ဖေဖော်ဝါရီ ၂၂ ၊ ၂၀၁၅
M-Media
Muslim Free Hospital ဟု ခေါ်သော မွတ်စ်လင်မ်ကုသိုလ်ဖြစ်ဆေးရုံကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ (ယခု မဟာဗန္ဓုလပန်းခြံလမ်း)တွင် ၁၉၃၇ ခုနှစ်က တည်ထောင်ခဲ့သည်။ ဦးဆောင်သူမွတ်စ်လင်မ်တစ်ဖွဲ့မှ ဆေးဝါးမကုသနိုင်အောင် ချို့တဲ့နေသော ရန်ကုန်မြို့ခံ နွမ်းပါးသူများအတွက် အကျိုးဆောင်နိုင်ရန် စတင်ဖော်ဆောင်လိုက်ခြင်း ဖြစ်သည်။ စဦးမတည်မှုအားလုံးမှာ မွတ်စ်လင်မ်တို့ထံမှ ဖြစ်၏။
မွတ်စလင်မ်ကုသိုလ်ဖြစ် အခမဲ့ဆေးရုံသည် မြန်မာမွတ်စ်လင်မ်တို့၏ အလှူဒါနများဖြင့် ယနေ့တိုင် တည်ရှိရပ်တည်နေပါသည်။ ယခင် Burma – ဗမာပြည်ကို မြန်မာနိုင်ငံ(Myanmar) ဟူ၍ ၁၉၈၈ ခုနှစ်တွင် ကင်ပွန်းတပ်ပေးရာ မြို့တော်ရန်ကုန်သည်လည်း Rangoon မှ Yangon အဖြစ် အမည်သစ်ရရှိလာခဲ့သည်။ မြို့အမည်နာမ မည်သို့ပြောင်းပြောင်း မွတ်စ်လင်မ် ကုသိုလ်ဖြစ်ဆေးရုံ၏လုပ်ငန်းမှာမူ အပြောင်းအလဲ ရှိမသွားပေ။
စတင်ချိန်ကတည်းက ဆေးရုံ၌ ဘာသာရေး၊ လူမျိုးရေး၊ ၀င်ငွေအနည်းအများပေါ် မူတည်သော ခွဲခြားဆက်ဆံမှုမျိုး အလျဉ်း မရှိခဲ့။ မွတ်စ်လင်မ်၊ ဗုဒ္ဓဘာသာဝင်၊ ခရစ်ယာန်၊ ဟိန္ဒူနှင့် အခြားမည်သည့်ဘာသာဝင်များကိုမဆို မြန်မာမွတ်စ်လင်မ်တို့က (ထိုဆေးရုံမှတဆင့်) ဆေးဝါးကုသရေးစားရိတ်များကို ထောက်ပံ့ပေးနေဆဲပင် ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း ဤသို့လည်ပတ်နေသည်မှာ ထူးထူးခြားခြား သတိပြုမိစေပါသည်။ မြန်မာနိုင်ငံ၌ မွတ်စ်လင်မ်တို့မှာ လူဦးရေပမာဏ ၄ ရာခိုင်နှုန်းသာရှိသည့် လူနည်းစုဝင်များဖြစ်ကြသည်။ ငြိမ်းချမ်းစွာရှိနေသည့် မွတ်စ်လင်မ်တို့အား အကြမ်းဖက်မှု တနေ့တခြား မြင့်မားလာ သလို ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးအချို့ကလည်း မွတ်စ်လင်မ်တို့အပေါ် အကြမ်းဖက်ရန် ပြောင်တင်းစွာ လှုံ့ဆော်နေကြ၏။ မြန်မာနိုင်ငံ အချို့ဒေသများဝယ် စီးပွားရေး လုပ်ငန်းများ၊ အိုးအိမ်များ မီးလောင်ပြာကျခြင်း၊ သတ်ဖြတ်ခံရခြင်း၊ ဗုဒ္ဓ ဘာသာဝင် ဘုန်းတော်ကြီးအချို့မှ တိရစ္ဆာန်နှင့် ခိုင်းနှိုင်းခေါ်တွင်၍ နိုင်ငံပြင်ပသို့ ထွက်ရန်တောင်း ဆိုခြင်းတို့ကို မြန်မာမွတ်စ်လင်မ်များမှ ခံစားခဲ့ကြရကုန်၏။ အကြမ်းဖက်မှုများမှာ မန္တလေးမြို့နေ ဗုဒ္ဓဘာသာ ဘုန်းကြီး တစ်ပါး၏ ဖန်တီးမှုဖြစ်ကြောင်း ၂၀၁၃ ခုနှစ်ကလည်း တိုင်းမ်မဂ္ဂဇင်းမှ ဆောင်းပါး တစ်ပုဒ် ဖော်ပြဖူးသည်။ ထိုဆောင်းပါး ဖော်ပြပြီးနောက်ပိုင်း အခြေအနေမှာ ဆိုးသထက် ဆိုးရွားလာတော့သည်။
သို့ပင်သို့ငြား မွတ်စ်လင်မ် ကုသိုလ်ဖြစ်ဆေးရုံကတော့ မည်သည့်စောဒက မပြုဘဲ ဗုဒ္ဓဘာသာဝင် လူများစုကြီးအား အခမဲ့ ကုသပေးနေမြဲသာ။ နိုင်ငံရေး လမ်းကြောင်းဟူ၍လည်း အလျဉ်း မရှိချေ။

ဓာတ်ပုံ – သွေးနှင့်သွေးကြောဆိုင်ရာအထူးကု ဒေါက်တာ ဖြိုးဝေထွန်း မြန်မာနိုင်ငံ၌ M.D ဘွဲ့၊ ဂျပန်၌ Ph.D ဘွဲ့ ရယူပြီး အမေရိကန် စိန့်ဂျု(ဒ်)စ် ဆေးရုံ၌ သုံးနှစ်ကွင်းဆင်းလေ့ကျင့်ခဲ့သူဖြစ်ကာ ယခုအခါ မွတ်စ်လင်မ်ကုသိုလ်ဖြစ်ဆေးရုံတွင် လုပ်ကိုင်နေသည်။
မတူကွဲပြားဘာသာဝင်များ အကြား သဟဇာတဖြစ်မှုကို မွတ်စ်လင်မ် ကုသိုလ်ဖြစ်ဆေးရုံ၏ ၀န်ထမ်းများအကြားတွင် အလွယ်တကူ တွေ့မြင်နိုင်ပေသည်။ မွတ်စ်လင်မ်၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဆရာဝန်များနှင့် သူနာပြုများအားလုံးသည် အပြန်အလှန်လေးစားမှုနှင့် တစ်ကွ လက်တွဲလုပ်ကိုင်လျက်ရှိကြသည်။

ဓာတ်ပုံ – မွတ်စ်လင်မ်ကုသိုလ်ဖြစ်ဆေးရုံ၌ လုပ်သက် ၂၃ နှစ်ရှိ သူနာပြု နွယ်နွယ်စန်း (ခွဲစိပ်ဆောင်သူနာပြုဦးစီး)
အကန့်အသတ် ရှိရင်းမြစ်များမှပေးသော ၎င်းဆေးရုံ၏ ကုသစောင့်ရှောက်မှုများမှ အရည်အသွေးရော အရေအတွက်ပါ အမေရိကန်နိုင်ငံ၌ စိတ်ကူး၍ပင် မရစကောင်းပေ။ မြန်မာမွတ်စ်လင်မ်တို့၏ နှစ်စဉ် လှူဒါန်းငွေမှာ ဒေါ်လာ ၄ သိန်းထိ ရှိနေသည်။ တတ်စွမ်းနိုင်သည့်လူနာများက တတ်နိုင်သလောက် ပေးနိုင်ကြပြီး ချို့တဲ့နွမ်းပါးသူများ အနေနှင့်မူ မည်သည်မျှပေးကမ်းရန် မလိုချေ။
လူနာကုတင် ၁၆၀ ဆန့် ယင်းဆေးရုံ၏ ပြင်ပလူနာဌာနများက တစ်နေ့လျှင် လူနာပေါင်း ၄၅၀ ခန့် ကုသပေးသည်။ ၂၀၀၀ ခုနှစ်၏စာရင်းဇယားများ တစ်မျိုးတည်းကပင် တစ်နှစ်အတွင်း ဆေးရုံတက်ရောက်ကုသသည့် လူနာပေါင်း ၆၀၀၀ ၀န်းကျင်ဟု ပြသနေသည်။ ဆေးရုံထဲတွင် ဆေးဝါးကုသဆောင်၊ ခွဲစိပ်ဆောင်၊ သားဖွားဆောင်နှင့် မျက်စေ့လူနာများတွက် အထူးကုသဆောင် အသီးသီးရှိကြသည်။ လက်ရှိအချိန်တွင် တစ်လလျှင် သားဖွားလူနာ ပျမ်းမျှ ၂၂၀ ခန့် ရှိသည်။ သို့သာမက ဓာတ်မှန်ရိုက်ကိရိယာများ၊ ဆေးပေးခန်း၊ ultrasound ဌာနနှင့် ခွဲစိပ်ခန်းများကိုလည်း တွေ့နိုင်သည်။
ထိုဆေးရုံငယ်လေးအတွက် တာဝန်ထမ်းဆောင်နေသူနှင့် လုပ်အားဒါနပြုသူ ဆရာဝန်များ စုစုပေါင်း ၄၅ ဦး ရှိနေပါသည်။
နေ့စဉ်နှင့်အမျှ သွေးပျက်ချောက်ခြားဖွယ်ဖြစ်စဉ်တို့ဖြင့် ရှုပ်ထွေးပွေလီလှသော ကမ္ဘာကြီးဝယ် – ပရဟိတ အုပ်စုတစ်ရပ်မှ ထွက်ပေါ်လာသော ရောင်ခြည်တစ်စကို တွေ့မြင်ရသည်မှာ နှစ်မြို့စရာကောင်းဘိခြင်း။ မည်သည့်အခါမျှ အမြင်ကျဉ်းတရားမထားရှိရန် သတိပေးနှိုးဆော်မှုလည်း ဖြစ်နေဘိခြင်း။

ဓာတ်ပုံ – ကုသိုလ်ဖြစ်ဆေးရုံတည်ထောင်သူ၏မြေးဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် မစ္စတာ မူစာ မေဒင် (ဒါရိုက်တာများဘုတ်အဖွဲ့ဥက္ကဌ)
xxxxxxxxxxxxx
ဓာတ်ပုံဆရာ၊ အမှုလိုက်ရှေ့နေနှင့် ထုံဆေး/မေ့ဆေးဆရာဝန် စတီဖင်ဝေါလေ့စ် Stephen Wallace, M.D., J.D. ရေးသားသော A Positive Story About Muslims and an Example for All of Us ( From Huffington Post )ကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။ ဓာတ်ပုံများမှာ စာရေးသူ၏ ကိုယ်ပိုင်လက်ရာများ ဖြစ်သည်။
ဆက်စပ် သတင်းနှင့် ဆောင်းပါးများ ဖတ်ရန်
——————————–
မွတ်စ်လင်မ် ကုသိုလ်ဖြစ်ဆေးရုံ က ဒေါက်တာ ဒေါ်ခင်ဝင်းကြူ ရဲ့ ပုံရိပ် တစေ့တစောင်း
http://www.m-mediagroup.com/news/32641
မွတ်စ်လင်မ် ကုသိုလ်ဖြစ် အခမဲ့ဆေးရုံသည် မြန်မာ့ ညီညွတ်သွေးစည်းခြင်း မျှော်လင့်ချက်တစ်ခု
http://www.m-mediagroup.com/news/18346
လူမျိုး၊ဘာသာမခွဲ ကုသပေးနေတဲ့ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံ ၇၆ နှစ်ပြည့်တော့မည်။
http://www.m-mediagroup.com/news/8347
ကျောက်တံတားမြို့နယ်ရှိ မွတ်စ်လင်မ် ကုသိုလ်ဖြစ်ဆေးရုံ
http://www.m-mediagroup.com/news/2371
ပြည်သူ့ဂုဏ်ရည်ဆု ပဏာမစာရင်းတွင် မွတ်စလင်မ် ကုသိုလ်ဖြစ်ဆေးရုံ ၃ ကြိမ်ဆက်တိုက်ပါဝင်ခဲ့
http://www.m-mediagroup.com/news/2363
Comments