဒုံးကျည်ကို အသုံးပြုမှာ ဖြစ်ပါတယ်။

    Ref: RT

  • ဥရောပမှာ လုံခြုံရေးအတွက် အမေရိကန်ကို မှီခို၍မရတော့ဟု ပြင်သစ်သမ္မတပြော

    ဥရောပမှာ လုံခြုံရေးအတွက် အမေရိကန်ကို မှီခို၍မရတော့ဟု ပြင်သစ်သမ္မတပြော

    သြဂုတ် ၂၇၊ ၂၀၁၈
    M-Media

    ပြင်သစ်မ္မတ အီမန်နျူယဲလ် မာခရွန်

    – ဥရောပ သမဂ္ဂအနေနဲ့ မိမိတို့ရဲ့ လုံခြုံရေးကို မိမိတို့ကိုယ်တိုင် ဆောင်ရွက်ရတော့မှာဖြစ်ပြီး အမေရိကန်ကို ဆက်လက် မှီခိုနေလို့ မရတော့ဘူးလို့ ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်က ပြောကြားလိုက်ပါတယ်။

    ဒီကနေ့ သံတမန်တွေ၊ လွှတ်တော်အမတ်တွေ၊ နိုင်ငံတကာဆက်ဆံရေး ကျွမ်းကျင်သူတွေနဲ့ တွေ့ဆုံမှုမှာ မာခရွန်က ဒီလိုပြောကြားလိုက်တာဖြစ်ပြီး ဥရောပလုံခြုံရေးအတွက် သူ့ရဲ့ အစီအစဉ် အသစ်တွေကို လာမယ့်လအနည်းငယ်အတွင်း ကြေငြာသွားမယ်လို့လည်း ဆိုပါတယ်။

    အမေရိကန်သမ္မ ဒေါ်နယ်ထရမ့်က ဥရောပနိုင်ငံတွေ ပါဝင်တဲ့ နေတိုးအဖွဲ့နဲ့ မပတ်သက်ချင်တော့တဲ့ စကားတွေပြောကြားအပြီးမှာ မာခရွန်ရဲ့ ဒီမှတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

    မာခရွန်ဟာ ဥရောပကို ပေါင်းစည်းပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်မယ်၊ ဥရောပဇုန်အတွက် သီးသန့်ဘက်ဂျက်ထားမယ်ဆိုတဲ့ ကတိတွေနဲ့ ပြီးခဲ့တဲ့နှစ်က ရွေးကောက်ပွဲ အနိုင်ရခဲ့တာဖြစ်ပါတယ်။

    မနက်ဖြန်မှာ ဒိန်းမတ်နဲ့ ဖင်လန်နိုင်ငံတို့ကို ၃ ရက်ကြာ သွားရောက်မယ့် မာခရွန်က ဥရောပ ပြုပြင်ပြောင်းလဲရေးကို ၂ ဆတိုးလုပ်ဆောင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    “အစီအစဉ်အသစ်တွေ ဆောင်ရွက်ဖို့လိုပြီး၊ မဟာမိတ်အသစ်တွေလည်း ဖွဲ့စည်းရပါမယ်။ အကြမ်းဖက်ဝါဒ အားကောင်းလာပြီး၊ အမျိုးသားရေးဝါဒကလည်း ထကြွနေတဲ့အချိန် ပြင်သစ်ဟာ ဥရောပကို ကာကွယ်ချင်ပါတယ်”

    Ref: AFP