– အန်ဒါလူစီယာပဲဖြစ်ဖြစ်၊ အာဖဂန်၊ ချီကာဂို၊ ကိုင်ရို ဘယ်နေရာပဲဖြစ်ဖြစ် ရေဟာ လယ်ယာစိုက်ပျိုးရေးနဲ့ လူသားတွေ အသက်ရှင်ရပ်တည်ဖို့အတွက် မရှိမဖြစ်အရေးပါတဲ့ ရင်းမြစ်တစ်ခု ဖြစ်ပါတယ်။ ပြီးတော့ ရေဟာ သက်ရှိအားလုံးရဲ့ မူလဖြစ်တည်ရာလည်း ဖြစ်ပါတယ်။ မွတ်စလင်တွေဟာ အဲဒီရေအရင်းမြစ်ကို စနစ်တကျ အသုံးချနိုင်ရေးအတွက် နည်းလမ်းအဟောင်းတွေကို ထိန်းသိမ်းခဲ့ရုံသာမက ဒီနည်းလမ်းတွေကို မွမ်းမံကာ တိုးတက်အောင်ဆောင်ရွက်ခဲ့ကြပြီး နည်းလမ်းအသစ်တွေကိုလည်း ရှာဖွေဖော်ထုတ်ခဲ့ကြပါတယ်။ ဒါ့ကြောင့် ဒီနေ့ခေတ် အသုံးပြုနေတဲ့ ရေပေးဝေရေးနည်းလမ်းတွေဟာ မွတ်စလင်တွေ ချန်ရစ်ခဲ့တဲ့ အမွေအနှစ်တွေထဲ တစ်ခု ဖြစ်ပါတယ်။
သင်္ချာနယ်ပယ်မှာ မွတ်စလင်တွေရဲ့ ထူးချွန်မှုက အင်ဂျင်နီယာကဏ္ဍကိုပါ တစ်ပါတည်း တိုးတက်စေခဲ့ပြီး ဇလဗေဒနယ်ပယ်၊ ရေပေးဝေရေးနည်းလမ်းတွေကို ရှာဖွေဖော်ထုတ်တည်ဆောက်နိုင်မယ့် စက်ပစ္စည်းပိုင်းဆိုင်ရာ နယ်ပယ်တွေကိုလည်း မွတ်စလင်တွေက သိသိသာသာကို တော်လှန်ပြောင်းလဲပစ်လိုက်ပါတယ်။ ၁၁ ရာစုမှာ ပါရှန်သင်္ချာပညာရှင်နဲ့ အင်ဂျင်နီယာတစ်ဦးဖြစ်သူ မိုဟာမက် အလ်-ကာရာဂျီ (Muhammad al-Karaji) ဟာ “မြေအောက်ရေများကို ထုတ်ယူသုံးစွဲခြင်း” ဆိုတဲ့ အကြောင်းအရာကို စတင်ပြောကြားခဲ့ပါတယ်။ ပြီးတော့ သူဟာ မြေအောက်ရေ ရှာဖွေရေး ကိရိယာတွေ၊ မြေအောက်ရေရှိကြောင်း သိရှိနိုင်မယ့်နည်းလမ်းတွေကို ရှာဖွေဖော်ထုတ်ခဲ့ပြီး၊ မြေအောက် ရေသွယ်မြောင်းတွေ တူးဖော်ဖို့ နည်းလမ်းတွေကိုလည်း ရေးသားခဲ့ပါသေးတယ်။
မြေအောက်ရေသွယ်မြောင်း
ဒီလို မြေအောက်ရေသွယ်မြောင်းတွေ တူးဖော်ရတာဟာ အပူချိန်ကြောင့် ရေငွေ့ပြန်မှုကို တားဆီးဖို့ ဖြစ်ပါတယ်။ အာရဘီလို ‘ကွာနက်စ်’ (quanat) လို့ခေါ်တဲ့ အဲဒီရေသွယ်မြောင်းတွေထဲက ရှေးအကျဆုံးတစ်ခုကိုတော့ ပါရှားပြည် (ယခုအီရန်) နိုင်ငံမှာ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကြောင့် လယ်ယာစိုက်ပျိုးရေးနယ်ပယ်ဟာ ဖွံ့ဖြိုးလာခဲ့ပြီး၊ ကောက်ပဲသီးနှံ အများအပြားကိုလည်း စိုက်လာနိုင်တာကြောင့် ‘ကွာနက်စ်’ တည်ဆောက်မှုဟာ မွတ်စလင်ကမ္ဘာမှာ အထူးသဖြင့် ပူပြင်းခြောက်သွေတဲ့ ရာသီဥတုရှိတဲ့ အရှေ့အလယ်ပိုင်းဒေသမှာ လိုအပ်ချက်တစ်ခု ဖြစ်လာပါတယ်။ နောက်ပိုင်းမှာတော့ မွတ်စလင်တွေရဲ့ ဒီနည်းလမ်းဟာ စပိန်နိုင်ငံ ကော်ဒိုဘာကို ရောက်ရှိခဲ့ပြီး မြို့ပြရေပေးဝေမှုစနစ်ကို သန္ဓေတည် ပေါက်ဖွားစေခဲ့ပါတော့တယ်။
ပါရှန်နိုင်ငံနဲ့ ယနေ့ခေတ် အာဖဂန်နစ္စတန်တို့မှာ ဒီလိုမြေအောက်ရေသွယ်မြောင်းတွေနဲ့ ဆက်သွယ်ထားတဲ့ ရေတွင်းပေါင်း ထောင်နဲ့ချီ တွေ့ရှိနိုင်ပါတယ်။ ဒီရေသွယ်မြောင်းတွေကို နုန်းကျမှု၊ ပျက်ဆီးယိုယွင်းမှုတွေ ခံနိုင်အောင် တည်ဆောက်ထားတာဖြစ်ပြီး ကြမ်းတမ်းတဲ့ သဲကန္တာရ၊ မာကျောတဲ့ ကျောက်ဆောင် ကျောက်တန်းတွေကို အန်တုကာ ရေတွေ အဆက်မပြတ်စီဆင်းစေဖို့ ဒီဇိုင်းထုတ်ထားတာလည်း ဖြစ်ပါတယ်။ အင်မတန်မာတဲ့ ကျောက်ဆောင်တွေအနား ရောက်ရင်တော့ ဒီရေသွယ်မြောင်းတွေဟာ မြေပြင်ပေါ်တက်လာပြီး၊ မြေအခြေအနေ ပြောင်းလဲသွားတာနဲ့အမျှ မြေအောက်ကို ပြန်ရောက်သွားပါတယ်။ အလ်ဂျီးရီးယားက ဆာဟာရဒေသမှာ ဒီလို မြေအောက် ရေသွယ်မြောင်းကွန်ယက် မြောက်များစွာ ရှိပြီး အဲဒီကွန်ယက်တွေကို ‘ဖော့ဂါရက်စ်’ (Foggaras) လို့ ခေါ်တွင်ပါတယ်။
အဲဒီဒေသတွေက လယ်သမားတွေ ရေကို အချိန်မီရရှိဖို့၊ နေ့ညမပြတ် ညီတူညီမျှ ရရှိဖို့ဆိုတဲ့ ရေပေးဝေမှု ထိန်းချုပ်ရေးစနစ်အတွက် လယ်သမားတွေဟာ ‘ကလပ်ဆိုက်ဒရာ’ (clepsydra) လို့ခေါ်တဲ့ ရေနာရီကို အသုံးပြုကြပါတယ်။ ယနေ့ခေတ် ရေအားလျှပ်စစ်နဲ့လည်ပတ်တဲ့ ဆည်ကြီးတွေ၊ ခေတ်ပေါ် ရေပေးဝေမှုစနစ်တွေ ရှိနေပေမယ့်လည်း အီရန်နိုင်ငံရဲ့ အချို့ဒေသတွေမှာ ဒီ ‘ကွာနက်စ်’ တွေဟာ လယ်သမားတွေရဲ့ အသက်သွေးကြောအဖြစ် ရပ်တည်နေပါတယ်။ ရှီရက်ဇ်ဒေသ အရှေ့မြောက်ပိုင်းမှာဆိုရင် လိုအပ်တဲ့ရေအရင်းအမြစ်ကို မြေအောက်ရေမြောင်းတွေနဲ့ သွယ်တန်းထားတဲ့ ရေတွင်းတွေကနေ ရရှိနေတာဖြစ်ပါတယ်။
ပူပြင်းခြောက်သွေ့သော ရာသီဥတုရှိတဲ့ အဲဒီဒေသတွေမှာ ရေဟာ ရွှေထက်တန်ဖိုးရှိတာကြောင့် မွတ်စလင်တွေဟာ ဒီနေ့ခေတ်လိုမျိုးပဲ ရေအရင်းအမြစ်ကို ထိန်းညှိဖို့ ဆောင်ရွက်ခဲ့ကြပါတယ်။ အဲဒီခေတ်အခါက အာဏာပိုင်တွေဟာ ဒီကိစ္စမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြပါတယ်။ အီရတ်နိုင်ငံမှာဆိုရင် ဆည်တမံတွေလို ဟိုက်ဒရောလစ်စနစ်သုံး ကြီးမားတဲ့ ရေပေးဝေမှု ရင်းမြစ်တွေကို ဒေသကြီးတွေမှာ အသုံးပြုဖို့ စီစဉ်ခဲ့ပြီး ဒေသငယ်လေးတွေက ပြည်သူတွေကတော့ ရေစီးကြောင်းစွမ်းအင်အသုံးပြု ရေစုပ်စက်လို စက်ငယ်လေးတွေကို အဓိကထား သုံးစွဲခဲ့ကြပါတယ်။
အီဂျစ်နိုင်ငံမှာတော့ နိုင်းမြစ်ကရေကို စီမံခန့်ခွဲခြင်းဟာ နိုင်ငံအတွင်းက သက်ရှိတိုင်း အသက်ရှင်ရပ်တည်ဖို့အတွက် အရေးပါတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ၁၄ ရာစု အီဂျစ်သမိုင်းပညာရှင်တွေဖြစ်တဲ့ အလ်-နူဝေရီ (Al-Nuwayri) နဲ့ အလ်-မက်ရီဇီ (Al-Maqrizi) တို့ကတော့ သူတို့ရဲ့ စာအုပ်တွေထဲမှာ နိုင်းမြစ်ပေါ် တည်ဆောက်ထားတဲ့ ရေလှောင်တမံတွေ၊ ရေလမ်းကြောင်း ထိန်းသိမ်းမှုတွေရဲ့ အခန်းကဏ္ဍကို ရေးသားဖော်ပြခဲ့ကြပါတယ်။ အီရတ်နိုင်ငံမှာ ဘုရင်က ရေအရင်းအမြစ်စီမံခန့်ခွဲရေး အဆောက်အဦးကြီးတွေကို ဆောက်လုပ်ပြီး ပြည်သူတွေကတော့ အသေးစားလေးတွေကို ဆောက်လုပ်ကြပါတယ်။ ပြည်နယ်အလိုက် ခန့်အပ်ထားတဲ့ ခေါင်းဆောင် (အမီရ်) တွေ၊ အာဏာပိုင်တွေကလည်း ဒီအလုပ်ကို အဓိကထားပြီး စီမံကြီးကြပ်ကြပါတယ်။ မမ်လွက်မင်းဆက် (Mamluks) တွေလက်ထက်မှာဆိုရင် ကာရှစ်ဖ် အလ်-ဂျူဆူရ် (Kashif al-Jusur) ဆိုတဲ့ အမည်နဲ့ ရာထူးတစ်ခုကို ဖန်တီးပေထားပြီး အီဂျစ်က ပြည်နယ်တစ်ခုချင်းစီတိုင်းမှာရှိတဲ့ ဆည်တမံတွေကို စစ်ဆေးရတဲ့အလုပ် ဖြစ်ပါတယ်။
ရေအရင်းအမြစ် စီမံခန့်ခွဲရေးခုံရုံး
ဒါတင်မကသေးဘဲ ရေခွဲဝေရေးနဲ့ပတ်သက်တဲ့ အငြင်းပွားမှု၊ စည်းကမ်းချိုးဖောက်မှုတွေ ကိုင်တွယ်ဖြေရှင်းဖို့အတွက် လယ်သမားတွေကိုယ်တိုင်က ရွေးချယ်တင်မြောက်ထားတဲ့ တရားသူကြီးတွေ ရုံးထိုင်တဲ့ တရားရုံးတစ်ခုလည်း ရှိပြီး ရေဖြုန်းတီးမှုကို ပိတ်ပင်တာအပါအ၀င် သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်ပါတယ်။ ဒီတရားရုံးကိုတော့ ‘ရေအရင်းအမြစ် စီမံခန့်ခွဲရေး ခုံးရုံး’ လို့ခေါ်ဆိုပြီး ကြာသာပတေးနေ့တိုင်းမှာ ဒေသတွင်းရ အရေးပါတဲ့ ဗလီဝတ်ကျောင်းတော်မှာ ရုံးထိုင်လေ့ရှိပါတယ်။ ရာစုနှစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ ဒီခုံရုံးစနစ်ဟာ စပိန်နိုင်ငံ ဗလင်စီယာကို ရောက်လာခဲ့ပြီး ဒီအချိန်မှာတော့ ခရစ်ယာန်ဘုရားကျောင်းမှာ ရုံးထိုင်တာဖြစ်ပါတယ်။
အစက်ချစိုက်ပျိုးနည်း
၁၂ ရာစု မွတ်စလင် ရုက္ခဗေဒပညာရှင် အစ်ဗနေ့ အလ်-အော်ဝမ် (Ibn al-Awwan) ဟာ သူ့ရဲ့ Book of Agriculture (လယ်ယာစိုက်ပျိုးရေးဆိုင်ရာကျမ်း) မှာ ကောက်ပဲသီးနှံတွေအတွက် အစက်ချရေပေးဝေနည်းစနစ်ကို တင်ပြခဲ့ပြီး ဒီနည်းလမ်းဟာ ရေအလေအလွင့်မဖြစ်အောင်၊ အချို့သော ကောက်ပဲသီးနှံတွေမှာ ရေလိုတာထက် မပိုသွားအောင် ထိန်းသိမ်းနိုင်တယ်လို့ ရေးသားခဲ့ပါတယ်။ သူက ရေထည့်ထားတဲ့ အိုးတွေကို အပင်တွေရဲ့အခြေမှာ မြှုပ်ထားပြီး အဲဒီမှာဖောက်ထားတဲ့ သတ်မှတ်အပေါက်လေးတွေကနေ လိုအပ်သလောက် ရေကိုသာ အစက်ချပေးတာ ဖြစ်ပါတယ်။ အစ်ဗနေ့ အလ်-အော်ဝမ် တီထွင်ခဲ့တဲ့ ဒီနည်းစနစ်ကို ဒီနေ့မှာတော့ ကမ္ဘာတစ်ဝှမ်းမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီ ဖြစ်ပါတယ်။
လူမှုသိပ္ပံနဲ့ စက်မှုပိုင်းဆိုင်ရာ တီထွင်ကြံဆမှုမှာ တစ်ဖက်ကမ်းခတ်တော်ကြတဲ့ မွတ်စလင်တွေရဲ့ ရေအရင်းမြစ် ထုတ်ယူသုံးစွဲမှု၊ စီမံခန့်ခွဲမှုကို ဘယ်လိုပြဿနာမျိုးကမှ မဟန့်တားနိုင်ခဲ့ပါဘူး။ ရေဟာ အလွန်အင်တန်မှနက်ရှိုင်းတဲ့ ချေက်နက်ကြီးတဲ့မှာပဲ ရှိနေပါစေ မွတ်စလင်တွေဟာ အဲဒီခေတ်အခါက အဆန်းပြားဆုံး ရေတင်စက်တွေ၊ ရေစုပ်စက်တွေကို တီထွင်ဖန်တီးက လူမှုအဆင့်အတန်းကို တော်လှန်ပြောင်းလဲပစ်ခဲ့ပါတော့တယ်။
(ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)
(ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)
Comments