မတ် ၇ ၊ ၂၀၁၄
M-Media
– နိုင်ငံ၏ပိုင်နက်အား ကာကွယ်ရန် လိုအပ်သော စစ်သင်္ဘောများကို ၀န်ဆောင်မှုပေးရန် အတွက် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် တောင်တရုတ် ပင်လယ်နှင့် မျက်ချင်းဆိုင်တွင်ရှိသော ရေတပ်စခန်းအား အဆင့်မြှင့်တင်မှုများ ပြုလုပ်မည်ဟု ဖိလစ်ပိုင်နိုင်ငံ စစ်တပ်မှ ယနေ့တွင် ပြောကြားခဲ့သည်။
တောင်တရုတ်ပင်လယ် Spratly ကျွန်းစုအနီး Ulugan ပင်လယ်အော်ဆိပ်ကမ်းရှိ ဖိလစ်ပိုင်ရေတပ်စခန်းအတွက် ပီဆို သန်း ၅၀၀ (ကန်ဒေါ်လာ ၁၁.၂ သန်း) ပမာဏ အကုန်ကျခံကာ အဆင့်မြှင့်တင်မှုများ ပြုလုပ် သွားမည်ဟု ရေတပ် ဗိုလ်ချုပ်ကြီး ဂရီဂိုရီ ဖာဘစ်က ဆိုသည်။
“(ရေတပ်ရဲ့) စွမ်းဆောင်ရည်တွေမြှင့်တင်ဖို့ ကျွန်တော်တို့ စီစဉ်နေပါတယ်။ စစ်သင်္ဘောကြီးတွေကို ၀န်ဆောင်မှုပေးနိုင်ဖို့အတွက် အဲဒီရေတပ် စခန်းကို ကျွန်တော်တို့ ခေတ်မီအောင်လုပ်ဖို့လိုပါတယ်” ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။
ထို့ပြင် အဆိုပါအဆင့်မြှင့်တင်ရေးလုပ်ငန်းများအား ဖွင့်လှစ်ရန်အတွက် သမ္မတ ဘန်အစ်ဂ်နို အကွီနိုမှာ မေလ ၂၀ ရက်နေ့တွင် အဆိုပါ ရေတပ်စခန်းသို့ လာရောက်ရန်ရှိနေသည်ဟု ဖာဘစ်က ပြောကြားခဲ့သည်။
နိုင်ငံအနောက်ဘက် Palawan ကျွန်းတွင်ရှိနေသည့် ရေတပ်စခန်းမှာ ဖိလစ်ပိုင်အနောက်ဘက် ကျွန်းမကြီးကို စောင့်ကြပ်သည့် ဖိလစ်ပိုင်ရေတပ်၏ ဌာနချုပ်ဖြစ်သည်။ မကြာသေးမီနှစ်များကစ၍ Spratly ကျွန်းစုနှင့် တောင်တရုတ်ပင်လယ်အတွင်းရှိ ဒေသတော်တော်များများတရုတ်နိုင်ငံနှင့် ပိုင်ဆိုင်မှုအငြင်းပွားရာတွင် ဖိလစ်ပိုင်နိုင်ငံမှာ ပါဝင်နေသည်။
နိုင်ငံ၏ စစ်လက်နက်ပစ္စည်းများအား အဆင့်မြှင့်တင်ရေး အစီအစဉ်တွင် ရေတပ် သင်္ဘောများ ဖြည့်တင်းခြင်းများလည်း ပါဝင်ခဲ့ပြီး နိုင်ငံ၏ ပိုက်နက်အား ကာကွယ်ရန် ခိုင်မာသော အဟန့်အတားဖြစ်သည်ဟု ဖိလစ်ပိုင်အစိုးရက ဖော်ပြခဲ့သည်။
လွန်ခဲ့သည့် ၂ နှစ်အတွင်း ဖိလစ်ပိုင်ရေတပ်မှာ ပြင်ဆင်ထားသော အမေရိကန် ဖရီးဂိတ် စစ်သင်္ဘော ၂ နှစ်စင်း ဖြည့်တင်းခဲ့ပြီး၊ ထိုအထဲမှ တစ်စင်းမှာ ယခုလက်ရှိ တောင်တရုတ် ပင်လယ်တွင် ကင်းလှည့်လျက် ရှိနေသည်။ ရေတပ်အနေဖြင့် နိုင်ငံ၏ ရှည်လျားသော ကမ်းရိုးတန်းအား အပြည့်အ၀ ကာကွယ်စောင့်ရှောက်ရန် ကမ်းခြေစောင့်သင်္ဘော အနည်းဆုံး ၆ စီးခန့် လိုအပ်နေသည်ဟု ရေတပ်တာဝန်ရှိ သူတစ်ဦးမှ ဇန်န၀ါရီလတွင် ပြောကြားခဲ့သည်။
ရေပိုင်နက်ဆိုင်ရာ အငြင်းပွားမှုအား ဖိလစ်ပိုင်မှ နောက်ဆုတ်ခဲ့ပြီးနောက် ထိုဒေသအား တရုတ်နိုင်ငံမှ ထိန်းချုပ်ထားခဲ့ပြီး၊ ဖိလစ်ပိုင်အစိုးရက ကုလမှ ကြားဝင်ဆုံးဖြတ်ပေးရန် တောင်းဆိုထားသော်လည်း တရုတ်နိုင်ငံကမူ လက်ခံခဲ့ခြင်းမရှိပေ။
ဇန်န၀ါရီ ၂၇ ရက်နေ့က ဖိလစ်ပိုင် ငါးဖမ်းသင်္ဘောအား တရုတ် ကမ်းခြေစောင့် သင်္ဘောက တိုက်ခိုက်ခဲ့ပြီး သင်္ဘောသားများအား မီးသတ်ပိုက်ဖြင့် ထိုးခဲ့မှုကို မကျေနပ်၍ ဖိလစ်ပိုင်နိုင်ငံတွင် ပြီးခဲ့သည့် လက ဆန္ဒပြမှု တစ်ခုဖြစ်ပွားခဲ့သေးသည်။
တရုတ်နိုင်ငံကမူ တောင်တရုတ်ပင်လယ်၏ အစိတ်အပိုင်း အားလုံးနီးပါးနှင့် အိမ်နီးချင်းနိုင်ငံများ၏ ကမ်းရိုးတမ်းများရှိ ရေပိုင်နက် အားလုံးတို့ကို ပိုင်ဆိုင်သည်ဟု ကြေညာထားသည်။
AFP/ec
Leave a Reply
You must be logged in to post a comment.