မေ ၃၀၊ ၂၀၁၈
M-Media
– နိုင်ငံတစ်ဝှမ်း ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ အားကစားကလပ်တွေမှာ လိင်စော်ကားမှုကို ခံခဲ့ရသူတွေကို နှစ်သိမ့်ကူညီရေး အစိုးရရဲ့ အစီအစဉ်မှာ ပါဝင်သွားမယ်လို့ သြစတေးလျ ခရစ်ယာန်ကက်သလစ်အသင်းတော်က ပြောကြားလိုက်ပါတယ်။
နိုင်ငံအတွင်းက အသင်းအဖွဲ့တွေမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ပတ်သက်ပြီး တော်ဝင်ကော်မရှင်က ဦးဆောင်ကာ ၅ နှစ်တာ ပြုလုပ်ခဲ့တဲ့ စုံစမ်းဖော်ထုတ်မှုမှာ ကက်သလစ်အသင်းတော်က ဘုန်းကြီးတွေရဲ့ ၇ ရာခိုင်နှုန်းလောက်ဟာ ၁၉၅၀ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း ကလေးငယ်တွေအပေါ် လိင်စော်ကားမှုတွေ ရှိခဲ့တယ်ဆိုတာ တွေ့ခဲ့ရပါတယ်။
ထိခိုက်ခံစားရသူတွေကို နှစ်သိမ့်ကူညီကာ နစ်နာကြေးပေးရေး ဆောင်ရွက်ဖို့အတွက် အစိုးရနဲ့ အသင်းအဖွဲ့တွေကို ကော်မရှင်က ဖိအားပေးခဲ့ပါတယ်။
“ဓနသဟာယအစိုးရက ဦးစီးပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နှစ်သိမ့်ကူညီရေးအစီအစဉ် ဆောင်ရွက်ဖို့ တော်ဝင်ကော်မရှင်ရဲ့အကြံပြုချက်ကို ကျွန်တော်တို့ ထောက်ခံပါတယ်။ ဒီအစီအစဉ်မှာလည်း ပါဝင်ဖို့ ဆန္ဒရှိပါတယ်” လို့ သြစတေးလျ ကက်သလစ်ဂိုဏ်းချုပ်ဘုန်းတော်ကြီးများအသင်းရဲ့ ဥက္ကဌ ဆရာတော် မာ့ခ် ကိုလီရစ်ဂ်ျက ပြောကြားခဲ့ပါတယ်။
“ထိခိုက်ခံစားရသူတွေဟာ တရားမျှတမှု၊ နှစ်သိမ့်အားပေးမှုတွေနဲ့ ထိုက်တန်ပြီး တော်တော်များများဟာ သတ္တိမွေးကာ သူတို့ရဲ့အကြောင်းတွေကို ထုတ်ပြောခဲ့ရတာ ဖြစ်ပါတယ်”
အဲဒီ လျော်ကြေးပေးတဲ့အစီအစဉ်ကို သြစတေးလျအစိုးရက ဦးဆောင်မှာဖြစ်ပြီး ကက်သလစ်အသင်းတော်ဟာ ဒီကိစ္စမှာပါဝင်တဲ့ ပထမဆုံး အစိုးရမဟုတ်တဲ့အဖွဲ့အစည်း ဖြစ်လာမှာ ဖြစ်ပါတယ်။
သြစတေးလျရဲ့ အမြင့်ဆုံး စုံစမ်းစစ်ဆေးရေးအဖွဲ့အစည်းဖြစ်တဲ့ တော်ဝင်ကော်မရှင်ဟာ ခရစ်ယာန်ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ အားကစားကလပ်တွေမှာ ဖြစ်ပွားခဲ့တဲ့ လိင်စော်ကားမှုပေါင်း ၈၀၀၀ လောက်ကို ကြားနာခဲ့ပါတယ်။
ထိခိုက်ခံစားရသူတွေအတွက် နစ်နာကြေးပမာဏကိုတော့ အစိုးရနဲ့ အအခြားအသင်းအဖွဲ့တွေ ပါဝင်မှုအပေါ်လိုက်ကာ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
Ref: BBC