နိုဝင်ဘာ ၂၄ ၊ ၂၀၁၄
M-Media
.ဇင်ဇင် စုစည်းတင်ဆက်သည်။
အစ္စလာမ်သာသနာသည် ရုရှားနိုင်ငံတွင် ဒုတိယမြောက်ကိုးကွယ်မှုဆိုင်ရာ အများဆုံးဘာသာဖြစ်သည်။ ရုရှားနိုင်ငံ၏ ရှေးယခင် သမိုင်းအစဉ် အဆက် ကိုးကွယ် ယုံကြည်ခဲ့ကြသော ဘာသာတရားများအနက်တစ်ခုအပါအ၀င်ဖြစ်သည်ကို ရုရှားနိုင်ငံ၏ သမိုင်းဝင်အမွေအနှစ်များအရ သိရှိရသည်။
ရုရှားနိုင်ငံ၏ လူထုရေးရာ စစ်တမ်းများအရ နိုင်ငံလူဦးရေ၏ (၆)ရာခိုင်နှုန်းသည် မွတ်စလင်များဖြစ်ကြသည်။ ရိုက်တာ သတင်းဌာန၏ အဆိုတွင်မူ နိုင်ငံလူဦးရေ၏ (၁၄)ရာခိုင်နှုန်းသည် မွတ်စလင်များ ဖြစ်ကြသည်။ ပင်လယ်နက် နှင့်ကက်စပီယန် ပင်လယ်ကြားရှိ ကော့ကေးဆပ်ပြည်နယ်မြောက်ပိုင်းတွင် နေထိုင်လျက်ရှိကြသော ဆကားစီးယန်းလူမျိုးများ၊ ဘော်လ်ကာ လူမျိုးများ၊ ချေချင်းလူမျိုးများ၊ အင်ဂုရှ် လူမျိုးများ၊ ကဘာရ်ဒင် လူမျိုးများ၊ ကရာရှေး လူမျိုးများနှင့် ဒါဂျစ္စတန်နီ လူမျိုး အများအပြားတို့၌ တိုင်းရင်းနွယ် မွတ်စလင်များအဖြစ် အခြေစိုက်နေထိုင်လျက်ရှိကြသည်။
ဗော်လ်ကာချိုင့်ဝှမ်းဒေသအလယ်ပိုင်းတွင်လည်း တာတာလူမျိုးများနှင့် ဘက်ရှ်ကီးရ်လူမျိုးများနေထိုင်လျက်ရှိပြီး ၎င်းတို့အနက် အများစုမှာ မွတ်စလင်များဖြစ်ကြသည်။ စွန္နီ၊ ရှီအာ နှင့် ဆူဖီအယူဝါဒဆိုင်ရာ မွတ်စလင် အဖွဲ့အစည်းပေါင်း (၅၀၀) ကျော်ရှိသည်ဟု (၂၀၀၆) ခုနှစ် ဒီဇင်ဘာလ၊ ရုရှားနိုင်ငံ၏ အစဉ်အလာဘာသာရေးအဖွဲ့အစည်းမှတ်ပုံတင်ချက်အရ သိရသည်။
ရုရှားနိုင်ငံသို့ အစ္စလာမ်သာသနာ ရောက်ရှိလာပုံ
————————————————
လက်ရှိရုရှားပိုင်နက်အတွင်း ပထမဆုံးသော မွတ်စလင်များမှာ ရှစ်ရာစုနှစ်က အာရဗ်သြဇာခံဖြစ်ခဲ့သော ဒါဘန့်ဒေသရှိ ဒါဂျစ္စတန်နီလူမျိုးတို့ ဖြစ်ကြသည်။ ဗော်လ်ကာ ဘူလ်ဂေးရီးယား ဒေသသည် ရုရှားနိုင်ငံ၏ ပထမဆုံးမွတ်စလင်ပြည်နယ်ဖြစ်ပြီး တာတာလူမျိုးတို့သည် ထိုပြည်နယ်မှတဆင့် အစ္စလာမ်သာသနာကို အမွေဆက်ခံခဲ့ကြ၏။ နောင်သောအခါ ဥရောပတိုက်သားများနှင့် ကော့ကေးရှန်းအနွယ် တူရကီလူမျိုးတို့သည် အစ္စလာမ်သာသနာအား လက်ခံယုံကြည်လာကြသည်။
(၁၅၅၂) ခုနှစ် ကာဇန်ကြီးစိုးချိန်မှစ၍ (၁၇၆၂) ခုနှစ် ကက်သရင်း သည်ဂရိတ် Catherine the Great နန်းတက်ချိန်ကာလအထိ ဗလီဝတ်ကျောင်းများကဲ့သို့ အစ္စလာမ့်အမှတ်သညာများကို ဖျောက်ဖျက်ခြင်းဖြင့် အစ္စလာမ့်ယဉ်ကျေးမှုအား ဖယ်ထုတ်ချိုးနှိမ်ရေးမူဝါဒများ အသုံးပြု၍ မွတ်စ်လင်တို့အပေါ် အကွက်ချဖိနှိပ်ခဲ့သည်။
ကနဦးပိုင်းတွင် ရုရှားလူမျိုးတို့သည် မိမိတို့နှင့်အမြင်မတူသော ကာဇက်သားများကိုသာမက မွတ်စလင်တို့အား တရားဟောပြောပို့ချစေရန် ဒေသအသီးသီးမှ မွတ်စလင်ဘာသာရေးဆရာများကို ဖိတ်ခေါ်ခြင်းဖြင့် အစ္စလာမ်သာသနာ စည်ပင်ဖွံ့ဖြိုးရေးအပေါ် လှိုက်လှိုက်လှဲလှဲရှိကြောင်း ပြသခဲ့သည်။
သို့ရာတွင် ရုရှားနိုင်ငံရေးမူဝါဒသည် အစ္စလာမ်ဘာသာမတိုင်မီက ယုံကြည်မှုများကို လူထုအတွင်း ပျံ့နှံ့စေသောနည်းဖြင့် အစ္စလာမ်သာသနာအား ချည့်နဲ့စေရေးဖက်သို့ ပြောင်းလဲ သွားသည်။ ထိုသို့ကြိုးပမ်းရာတွင် အစ္စလာမ်ဘာသာ မထွန်းကားမီ သမိုင်းဝင်ဖြစ်ရပ်များအား အလေးကဲအမွှမ်းတင်ခြင်းနှင့် ကာဇက်လူမျိုးများအား လူမျိုးရေး၊ ဘာသာရေးအရ နှိမ့်ချကာ ရုရှားစစ်မှုထမ်းကျောင်းများဆီသို့ အတင်းအဓမ္မပို့ဆောင်သြဇာခံစေခဲ့ခြင်း နည်းလမ်းတို့ကိုလည်း အသုံးပြုခဲ့ကြသည်။
၎င်းကိုတုန့်ပြန်သောအားဖြင့် ကာဇက် ဘာသာရေးခေါင်းဆောင်များသည် ဘာသာရေး ယုံကြည်ခိုင်မာမှု စိတ်ဓါတ်ကိုမြှင့်တင်နိုင်ရန် တူရကီထောက်ခံရေး လှုပ်ရှားမှုကို ကြိုးပမ်းဖော်ဆောင်ခဲ့သည်။
စပိန်၊ ပေါ်တူဂီနှင့် စစ်စလီကဲ့သို့ အခြားခရစ်ယာန် တိုင်းပြည်များ အတိုင်း နယ်နှင်ရန်သော်လည်းကောင်း – မွတ်စလင် အများအပြားကို နေရာပြောင်းရွှေ့၍ မွတ်စလင်နယ်မြေများ အတွင်း အခြား ရုရှားလူမျိုးနှင့် မွတ်စလင် မဟုတ်သူများကို ပို့လွှတ် အစားထိုးကာ မြေယာပေးကမ်းခြင်းစသော မူဝါဒများဖြင့်လည်းကောင်း – ယူရယ်တောင်တန်းတောင်ဖက် ဒေသ အချို့မှ အော်တိုမန် တူရကီဒေသ အထိရှိနေသော မွတ်စလင်တို့ကို လူနည်းစုဝင်ဖြစ်သွားစေခြင်းဖြင့်လည်းကောင်း – ဆကားစီးယန်းလူမျိုးများ၊ ခရိုင်းမီးယားတာတာ လူမျိုးများနှင့် ကော့ကေးဆပ်နယ်ရှိ မွတ်စလင် အများစုတို့အား အမြစ်ဖြုတ် ရှင်းလင်းခြင်းဖြင့်လည်းကောင်း ကြိုးစားခဲ့သော်လည်း တစ်စုတည်းသော ရုရှားအောသိုဒေါ့ဖြစ်ရေး အစီအမံမှာ မအောင်မြင်ခဲ့ပေ။
ရုရှားနိုင်ငံအစိုးရသည် လူထုကို ၀ိုင်းရံပိတ်ဆို့ကာ မွတ်စလင်တို့အား ရွာပြင် ထွက်စေ၍ ပင်လယ်နက် ဆိပ်ကမ်းများသို့ မောင်းထုတ်ခဲ့ကြသည်။ အိမ်နီးချင်းအော်တိုမန် အင်ပါယာမှ သင်္ဘောများစေလွှတ်ပြီး ၎င်းတို့အား ခေါ်ဆောင်သွားခဲ့သည်။ တစ်စစီပြိုကွဲလျက်ရှိသော ရုရှားနိုင်ငံ၏ ထင်ရှားသော ရည်ရွယ်ချက်မှာ ဒေသခံမွတ်စလင် တို့အား ဇာတိမြေမှ ဖယ် ထုတ်ခြင်းဖြစ်သည်။ အော်တိုမန် အင်ပါယာအတွင်း သွားရောက် အခြေချရမည်လော (သို့တည်းမဟုတ်) ရုရှားနိုင်ငံအတွင်း မူလနေရာများ မဟုတ်သော ဒေသများသို့ ပြောင်းရွှေ့အခြေချမည်လော ဟူသည့် ပြဿနာကိုပေး၍ ၎င်းတို့အား ရွေးချယ်စေခဲ့ကြသည်။
ထိုအခြေအနေများကြောင့် ရုရှားအစိုးရနှင့်ကော့ကေးရှန်းပြည်သူများ အကြား စစ်ပွဲများဖြစ်ပွားခဲ့လေသည်။ (၁၈၆၄) ခုနှစ်၊ ဇွန်လ(၂) ရက်နေ့တွင် ကော့ကေး ရှန်းခေါင်းဆောင်များ အညံ့ခံခဲ့ပြီးနောက်မှာမှ စစ်ပွဲပြီးဆုံးခဲ့ရသည်။
၎င်းနောက်ဝယ် ခရစ်ယာန် ဘာသာရေး ဥပဒေဖြင့် အုပ်ချုပ်မှုကို လက်မခံ မလိုလားသော ဆကားစီးယန်းပြည်သူများ အတွက် အော်တိုမန် အင်ပါယာမှ လာရောက် အခြေစိုက်နေထိုင်ရန် တံခါး ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းတို့ အများအပြားမှာ အော်တိုမန် အင်ပါယာ၏အဓိက အထင်ကရနယ်မြေဖြစ်သော အနာတိုလီယာသို့ ပြောင်းရွှေ့ ခဲ့ကြသည်။ အနာတိုလီယာ အတွင်းသို့ ပြောင်းရွှေ အနာတိုလီယာသည် ယနေ့ခေတ် သမယတွင် တူရကီ၊ ဆီးရီးယား၊ ဂျော်ဒန် ၊အစ္စရေး၊ အီရတ်နှင့် ကိုဆိုဗို စသည့်နိုင်ငံများ ဖြစ်တည်လာကြသည်။
(၁၈၆၀) ခုနှစ်များအတွင်း ရုရှားနိုင်ငံမှ ထွက်ခွာစေခြင်းခံရသော ကော့ကေးဆပ် ကုန်းမြင့်ဒေသသားများမှာ ၅ သိန်း အထိရှိခဲ့သည်ဟု ရုရှား၊ ကော့ကေးဆပ်နှင့် အနောက်တိုင်း သမိုင်းပညာရှင်များက အဆိုညီကြသည်။ ရွှေ့ပြောင်းကာလ၌ ရောဂါကပ်ဆိုက်ကာ သေဆုံးခဲ့ရသော ပမာဏ အများအပြားရှိသည်။ ရုရှားသစ္စာခံ တစ်ချို့မှာမူ ကူဘန်မြစ်ကမ်းဘယ်ဖက်ရှိ မြေနိမ့် လွင်ပြင်ဒေသများထဲတွင် အခြေစိုက်နေထိုင်ခဲ့သည်။ ရုရှားလူမျိုးကြီးဝါဒသည် ဇာဘုရင်ခေတ်နှင့် ဆိုဗီယက်ခေတ်ကာလများ တစ်လျှောက် နေရာ အသီးသီး၌ ပျံ့နှံ့နေခဲ့သည်။ ထို့ကြောင့် ယခုအခါ တာတာလူမျိုးတို့သည် တာတာရ်စတာန် သမ္မတနိုင်ငံ အတွင်းမှာထက် ထိုနိုင်ငံပြင်ပ၌သာ ပိုမိုတွေ့ကြရခြင်းဖြစ်သည်။
ကွန်မြူနစ်အုပ်ချုပ်ရေး လက်အောက်တွင် ရှရှားနိုင်ငံရှိ အခြား ဘာသာတရားများကဲ့သို့ အစ္စလာမ်ဘာသာသည်လည်း အပယ်ခံ၊ အဖိနှိပ်ခံဘ၀သို့ ကျရောက်ခဲ့ရာ ဗလီဝတ်ကျောင်းတော် အမြောက်အများ ပိတ်ပင်ခံရသည်။ ဥပမာပေးရလျှင် အစ္စလာမ့်နယ်မြေဖြစ်ခဲ့သော ကာဇန်ဒေသရှိ မာကာနီဗလီမှအပ ကျန်ဗလီ ၀တ်ကျောင်းတော်များ သက်ဝင် လှုပ်ရှားမှု မရှိတော့ချေ။
မျက်မှောက်ခေတ်အခြေအနေ
——————————-
(၁၉၉၀) ခုနှစ်များအတွင်း ရုရှားနိုင်ငံတွင် အစ္စလာမ့်ရေးရာ ကြိုဆိုရင်ကြားစေ့မှုဆိုင်ရာ တရားဝင်အထောက်အထား များစွာရှိခဲ့လေသည်။ ဆိုဗီယက်ခေတ်အလွန် (၁၉၉၁) ခုနှစ်၌မြောက်များစွာသောမွတ်စလင်တို့သည် မက္ကဟ်ရွှေမြို့တော်သို့  ဟဂ်ျသွားရောက်ခွင့် ရခဲ့ကြသည်။တာတာရ်စတာန်မှ အီမာမ် Khatyb Mukaddas ဦးဆောင်ဖွဲ့စည်းခဲ့သော ရုရှားနိုင်ငံ မွတ်စလင်သမဂ္ဂသည် ရုရှားတို့၏ အစ္စလာမ်ဘာသာအပေါ် ကာလရှည်အမြင်စောင်းမှုများ အဆုံးသတ်ရန်နှင့် လူမျိုးစုများအကြား အပြန်အလှန်နားလည်မှုတည်ဆောက်ရန် (၁၉၉၅)ခုနှစ်တွင် စတင်လှုပ်ရှားဆောင်ရွက်ခဲ့သည်။
ယင်းအဖွဲ့ အစည်းသည် ပထမကမ္ဘာစစ်ကြိုကာလအတွင်း ရုရှားနိုင်ငံလွှတ်တော်(Russian Duma)၏ အစိပ်အပိုင်းတစ်ရပ်ဖြစ်ခဲ့သော မွတ်စလင်သမဂ္ဂ၏ တိုက်ရိုက် အမွေခံအဖွဲ့အစည်းဖြစ်သည်။ ကွန်မြူနစ်ခေတ်လွန်သော် မွတ်စလင်များသည် ရုရှားမွတ်စလင်လူထုရေးရာအဖွဲ့အစည်း (Nur All-Russia Muslim Public Movement) ဟုအမည်ရသော နိုင်ငံရေး ပါတီတစ်ခု ဖွဲ့စည်းခဲ့ကာ မွတ်စလင် လူထုနှင့် အခြား လူနည်းစု ဘာသာဝင်များ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများကို ကာကွယ်ရန် မွတ်စလင် အီမာမ်များနှင့် အနီးကပ် လက်တွဲ၍ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
မဒ္ဒရစာ(ဘာသာရေးစာသင်ကျောင်း) တစ်ခု ပါဝင်သော ရုရှားအစ္စလာမ့် ယဉ်ကျေးမှုစင်တာ (Islamic Cultural Center of Russia)ကို (၁၉၉၁) ခုနှစ်တွင် မော်စကိုမြို့၌ ဖွင့်လှစ်သည်။ (၁၉၉၀)နှစ်များတွင် အစ္စလာမ်စာပေ ပုံနှိပ် ထုတ်ဝေခြင်းများ တိုးမြင့် များပြားလာသည်။ ၎င်းတို့အနက် Islam ဟု အဓိပ္ပာယ်ထွက် “Ислам” မဂ္ဂဇင်း၊ “Эхо Кавказа” – Ekho Kavkaza မဂ္ဂဇင်းနှင့် “Исламский вестник” – Inslamsky Vestnik အစရှိသော ရုရှားဘာသာ စကားမဂ္ဂဇင်းများနှင့် ရုရှားဘာသာစကားဖြင့် ထုတ်ဝေသော “Ассалам” – Assalam သတင်းစာ အပြင် ဒါဂျစ္စတန်နယ် Makhachkala တွင် ပုံနှိပ်သည့် “Нуруль Ислам” – Nural Islam သတင်းစာတို့ ထွက်ရှိနေပြီဖြစ်သည်။
တာတာရ်စတာန်၊ ကာဇန်ရှိ မွတ်စလင်တို့သည် ရုရှားရှိ အကြီးမားဆုံး တိုင်းရင်း မွတ်စလင်အုပ်စုဖြစ်ကာ ရုရှားနိုင်ငံမော်စကိုမြို့နေ မွတ်စလင် လူဦးရေနောက်တွင် ဒုတိယအများဆုံးဖြစ်ကာ ရုရှားအစ္စလာမ့် တက္ကသိုလ်(Russian Islamic University) တည်ရှိသည့်ဒေသဖြစ်သည်။ ဒါဂျစ္စတန်တွင် အစ္စလာမ့်တက္ကသိုလ်များနှင့် အစ္စလာမ်ဘာသာရေး စာသင်ကျောင်းပေါင်းများစွာရှိရာ ၎င်းတို့အနက် ဒါဂျစ္စတန် အစ္စလာမ်မစ် တက္ကသိုလ်(Dagestan Islamic University)၊ (၂၀၁၁)ခုနှစ် ဇွန်လ (၈)ရက်နေ့တွင် လုပ်ကြံခံရသော ပါမောက္ခ မက်ဆုဒ်ဆာဒီကောဗ့် (Maksud Sadikov) တာဝန်ယူခဲ့သည့် ဘာသာအယူဝါဒနှင့်နိုင်ငံတကာ ဆက်ဆံရေးတက္ကသိုလ် တို့မှာ ထင်ရှားသည်။
ရုရှားနိုင်ငံ၏ ဓမ္မသတ်မှူးချုပ်မှာ (Talgat Tadzhuddin) တဲလ်ဂတ် တက်ဇူဒင် ဖြစ်ခဲ့သည်။ ဆိုဗီယက်ခေတ်ကတည်းက ရုရှားအစိုးရသည် နိုင်ငံတွင်း၌ မွတ်စလင်အဖွဲ့ အစည်းငယ်များ အသီးသီး ဖွဲ့စည်းပေးခဲ့သည်။ (၁၉၈၀)ခုနှစ်တွင် ၎င်းကို European USSR နှင့် ဆိုက်ဘေးရီးယားဒေသ အတွက် ဓမ္မသတ်မှူးအဖြစ် ခန့်အပ်ခဲ့သည်။ (၁၉၉၂)ခုနှစ် မှစတင်၍ ရုရှားနိုင်ငံ တစ်ဝှမ်းရှိ အကွဲကွဲ အပြားပြားဖြစ်နေသော မွတ်စလင် အဖွဲ့အစည်းငယ်များ အားလုံးကို ပေါင်းစုနိုင်အောင် ဦးဆောင်ပေးခဲ့သည်။
လူဦးရေ
———
ရုရှားနိုင်ငံရှိ မွတ်စလင် အများစုမှာ စွန္နီ အုပ်စုဝင်များဖြစ်ကြပြီး ၎င်းတို့အနက် (၅)ရာခိုင်နှုန်းခန့်မှာ ရှီအာ မွတ်စလင်များ ဖြစ်သည်။ အချို့ဒေသများ အထူးသဖြင့် ဒါဂျစ္စတန် နှင့် ရှက်ခ်ျငြာ(ချေချင်းညာ)ဒေသ တို့တွင် နက်ရှ်ဘန်ဒီ နှင့် ရှာဇီလီ အမည်ရှိ နာမ်ပိုင်းဆိုင်ရာ လမ်းစဉ် စွန္နီဆူဖီ အုပ်စုဝင် တစ်ရပ်ရှိသည်။ ယင်းဆူဖီလမ်းစဉ် အကြီးအကဲ စအီးဒ် အဖန်ဒီ အလ်စာကာဝီ (Said Afandi Alcirkawi) ဆိုဒ်အဖ်ဖန်ဒီ အလ်ဆိုင်ကာဝီ ထံသို့ နေ့စဉ်နှင့်အမျှ လာရောက်တွေ့ဆုံသူ ရာပေါင်းများစွာ ရှိ၏။ အဇာရစ်ဒေသတွင်လည်း ယနေ့ ထက်တိုင် ရှေးရိုးစွဲ ရှီအာ မွတ်စလင်များရှိသည်။ ဆိုဗီယက်ယူနီယံ ပြိုကွဲသောအခါ အဇာရစ်ဒေသခံတို့သည် ရုရှားနိုင်ငံသို့ အလုပ် ရှာဖွေရန် ပြောင်းရွှေ့နေထိုင်ကြသည်။ မွတ်စလင် မဟုတ်သူများအစ္စလာမ်ဘာသာအား လက်ခံယုံကြည်လာရာတွင် အစ္စလာမ်ကို လက်ခံခဲ့သည့် ထင်ရှားသောခေါင်းဆောင်များမှာ (Vyacheslay Polosin) ယာချက်လေ ပိုလိုစင်၊ ဗလာဒီမာ ကိုဒေါဗ့်(Valadimir Khodov) နှင့် ရုရှားထောက်လှမ်းရေးမှဘ က်ပြောင်းလာသူ အလက်ဇန္ဒား လစ်ဗင်နန်ကို(Alexander Litvinenko) ဖြစ်သည်။ အလက်ဇန္ဒားသည် ကွယ်လွန်အံ ဆဲဆဲအချိန်တွင် အစ္စလာမ်ဘာသာအား သက်ဝင် လက်ခံသွားခဲ့သည်။
ဟဂ်ျခရီးစဉ်ကဏ္ဍ
——————-
(၂၀၀၆) ခုနှစ်မှတ်တမ်းများအရ နိုင်ငံအ၀ှန်းမှ ရုရှား မွတ်စလင်ပေါင်း (၁၈၀၀၀) ခန့်သည် ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့တော်သို့ ဟဂ်ျသွားရောက်ခဲ့ကြသည်။ (၂၀၁၀) ခုနှစ်တွင် ရုရှားမွတ်စလင်ခေါင်းဆောင်များက ဟဂ်ျခရီးစဉ်ဗီဇာပေါင်း(၂၅၀၀၀)မှ(၂၈၀၀၀)အထိ တိုးမြှင့်ပေးပါရန် ဆော်ဒီအာရေဗျဘုရင်ထံ စာပို့တောင်းဆို ခဲ့သောကြောင့် ရုရှားမွတ်စလင် (၂၀၀၀၀)နှင့် အထက် ဟဂ်ျ ခရီးစဉ်သို့ သွားရောက်ခွင့်ရခဲ့ကြသည်။ ရုရှားမွတ်စလင်များ၏ တခဲနက်တောင်းဆိုမှုဖြင့် (၂၀၁၁)ခုနှစ် ဇူလိုင်လ(၅)ရက်နေ့ တွင် ဓမ္မသတ်မှူးများက မေတ္တာရပ်ခံကြရာ ရုရှားသမ္မတ Dmitry Medvedev ၏ထောက်ခံမှုဖြင့် ဗလာဒီကဖ်ကဇ် ဒေသအတွက် ဟဂ်ျခရီးသွားဦးရေ တိုးမြှင့်ပေးနိုင်ခဲ့သည်။ (၂၀၁၁) ခုနှစ် ဇူလိုင်လ(၇)ရက်မှ(၉)ရက်အထိ ကာဇန်တွင် ကျင်းပသော ဟဂ်ျ ခရီးစဉ်ဖြစ်မြောက်စီမံရေး တတိယမြောက် ကမ္ဘာ့ ညီလာခံသို့  နိုင်ငံပေါင်း(၁၂)နိုင်ငံမှ ကိုယ်စားလှယ်(၁၇၀)ဦး တက်ရောက်ခဲ့သည်။
ဘာသာစကားနှင့် ယဉ်ကျေးမှု
——————————
လွန်ခဲ့သောရာစုနှစ်ပေါင်းများစွာကတည်းက တာတာလူမျိုးတို့သည် ဥရောပဖက်ခြမ်း ရုရှားဒေသများတွင် တစ်စုတည်းသော တိုင်းရင်းမွတ်စလင်အုပ်စုအဖြစ် တည်ရှိလာ ခဲ့သဖြင့် ဗလီဝတ်ကျောင်းတော်များတွင် တာတာ ဘာသာစကား တစ်မျိုးတည်းကိုသာ အသုံးများခဲ့သည်။ ၂၀ ရာစုနှောင်းပိုင်းတွင် ဗဟိုအာရှတိုက်သား မွတ်စလင်များနှင့်ကော့ကေးရှန်း လူမျိုးတို့သည် ရုရှားနိုင်ငံ အလယ်ပိုင်းမြို့ကြီးများသို့ တအုံတကျင်း ၀င်ရောက်လာရာ အနေအထား အပြောင်းအလဲတစ်ရပ်ဖြစ်ပေါ်ရန် တာစူနေသည်။ တာတာဘာသာ စကားသုံး ဗလီဝတ်ကျောင်းတော်များ၌ ရုရှားဘာသာ စကားကို ပြောင်းလဲ အသုံးပြုစေရေးအတွက် အိမာမ်များအပေါ် ဖိအားတစ်ရပ် ဖြစ်လာရသည်။ တာတာ လူများစုဖြစ်သည့် တာတာရ်စတာန် အတွင်းမှာပင် ထိုပြဿနာဖြစ်နေပေသည်။
ဆိုဗီယက်ခေတ်ကာလ အတွင်း မွတ်စလင်များသည် လူမျိုး၊ ဘာသာစကားနှင့် ယဉ်ကျေးမှုများ ကွဲပြားခဲ့ကြသည်။ တူရကီဘာသာစကား (၁၅)မျိုး၊ အီရန်နီယန်ဘာသာ စကား(၁၀)မျိုးနှင့် ကော့ကေးရှနှ်းဘာသာ စကားပေါင်း(၃၀)တို့ဖြင့် အသီးသီး အသုံးပြုခဲ့ကြသည်။ ထို့ကြောင့် မွတ်စလင်တို့ အချင်းချင်းအကြား ပြောဆိုဆက်ဆံရေးတွင် ခက်ခဲမှုများရှိခဲ့သည်။ (၁၉၈၉)ခုနှစ်များတွင် မွတ်စလင်ခေတ် ပညာတတ်များအကြား ရုရှားဘာသာ စကားကို ကျွမ်းကျင်လာကြပြီး အများသုံးအဖြစ် ကျယ်ပြန့်လာသည်။
စွမ်းအင်စက်မှု ဖွံ့ဖြိုးတိုးတက်ရာဒေသများတွင် မြို့ပြ ယဉ်ကျေးမှုများအတိုင်း နေထိုင်သည့် မြို့နေ မွတ်စလင်များရှိသလို၊ တောင်တန်းဒေသများတွင် သီးခြားနေထိုင်သူများလည်း ရှိသည်။ နိုင်ငံတွင်း မွတ်စလင်တို့သည် တူညီသောယုံကြည် ကိုးကွယ်မှုအောက်မှ အမျိုးသား အင်အားစုပြယုဂ်တစ်ရပ်အသွင်ဖြင့် ရပ်တည်လျက် ရှိသည်။
ဗလီဝတ်ကျောင်းတော်များကဏ္ဍ
———————————-
ရှေးအကျဆုံးဗလီမှာ (၁၇၆၈) ခုနှစ်တွင် တည်ဆောက်ခဲ့သော (Khan’s Mosque) ခန်းဗလီဖြစ်ပြီး၊ ရုရှားနိုင်ငံ၏ အကြီးမားဆုံးဗလီဝတ်ကျောင်းတော်မှာ ကာဇန်ရှိ ကုလ်ရှရိဖ် (Qolsharif) ဖြစ်သည်။
Comments