ဇူလိုင် ၁၆ ၊ ၂၀၁၄
M-Media
ရေးသူ- ကျော်နေမင်း (မြို့ပြ)
ဒီတပတ်တော့ မပြောမပြီး မတီးမမြည်ဆိုသလို ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့ ကိစ္စကြီးတစ်ခု အကြောင်း ရေးချင်သဗျ။ သတင်းမီဒီယာ သမားတွေရဲ့ တာဝန်ဟာ နိုင်ငံသားတွေထံကို မှန်ကန်တဲ့ ဖြစ်ရပ်အခြေအနေတွေကို အရှိကိုအရှိအတိုင်း တင်ဆက်ရတဲ့ တာဝန်ရှိသဗျ။ ဒါကြောင့် မည်သူကိုမှသာစေ၊ နာစေလိုတဲ့ ဆန္ဒမရှိဘဲ လွတ်လပ်စွာ သတင်းစီးဆင်းခွင့် ဆိုတဲ့ အခွင့်အလမ်းကို သတင်းသုံးစွဲသူ ပြည်သူတွေထံ အရောက်ပေး ပို့နေကြတာလဲ ဖြစ်ပါတယ်။ ထို့အတူ ကျွန်တော်ဟာ သတင်း ကျင့်ဝတ်ကို လိုက်နာပြီး ဆန္ဒစွဲ၊ အတ္တစွဲများ ကင်းစွာနဲ့ ရေးသား လက်ခုပ်သံတွေ မလိုချင်ပါ။ ငိုရှိုက်ခဲ့ကြတဲ့ ပြည်သူတွေရဲ့ ကျခဲ့တဲ့ မျက်ရည်တွေနဲ့ ထပ်တူမျှသော စကားလုံးများအတွက်သာ ဂုဏ်ယူနေမှာ ဖြစ်ပါတယ်။
အစ္စလာမ်ဘာသာဝင်တွေမှာ မဖြစ်မနေ လိုက်နာကျင့်သုံးရတဲ့ မဏ္ဍိုင်ကြီး (၅) ရပ်အနက် “ဟဂ်ျ” လို့ခေါ်တဲ့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာရွှေမြို့တော်သို့ သွားရောက်ပြီး သာသနာ့ကျင့်စဉ် ကိစ္စရပ်များကို ပြုမူ ဆောင်ရွက်ခြင်းဟာ တစ်ခုအပါအ၀င် ဖြစ် ပါတယ်။ ငွေကြေးတတ် စွမ်းနိုင်သူတို့အဖို့ မဖြစ်မနေ လုပ်ရမဲ့ တာဝန်တစ်ရပ်သာ ဖြစ်ပါတယ်။ ဒီ “ဟဂ်ျ”ကိစ္စကို အကြောင်းပြုလို့ နှစ်စဉ် မြန်မာပြည်မှာ အစ္စလာမ် ဘာသာဝင်တို့ရဲ့ အကြားမှာ ဖြစ်ပွားလေ့ရှိတဲ့ ရှုပ်ထွေးပွေလီမှုတွေဟာ တိုင်းသိပြည်သိ နိုင်ငံကျော် ကမ္ဘာကျော် ရှက်ဖွယ်လိလိပင်တည်း။
နှစ်ပေါင်းများစွာ ပိတ်ပင်ထားခဲ့ရာမှ (၁၉၈၀) ခုနှစ်မှာ ဦးနေ၀င်းရဲ့ မ.ဆ.လ အစိုးရဟာ ဟဂ်ျ သွားခွင့်ကို ပြန်လည်ခွင့်ပြုခဲ့ပြီး သာသနာရေး ၀န်ကြီးဌာနရဲ့ အစီအစဉ်နဲ့ လူပေါင်း (၁၅၀) ကို စတင်ခွင့်ပြု ခဲ့တာပါ။ ဒီလိုနဲ့ တစတစ နှစ်စဉ်သွားလာခဲ့ကြတာ စစ်အစိုးရလက်ထက်မှာ ခရီးသွားကုမ္ပဏီတွေအနေနဲ့ ပုဂ္ဂလိက ခရီးစဉ်များကို တာဝန်ယူုခဲ့ပြီး ဟဂ်ျ ပြုကြသူလူဦးရေလည်း တိုးပွားလာခဲ့ပါတယ်။ အစိုးရကတော့ နိုင်ငံတော်အစီအစဉ်နဲ့ ခွင့်ပြုတဲ့ မြန်မာ ဟာဂျီများကိုသာ တာဝန်ခံတဲ့ စနစ်မျိုးကိုကျင့်သုံးပြီး ပြီးခဲ့တဲ့ (၂၀၁၃) မှာ သာသနာဝန်ကြီး ဦးဆန်းဆင့်ရဲ့ လက်ထက်ရောက်မှ ပုဂ္ဂလိက အစီအစဉ်ကို လွှဲပြောင်းခဲ့ပါတယ်။ လွပ်လပ်စပြုပြီး ပွင့်လင်းမြင်သာတဲ့ အခြေအနေတွေအကြားမှာ စီးပွားရေး တွက်ခြေကိုက်တာကို အကြောင်းပြုပြီး ဟဂ်ျအကျိုးဆောင်လုပ်ငန်းတွေ မှိုလိုပေါက်ခဲ့ပါတယ်။ ၀န်ကြီးဌာနများ မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီသံရုံး၊ ဆော်ဒီအာရေဗျ နိုင်ငံရှိဟဂ်ျဝန်ကြီးဌာနများရှိ ပိုင်ရာဆိုင်ရာတွေကို ပူးပေါင်းထားနိုင်တဲ့ ကုမ္ပဏီသူဌေး “ဟဂ်ျခရိုနီ” လူတန်းစား တစ်စုလည်း ပေါ်ပေါက်လာပြန်တယ်။ နှစ်ပေါင်ျးားစွာ ဟဂ်ျ “ခရိုနီ”တွေ လက်ဝါးကြီးအုပ်ထားရာကနေ ယနေ့ ပွင့်လင်းမြင်သာတဲ့ စနစ်ကို ရောက်လာတဲ့ အခါမှာ မူလလူဟောင်းကြီးတွေနဲ့ တက်သစ်စ စီးပွားရေး သမားတွေအကြား “စားခွက်လု”တဲ့ တိုက်ပွဲအကြားမှာ မြန်မာ့ ဟာဂျီလောင်းတွေဟာ မြေစာပင်ဘ၀ ရောက်ကုန်တော့တာပါပဲ။
လိမ်ခံရတာကတော့ နည်းမျိုးစုံလင်ပါတယ်။ တချို့ဟဂ်ျအေးဂျင့်လို့ခေါ်တဲ့ အကျိုးဆောင် ကုမ္ပဏီတွေမှာ ဘာလုပ်ပိုင်ခွင့်မှ မရှိဘူး၊ ဒါပေမဲ့ ခပ်တည်တည်နဲ့ ကြော်ငြာတယ်။ လူစုတယ်။ စရံငွေ ယူပါတယ်။ နောက်မှ လုပ်ပိုင်ခွင့်ရှိတဲ့သူနဲ့ ပေါင်းပြီးလုပ်စားကြတယ်။ တချို့လဲ လူပုဂ္ဂိုလ်ရဲ့ နာမည်ကျော်ကြားမှုကို အသုံးချပြီး လူ ရရှိရေးကြိုးပမ်းတယ်။ ပြီးမှ ကုမ္ပဏီလက်ထဲကို လွှဲပေးလိုက်တယ်။ သူတို့ရဲ့နောက်ခံ ကုမ္ပဏီကြီးတွေကလည်း ရရှိထားတဲ့ ခွဲတမ်းနဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီး မနိုင်ဝန်ထမ်းကြတယ်၊ အနီးကပ်မှ ခွဲတမ်းလည်း လိုသလောက်မရ၊ စီစဉ်ထားသလိုလဲ ဖြစ်ဖြစ် မလာတော့ ကြားတဆင့် လူခံတွေ၊ ကုမ္ပဏီငယ်တွေကို ပြေးခိုင်းလိုက်တယ်။ သိပ်လွယ်ကူတယ်လေ၊ ကုမ္ပဏီကြီးတွေ အနေနဲ့ကတော့ ဟိုနုတ်ဒီနုတ်ပြီး ပြန်အမ်းပေးတယ်။ တချို့ကလည်း ပြန်မအမ်းဘဲ နောက်နှစ် ပို့ပေးမယ်ဆိုပြီး တာဝန်ခံတယ်။ တချို့ကြပြန်တော့ လုပ်ပိုင်ခွင့်နဲ့ VISA တွေ၇ထားတယ်၊ ဒါပေမဲ့ သူ့ဆီမှာ သွားမဲ့လူ (ဟာဂျီလောင်း)က အလုံအလောက်မရှိဘူး၊ ဒါကြောင့် VISA ပြန်ရောင်းစားတယ်။
ယခင်နှစ်တနှစ်တုန်းက VISA တစ်စောင်ကို အမြင့်ဆုံးဈေး US (၁၅၀၀) အထိ ဖြစ်ခဲ့ဖူးတယ်။ ဒီနှစ်ကစပြီး ဈေးဖွင့်တာက US (၈၀၀) ပါတဲ့ခင်ဗျား။ ဒီနှစ်အတွက် ခွဲတမ်း (၁၀၀) ရထားရင် သူ့အတွက် U.S (၈၀၀၀၀)က ကျိန်းသေနေပြီ။ မြန်မာငွေနဲ့ဆိုရင် တဒေါ်လာကို (၉၅၀) ကျပ်နဲ့တွက်ရင် ကျပ်သိန်း (၇၆၀) သူရင်းထားတဲ့ ပမာဏက လွန်ရော၊ ကျွံရော သိန်း(၂၀၀) ကျော်ဆိုတော့ အမြတ်ငွေ သိန်း(၅၀၀) လောက် ကတော့ အသားတင် အမြတ်ရှိနေတယ်။ ခွဲတမ်း (၂၀၀) (၃၀၀) ရထားကြရင် သိန်းထောင်ချီ အမြတ်ရှိတယ်၊ ဒါကြောင့် အလုအယက်ပဲလေ။ ဒေါနဲ့မာန်နဲ့ သဲကြီးမဲကြီး လိုက်နေကြတာ၊ ဘယ်နိုင်ငံသား အစ္စလာမ်တွေရဲ့အကျိုး ဘာသာသနာ့ ကျင့်စဉ်အတွက် ကူညီနေခြင်း အလျဉ်းမဟုတ်ပါ။ စီးပွားရေး အကျိုးအမြတ် တစ်ခုတည်း အတွက် ရလိုမှု အတ္တတွေ အတွက်ဆိုတာကို သိမြင်ကြဖို့ အရေးကြီးနေပါပြီ။
ဘာကြောင့်လိမ်ခံရပါသလဲ၊ ဆော်ဒီအစိုးရရဲ့ VISA ခွဲ ချထားပေးတဲ့ မူဝါဒကြောင့်ပါ၊ သွားလိုသူ ခရီးသွားများထံကို တိုက်ရိုက်ချထားပေးတဲ့ စနစ်မဟုတ်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ဒီလိုကန့်သတ်ထားရတာဟာ သူတို့နိုင်ငံမှာလည်း အခက်အခဲ ရှိနေလို့ပါ။ တကမ္ဘာလုံးက လူတွေ သန်းပေါင်း ဆယ်ဂဏန်းလောက် တချိန်တည်း တနေရာတည်းကို စုဝေးလာကြတာဖြစ်တော့ နေရေး၊ ထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေးနဲ့ အခြားကိစ္စ အထွေထွေအတွက် ထည့်သွင်း စဉ်းစားရပါတယ်။ နိုင်နင်းတဲ့ ပမာဏကို ကန့်သတ်ရတဲ့ အပြင် လက်ခံနိုင်တဲ့ ၀န်ဆောင်မှုကိုလည်း တာဝန် ယူရပါတယ်။ ဒါကြောင့်ရှိတဲ့ တည်းခိုခန်းနေရာနဲ့ တူညီမျှတဲ့ ခရီးသွား ဦးရေကို မျှတမှုရှိရန်အတွက် VISA ချပေးတဲ့ စနစ်ကြောင့် ငွေအင်အား တတ်နိုင်တဲ့ သူတွေကတစ်ဆင့်သာ VISA ရနိုင်တဲ့ အခြေအနေမျိုး ရောက်ရှိသွားပါတယ်။ ဒါကြောင့် စရင်းဝင်တဲ့ ခွဲတမ်းရ ကုမ္ပဏီတွေဟာ ပြည်တွင်းက သွားလိုသူတွေရဲ့ အခြေအနေကို လိုက်ပြီး ဈေးတင်ကစားတော့တာပါပဲ။ တကယ်သွားလို သူတွေအဖို့မှာ သူတို့လက်ခုပ်ထဲက ရေလိုဖြစ်နေတော့တာပါပဲ။ အကြောင်းအမျိုးမျိုးပြပြီး လည်မျိုညှစ်တော့တာပါ၊ အားလုံးငွေချေလို့လဲ ပြီးရော လိမ်ပြေးတဲ့ သူတွေနဲ့တိုးတဲ့ လူတွေခမျာ ရှာဝေဒနာတွေ စွဲကပ်ပြီး အိပ်ယာထဲလဲ၊ စိတ်ဓာတ်တွေကျပြီး သေဆုံးကွယ်လွန်သွားကြတဲ့ အဖြစ်တွေကို ကြားရရင် အလွန်ရင်နာမိပါတယ်။
ဘာမှမည်မည်ရရ မရှိတဲ့ ကုမ္ပဏီတွေ တနည်း အမည်ခံတွေကို သွားအပ်မိတဲ့လူတွေဟာ ဒုက္ခရောက်ကုန်ကြတယ်။ ထိုင်းကနေ လှည့်ပြန်ရတာတို့၊ ရန်ကုန် မန္တလေး လေဆိပ်တွေကနေ လှည့်ပြန် လာရာတာတွေ ဖြစ်ကုန်တော့ ထိုင်းဟာဂျီ၊ လေဆိပ် ဟာဂျီဆိုပြီး ပြောစမှတ်ပြုကြရပြန်တယ်။ တချို့လဲ လေဆိပ်တောင် မရောက်ရရှာဘူး၊ ကုမ္ပဏီကတော့ မရရအောင် ကြံဖန်ပြီး ခေါ်သွားပါတယ်။ ဟိုလည်း ရောက်ရော ၀န်ဆောင်ခ အပိုကြေးတွေ ထပ်တောင်းပြန်တယ်။ အဆင့်နိမ့်၊ သာမန်အခန်းငယ်လေးတွေမှာ လူတွေကို ပြွတ်သိပ် ထိုးထည့်ထားလိုက်တယ်။ ဘာဝန်ဆောင်မှုမှ မပေးဘူး။ ကိုယ့်လမ်းကိုယ်လျှောက်ပဲ။ များသောအားဖြင့် ဟာဂျီတွေဟာ နီးစပ်ရာနဲ့ အဆင်ပြေအောင် စခန်းသွားကြရတယ်။
မဟားဒယား ဈေးနှုံးတွေ ယူထားတဲ့ ကုမ္ပဏီတချို့ကတော့ ၀န်ဆောင်မှုတွေ ပေးပါတယ်။ ဒါတောင်လိုအပ်ချက်တွေ ရှိနေတယ်။ အများစုကတော့ သာသနာရေးရာ ကိစ္စဖြစ်နေတော့ သည်းခံကြပါတယ်။ အမေရိကန် နိုင်ငံမှာလို “ဟဂ်ျ” ခရီးသွား ကုမ္ပဏီတွေရဲ့ ၀န်ဆောင်မှုကို စစ်တမ်းကောက်ယူတဲ့ စနစ်မျိုး လုပ်လိုက်ရင် အကုန်နီးပါး နာမည်ပျက် စာရင်း (Black List) ၀င်သွားမယ်။ သိပ်ဝန်ဆောင်မှုကောင်းတဲ့ သူတချို့သာ လွှတ်နိုင်တယ်။ ၀န်ဆောင်မှု ကောင်းလို့ အထင်မကြီးနဲ့၊ ယူထားတဲ့ ဈေးနှုံးကလည်း တနင့်တပိုး၊ ဒီနှစ်တောင် သိန်း(၆၀) နဲ့ ဈေးဖွင့်မယ်ဆိုလားပဲ၊ ဒီလိုလောကုတ္တရာရဲ့ မျှော်မှန်းချက်နဲ့ သွားကြတဲ့ သာသနာ့ ခရီးစဉ်မှာ အပန်းဖြေစရာနေရာများ၊ ကမ်းခြေများ၊ ဈေးဝယ် စူပါမတ်ကတ်ကြီးများသို့ ပို့ဆောင်ခြင်း စသည်ဖြင့် လောကီရဲ့ ကိစ္စရပ်တွေနဲ့ ဒွန်တွဲပြီး ၀န်ဆောင်ကြော်ငြာမှုများကို လုပ်ဆောင် နေကြခြင်းဟာလည်း မေးခွန်းထုတ်စရာ တစ်ခုဖြစ်လာပြန်တယ်။ ဘုရားလဲဖူး၊ လိပ်ဥလဲတူးပေါ့။
တကယ်တော့ ဒီ “ဟဂ်ျ” ကျင့်စဉ်ဆိုတာဟာ ငွေကြေးတတ်နိုင်သူတို့အဖို့သာ ပေးအပ်ထားတဲ့ တာဝန်တစ်ခု ဖြစ်ပါတယ်။ အများသူငှာမှ ချေးငှားခြင်း၊ အတိုးဖြင့် ချေးယူခြင်း၊ အခြားသူ အပ်နှံဥစ္စာပစ္စည်း ဖြင့် အသုံးပြုခြင်း၊ အကြွေးဆပ်ရန်ရှိခြင်း၊ အမွေခွဲဝေပေးရန် ရှိခြင်းစသည့် မသုံးစွဲအပ်တဲ့ ငွေကြေးတွေနဲ့ သွားရောက်ခြင်း မပြုရပါ။ အမျိုးသမီးများ လုံခြုံစိတ်ချမှုရှိရန် သက်ဆိုင်ရာ အတွဲစည်းကမ်း(မဲဟ်ရမ်) များ သတ်မှတ်ထားလေရာ မလိုက်နာသူများကိုလည်း တွေ့မြင်နေရပါတယ်။ လူတစ်ဦးရဲ့ သက်တမ်း တလျှောက်မှာ တကြိမ်သာ မပြုမနေရ (ဖရပ်စ်)အဖြစ် သတ်မှတ်ထားလေရာ၊ တချို့ကလဲ ထပ်ခါတလဲ သွားလာနေကြပြန်ရာ တခြားမသွားသေးသူတွေရဲ့ အခွင့်အရေးကို အတင်းလုနေသလို ဖြစ်နေပြန်တယ်။ မြန်မာပြည်အတွက် ခွဲတမ်းက ထောင်ဂဏာန်းသာရတဲ့အတွက်ကြောင့် နှစ်တိုင်းဆိုသလို သွားလိုသူတွေက ပိုများနေပါတယ်။ တကယ်တော့ တကြိမ်ထက်မက သွားနေသူတွေဟာ ကိုယ့်ရဲ့စိတ်သဘော ဆန္ဒ(နဖိလ်အဆင့်) သာဖြစ်တဲ့ အတွက်ကြောင့် တိုင်းပြည်မှာ ဒုက္ခရောက်နေကြရှာတဲ့ သိန်းချီရှိတဲ့ ဒုက္ခသည်တွေကို မေ့မထားသင့်ပါဘူး။
အခုခေတ် ဆော်ဒီအစိုးရက (၅)နှစ်တကြိမ်သာ ခွင့်ပြုမည်လို့ ကြေငြာ စီစစ်နေတာတောင် အတုမျိုးစုံ၊ လိမ်နည်းမျိုးစုံနဲ့ သွားနေကြတဲ့ လူတွေကို အံ့သြမိပါတယ်။ တချို့ကလည်း ဘယ်လိုအပြစ်တွေ( မတရားမှုများ) ရှိပါစေ၊ မက္ကာရွှေမြို့တော်မှာရှိတဲ့ ၀တ်ကျောင်းတော်ရဲ့ ခြုံထည်ကိုကိုင်ပြီး တောင်းဆုပြုရင် လွတ်မြောက်ရာလမ်းဖြစ်တယ်ဆိုပြီး ထပ်ခါ ထပ်ခါသွားကြပြန်သတဲ့။ အစ္စလာမ်သာသနာကို မိရိုးဖလာအဆင့်နဲ့ ထုံးတမ်း အစဉ်အလာ တစ်ခုလိုသာ နားလည်သဘောပေါက်သူတွေရဲ့ အတွေးအမြင်တွေ ဖြစ်ပုံရပါတယ်။
ကမ္ဘာ့အစ္စလာမ် ဘာသာတွေအားလုံးနဲ့ သက်ဆိုင်တဲ့ ဒီ “ဟဂ်ျ” ကျင့်စဉ်နဲ့ ပတ်သက်လာရင် မြန်မာနိုင်ငံဟာ ခမ်းနားတဲ့ သမိုင်းကြောင်း ရှိပါတယ်။ မက္ကာရွှေမြို့တော်မှာ မြန်မာနိုင်ငံရဲ့ ကုန်းဘောင် မင်းဆက်ရဲ့ ဘုရင်တပါးဖြစ်တဲ့ “မင်းတုန်းမင်း”ဟာ ခရစ်နှစ် (၁၈၆၀) ပြည့်နှစ်မှာ “ဒေါင်းဇရပ်”ကြီး တစ်ဆောင်ကို ဆောက်လုပ် လှူဒါန်းခဲ့ပါတယ်။ ဗုဒ္ဓဘာသာ သာသနာပြု မင်းတပါးဖြစ်တဲ့ “မင်းတုန်းမင်း” တရားကြီးရဲ့ နိုင်ငံသား အစ္စလာမ်တို့ အပေါ်မှာ ထားရှိခဲ့တဲ့ စာနာမှုတရားမျှတမှုနှင့် အကြင်နာ တရားတို့သည်ကား မြန်မာတွင်မက ကမ္ဘာမှာပါ စံပြုလောက်ပေတယ်။ ယနေ့ထိုကဲ့သို့ ခေါင်းဆောင်မျိုးကို ရှာဖွေလိုလျှင် ကမ္ဗည်းထိုးထားသော အုတ်ဂူများတွင်လည်းကောင်း၊ စာအုပ်စာပေများတွင် လည်းကောင်း၊ ရှာဖွေနိုင်ကြပေလိမ့်မည်။ ထို “ဒေါင်းဇရပ်” ကြီးကိုပြန်ရဖို့အတွက် ကြိုးပမ်းတာတွေလဲ ရှိခဲ့ပါတယ်။ (၁၉၅၀) ခုနှစ်ကတည်းက စလို့ မြန်မာနိုင်ငံတော် အစိုးရနိုင်ငံခြားရေး ၀န်ကြီးဌာနမှသည် အစိုးရ အဆက်ဆက် ပြည်ထဲရေးနှင့် သာသနာရေး ၀န်ကြီးဌာန၊ သာသနာရေး ၀န်ကြီးဌာနများမှ တာဝန်ရှိသူပုဂ္ဂိုလ်များ ဦးဆောင်လျက် အစ္စလာမ်ဘာသာရေး အဖွဲကြီးများမှ တာဝန်ရှိ ပုဂ္ဂိုလ်များဟာ ကြိုးပမ်းဆောင်ရွက်ခဲ့သော် လည်း ထူးခြားမှုတစုံတရာ မရှိပါ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဒီကိစ္စကို ပြည်ထောင်စု လွှတ်တော်မှာ တင်ပြ ဆုံးဖြတ်ချက်ချ၊ နိုင်ငံတော် အစိုးရတရပ်အနေနဲ့ ဆော်ဒီအာရေဗျ ဘုရင် အစိုးရထံကို တင်ပြတောင်းဆိုနိုင်မယ် ဆိုရင် ပြန်လည်ရရှိရေးလမ်းကြောင်း ပွင့်သွားနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ တာဝန်ရှိ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးများမှ ခေါင်းဆောင်များကိုလည်း ဒီနည်းလမ်းကို ကျင့်သုံးကြဖို့အတွက် တိုက်တွန်းချင်ပါတယ်။
ဒီဒေါင်းဇရပ် အဆောက်အအုံနေရာကို ဖြိုပျက်ပြီး ဟိုတယ်တစ်ခု အသစ်တည်ဆောက်ထားပါပြီ။ မည်သို့ပင်ဖြစ်စေကာမူ၊ ဒီနေရာ ပြန်လည်ရရှိရေး အတွက် အချက်(၂)ချက်ဟာ အရေးကြီးပါတယ်။ ပထမ အချက်အနေနဲ့ တိုင်းပြည်နိုင်ငံအပေါ်မှာ ခိုင်မြဲတဲ့ သစ္စာတွေထားခဲ့ကြတဲ့ မြန်မာမွတ်စလင်မ်တို့ရဲ့ သမိုင်းပါ၊ မတူကွဲပြားခြားနားတဲ့ နေရာဒေသတွေ၊ အခြေအနေတွေမှာ ရှိသော်ငြားလည်း အစ္စလာမ် တရားတော်နဲ့အညီ လိုက်နာ ကျင့်သုံးအပ်တဲ့ တာဝန်ဝတ္တရား၊ နေထိုင်ရာ နိုင်ငံအပေါ်မှာ ကျေးဇူးသစ္စာရှိကြတဲ့ လူပီသတဲ့ ကျင့်ဝတ်တွေကို ချီးမြှောက်ထားတဲ့ အနေနဲ့ မင်းတုန်းမင်း တရားကြီးရဲ့ ဒေါင်းဇရပ် အလှူတော်ဟာ ကမ္ဘာ့မွတ်စလင်တွေ အလယ်မှာဂုဏ်ယူစရာပါ။
ဒုတိယအချက်အနေနဲ့ ထိုလက်ရှိနေရာမှာ “ဟဂ်ျ” အချိန်ကာလအတိုင်းအတာ တစ်ခုမှာ မြန်မာနိုင်ငံမှ ဟာဂျီများအားလုံးအတွက် အခမဲ့ နေရာထိုင်ခင်း ရမယ်ဆိုရင် တည်းခိုစရာကိစ္စ အလွန်လွယ်ကူ သွားပြီး VISA တိုက်ရိုက် လက်ဝယ်ရရှိရေး အတွက် လမ်းပွင့်သွားနိုင်ပါတယ်။ ကုမ္ပဏီတွေ၊ အကျိုးဆောင်တွေ လက်ဝါးကြီးအုပ်တဲ့ စနစ် ကွယ်ပျောက်သွားနိုင်ပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် ကြိုးပမ်းရမဲ့ အမျိုးသားရေး တာဝန်တစ်ရပ်လို့ ဆိုချင်ပါတယ်။ တခုတော့ရှိတယ် “ဟဂ်ျ” ခရီးသွား ပြည်သူတွေရဲ့ ပတ်စ်ပို့စာအုပ်တွေကို ပုဇွန်ထောင်ချောင်းနားက အမှိုက်ပုံမှာ ပြစ်သွားတဲ့ လူမျိုး၊ သူ့ကုမ္ပဏီက လူတွေကိုထားခဲ့ပြီး လေယာဉ်ပေါ်ကို ကိုယ်လွတ်ရုန်းပြီး တက်ပြေးတဲ့ သူမျိုးတွေကို ဒီတာဝန်မျိုး မပေးမိစေပါနဲ့ဗျိုး။
နောက်ဆုံးအနေနဲ့ တင်ပြချင်တာက…ကျွန်တော်တို့ နိုင်ငံဟာ နှစ်ပေါင်း (၅၀)ကျော် အာဏာရှင် စနစ်များမှ ဒီမိုကရေစီ စနစ်တရပ်ဆီသို့ လျှောက်လှမ်းနိုင်ခဲ့သော်လည်း နိုင်ငံသား၊ အစ္စလာမ်တို့ အတွင်းမှ လက်ဝါးကြီးအုပ်၊ ဂုတ်သွေးစုတ်နေတဲ့ လုပ်ရပ်လုပ်ဇာတ်များကို ပြောင်းလဲခြင်း မပြုနိုင်သေးတာဟာ ရှက်ဖွယ်ကိစ္စရပ်တစ်ခုပါ၊ နှစ်စဉ်နှစ်တိုင်း “ဟဂ်ျ”ခရီးသွား အချိန်မြင်တွေ့နေကြရတာဟာ အော်ကြ၊ ဟစ်ကြ၊ ပူကြ၊ ညံကြနဲ့ နောက်ဆုံးမှာတော့ ငိုကြွေးခြင်းဒုက္ခတွေကို မြင်တွေ့နေကြရတာဟာ အလွန် ၀မ်းနည်းစရာကောင်းတဲ့ ကိစ္စရပ်တစ်ခုပါ။
လိမ်လည်လှည့်ဖြားခဲ့သူတွေကို အခွင့်အရေး မပေးသင့်တော့ပါ။ သာသနာ့ခရီးစဉ်အတွက်သာ သီးသန့်ဖြစ်သင့်ပြီး ဈေးနှုန်းများကို အိမ်နီးချင်းနိုင်ငံများနဲ့ တန်းတူဖြစ်သင့် ပါတယ်။ အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်၊ ထိုင်းနိုင်ငံတို့မှာ ဒီကဈေးနှုန်းတွေရဲ့ တ၀က်လောက်နဲ့ သွားလို့ရပါတယ်။ တိုက်ရိုက် VISA စနစ် ပေါ်ပေါက်လာရေး အတွက် တွန်းအားပေးသင့်ပါတယ်၊ ငွေကြေးချမ်းသာပြီး ဟဂ်ျသွားပြီး သူတို့အဖို့ တိုင်းပြည်ရှိ ဒုက္ခသည်များကို စာနာထောက်ထားမှု ပြုပေးကြပါ။ နိုင်ငံတ၀ှမ်း အနယ်နယ် အရပ်ရပ်ကနေ “ဟဂ်ျ” သွားလိုကြသူများကို အဆင်ပြေစွာ သွားလာနိုင်ရေး အတွက် ၀ိုင်းဝန်း ကူညီပေးကြဖို့လည်း မေတ္တာရပ်ခံလိုပါတယ်။ “ဟဂ်ျ”သွားလိုသူ ပြည်သူတွေအနေနဲ့လည်း အမွန်သတင်း တွေကို သိရှိနိုင်ဖို့ အတွက် ယခုကဲ့သို့ အကြောင်းအချင်းအရာတွေကို ဖော်ပြတင်ဆက်နေတဲ့ “မီဒီယာ”တွေ ကို ဖတ်ရင်လေ့လာကြပါ။ အလိမ်မခံရပါစေနဲ့၊ အခါအားလျှော်စွာ အစ္စလာမ် သာသနာရေး အဖွဲ့ကြီးများမှ ထုတ်ပြန်ကြေငြာချက်၊ ဟဂ်ျခရီးစဉ် ကူညီရေးအဖွဲ့မှ ကြေငြာချက်များကို နားစွင့်ထားပါ၊ သတိထားပြီး စောင့်ကြည့်ပါ။
ဒီလိုမှ မဟုတ်ရင်တော့ ခင်ဗျားတို့ အိတ်ကပ်ထဲက ချွေးနဲစာငွေကြေးတွေကို မြေခွေးတွေလို ကောက်ကျစ်တဲ့ မြွေဆိုးတွေလို အဆိပ်ပြင်းတဲ့ ကျားရဲတွေလို အစားကြူးတဲ့ လူကြီးလူကောင်းတချို့၊ အလစ်ချောင်းနေတာ သတိထားဗျို့။ တနှစ်လာလဲ ဒီပြဿနာ၊ တနှစ်လာလဲ ဒီဇာတ်နာကြီးကို ကျွန်တော်တို့တတွေ ၀ိုင်းဝန်းပြီး ပြုပြင်ပြောင်းလဲရေး မလုပ်ကြတော့ဘူးဆိုရင်တော့ “ရှက်ဖွယ်ရယ်ကြုံ၊ လုပ်ဇာတ်တွေ အစုံအလင်နဲ့ နင်ဟားဟဲ့ ဟဂ်ျဒုက္ခ” ဆိုတဲ့ အမွေဆိုးကြီးကို နောက်မျိုးဆက်သစ်တို့ လက်ဆင့်ကမ်း ဆက်ခံရုံမှတစ်ပါး အခြားမရှိနိုင်ပြီ၊ ၀မ်းနည်းစရာ ကောင်းလှပါပေတကား။
ကျော်နေမင်း(မြို့ပြ)
Comments