– အလယ်ခေတ်အချိန်ကာလတွေကို အနံ့ဆိုးတွေ၊ မှောင်မိုက်မှုတွေ၊ ကြမ်းတမ်းမှုတွေနဲ့ သန့်ရှင်းမှုမရှိတဲ့ ကာလတွေအဖြစ် မကြာခဏ ဖော်ပြလေ့ရှိကြပါတယ်။ ဒါပေမယ့် ၁၀ ရာစုက အစ္စလာမ်ကမ္ဘာမှာတော့ တစ်ကိုယ်ရည်သန့်ရှင်းရေး စွန့်ဦးကျင့်သုံးမှုတွေရှိခဲ့ပြီး၊ အဲဒီခေတ်အခါက ရေချိုးခန်းတွေမှာလည်း ဒီနေ့ ကျွန်တော်တို့ သုံးစွဲနေတဲ့ တစ်ကိုရည်သန့်ရှင်းရေး ပစ္စည်းမျိုးစုံနဲ့ ပြည့်နှက်နေတာကို လေ့လာသိရှိရပါတယ်။
ဝတ်ပြမှုမတိုင်ခင်တိုင်း ခြေလက်ဆေးကြောခြင်း (၀ူသူ) ကို မလုပ်မနေရအဖြစ် သတ်မှတ်ထားမှုနဲ့အတူ အစ္စလာမ်မှာ သန့်ရှင်းသပ်ရပ်မှုက တော့်တော့်ကို အရေးပါ ပါတယ်။ ၁၃ ရာစုမှာတော့ အလ်-ဂျာဇာရီ (Al-Jazari) လို့ခေါ်တဲ့ လက်ဖျားခါလောက်တဲ့ မွတ်စလင်စက်မှုအင်ဂျင်နီယာတစ်ဦး ပေါ်ထွက်လာခဲ့ပြီး အလိုအလျောက် “၀ူသူပြုစက်” ကို တီထွင်ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီစက်တင်မကဘဲ အခြားသော စက်ပစ္စည်းမျိုးစုံကိုလည်း အလ်-ဂျာဇာရီက တီထွင်ဖန်တီးခဲ့ပြီး၊ သူ့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို The Book of Knowledge of Ingenious Mechanical Devices (ဆန်းပြားသည့် စက်ပစ္စည်းများဆိုင်ရာ အသိပညာကျမ်း) ဆိုတဲ့ စာအုပ်တွေမှာ အသေးစိတ် ဖော်ပြထားပါတယ်။ အလ်-ဂျာဇာရီရဲ့ “၀ူသူပြုစက်”က ဥဒေါင်း အသွင်သဏ္ဍာန်မျိုးဖြစ်ပြီး အသုံးပြုလိုသူတွေအနေနဲ့ ဥဒေါင်းရဲ့ ဦးခေါင်းကို ပုတ်လိုက်မယ်ဆိုရင် ၀ူသူပြုဖို့အတွက် ရေအလုံအလောက်ထွက်လာတဲ့ စက်ဖြစ်ပါတယ်။ တစ်ချို့စက်တွေဆိုရင် မျက်နှာသုတ်ပုဝါပါ ကမ်းပေးတဲ့အထိ ဆန်းသစ်လှပါတယ်။
မွတ်စလင်တွေဟာ ဆပ်ပြာကိုလည်း ဆီ (သံလွင်ဆီ) နဲ့ အလ်-ကွာလီ (Al-Quali – ဆားကဲ့သို့ ဒြပ်ပစ္စည်းတစ်မျိုး) တို့ကိုပေါင်းပြီး တီထွင်ပြုလုပ်ခဲ့ပါတယ်။ အဲဒီခေတ်အခါက ရေးသားထားတဲ့ လက်ရေးမှုတွေအရ ဒီပစ္စည်းနှစ်ခုကို သင့်တော်တဲ့ အပျော့အမာအနေအထားရောက်အောင် ကြိုပြီး၊ အခြောက်ခံကာ ဟမ်မမ်စ် (Hammams – ရေချိုးခန်း) တွေမှာ အသုံးပြုကြတယ်လို့ သိရပါတယ်။
အလယ်ခေတ်မွတ်စလင်တွေဟာ ရုပ်ဆင်းသွင်ပြင်အလှဆင်မှု အတတ်ပညာနဲ့ပတ်သက်ပြီး တော်တော်လေး ပေါက်မြောက်ခဲ့ကြပါတယ်။ အဲဒီအထဲက ကျွမ်းကျင်သူတစ်ဦးကတော့ အလ်-ဇာဟ်ရာဝီ (Al-Zahrawi) ပဲဖြစ်ပါတယ်။ သူဟာ နာမည်ကျော် ခွဲစိတ်ဆရာဝန်ကြီးတစ်ယောက်ဖြစ်ပြီး သူရဲ့ ဆေးပညာကျမ်းကြီးဖြစ်တဲ့ အလ်-တက်စ်ရစ်ဖ် (Al-Tasrif) မှာ အလှအပပစ္စည်းတွေနဲ့ ပတ်သက်တဲ့ အခန်းတစ်ခန်းကို The Medicines of Beauty (အလှအပအတွက် ဆေးနည်းများ) ခေါင်းစဉ်နဲ့ ထည့်သွင်းခဲ့ပါတယ်။
အလ်-ဇာဟ်ရာဝီဟာ အဲဒီအခန်းမှာ ဆံပင်နဲ့အသားအရေ၊ သွားနဲ့ခံတွင်း ထိန်းသိမ်းစောင့်ရှောက်မှု နည်းလမ်းတွေ၊ အလှဆင်မှုနည်းလမ်းတွေကို ဖော်ထုတ်ရေးသားထားပြီး အဲဒီရေးသားချက်တွေအားလုံးဟာ အစ္စလာမ့်သတ်မှတ်ချက်ဘောင်တွေထဲက ဖြစ်ခဲ့ပါတယ်။ ဒါတင်မကသေးဘဲ အနံမွှေးစပရေး၊ ပလုပ်ကျင်းဆေး၊ လက်လိမ်းခရင်မ်၊ အထူးပုံစံခွက်ထဲမှာ လောင်းထားတဲ့ နံသာချောင်း ဖော်စပ်ထုတ်လုပ်မှု အကြောင်းတွေကိုလည်း ရေးသားခဲ့ပြီး အဲဒီနံသာချောင်းတွေဟာ ဒီနေ့ခေတ် Roll On အနံ့အသက်ပျောက်ဆေးတွေရဲ့ ရှေ့ပြေးလည်း ဖြစ်ခဲ့ပါတယ်။ နောက်ပြီး ဆံပင်နှုတ်ကိရိယာ၊ ဆံပင်ဆိုးဆေး၊ ဆံပင်တောင့်ဆေး စတာတွေကိုလည်း သူ့ရဲ့အဲဒီစာအုပ်ထဲမှာ အလ်-ဇာဟ်ရာဝီက ထည့်သွင်းဖော်ပြခဲ့ပါတယ်။ နေပူဒဏ်ကိုကာကွယ်တဲ့ လိမ်းဆေးခရင်မ်ရဲ့ အကျိုးကျေးဇူးတွေကိုလည်း ဒီအခန်းမှာ တွေ့မြင်ရပြီး ဒီလိမ်းဆေးဖန်တီးဖို့အတွက် သုံးစွဲရမယ့် ပါဝင်ပစ္စည်းတွေကို ဖော်ပြထားမှုမှာတော့ လွန်ခဲ့တဲ့နှစ်ထောင်ချီက ဇာဟ်-ရာဝီရဲ့ အံ့သြဖွယ် စဉ်းစားတွေးခေါ်ဉာဏ်ကို တွေ့ရှိခဲ့ရပါတယ်။
လက်ရှိ အီရတ်နိုင်ငံမှာရှိတဲ့ ကူဖာ (Kufa) မြို့မှာ မွေးဖွားခဲ့တဲ့ အလ်-ကင်ဒီ (Al-Kindi) ဟာ ရေမွှေးနဲ့ ပတ်သက်တဲ့ ကျမ်းကြီးတစ်စောင်ကို ပြုစုခဲ့ပြီး အဲဒီကျမ်းကြီးကိုတော့ Book of the Chemistry of Perfume and Distillations (ရေမွှေးနှင့် အဆီချက်လုပ်မှုဆိုင်ရာ ဓာတုဗေဒကြမ်း) လို့ ခေါ်တွင်ပါတယ်။ အဲဒီကျမ်းမှာ နံသာဆီနဲ့ ရေမွှေးတို့လို မွှေးအကြိုင်ပစ္စည်းတွေ ဖော်စပ်ထုတ်လုပ်မှုနဲ့၊ ဆေးဝါးထုတ်လုပ်မှုနည်းလမ်းတွေ ပါဝင်ပါတယ်။ အစပိုင်းမှာတော့ လူ့အဖွဲ့အစည်းက အထက်တန်းစားအလွှာတွေသာ ရေမွှေးကို သုံးစွဲနိုင်ခဲ့ပေမယ့်၊ နောက်ပိုင်းမှာတော့ လူတိုင်း အသုံးပြုလာနိုင်ခဲ့ပါတယ်။
မွတ်စလင်ဓာတုဗေဒပညာရှင်တွေဟာ အပင်တွေ၊ ပန်းပွင့်တွေကနေ အဆီချက်လုပ်ကာ ရေမွှေးတွေ၊ ဆေ၀ါးတွေကို ထုတ်လုပ်ဖော်စပ်ခဲ့ကြပါတယ်။
မွတ်စလင်တွေရဲ့ ဒီ တီထွင်ကြံဆမှုတွေ၊ အယူအဆတွေဟာ ဥရောပကို ကုန်သည်တွေ၊ ခရီးသွားတွေနဲ့ ခရူးဆိတ်စစ်သားတွေကနေတစ်ဆင့် တစ်ဖြည်းဖြည်းခြင်း စိမ့်ဝင်ရောက်ရှိသွားကြပါတယ်။ မွတ်စလင်တွေရဲ့ အလှအပ၊ ရေမွှေးနဲ့ဆိုင်တဲ့ ဒီအသိပညာ၊ အတတ်ပညာတွေဟာ နောက်ဆုံးမှာ ရေမွှေးလုပ်ငန်းအတွက် အသင့်တော်ဆုံး ရာသီဥတုနဲ့ ရေခံမြေခံရှိတဲ့ ပြင်သစ်တောင်ပိုင်း ဟူတီပြည်နယ် (Haute) ကို ရောက်ရှိသွားခဲ့ပြီး နှစ် ၇၀၀ ကြာညောင်းသည့်တိုင်အောင် ရှင်သန်ခဲ့ပါတယ်။
အစ္စလာမ်လူ့အဖွဲ့အစည်းရဲ့ နောက်ထပ်အရေးပါတဲ့ အလှအပ ပစ္စည်းကတော့ လက်တွေမှာ ကနုတ်ပန်းပုံစံကို ရှုမငြီးဖွယ် ပုံဖော်ထားလေ့ရှိတဲ့ ‘ဒန်း’ ပဲဖြစ်ပါတယ်။ အစ္စလာမ်သာသနာ ပြန့်နှံ့မှုနဲ့အတူ ဒီ ဒန်းဆိုးဆေးဟာလည်း ကမ္ဘာ့တစ်နှံတစ်လျားကို ရောက်ရှိခဲ့ပြီး အလှအပပစ္စည်းတွေအတွက် အဓိက ပါဝင်ပစ္စည်း ဖြစ်ခဲ့ပါတယ်။
တမန်တော် မုဟမ္မဒ်နဲ့ သူရဲ့ သာဝကကြီးတွေဟာ မုတ်ဆိတ်ကို ဒန်းဆိုးလေ့ရှိပြီး၊ အမျိုးသမီးတွေဟာလည်း သူတို့ရဲ့ လက်တွေ၊ ခြေထောက်တွေနဲ့ ဆံပင်တွေကို ဒီနေ့ခေတ် အမျိုးသမီးတွေလိုပဲ ဒန်းဆိုးခြယ်သကြပါတယ်။ ခေတ်ပေါ် သိပ္ပံပညာရှင်တွေက ဒန်းဟာ ဘက်တီးရီးယား၊ မှိုတက်မှုတို့ကို ကာကွယ်ပေးသလို သွေးတိတ်စေတဲ့ ပစ္စည်းတစ်ခု ဖြစ်တယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။ ဒါ့အပြင် ဒန်းဟာ အနာကိုကျက်စေပြီး၊ အရေပြားမှိုစွဲရောဂါနဲ့ ရောင်ရမ်းမှုတွေကိုလည်း သက်သာပျောက်ကင်းစေပါသေးတယ်။
ဒန်းပင်ရဲ့အရွက်နဲ့ အစေ့တွေမှာ ဆေးဘက်ဆိုင်ရာ ဂုဏ်သတ္တိတွေရှိပြီး နှစ်ခုစလုံးဟာ ခန္ဓာကိုယ်နဲ့ ဦးခေါင်းကို အေးမြစေပါတယ်။ ဒါတင်မကသေးပဲ ဒန်းမှာ ဆံပင်ကို သန်စွမ်းနက်မှောင်စေတဲ့ သဘာဝပစ္စည်းတွေလည်း ပါဝင်ပါတယ်။
ခေါင်းလျှော်မှုနဲ့ အကြောဖြေနှိပ်နယ်မှု
၁၇၇၀ ပြည့်နှစ်တွေနဲ့ ၁၇၈၀ ပြည့်နှစ်တွေဟာ အင်္ဂလန်နိုင်ငံ ဘရိုက်တန်မြို့မှာ ကမ်းခြေအပန်းဖြေလုပ်ငန်း ကြီးထွားလာတဲ့နှစ်တွေ ဖြစ်ခဲ့ပြီး အိန္ဒိယ မွတ်စလင်တစ်ဦးဖြစ်တဲ့ ရှိခ် ဒင် မာဟိုမက် (Sheikh Dean Mahomed) ကလည်း အဲဒီအချိန်ကာလမှာပဲ ဘရိုက်တန်ကို ရောက်ရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ ပတ္တနာ (Patna) မြို့က မွတ်စလင်မိသားစုတစ်ခုကနေ ဆင်းသက်လာတဲ့ မာဟိုမက်ဟာ ၁၇၅၉ ခုနှစ်မှာ ဘရိုက်တန်ရဲ့ ပင်လယ်ကမ်းခြေမှာ အိန္ဒိယရေနွေးရေချိုးခန်း (Indian Vapour Baths) ကို ဖွင့်လှစ်ခဲ့ပါတယ်။ ဒီရေချိုးခန်းဟာ တူရကီရေချိုးခန်းတွေနဲ့ တော်တော်လေး ဆင်တူပါတယ်။
ဒါပေမယ့် ဒီအိန္ဒိယရေချိုးခန်းမှာတော့ ဖောက်သည်တွေကို ရွက်ဖျင်တဲတစ်ခုချင်းဆီမှာ ထားစေပြီး ရွက်ဖျင်တဲရဲ့ ဟနေတဲ့နေရာကနေ လက်နှစ်ချောင်းဝင်လာကာ အိန္ဒိယက ချမ်ပီ (Champi – ခေါင်းလျှော်) ၀န်ဆောင်မှုနဲ့ အကြောဖြေနှိပ်နယ်ပေးတဲ့ ၀န်ဆောင်မှုတွေကို ပြုလုပ်ပေးပါတယ်။ ထူးခြားတဲ့ ဒီရေနွေးရေချိုးခန်းနဲ့ ခေါင်းလျှော်ပေးတဲ့ ၀န်ဆောင်မှုကြောင့် ရှိခ် ဒင် မာဟိုမက်ဟာ အင်္ဂလန်မှာ နာမည်ကြီးခဲ့ပြီး အင်္ဂလန်ဘုရင် ဂျော့ဂ်ျ ၄ (George IV) နဲ့ ၀ီလီယံ ၄ (William IV) တို့လက်ထက်မှာ “ခေါင်းလျှော်ဝိဇ္ဇာ” အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။
(ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)
(ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)
အပိုင်း(၁)- ကော်ဖီ – ဖတ်ရန်
အပိုင်း(၂) – အစားအသောက်ဓလေ့နှင့် ဖန်ထည်များ ဖတ်ရန်
အပိုင်း(၃)- နာရီတို့၏ အစ – ဖတ်ရန်
အပိုင်း(၄) – ခေတ်ပေါ်စစ်တုရင်ကစားနည်း – ဖတ်ရန်
အပိုင်း(၅) – ဂီတ၏ အရင်းမူလ – ဖတ်ရန်
Comments