News @ M-Media

ကမ္ဘာ့ မွတ်စလင်အများဆုံးရှိရာ အင်ဒိုနီးရှားတွင် သက်ငယ်မုဒိမ်းမှုများအတွက် သေဒဏ်ပေးတော့မည်

မေ ၂၆၊ ၂၀၁၆
M-Media

indo

– ကလေးငယ်များအပေါ် ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုအတွက် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်သတ်မှတ်ရန် အတည်ပြုထားသည့် ဥပဒေ ဖြည့်စွက်ချက်တစ်ခုကို အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ယမန်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

အဆိုပါ ဥပဒေအရ ကျူးလွန်သူကို ဓာတုဗေဒနည်းဖြင့် သင်းကွပ်ခြင်း၊ ၎င်းတို့၏ လှုပ်ရှားမှုကို စောင့်ကြည့်ရန်အတွက် အီလက်ထရောနစ် ခြေရာခံစနစ် ထည့်သွင်းခြင်း စသည့် ပြစ်ဒဏ်များကို ချမှတ်နိုင်မည်ဖြစ်သည်။ ထို့ပြင် အခြားအပြစ်ပေးမှု ပုံစံများတွင် အနည်းဆုံး ထောင်ဒဏ်ကို ၁၀ နှစ်မှ နှစ် ၂၀ အထိ တိုးမြှင့်ခဲ့ကာ ကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် အမြင့်ဆုံးပြစ်ဒဏ်မှာ သေဒဏ်ဖြစ်သည်။

“ကလေးငယ်တွေအပေါ် လိင်အကြမ်းဖက်မှုဟာ စက်ဆုပ်စရာကောင်းတဲ့ ရာဇ၀တ်မှုပါ” ဟု သမ္မတနန်းတော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၀ီဒိုဒို ပြောကြားခဲ့သည်။ ထို့ပြင် ယခု ဥပဒေဖြည့်စွက်ချက်က ကျူးလွန်သူများကို နောက်တွန့်စေမည်ဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုများကို လျော့ကျစေမည်ဟု သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။

ဧပြီလက ဆူမားတြားကျွန်း အနောက်ပိုင်း ဘန်ကူလူမြို့တွင် အသက် ၁၄ နှစ်အရွယ် ကျောင်းသူတစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်သူများအပေါ် ပိုမိုပြင်းထန်သည့်အပြစ်ပေးရန် ပြည်သူများက အစိုးရကို တောင်းဆိုခဲ့သည်။

ကလေးငယ်များ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအတွက် အင်ဒိုနီးရှား၏ လက်ရှိအမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ် ၁၄ နှစ်ဖြစ်သည်။

Ref: Channelnewsasia

Comments

Leave a Reply