News @ M-Media
Blog
  • အာဇန်သံဝေဖန်သူကို ထောင်ချမှု အင်ဒိုရှိ အကြီးဆုံး အစ္စလာမ်ဘာသာရေးအဖွဲ့ ကန့်ကွက်
    အာဇန်သံဝေဖန်သူကို ထောင်ချမှု အင်ဒိုရှိ အကြီးဆုံး အစ္စလာမ်ဘာသာရေးအဖွဲ့ ကန့်ကွက်
    သြဂုတ် ၂၅၊ ၂၀၁၈
    M-Media
    အင်ဒိုနီးရှားနိုင်ငံမှ ဗလီဝတ်ကျောင်းတော်တစ်လုံး
    – ဗလီက ၀တ်ပြုဖို့ဖိတ်ခေါ်တဲ့ အာဇန်နှိုးဆော်သံဟာ ကျယ်လွန်းတယ်လို့ ဝေဖန်တဲ့ အမျိုးသမီးကို ထောင်ချမှုနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးဆုံး အစ္စလာမ်ဘာသာရေးအဖွဲ့ ‘နဒ်လာသွလ် အိုလမာ (NU)’ က ဝေဖန်လိုက်ပြီး တိုင်းပြည်အတွင်း သည်းခံနိုင်စွမ်း ပိုမိုမြင့်မားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
    အခုသီတင်းပတ်အစောပိုင်းမှာ ဆူမားတြားကျွန်းက မီဒန်မြို့ တရားရုံးတစ်ခုဟာ အသက် ၄၄ နှစ်အရွယ် ဗုဒ္ဓဘာသာဝင် တရုတ်အမျိုးသမီး မီလီယာနာကို သာသနာညှိုးနွမ်းစေမှုနဲ့ ထောင်ဒဏ် ၁၈ လ ချမှတ်ခဲ့ပါတယ်။
    သူမဟာ ပတ်ဝန်းကျင်မှာရှိနေတဲ့ ဗလီက အာဇန်နှိုးဆော်သံဟာ ကျယ်လွန်းတယ်လို့ ဝေဖန်ခဲ့ပြီးတဲ့နောက် အဖမ်းခံခဲ့ရတာပါ။
    အဖွဲ့ဝင် သန်း ၄၀ ရှိတဲ့ NU က ဒီလိုပြောဆိုမှုဟာ ရာဇ၀တ်မှုမဟုတ်ဘူးလို့ ဆိုပါတယ်။
    “၀တ်ပြုဖို့နှိုးဆော်သံဟာ ကျယ်လွန်းတယ်လို့ ယူဆပြီး ပြောတာဟာ ဘာသာသာသနာ ညှိုးနွမ်းစေမှု မဟုတ်ပါဘူး။ ကျွန်တော်တို့လို ဘာသာစုံလူမျိုးစုံတဲ့ လူ့အဖွဲ့အစည်းမှာ မွတ်စလင်တွေအနေနဲ့ ဒီလိုဝေဖန်မှုကို အပြုသဘောဆောင်တဲ့ ဝေဖန်မှုအဖြစ် မှတ်ယူသင့်ပါတယ်” လို့ NU ရဲ့ ဥပဒေဆိုင်ရာဌာန အကြီးအကဲ ရော်ဘီကင် အမ်ဟက်ဆ်က ပြောပါတယ်။
    လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Amensty International က ဒီအမျိုးသမီးကို ထောင်ချမှုဟာ ရယ်စရာကောင်းတဲ့အဖြစ်အပျက် ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ မီလီယာနာလွတ်မြောက်ရေးအတွက် တောင်းဆိုတဲ့စာကို အွန်လိုင်း လက်မှတ်ကောက်ယူမှုမှာ မနေ့ကအထိ လက်မှတ် တစ်သိန်းနီးပါး ရရှိနေပြီ ဖြစ်ပါတယ်။
    အစ္စလာမ်ဘာသာဝင်အများစုရှိတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ဘာသာစုံ၊ လူမျိုးစုံ အတူယှဉ်တွဲကာ ငြိမ်းချမ်းစွာနေထိုင်မှုသမိုင်း ရှည်ကြာစွာရှိနေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
    ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေမှာ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ဖို့ အချိန်ကျပြီဆိုတဲ့ ၀ါဒဖြန့်မှုတွေနဲ့အတူ သဘောထားတင်းမာတဲ့ မွတ်စလင်အဖွဲ့အစည်းတွေ ပေါ်ထွက်လာမှုကြောင့် နိုင်ငံရဲ့ သဟဇတဖြစ်မှု ပျက်ပြားတော့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
    မီလီယာနာရဲ့ ရှေ့နေအဖွဲ့က သူတို့ရဲ့အမှုသည်ဟာ ၂၀၁၆ ခုနှစ်က အွန်လိုင်းဆွေးနွေးမှုတစ်ခုမှာ အာဇန်နှိုးဆော်သံတွေ ကျယ်လောင်မှုနဲ့ပတ်သက်လို့ ရေးသားခဲ့တာဖြစ်ပြီး ဒါကို ဆန့်ကျင်တာမဟုတ်ကြောင်း၊ နောက်ပိုင်းမှာ သူမရဲ့ ရေးသားမှုကို ဆိုရှယ်မီဒီယာတွေမှာ အကြိမ်ကြိမ် ချဲ့ကားမျှဝေခဲ့ကြတာဖြစ်ကြောင်း၊ ပြစ်ဒဏ်အတွက် အယူခံဝင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    Ref: CNA
  • စနေနေ့မနက် နိုင်ငံတကာသတင်းများ
    စနေနေ့မနက် နိုင်ငံတကာသတင်းများ
    သြဂုတ် ၂၅၊ ၂၀၁၈
    M-Media
    ပါလက်စတိုင်းပြည်သူများ
    ထိုင်ဝမ်မုန်တိုင်း လူ ၆ ဦးသေဆုံး
    ===============
    ထိုင်ဝမ်မှာ ကြာသာပတေးနေ့က စ၀င်တဲ့ မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေကာ အနည်းဆုံး လူ ၆ ဦးသေဆုံးပြီး ၁၀၀ လောက် ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ လူ ၆ ထောင်လောက်ကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရပါတယ်။ လက်ရှိမှာ မုန်တိုင်းက အားပျော့သွားပေမယ့် ရေကြီးမှုတွေက ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။
    ပါလက်စတိုင်းများအား အကူအညီပေးမှုကို အမေရိကန်ရပ်ဆိုင်း
    ==============
    ပါလက်စတိုင်းပြည်သူတွေအတွက် ပေးအပ်နေတဲ့ စီးပွားရေးအကူအညီ ကန်ဒေါ်လာ သန်း ၂၀၀ ကျော်ကို အမေရိကန် ရပ်ဆိုင်းလိုက်ပြီး ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ PLO က ဒါကို ရှုတ်ချလိုက်ပါတယ်။ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုကြောင့် ဒုက္ခသည်ဘ၀ရောက်နေတဲ့ ပါလက်စတိုင်း ပြည်သူတွေကို အကူအညီပေးနေတဲ့ UNRWA အဖွဲ့ကို ထောက်ပံ့မှုပမာဏ တော်တော်များများကိုလည်း အမေရိကန်က အခုနှစ်အစောပိုင်းမှာ လျှော့ချခဲ့ပါတယ်။ PLO အမှုဆောင်ကော်မတီအဖွဲ့ဝင် ဟာနန် အက်ရှ်ရာဝီက အမေရိကန်ဟာ အကူအညီပေးရေးကို နိုင်ငံရေးလက်နက်အဖြစ် အသုံးပြုနေတာဖြစ်ပြီး ပါလက်စတိုင်းတွေရဲ့ အခွင့်အရေးဟာ ရောင်းစားဖို့မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်ဟာ အစ္စရေးရဲ့ အနီးကပ်မဟာမိတ်လည်း ဖြစ်ပါတယ်။
    တရုတ်မြောက်ပိုင်းရှိ ဟိုတယ်တစ်ခုတွင် မီးလောင်ပြီး ၁၈ ဦး သေဆုံး
    ===============
    တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟာဘင်မြို့က ဟော်တယ်တစ်ခု ဒီနေ့မနက်ပိုင်းက မီးလောင်မှုကြောင့် အနည်းဆုံး ၁၈ ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။ မီးလောင်မှုအကြောင်းအရင်းကို လက်ရှိမှာ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ တရုတ်နိုင်ငံက အဆောက်အဦးတော်တော်များများမှာ ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်မှုတွေ အားနည်းပြီး မြို့တော်ဘေဂျင်းက တိုက်ခန်းတစ်ခုမှာ နိုဝင်ဘာလက မီးလောင်မှုကြောင့် လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။
    မြောက်ကိုရီးယားကိစ္စ တိုးတက်မှုမရှိဟု ထရမ့် ၀န်ခံ
    ==============
    နိုင်ငံခြားရေးဝန်ကြီး ပွမ်ပီယို ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယားကိုသွားမယ့် အစီအစဉ်ကို ဖျက်သိမ်းကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ ပြောကြားခဲ့ပြီး မြောက်ကိုရီးယား နျူဖျက်သိမ်းရေး သူ့ရဲ့ကြိုးပမ်းမှုဟာ တိုးတက်မှုမရှိဘူးလို့ ၀န်ခံပြောကြားလိုက်ပါတယ်။ ဇွန်လ ၁၂ ရက်နေ့ ကင်ဂျုံအွန်နဲ့ တွေ့ဆုံခဲ့ပြီးနောက် ထရမ့်က မြောက်ကိုရီးယား နျူဖျက်သိမ်းရေးကိစ္စကို အကောင်မြင်ကြောင်း ပြောကြားခဲ့တာပါ။ ဒါပေမယ့် အခုအချိန်မှာ သိသာတဲ့ တိုးတက်မှုမျိုး မတွေ့ရဘူးလို့ ထရမ့်က ဆိုပါတယ်။
    1MDB ကိစ္စတွင် အဓိကပါဝင်သူကို မလေးရှားက တရားစွဲ
    ================
    Ref: CNA, Aljazeera
  • ထိုင်းတွင် ကိုရင်တစ်ပါးကို ဘုန်းကြီးက ၀ါရင်းတုတ်ဖြင့် ရိုတ်သတ်မှုဖြစ်
    ထိုင်းတွင် ကိုရင်တစ်ပါးကို ဘုန်းကြီးက ၀ါရင်းတုတ်ဖြင့် ရိုတ်သတ်မှုဖြစ်
    သြဂုတ် ၂၄၊ ၂၀၁၈
    M-Media
    ထိုင်းနိုင်ငံမှ ဘုန်းတော်ကြီးများ
    – ထိုင်းနိုင်ငံ ကန်ချာနာဘူရီက ဘုန်းကြီးကျောင်းတစ်ခုမှာ ဘုန်းကြီးတစ်ပါးက ကိုရင်တစ်ပါးကို ၀ါးရင်းတုတ်နဲ့ ရိုက်နှက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
    ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘုရားရှိခိုးချိန်မှာ Wattanapol Sisawad ဆိုတဲ့ အသက်ကိုးနှစ်အရွယ် ကိုရင်လေးဟာ ဆော့ကစားတယ်ဆိုပြီး သက်တော် ၆၄ နှစ်ရှိတဲ့ ဘုန်းတော်ကြီး Suphachai Suthiyano က ကျောကုန်းကို ၀ါရင်းတုတ်နဲ့ အကြိမ်ပေါင်းများစွာ ရိုက်နှက်ခဲ့ကာ ခေါင်းကိုလည်း တိုင်နဲ့ ဆောင့်ခဲ့ပါတယ်။
    အဲဒီနောက် ကိုရင်ဟာ သတိလစ်မေ့မြောသွားခဲ့ပြီး ဆေးရုံတင်လိုက်ရကာ ကြာသာပတေးနေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။
    ကျူးလွန်သူ ဘုန်းကြီး Suphachai Suthiyano ကို တနင်္ဂနွေနေ့မှာ ဖမ်းဆီးကာ သိက္ခာချခဲ့ပြီး အခုတစ်ပတ်အစောပိုင်းမှာ ‘သေစေလောက်သည်အထိ ပြင်းထန်စွာ နာကျင်စေမှု’ နဲ့ တရားစွဲဆိုထားပါတယ်။
    သေဆုံးသူ ကိုရင်ရဲ့ မိခင်ဖြစ်သူက သူ့အနေနဲ့ ဒီဘုန်းကြီးကို ခွင့်လွှတ်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
    ထိုင်းနိုင်ငံက သံဃာအသိုင်းအ၀ိုင်းမှာ စာရိတ္တပျက်ပြားမှု သတင်းတွေဟာ အခုနှစ်ပိုင်းမှာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါတယ်။
    အခုလအစောပိုင်းမှာ ထိုင်းအစိုးရဟာ ကိုယ်ပိုင်ဂျက်လေယာဉ်တွေ၊ တန်ဖိုးကြီးပစ္စည်းတွေကို အသုံးပြုနေတဲ့ ဇိမ်ခံဘုန်းကြီတစ်ပါးကို လိမ်လည်မှု၊ ငွေကြေးခ၀ါချမှုတွေနဲ့ ထောင်ဒဏ် ၁၁၄ နှစ် ချမှတ်ခဲ့ပါတယ်။
    ဘန်ကောက်က နာမည်ကျော် Golden Mount ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဘုန်းကြီးတစ်ပါးကို စီးပွားရေး၊ နိုင်ငံရေးသမားတွေနဲ့ပေါင်းပြီး ငွေကြေးခ၀ါချမှုတွေ လုပ်တယ်ဆိုတဲ့ ကိစ္စနဲ့ မေလမှာ ဖမ်းဆီးခဲ့ပြီးနောက် သူ့ရဲ့ ဘဏ်အကောင့်မှာ ကန်ဒေါ်လာ ၄ သန်းကို တွေ့ရှိခဲ့ရပါတယ်။
    ရာဇ၀တ်မှုမှတ်တမ်းရှိတဲ့ ဘုန်းကြီးတွေကို အလွယ်တကူ စောင့်ကြည့်နိုင်ဖို့အတွက် ထိုင်းအစိုးရဟာ ဘုန်းကြီးတွေအတွက် ဒစ်ဂျစ်တယ် မှတ်ပုံတင် ထုတ်ပေးတဲ့အစီအစဉ်ကို ပြီးခဲ့တဲ့နှစ်မှာ စတင်ခဲ့ပါတယ်။
    Ref: CNA
  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ
    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ
    သြဂုတ် ၂၄၊ ၂၀၁၈
    M-Media
    ပျောက်ဆုံးရေဒီယိုသတ္ထုကြွပစ္စည်း ရှာဖွေရေး မလေးရှားက အထူးအဖွဲ့ဖွဲ့
    =============
    အခုလအစောပိုင်းက မြို့တော် ကွာလာလမ်ပူ ဆင်ခြေဖုံးမှာ ပျောက်ဆုံးသွားတဲ့ ရေဒီယိုသတ္တုကြွပစ္စည်းပါ ကိရိယာတစ်ခုကို ရှာဖွေရေး အထူးအဖွဲ့တစ်ခုကို မလေးရှားက မနေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။ အဲဒီကိရိယာကို စစ်သွေးကြွတွေ ရရှိကာ ဗုံးပြုလုပ်မှာကို စိုးရိမ်မှုတွေ ရှိနေပြီး ဆီလန်ဂေါပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ မဇ်လန် မန်ဆူရ်က လက်ရှိအချိန်အထိ ဒီကိရိယာ ဘယ်ရောက်နေလဲဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အကြမ်းဖက်သမားတွေရဲ့လက်ထဲ ရောက်သွားတဲ့ လက္ခဏာမျိုး မရှိသေးဘူးလို့လည်း မလေးရှားရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
    တရုတ်-အမေရိကန် ကုန်သွယ်ရေးဆွေးနွေးပွဲ အဖြေမထွက်
    ================
    ကုန်သွယ်ရေးဆိုင်ရာ တင်းမာနေမှုကို လျှော့ဖို့အတွက် အမေရိကန်နဲ့ တရုတ်တာဝန်ရှိသူတွေရဲ့ ၂ ရက်တာအစည်းအဝေးဟာ မနေ့မှာ ပြီးဆုံးခဲ့ပေမယ့် ဒီပြဿနာဖြေရှင်းနိုင်မယ့် သဘောတူညီချက်မျိုးတော့ မရခဲ့ပါဘူး။ အမေရိကန်နဲ့ တရုတ်တို့ဟာ ကန်ဒေါ်လာ ဘီလီယံ ၅၀ ဖိုးရှိတဲ့ ကုန်စည်တွေအတွက် အပြန်အလှန် အခွန်တိုးမြှင့်မှုတွေ ပြုလုပ်ထားပါတယ်။ အခုဆွေးနွေးပွဲမှာ ကုန်သွယ်ရေးဆိုင်ရာ မျှတမှု၊ အမေရိကန်ရဲ့ ဉာဏထုတ်ကုန်တွေကိစ္စ၊ နည်းပညာလွှဲပြောင်းပေးရေး ပေါ်လစီတွေအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
    ဂျပန်နိုင်ငံတွင် တိုင်ဖုန်းမုန်တိုင်းတစ်ခု ၀င်ရောက်နေ
    ================
    ပြီးခဲ့တဲ့လက ရေကြီးမှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားခဲ့ရတဲ့ ဂျပန်နိုင်ငံ အနောက်ပိုင်းမှာ မနေ့ကစတင်ကာ ဆီမာရွန်လို့ အမည်ရတဲ့ တိုင်ဖုန်းမုန်တိုင်းတစ်ခု ၀င်ရောက်နေတာကြောင့် လေယာဉ်ခရီးစဉ်တွေ၊ ရထားလိုင်းတွေ ရပ်ထားရပြီး ဓာတ်အားပြတ်တောက်မှုတစ်ချို့လည်း ရှိနေပါတယ်။ ဒီကနေ့မနက်အထိ အသေအပျောက်မရှိသေးဘဲ ထိခိုက်ဒဏ်ရာရမှုတစ်ချို့ ပျက်ဆီးမှုတစ်ချို့ ရှိနေပါတယ်။ အာဏာပိုင်တွေက ရေကြီးမှု၊ မြေပြိုမှု၊ လှိုင်းကြီးမှုတွေ ရှိနိုင်တယ်လို့ သတိပေးထားပါတယ်။ မုန်တိုင်းဟာ ဒီကနေ့နှောင်းပိုင်းမှာ ကုန်းတွင်းပိုင်းကို ၀င်ရောက်ဖို့ ရှိနေပါတယ်။
    Ref: CNA
  • ကြာသာပတေးနေ့ ဘောလုံးသတင်းများ
    ကြာသာပတေးနေ့ ဘောလုံးသတင်းများ
    သြဂုတ် ၂၃၊ ၂၀၁၈
    M-Media
    ပရိတ်သတ်များကြောင့် ဂျူဗီကိုပြောင်းလာခြင်းဟု ရော်နယ်ဒိုဖွင့်ဟ
    ===================
    ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ အဓိကအကြောင်းအရင်းဟာ ဂျူဗီပရိတ်သတ်တွေ သူ့ကို ကြိုဆိုမှုကြောင့် ဖြစ်တယ်လို့ တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုက ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမကျော့ ဂျူဗင်တပ်စ်အိမ်ကွင်းမှာ ကစားခဲ့ရစဉ်က ရော်ဒိုဟာ ရီးယဲလ်အတွက် နောက်ပြန်ကန်ချက်နဲ့ လှလှပပ ဂိုးတစ်ဂိုးသွင်းယူခဲ့ပြီး ဂျူဗင်တပ်စ်ပရိတ်သတ်တွေက အဲဒီအတွက် ရော်နယ်ဒိုကို မတ်တပ်ရပ် ဂုဏ်ပြုခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ ဒီအခြေအနေအတွက် ကျေနပ်ပီတိဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
    ဖီဖာတာဝန်ရှိသူဟောင်း ခြစားမှုဖြင့် ထောင် ၄ နှစ်ကျ
    ===============
    ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌဟောင်းဖြစ်ပြီး၊ ဖီဖာက ထိပ်တန်းပုဂ္ဂိုလ်ဟောင်းလည်းဖြစ်တဲ့ အသက် ၈၆ နှစ်အရွယ် ဟိုဆေး မာရီယာ မာရင်ဟာ ခြစားမှုတွေအတွက် ထောင်ဒဏ် ၄ နှစ် ချမှတ်ခံလိုက်ရပါတယ်။ သူဟာ ၂၀၁၅ ခုနှစ် မေလ ဇူးရစ်ခ်ျမြို့မှာ ဖမ်းဆီးခံလိုက်ရတဲ့ ဖီဖာတာဝန်ရှိသူ ၇ ဦးထဲက တစ်ဦးဖြစ်ပါတယ်။ တာဝန်ထမ်းဆောင်စဉ်မှာ မာရင်ဟာ ကိုပါအမေရိကပြိုင်ပွဲအပါအ၀င် ဘောလုံးပြိုင်ပွဲတွေ ထုတ်လွှင့်ခွင်အတွက် အားကစားကုမ္ပဏီတွေထံကနေ လာဘ်ငွေရယူခဲ့ပါတယ်။ ထောင်ဒဏ်အပြင် ကန်ဒေါ်လာ ၁.၂ သန်းကိုလည်း ဒဏ်ငွေအဖြစ် ပေးဆောင်ရမှာဖြစ်ကာ သူပိုင်ငွေ ဒေါ်လာ ၃.၃၄ သန်းကို အစိုးရက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူမှာဖြစ်ပါတယ်။
    ရုရှားကလပ်အသင်းက ‘ကံကောင်းစေတဲ့ဂျာစီ’ ကို ထုတ်လုပ်ရောင်းချ
    =================
    ရုရှား ပရီးမီးယားလိဂ်အသင်း FC Rostov ဟာ ကောဇောနဲ့ချုပ်ထားတဲ့ အသင်းဂျာစီသစ်ကို ထုတ်ပြန်လိုက်ပြီး ရူဘဲလ် ၂၅၀၀ (ပေါင် ၂၈.၄၇) နဲ့ ၀ယ်ယူနိုင်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့တစ်ပတ် အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ပြီးနောက် အသင်းကံကောင်းစေဖို့အတွက် ပရိတ်သတ်တစ်ဦးဟာ တနင်္ဂနွေနေ့ပွဲမှာ ကောဇောအခင်းတစ်ခုကို ယူဆောင်လာကာ အားပေးခဲ့ပြီး FC Rostov ဟာ Yenisey Krasnoyarsk အသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ အဲဒီနောက် အသင်းတာဝန်ယူရှိသူတွေက ကောဇောယူလာတဲ့ ပရိတ်သတ်ကို ခေါ်တွေ့ကာ အခုလို ကောဇောအင်္ကျီချုပ်ဖို့ စီစဉ်တာဖြစ်ပါတယ်။ ပရိတ်သတ်တွေက ဒီအင်္ကျီကို ‘ကံကောင်းစေတဲ့ဂျာစီ’ လို့ မှည့်ခေါ်နေကြပါတယ်။
    Ref: BBC