News @ M-Media

Blog

  • တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    ဧပြီ ၃၀၊ ၂၀၁၈
    M-Media

    ထိုင်းပြည်သူများ၏ ဆန္ဒပြမှု

    တရုတ်နိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယားသွားမည်
    ================
    နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီဟာ ဒီတစ်ပတ်အတွင်း မြောက်ကိုရီးယားနိုင်ငံကို သွားရောက်မယ်လို့ တရုတ်က ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယွန်ဟိုရဲ့ ဖိတ်ကြားမှုနဲ့ ဗုဒ္ဓဟူးနဲ့ ကြာသာပတေးတွေမှာ သွားရောက်မှာဖြစ်ကာ ၂၀၀၇ ခနှစ်နောက်ပိုင်း မြောက်ကိုရီးယားကို သွားရောက်တဲ့ ပထမဆုံး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာမှာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ပြီးခဲ့တဲ့တစ်ပတ်မှာ တောင်ကိုရီးယားသမ္မတနဲ့ တွေ့ဆုံခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့လည်း မေလမှာ တွေ့ဆုံဖို့ရှိပါတယ်။

    အစိုးရဇိမ်ခံအိမ်ယာစီမံကိန်း ဖျက်သိမ်းရေး ထိုင်းပြည်သူများ ဆန္ဒပြ
    ==============
    သစ်တောမြေမှာ အစိုးရဇိမ်ခံအိမ်ယာ ဆောက်လုပ်မှုကို ဆန့်ကျင်တဲ့အနေနဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်က ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ မနေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ ဒါဟာ ၂၀၁၄ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အကြီးမားဆုံး ဆန္ဒပြမှုလည်း ဖြစ်ပါတယ်။ ဆန္ဒပြသူတွေက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ဒီစီမံကိန်းကို ရပ်တန့်ဖို့ အစိုးရကို အချိန်တစ်ပတ်ပေးထားပြီး ဒီလိုမှမလုပ်ရင် နောက်ထပ် ဆန္ဒပြမှုတွေနဲ့ ကြုံတွေ့ရမယ်လို့ သတိပေးခဲ့ကြပါတယ်။

    အစ္စရေး၏ ပစ်ခတ်မှုကြောင့် ဂါဇာတွင် ပါလက်စတိုင်း ၃ ဦး ထပ်မံသေဆုံး
    =============
    ပါလက်စတိုင်းပိုင်နက်ဖြစ်တဲ့ ဂါဇာမှာ မနေ့က ဆန္ဒပြမှုအတွင်း အစ္စရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းအရပ်သား ၃ ဦး ထပ်မံသေဆုံးသွားပါတယ်။ ၁၉၄၈ ခုနှစ် ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းတွေ နေရပ်ပြန်နိုင်ရေးအတွက် ဂါဇာပြည်သူတွေဟာ မတ်လ ၃၀ ရက်နေ့ကတည်းက စတင် ဆန္ဒပြခဲ့ကြတာဖြစ်ပြီး အစ္စရေးရဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးသူဟာ ၅၀ နီးပါးရှိလာကာ ဒဏ်ရာရသူတွေက ၅၅၀၀ ကျော်လောက် ရှိလာပြီ ဖြစ်ပါတယ်။

    IS နှင့်ပေါင်းသည့် နိုင်ငံခြားအမျိုးသမီးများကို အီရတ်က ထောင်တစ်သက်ချ
    ===============
    IS အကြမ်းဖက်အဖွဲ့ကို ထောက်ခံမှုနဲ့ ပူးပေါင်းမှုအတွက် ရုရှားနိုင်ငံသား အမျိုးသမီး ၁၉ ဦး၊ အဇာဘိုင်ဂျန်နဲ့ တာဂျီကစ္စတန်က အမျိုးသမီး ၆ ဦးတို့ကို အီရတ်က မနေ့မှာ ထောင်ဒဏ် တစ်သကတ်တစ်ကျွန်း ချမှတ်လိုက်ပါတယ်။ အမျိုးသမီးတွေကတော့ သူတို့ဟာ လိမ်လည်ခေါ်ဆောင်မှုကို ခံခဲ့ရတာဖြစ်တယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ အခုလအစောပိုင်းကလည်း အီရတ်ဟာ ပြင်သစ်အမျိုးသမီးတစ်ဦးကို IS နဲ့ ပူးပေါင်းမှုအတွက် ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ဖူးပါတယ်။

    Ref: Aljazeera, CNA

  • မွမ်းရွာ (သို့) ဘာသာသုံးခု ချစ်ခင်ညီညွတ်ကြတဲ့ အိန္ဒိယက လောကနိဗ္ဗာန်

    မွမ်းရွာ (သို့) ဘာသာသုံးခု ချစ်ခင်ညီညွတ်ကြတဲ့ အိန္ဒိယက လောကနိဗ္ဗာန်

    ဧပြီ ၂၉၊ ၂၀၁၈
    M-Media

    ဗလီဝတ်ကျောင်းတော် ဆောက်လုပ်နေသည့် ရာဂျာနှင့်အဖွဲ့

    – အိန္ဒိယမှာ ဘာသာရေးအုပ်စုတွေဟာ မကြာခဏ ပဋိပက္ခတွေဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အကြမ်းဖက်မှုအသွင် ဆောင်လာခဲ့ပါတယ်။ ဒါပေမယ့် ရွာတစ်ရွာက အံ့သြမှင်သက်ဖွယ်ကောင်းတဲ့ အနေအထားတစ်ခုကတော့ ဘာသာစုံ၊ လူမျိုးစုံ သဟဇာတဖြစ်မှုကို အားပေးနေပါတယ်။

    ပန်ဂျဘ်ပြည်နယ် ရွာတစ်ရွာက ရှီးဗားဘုရားကျောင်း ဆောက်လုပ်ရေးမှာ အင်တိုက်အားတိုက် ကြိုးစားနေတာက ပန်းရံဆရာ နာဇင် ရာဂျာခန်း ဖြစ်ပါတယ်။

    မွတ်စလင်တစ်ယောက်ဖြစ်တဲ့သူဟာ ဟိန္ဒူဘုရားကျောင်းတစ်ခု ဆောက်လုပ်ပေးနေပေမယ့် အနီးအနားမှာ သူ ဘုရားဝတ်ပြုနိုင်မယ့် ဗလီတော့ မရှိပါဘူး။

    “ဘုရားဝတ်ပြုလို့ရမယ့်နေရာ ကျွန်တော်တို့မှာ မရှိပါဘူး။ ဒီလိုဆိုတော့ အမျိုးတွေလာလည်ရင် အဆင်မပြေဘူးပေါ့ဗျာ” လို့ အသက် ၄၀ အရွယ် သူက ပြောပါတယ်။

    နိုင်ငံမြောက်ပိုင်း သူနေထိုင်ရာ မွမ်းရွာလေးမှာ ဒီအခက်အခဲ ရှည်ကြာလာတဲ့အခါ နာဇင်တစ်ယောက် လူ ၄၀၀ လောက်ရှိတဲ့ မွတ်စလင်လူ့အဖွဲ့အစည်းနဲ့ ဆွေးနွေးတိုင်ပင်မှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် သိပ်ကို ဆင်းရဲနေတာကြောင့် ဘယ်သူမှ ဗလီအတွက် မြေမလှူနိုင်ပါဘူး။

    မြေနည်းနည်းလောက်မျှပါ

    ဆစ်ခ်ဘာသာဝင်တစ်ဦး

    အဲဒီရွာက မွတ်စလင်အများစုဟာ ပန်းရံ၊ လက်သမားလို ကျပန်းလုပ်သားတွေ ဖြစ်ပါတယ်။ ရွာထဲက ဟိန္ဒူ ၄၀၀ လောက်နဲ့ ဆစ်ခ်လူမျိုး ၄၀၀၀ လောက်ကတော့ တော်တော်လေး ပြေလည်ကြပါတယ်။

    ၁၈ လလောက် ကြိုးစားမှုရလဒ်အဖြစ် ဟိန္ဒူဘုရားကျောင်းတည်ဆောက်မှု လက်စသတ်ကာနီးမှာပါပဲ ရာဂျာဟာ ထူးထူးခြားခြားအလုပ်တစ်ခု စလုပ်ခဲ့ပါတယ်။

    အခုနှစ်အစောပိုင်းမှာ သူဟာ ဘုရားကျောင်း ဂေါပကအဖွဲ့ကို ချဉ်းကပ်ကာ “ခင်ဗျားတို့ ဟိန္ဒူတွေ မကြာခင်မှာ ဘုရားကျောင်းတစ်ခု ရတော့မယ်။ ခင်ဗျားတို့မှာ အရင်က အဟောင်းတစ်ကျောင်းလည်း ရှိတယ်။ ဒါပေမယ့် မွတ်စလင်တွေက ၀တ်ပြုရာနေရာမရှိဘူး၊ မြေ၀ယ်ဖို့လည်း မတတ်နိုင်ဘူး။ ခင်ဗျားတို့မြေ နည်းနည်းလောက် ကျွန်တော်တို့ကို ပေးပါလား” လို့ ပြောကြားခဲ့ပါတယ်။

    နောက်တစ်ပတ်အကြာမှာတော့ နာဇင်တစ်ယောက် အဖြေရခဲ့ပါတယ်။ ဂေါပကအဖွဲ့ဟာ သူတို့ဘုရားကျောင်းအနီးက စကွဲယားပေ ၉၀၀ လောက်ရှိတဲ့ မြေတစ်ကွက်ကို ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

    “နှလုံးပီတိ ဂွမ်းဆီထိရပါတယ်။ ကျေးဇူးတင်ကြောင်း ပြောဖို့ စကားလုံးတောင် ရှာမရပါဘူး” လို့ ရာဂျာက ပြောပါတယ်။

    ဟိန္ဒူဘုရားကျောင်း ဂေါပကအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ တိုင်းရင်းဆေးဆရာ ပါရှိုတန်လာလ်က သူတို့အားလုံးဟာ အေးအတူ ပူအမျှ နေလာခဲ့တဲ့လူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

    “ဒါဟာ တောင်းဆိုသင့်တဲ့အရာဗျ။ ကျွန်တော်တို့အားလုံး ကောင်းအတူ၊ ဆိုးအဖက်၊ အေးအတူပူအမျှ နေထိုင်လာခဲ့ကြပေမယ့် မွတ်စလင်တွေမှာ ဗလီတစ်လုံး မရှိဘူးဆိုတာကတော့ မတရားရာကျပါတယ်”

    ရာဂျာနဲ့ အခြား ပန်းရံသမားတွေဟာ သူတို့ ၀တ်ပြုဆုတောင်းနိုင်မယ့် နေရာလေးကို တည်ဆောက်နေတာ နှစ်လလောက်တောင် ရှိနေပါပြီ။

    ဆစ်ခ်လူမျိုးတွေက ဗလီဆောက်ဖို့ ငွေကြေးထောက်ပံ့ကြပြီး သူတို့ရဲ့ဘုရားကျောင်းကိုလည်း အသုံးပြုခွင့်ပေးပါတယ်။ ဒါဟာ လူနည်းစုတွေ ဓားစာခံ ဖြစ်နေတယ်လို့ မကြာခဏကြားနေရတဲ့ တိုင်းပြည်မှာ ဘာသာတရားသုံးခုအကြား တွေ့ရခဲတဲ့ ညီညွတ်မှု ဥပမာကောင်းတစ်ခု ဖြစ်ပါတယ်။

    ကန့်သတ်မှုများ

    ရှရ်မာနှင့် ရာဂျာ

    ဟိန္ဒူလက်ရာစွန်း အစိုးရ ကြီးထွားလာမှုအတွက် ပြီးခဲ့တဲ့နှစ်တွေမှာ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အစိုးရဟာ ဟိန္ဒူတွေနဲ့ မွတ်စလင်တွေအကြားမှာ ကြောက်ရွံ့မှုတွေ မယုံကြည်မှုတွေကို ဖန်တီးနေတယ်လို့လည်း တော်တော်များများက ပြောကြားခဲ့ကြပါတယ်။

    ဒါပေမယ့် မွမ်းဆိုတဲ့ရွာလေးမှာတော့ လူ့အဖွဲ့အစည်း ၃ ခုဟာ ချစ်ကျည်စွာ နေထိုင်ကြပါတယ်။ သူတို့ကြားထဲမှာ တင်းမာမှုတွေဖြစ်ခဲ့တယ်ဆိုတဲ့ သမိုင်းမျိုးမရှိဘဲ ဘယ်သူတွေရဲ့ ၀တ်ပြုရာနေရာကိုမဆို အားလုံး လွတ်လွတ်လပ်လပ် ၀င်ထွက်သွားလာနိုင်ပါတယ်။

    ဟိန္ဒူအများစုဟာ ဆစ်ခ်ဘုရားကျောင်းတွေကို သွားကြပြီး၊ တစ်ချို့တွေဆိုရင် ဆစ်ခ်တွေဝတ်တဲ့ ခေါင်းပေါင်းတွေတောင် ၀တ်ကြပါတယ်။ ဘာသာရေးပွဲတော်တွေ၊ လူမှုရေးကိစ္စတွေအတွက် ရွာသားတွေဟာ တစ်ဦးအိမ်ကို တစ်ဦး ၀င်ထွက်သွားလာကြပါတယ်။

    ဆစ်ခ်ဘုန်းကြီး ဂျီယာနီ ဆူရ်ဂျီတ် ဆင်းက ဟိန္ဒူတွေရဲ့ ဂီတာလို ပွဲတော်မျိုးကို ဆစ်ခ်ခန်းမမှာ ကျင်းပလေ့ရှိတယ်လို့ ဆိုပါတယ်။

    “လူတွေက ဒါကို ဆစ်ခ်ဘုရားကျောင်းလို့ မမြင်ပါဘူး။ သူတို့ရဲ့ လူမှုရေးဆိုင်ရာ ဆုံမှတ်တစ်ခုအဖြစ် မြင်ကြတာပါ”

    ဘုရားကျောင်းကိစ္စတွေမှာ တက်တက်ကြွကြွပါဝင်လေ့ရှိပြီး ကျောင်းဆရာတစ်ဦးလည်းဖြစ်တဲ့ ဘာရတ် ရမ်က “လူ့အဖွဲ့အစည်းတွေကြားထဲမှာ သွေးခွဲပြီး အမြတ်ထုတ်တတ်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ကျွန်တော်တို့မှာ မရှိတာက ကျွန်တော်တို့အတွက် ကံကောင်းခြင်းတစ်မျိုးပါ” လို့ ပြောကြားခဲ့ပါတယ်။

    “ဒီရွာကလူတွေကြားထဲမှာ ညီရင်းအစ်ကို မောင်ရင်းနှမ စိတ်ဓာတ်ပဲရှိပါတယ်။ ဒါဟာ ဟိုးအရင်ကတည်းက ရှိလာတာပါ။ ဒါ့ကြောင့်ပဲ ဗလီဆောက်ဖို့ ချက်ခြင်း မြေပေးလိုက်တာပေါ့”

    နိုင်ငံရေးစနက်တွေသာမပါရင် ပါကစ္စတန်နဲ့ အိန္ဒိယက ပြည်သူတွေမှာ ရန်ညှိုး ရှိကြမှာမဟုတ်ဘူးလို့လည်း ရမ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဗလီဆောက်ဖို့ မြေပေးလိုက်ရတဲ့အတွက်၊ ငွေကြေးတွေ စိုက်ထုတ်ပေးလိုက်ရတဲ့အတွက် ဘယ်သူကမှ မတွန့်တိုကြပါဘူး။ တကယ်တော့ ဟိန္ဒူနဲ့ ဆစ်ခ်တွေက ဗလီဝတ်ကျောင်းတော်ဟာ မွတ်စလင်တွေသာမဟုတ်ဘဲ ‘ရွာသားအားလုံးအတွက်ဖြစ်တယ်’ လို့ သဘောထားကြတာပါ။

    ဒါပေမယ့် ဒီလို တစ်သွေးတစ်သားတည်းဖြစ်မှုမှာ ကန့်သတ်မှုတွေတော့ ရှိနေပါတယ်။ သူတို့ရဲ့ သားသမီး မြေးမြစ်တွေဟာ အခြားလူ့အဖွဲ့အစည်းက လူတွေနဲ့ ထိမ်းမြားလက်ထပ်တာမျိုးကို မြင်ချင်လားလို့ မေးတဲ့အခါမှာ တော့ အံ့သြမှင်သက်သွားခဲ့ကြပါတယ်။

    “ညီရင်းအစ်ကို မောင်ရင်းနှမဖြစ်တာက တစ်ခုပါ။ ဆစ်ခ်တွေနဲ့ မွတ်စလင်တွေဟာ ဘာသာမတူကြဘူး။ ဒီလို ဘာသာမတူ လက်ထပ်တာကို ဒီရွာမှာ လက်မခံပါဘူး” လို့ ရွာက ဆစ်ခ်လူမျိုးများကောင်စီရဲ့ အဖွဲ့ဝင် ချုဒ်ဆင်းက ပြောပါတယ်။

    ကျောင်းဆရာတစ်ယောက်ဖြစ်ပြီး ဟိန္ဒူဘုရားကျောင်းမှာ အဖွဲ့ဝင်အဖြစ် ပါဝင်နေတဲ့ ဘာရတ် ရှရ်မာကလည်း ဒီလိုပဲ ပြောပါတယ်။

    “ဒါမျိုး အရင်ကလည်း မဖြစ်ခဲ့သလို၊ နောက်လည်း ဖြစ်လာမှာ မဟုတ်ပါဘူး”

    ဒါဟာ အိန္ဒိယနိုင်ငံသားတွေရဲ့ ဘုံသဘောထားပါ။ ဟိန္ဒူဘာသာဝင်ဖြစ်ပေမယ့် ဇာတ်မတူတဲ့သူတွေ အိမ်ထောင်ပြုတာကိုတောင်မှ မိသားစုတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ဆန့်ကျင်လေ့ ရှိပါတယ်။

    ဒါပေမယ့် လူမျိုးစုအကြား တင်းမာမှုတွေများတဲ့ အနောက်ဘန်ဂေါလ်လို အိန္ဒိယက အခြားသောဒေသတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ ပန်ဂျဘ်ပြည်နယ်က ဒီ မွမ်းရွာလေးဟာ လောကနိဗ္ဗာန်ပါပဲ။

    “ဆစ်ခ်ဘုရားကျောင်း၊ ဗလီနဲ့ ဟိန္ဒူဘုရားကျောင်း ဘယ်နေရာပဲဖြစ်ဖြစ် ဘုရားသခင်ဆိုတာ နေရာတိုင်းမှာ ရှိနေတာပါ” လို့ မစ္စတာ ရှရ်မာက ထပ်လောင်းပြောကြားခဲ့ပါတယ်။

    Ref : BBC

    (BBC သတင်းဌာနတွင် ဖော်ပြထားသည့် Crossing Divides: Hindus and Sikhs help build a mosque in India ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • ဆော်ဒီလုံခြုံရေးမှာ မိမိတို့၏ ဦးစားပေးဖြစ်သည်ဟု ကန်နိုင်ငံခြားရေးဝန်ကြီးပြော

    ဆော်ဒီလုံခြုံရေးမှာ မိမိတို့၏ ဦးစားပေးဖြစ်သည်ဟု ကန်နိုင်ငံခြားရေးဝန်ကြီးပြော

    ဧပြီ ၂၉၊ ၂၀၁၈
    M-Media

    ဆော်ဒီဘုရင်နှင့် တွေ့ဆုံနေသည့် ပွမ်ပီယို

    – ဆော်ဒီရဲ့ လုံခြုံရေးဟာ အမေရိကန်ရဲ့ ဦးစားပေးကိစ္စဖြစ်တယ်လို့ ရီယာ့ဒ်ကိုရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက ပြောကြားခဲ့ပါတယ်။

    မနေ့က ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒဲလ် အလ်-ဂျူဘီးရ်နဲ့ ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပွမ်ပီယိုက ဒီလိုပြောကြားလိုက်တာဖြစ်ပြီး အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရေး ဆော်ဒီနဲ့အတူ ရပ်တည်ဖို့ အဆင်သင့်ရှိတယ်လို့လည်း ဆိုပါတယ်။

    “၂၀၃၀ စီမံကိန်းကနေတစ်ဆင့် ဆော်ဒီရဲ့ အောင်မြင်မှုတွေကို ကျွန်တော်တို့ အားကျပါတယ်”

    ပွမ်ပီယိုက ထရမ့်ရဲ့ အီရန်နဲ့ပတ်သက်တဲ့ပေါ်လစီကို ထောက်ခံကြောင်း၊ အီရန်ဟာ အကြမ်ဖက်ဝါဒကို အကြီးမားဆုံး ထောက်ပံ့ပေးတဲ့နိုင်ငံဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ပွမ်ပီယိုဟာ ဒီနေ့မှာ ဆော်ဒီဘုရင် ဆလ်မန်နဲ့ ဘုရင့်နန်းတော်မှာ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးနဲ့ ဒေသတွင်းအခြေအနေတွေအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

    ပွမ်ပီယိုဟာ ဂျော်ဒန်နဲ့ အစ္စရေးတို့ကိုလည်း သွားရောက်ဖို့ ရှိနေပါတယ်။

    Ref: Alarabiya

  • အမေရိကန်မှာ ဆီးရီးယားကို ခွဲခြမ်းရန် ကြိုးစားနေသည်ဟု ရုရှား စွပ်စွဲ

    အမေရိကန်မှာ ဆီးရီးယားကို ခွဲခြမ်းရန် ကြိုးစားနေသည်ဟု ရုရှား စွပ်စွဲ

    ဧပြီ ၂၉၊ ၂၀၁၈
    M-Media

    – အမေရိကန်ဟာ နိုင်ငံတကာဥပဒေကိုချိုးဖောက်ပြီး ဆီးရီးယားနိုင်ငံထဲ ဒုံးကျည်တွေပစ်ကာ ဆီးရီးယားကို နှစ်ခြမ်းခွဲဖို့ ကြိုးစားနေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့ဗ်က ပြောကြားလိုက်ပါတယ်။

    မနေ့က မော်စကိုမှာ တူရကီ၊ အီရန်တို့က နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ၇ နှစ်တာကြာမြင့်ပြီဖြစ်တဲ့ ဆီးရီးယားပြည်တွင်းအရေး ဆွေးနွေးစဉ်မှာ ဒီလိုပြောကြားလိုက်တာဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ၃ ဦးရဲ့ တွေ့ဆုံမှုဟာ လာမယ့်လ ကာဇက်စတန်မှာလုပ်မယ့် ၉ ကြိမ်မြောက် ဆီးရီးယားအရေး အစည်းအဝေးအတွက် အခြေခံအချက်တွေ ညှိနှိုင်းတာဖြစ်ပါတယ်။

    လာမယ့်လအစည်းအဝေးမှာ နိုင်ငံရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

    ရုရှား၊ အီရန်နဲ့ တူရကီတို့က ဆီးရီးယားအစိုးရနဲ့ အတိုက်အခံတွေကြား ဆွေးနွေးမှုမှာ သူတို့ဟာ အာမခံပေးသူဖြစ်ကြောင်း၊ ကာဇက်စတန်က ညှိနှိုင်းမှုကသာ တင်းမာမှုတွေလျော့ကျရေး တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်း ပြောကြားထားပါတယ်။

    မနေ့ကဆွေးနွေးမှုမှာ နိုင်ငံခြားရေးဝန်ကြီး ၃ ဦးက ဆီးရီးယားဟာ အချုပ်အခြာပိုင် နိုင်ငံတစ်ခုအဖြစ် ဆက်လက်တည်ရှိရမယ်ဆိုတာကို သဘောတူခဲ့ကြပါတယ်။ လာဗရော့ဗ်ကတော့ အမေရိကန်ရဲ့ ဆောင်ရွက်ချက်တွေဟာ အရှေ့အလယ်ပိုင်းကို ပုံပြောင်းဖို့နဲ့ ဆီးရီးယားကို ခွဲခြမ်းဖို့ ကြိုးစားမှုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    ဆီးရီးယားအစိုးရတပ်တွေက ဓာတုလက်နက် အသုံးပြုတယ်ဆိုတဲ့ စွဲချက်နဲ့ အမေရိကန်ဟာ ဧပြီလ ၁၄ ရက်နေ့မှာ ဆီးရီးယားကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီး လာဗရော့ဗ်က ဒီလုပ်ရပ်ဟာ ရှိပြီးသားအခြေအနေကို ပိုဆိုးစေတယလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    ဧပြီ ၂၉၊ ၂၀၁၈
    M-Media

    ဆော်ဒီရောက် ကန်နိုင်ငံခြားရေးဝန်ကြီး

    နျူစမ်းသပ်ရာနေရာကို ပိတ်ပစ်ကာ နိုင်ငံတကာကို ခေါ်ပြမည်ဟု ကင် ကတိပြု
    ===============
    နိုင်ငံအတွင်းက နျူစမ်းသပ်ရာနေရာကို မေလမှာ ပိတ်ပစ်ကာ နိုင်ငံတကာကို အပြည့်အ၀ ၀င်ရောက်ကြည့်ရှုခွင့်ပေးမယ်လို့ သမ္မတ မွန်ဂျယ်အင်နဲ့ တွေ့ဆုံမှုအတွင်း ကင်ဂျုံအန်က ကတိပြုခဲ့ကြောင်း တောင်ကိုရီးယားသမ္မတရုံးက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ နျူလက်နက်စမ်းသပ်မှုကို ရပ်တန့်ပြီး စမ်းသပ်ရာနေရာကို ပိတ်မယ်လို့ ကင်က ထိပ်သီးအစည်းအဝေးမတိုင်ခင် ပြောကြားခဲ့တာပါ။ ဒါပေမယ့် ပွင့်လင်းမြင်သာမှုရှိအောင် နိုင်ငံတကာက ကျွမ်းကျင်သူတွေ၊ ဂျာနယ်လစ်တွေကို ဖိတ်ခေါ်ပြသသွားမယ်လို့ ဆွေးနွေးပွဲမှာ ကင်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးသစ် အရှေ့အလယ်ပိုင်းရောက်
    ==============
    အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသစ် မိုက် ပွမ်ပီယိုဟာ ၃ ရက်တာ အရှေ့အလယ်ပိုင်း ခရီးစဉ်အဖြစ် ဆော်ဒီကို မနေ့က ရောက်ရှိခဲ့ပြီး ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒဲလ် အလ်-ဂျူဘီးရ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ပွမ်ပီယိုဟာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် တည့်ခင်းဧည့်ခံတဲ့ ညစာစားပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။ ဂျော်ဒန်နဲ့ အစ္စရေးတို့ကိုလည်း ကန်နိုင်ငံခြားရေးဝန်ကြီးက သွားရောက်ဖို့ရှိပြီး အမေရိကန်အစိုးရကတော့ ဒီခရီးစဉ်ဟာ အရှေ့အလယ်ပိုင်းမှာ ဆက်ဆံရေး ပိုမိုခိုင်မာစေဖို့ ရည်ရွယ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းဝန်ကြီးချုပ်ယာဉ်တန်းဗုံးခွဲခံရမှု PA လက်ချက်ဟု ဟားမက်စ်ပြော
    ================
    ပြီးခဲ့တဲ့လ ပါလက်စတိုင်းဝန်ကြီးချုပ် ရာမီ ဟမ်ဒဲလာဟ် ဂါဇာကိုလာရောက်စဉ် သူ့ရဲ့ယာဉ်တန်း ဗုံးခွဲခံရမှုမှာ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ (PA) ရဲ့ ထောက်လှမ်းရေးအကြီးအကဲ ပါဝင်နေတယ်လို့ ပြိုင်ဖက် ဟားမက်စ်အဖွဲ့က စွပ်စွဲပြောကြားလိုက်ပါတယ်။ ထောက်လှမ်းရေးအဖွဲ့ကြီးတစ်ခုလုံး ပါဝင်လားဆိုတာ မသေချာပေမယ့် အဲဒီမှာ တာဝန်ထမ်းဆောင်တဲ့သူတွေ ပါဝင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

    မလေးရှားရွေးကောက်ပွဲတွင် မဟာသီက ယခင်အောင်မြေနေရာမှ ၀င်ရောက်ယှဉ်ပြိုင်မည်
    =================
    မေလ ၉ ရက်နေ့မှာပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲမှာ မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်ဟာ အရင်က သူရဲ့အောင်မြေဖြစ်တဲ့ လန်ကာဝီကနေ ၀င်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ကြေငြာခဲ့ပါတယ်။ ၀န်ကြီးချုပ် နာဂျစ်ရာဇတ်အစိုးရဟာ တိုင်းပြည်ဘဏ္ဍာတွေကို အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက်ပိုင်း အသက် ၉၂ နှစ်အရွယ် မဟာသီက အတိုက်အခံတွေဖက်ကနေ ရပ်တည်ကာ နာဂျစ်ကို ဖြုတ်ချဖို့ ကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။ မဟာသီဟာ ၁၉၈၁ ကနေ ၂၀၀၃ ခုနှစ်အထိ ၂၂ နှစ်ကြာ ၀န်ကြီးချုပ်အဖြစ် တာဝန်ယူကာ မလေးရှားကို ခေတ်မီတိုးတက်အောင် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

    Ref: Aljazeera, CNA