– ယနေ့ခေတ်မှာ ရေပေးဝေမှုစနစ် မရှိဘူးဆိုရင် ဖြစ်လာမယ့်အကျိုးဆက်ဟာ မလွယ်ကူပါဘူး။ သင်ဟာ မြစ် ဒါမှမဟုတ် ရေတွင်းကနေ ရေခပ်ဖို့အတွက် မိုင်းပေါင်းများစွာ သွားရမယ်။ ရေစီးတဲ့နေရာဟာ ဝေးနေတယ်ဆိုရင် အဲဒီကရေကို ဘယ်လို ပုံးထဲ ထည့်ရမလဲဆိုကာ သေချာ စဉ်းစားရပါလိမ့်မယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ က မွတ်စလင်တွေဟာ ရေတင်စက်တွေ၊ ရေစုပ်စက်တွေလို ဆန်းသစ်ပြီး အင်မတန်အသုံးဝင်တဲ့ ကိရိယာတွေကို တီထွင်ကာ ဒီအခက်အခဲတွေကို ကျော်ဖြတ်ခဲ့ကြပါတယ်။
အဲဒီမွတ်စလင်တွေဟာ ရေစီးကြောင်း ရှာဖို့၊ လမ်းကြောင်းလွှဲဖို့၊ ရေသိုလှောင်ဖို့၊ ရေစုပ်တင်ဖို့အတွက် နည်းလမ်းအသစ်တွေကို တီထွင်ကြံဆခဲ့ကြပြီး သူတို့ ကိုယ်ပိုင် အသိပညာတွေ၊ တစ်ခြား လူ့အဖွဲ့အစည်းတွေက သိရှိထားတဲ့ အသိပညာတွေကနေ ရရှိလာတဲ့ ကိရိယာတွေကို ထူးကဲစွာ ပေါင်းစပ်အသုံးချခဲ့ကြပါတယ်။
ရှဒွဖ်နဲ့ နိုရီယက်စ်
ရှေးဟောင်းအီဂျစ်တွေမှာ ‘ရှဒွဖ်’ (Shadoof) လို့ခေါ်တဲ့ ရေခပ်ကိရိယာတစ်ခု ရှိခဲ့ပါတယ်။ အဲဒီကိရိယာဟာ ရှည်လျားတဲ့ တုတ်တံကို အလည်မှာ ၀င်ရိုးဖောက်ကာ တိုင်တစ်ခုနဲ့ချည်ထားပြီး ထိပ်မှာ ရေပုံးကိုချိတ်ကာ မြစ်ထဲကရေကို ခပ်ယူရတဲ့ သာမန်ကိရိယာလေးဖြစ်ပြီး သူ့ခေတ်သူ့အခါမှာတော့ အင်မတန် အသုံးဝင်ခဲ့ပါတယ်။ အဲဒီတုတ်တံရဲ့ နောက်ဆုံးမှာ အလေးတစ်ခုကို တပ်ဆင်ထားပြီး ရေခတ်ချင်တဲ့အခါ ရေပုံကြိုးကိုဆွဲကာ မြစ်ထဲကို နှစ်ခပ်ရကာ ဆွဲတင်တဲ့အခါမှာတော့ နောက်က အလေးကြောင့် လူမပင်ပန်းတော့ပါဘူး။ ဒီကိရိယာလေးကို အခုအချိန်အထိ အီဂျစ်မှာ အသုံးပြုနေဆဲပါပဲ။
‘နိုရီယက်စ်’ (norias) လို့ခေါ်တဲ့ ရေဘီးတွေကတော့ တသွင်သွင်းစီးနေတဲ့ ရေစီးကြောင်းက ရေကို ကုန်းမြင့်ဆီ ခပ်တင်တာဖြစ်ပြီး ဘီစီ ၁၀၀ လောက်ကတည်းက အသုံးပြုခဲ့ကြတာပါ။ ရောမ စာရေးဆရာ၊ ဗိသုကာပညာရှင်နဲ့ အင်ဂျင်နီယာတစ်ဦးဖြစ်သူ ဗီထရူဗီးယက်စ် (Vitruvius) က ဒီရိုးရှင်းပြီး ထိရောက်မှုရှိတဲ့ ရေဘီးတွေအကြောင်းကို တစ်ခုတ်တရ ရေးသားဖော်ပြခဲ့ဖူးပါတယ်။ အဲဒီ ရေဘီးတွေမှာ ရေစီးအားနဲ့လည်ဖို့ ဒလက်တွေတပ်ထားပြီး၊ ဘေးမှာ (တစ်ချို့ရေဘီးတွေမှာ ဒလက် ၂ ခုကြားမှာ) ရေပုံး ဒါမှမဟုတ် ရေခွက်တွေကို တပ်ဆင်ထားတာဖြစ်ပါတယ်။ ဘီးနဲ့အတူလိုက်လည်တဲ့ ပုံးတွေဟာ ရေစီးကြောင်းထဲရောက်ပြီး အပေါ်ကို ပြန်တက်တဲ့အခါမှာတော့ ရေတွေ ပါသွားခဲ့ပြီး အပေါ်ရောက်တဲ့အခါမှာ ရေသွယ်မြောင်းနဲ့ဆက်ထားတဲ့ တိုင်ကီကြီးထဲကို ရေသွန်ချလိုက်ပါတော့တယ်။ ရောမနဲ့ ပါးရှားတွေ အသုံးပြုခဲ့တဲ့ ဒီရေဘီးတွေကို မွတ်စလင်တွေက ပြန်လည် ဆန်းသစ်ခဲ့တာပါ။
၇ ရာစုနှောင်ပိုင်းက အီရတ်နိုင်ငံ ဘာဆရာမြို့မှာ တူးဖော်ခဲ့တဲ့ တူးမြောင်းတစ်ခုမှာ တပ်ဆင်အသုံးပြုခဲ့တဲ့ ရေဘီးကတော့ မွတ်စလင်တွေ ပထမဆုံး တည်ဆောက်ခဲ့တဲ့ ‘နိုရီယက်စ်’ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဆီးရီးယားက ဟာမာမြို့ အိုရွန်တက်စ် မြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ နိုရီယက်စ်ကြီးကလည်း အသုံးမပြုတာ ကြာပြီဖြစ်ပေမယ့် အခုအချိန်အထိ တည်ရှိနေပါတယ်။ အဲဒီနိုရီယက်စ်ကို ရေဘီးအကြီးတွေနဲ့ တည်ဆောက်ထားတာဖြစ်ပြီး အကြီးဆုံးဘီးကြီးကတော့ အချင်း မီတာ ၂၀ (၆၅.၅ ပေ) ရှိပြီး ဒလက်နဲ့ ခွက်ပေါင်း ၁၂၀ ပါဝင်ပါတယ်။ စပိန်နိုင်ငံ မာစီယာ (Murcia) ဒေသမှာရှိတဲ့ ‘လာနိုရာ’ (Lanora) ရေဘီးကြီးကတော့ လက်ရှိအချိန်အထိ အသုံးပြုနေပေမယ့် မူလသစ်သားဘီးတွေနေရာမှာ သံဘီးတွေ တပ်ဆင်ထားတာ ဖြစ်ပါတယ်။ ဒီတစ်ခုတည်းသာ ပြောင်းလဲထားပေမယ့် တည်ဆောက်ပုံနဲ့ အလုပ်လုပ်ပုံတွေကတော့ မူးရစ်ရှ်မွတ်စလင်တွေလက်ထက်တည်းက တပ်ဆင်ထားတဲ့အတိုင်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ဒီလို နိုရီယက်စ်တွေ မြောက်များစွာရှိပြီး တစ်ခါတစ်ရံမှာ ခေတ်ပေါ် ရေစုပ်စက်တွေနဲ့ ယှဉ်လို့ရတဲ့ အနေအထားအထိ ရှိနေပါတယ်။
မွတ်စလင်ပညာရှင်ကြီး ၂ ဦး
ရေစီးအားနဲ့ တိရစ္ဆာန်တို့ကို အသုံးပြုတာဟာ အလုပ်ပိုတွင်စေတယ်လို့ ရှေးခေတ် မွတ်စလင် နည်းပညာသမားတွေက သိရှိခဲ့ကြပါတယ်။ အဲဒီ မွတ်စလင် နည်းပညာရှင်တွေထဲက အကြီးကျယ်ဆုံး ပညာရှင်နှစ်ဦးကတော့ အလ်-ဂျာဇာရီ (Al-Jazari) နဲ့ တာကွီ အလ်-ဒင် (Taqi al-Din) တို့ဖြစ်ပါတယ်။ ဒီပညာရှင်ကြီး နှစ်ဦးစလုံးဟာ စူးစမ်းဖော်ထုတ်မှု များစွာကို ပြုလုပ်ခဲ့ပြီး၊ လက်ဖျားခါလောက်တဲ့ စက်ကိရိယာတွေကိုလည်း တီထွင်ခဲ့ပါတယ်။ အဲဒီ စက်ကိရိယာတွေဟာ ယနေ့လူ့အဖွဲ့အစည်းမှာ မရှိမဖြစ်အရေးပါတဲ့ အလိုအလျောက် စက်ပစ္စည်းတွေကို ပေါ်ပေါက်လာပို့ မျိုးစေ့ချပေးခဲ့တာလည်း ဖြစ်ပါတယ်။
အလ်ဂျာဇာရီဟာ ၁၃ ရာစုနှောင်းပိုင်းနဲ့ ၁၃ ရာစုအစောပိုင်းမှာ တူရကီနိုင်ငံတောင်ပိုင်းမှာ နေထိုင်ခဲ့တာဖြစ်ပြီး ၁၁၈၀ ပြည့်နှစ်မှာ အာတူကစ်မင်းဆက် (Artuquid) က ဘုရင် ဒီယာဘာကီရ် (Diarbakir) ရဲ့ မြှောက်စားခြင်းကို ခံခဲ့ရပါတယ်။ ကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက်ဖြစ်တဲ့ အလ်-ဂျာဇာရီဟာ လက်ချောင်းတစ်ချောင်း လှုပ်စရာမလိုဘဲနဲ့ ရေပမာဏအမြောက်အများ စုပ်တင်နိုင်မယ့် ကိရိယာတစ်ခု တီထွင်ဖို့ဆိုတဲ့ အကြံအစည်တစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။ သူဟာ ဂေါက်တံ (crank) အသုံးပြုမှုကို ပထမဆုံး တီထွင်ခဲ့သူလည်း ဖြစ်ပါတယ်။ စက်ဝိုင်းပုံသဏ္ဍာန် ရွေ့လျားမှုကနေ အထက်အောက် ရွေ့ချားတဲ့စနစ်ကို ပြောင်းပေးတာကြောင့် ဒီဂေါက်တံဟာ စက်ကိရိယာနယ်ပယ်မှာ အရေးပါတဲ့ တီထွင်မှုတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ ဒီနေ့မှာတော့ အဲဒီဂေါက်တံအသုံးပြု လည်ပတ်တဲ့စနစ်ကို ကလေးငယ်တွေ ကစားတဲ့ အရုပ်တွေကနေ ကားအင်ဂျင်တွေ၊ ယန္တရားကြီးတွေအထိ နေရာပေါင်းစုံမှာ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။
Slider-crank စနစ်သုံး ရေတင်ကိယာ
အလ်ဂျာဇာရီဟာ ရေလွှတ်မြောင်းတစ်ခုပါဝင်ပြီး တိရစ္ဆာန်ကိုအသုံးပြုလည်ပတ်တဲ့ ရေတင်ကိရိယာ တစ်ခုကို တီထွင်အသုံးပြုခဲ့ပါတယ်။ အဲဒီကိရိယာဟာ ဂီယာတွေနဲ့ ဂေါက်တံတစ်ခု စတာတွေ ပါဝင်တဲ့ ဆန်းပြားတဲ့ စနစ်တစ်ခုနဲ့ အထက်အောက်လည်ပတ်တာဖြစ်ပြီး ဒီစနစ်ကို slider-crank လို့ခေါ်ပါတယ်။ အဲဒီစက်မျိုးဟာ ဥရောပတိုက်မှာ အင်ဂျင်နီယာပညာရပ် တော်လှန်ပြောင်းလဲတဲ့ ကာလဖြစ်တဲ့ ၁၅ ရာစုနှစ်အထိ မပေါ်ထွက်ခဲ့ပါဘူး။
ရေစုပ်ပန့်များ
အလ်ဂျာဇာရီဟာ ရေတင်စက်ကိရိယာ ၅ ခုကို တီထွင်ခဲ့ပြီး အဲဒီထဲကနှစ်ခုက ရှေးခေတ်အီဂျစ်တွေ အသုံးပြုခဲ့တဲ့ ရှဒွဖ်ကို အဆင့်မြှင့်တင်ခဲ့တာဖြစ်ပါတယ်။ ဒီရှဒွဖ်တစ်ခုကို ဂီယာတွေနဲ့ အစားထိုးခဲ့ပြီး တိရစ္ဆာန်အား၊ ရေအားနဲ့ လည်ပတ်တာ ဖြစ်ပါတယ်။ ဂေါက်တံသုံးရှက်ဖ် (crank shaft) ကို မိတ်ဆက်ပေးခဲ့ပြီးတဲ့နောက်မှာ အလ်ဂျာဇာရီရဲ့ နောက်ထပ် အခြေခံကြပြီး အရေးပါတဲ့ တီထွင်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ ရေအားသုံး ရေစုပ်ပန့်ဖြစ်ပြီး စက်သွား၊ ကြေးပစ်စတင်၊ စုပ်ခွက်၊ ရေဖြန့်ပိုက်နဲ့ တစ်ဖက်သွား အဆို့ရှင်တွေနဲ့ ပေါင်းစပ်တီထွင်ထားတာဖြစ်ပြီး (Reciprocating Pump) လို့ခေါ်ပါတယ်။ လယ်ယာစိုက်ပျိုရေး ကဏ္ဍမှာ ရေပေးဝေတာနဲ့ မိလ္လာစနစ်တွေမှာ အသုံးပြုတဲ့ အဲဒီရေပန့်ဟာ ရေကိုစုပ်ကာ ၁၂ မီတာ (၃၉.၄ပေ) အမြင့်မှာရှိတဲ့ ရေပေးဝေမှုစနစ်အထိ တင်ပေးနိုင်ပါတယ်။ ဒီရေစုပ်စက်ဟာ တစ်ဖက်မှာရှိ ပစ်စတင်တစ်ခုနဲ့ ရေတင်ပြီး နောက်တစ်မှာရှိတဲ့ ပစ်စတင်တစ်ခုနဲ့ ရေဖြန့်ဝေပေးတဲ့ ဆောက်ရွက်ချက်နှစ်ခုသုံး နိယာမရဲ့ ရှေးအကျဆုံး နမူနာတစ်ခု ဖြစ်ခဲ့ပြီး အလ်ဂျာဇာရီက ပစ်စတင်နှစ်ခုကို အသေထားကာ တစ်ဖက်သွား အဆို့ရှင်တွေနဲ့ ဒီရေစုပ်ပန့်ကို ပြီးပြည့်စုံအောင် ဆောင်ရွက်ခဲ့ပါတယ်။
ပစ်စတင်တွေ ရှေ့တိုးနောက်ငင် လှုပ်ရှားပြီး လည်ပတ်တဲ့ အဲဒီရေစုပ်စက်ရဲ့ အသုံးပြုပုံကတော့ ရေအားအသုံးပြု ဆန်ကြိတ်စက်လိုပါပဲ။ ဒီရေပန့်ကို ရေစီးသန်တဲ့ မြစ်ဘေးမှာ တည်ဆောက်ပြီး စက်ရဲ့ ဒလက်တစ်ဝက်လောက်ကို ရေစီးလမ်းကြောင်းမှာ နှစ်မြှုပ်ထားပါတယ်။ ဒလက်ရဲ့ တစ်ဖက်ချက်စီမှာ ရေ၀င်ပိုက် နှစ်ခုကို ထားရှိပြီး အလယ်မှာ ပစ်စတင် နှစ်ခုနဲ့ ဆက်ထားပါတယ်။ ဒလက်နဲ့ဆက်ထားတဲ့ စက်သွားက ရေစုပ်စက်ရဲ့အတွင်းပိုင်း ဂီယာလုပ်ငန်းစဉ်ကို မောင်းနှင်ပေးကာ လီဗာအတံရဲ့ လှုပ်ရှားမှုကတစ်ဆင့် ပစ်စတင် ရှေ့တိုးနောက်ငင်ဖြစ်ကာ ရေစုပ်တဲ့လုပ်ငန်းကို လုပ်ဆောင်တာဖြစ်ပါတယ်။
ဒီစနစ်မှာ ရေ၀င်ပိုက်နဲ့ ရေထွက်ပိုက်မှ အဆို့ရှင်နှစ်ခုရှိပြီး ရေစုပ်တာ ပိုက်တွေကနေ ရေပြန်ထုတ်တာတွေကို လုပ်ဆောင်ပေးပါတယ်။ ရေ၀င်ပိုက်ဟာ ရေထဲမှာမြုပ်နေပြီး တစ်ဖက်က ပစ်စတင်ဟာ စလင်ဒါအတွင်း ရွေလျားတဲ့အခါ ရေကို စုပ်ပြီး တစ်ဖက်ရေထွက်ပိုက်အဆို့ရှင်ကတော့ အဲဒီအချိန်မှာ ပိတ်လျက်သာ ရှိနေပါတယ်။
ပစ်စတင်က ဆန့်ကျင်ဘက်ကို ပြန်ရွေ့သွားတဲ့အခါမှာတော့ အ၀င်ပိုက် အဆို့ရှင်ဟာ ပိတ်သွားပြီး စလင်ဒါထဲကရေတွေဟာ အထွက်အဆို့ရှင်ကို ဖြတ်ပြီး အ၀င်ပိုက်ထက် သေးတဲ့ အထွက်ပိုက်ထဲကို ရောက်ရှိသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ တစ်ခြားတစ်ဖက်ကတော့ အထွက်အဆို့ရှင်ပိတ်ကာ ရေကို စုပ်ယူလိုက်ပါတယ်။
ဒီအဖြစ်အပျက်ဟာ ရေစုပ်လိုက်တိုင်းမှာ တစ်လှည့်စီ ဖြစ်နေတာဖြစ်ပြီး တစ်ဖက်က တွန်းတဲ့အခါ တစ်ဖက်က ဆွဲတာမျိုးဖြစ်ပါတယ်။ ဒါ့ကြောင့် ရေထဲမှာနှစ်ထားတဲ့ ဒလက်က တစ်ပတ်လည်တိုင်းမှာ ရေကိုနှစ်ကြိမ် စုပ်ယူနိုင်ပြီး ရေစီးနေသမျှ ကာလပတ်လုံး ဒီရေစုပ်ပန့်ဟာ လည်ပတ်နေမှာဖြစ်ပါတယ်။
စလင်ဒါ ၆ ခုပါ ရေစုပ်စက်
နောက်ထပ် နည်းပညာခုန်ပျံကျော်လွှားခဲ့သူကတော့ ၁၆ ရာစု အော်တိုမန် အင်ဂျင်နီယာဖြစ်တဲ့ တာကီ အလ်-ဒင် (Taqi Al-Din) ပါပဲ။ စက်မှုအင်ဂျင်နီယာ ဘာသာရပ်အကြောင်း ဖော်ပြထားတဲ့ The Sublime Methods of Spiritual Machines (စိတ်ကူးယဉ် စက်ပစ္စည်းများအတွက် အံ့သြစရာ နည်းလမ်းများ) စာအုပ်ကို ရေးသားခဲ့သူ အလ်-ဒင်ဟာ သူ့ရဲ့ အဲဒီစာအုပ်ထဲမှာ ရေစုပ်စက်တွေအကြောင်း ရေးသားထားပြီး၊ ရေနွေးငွေ့ရဲ့ အသုံဝင်မှုကို မသိရှိခင် နှစ်ပေါင်း ၁၀၀ နီးပါးလောက်ကတည်းက အဲဒီစာအုပ်မှာ ရေနွေးငွေ့အင်ဂျင်တွေရဲ့ အခြေခံကို အလ်-ဒင်က ဆွေးနွေးခဲ့တာပါ။
သူ့ရဲ့ စလင်ဒါခြောက်ခုပါဝင်တဲ့ ရေစုပ်စက်ဟာ စက္ကုထုတ်လုပ်မှု၊ သတ္တုထုတ်လုပ်မှု သမိုင်းတွေကို လေ့လာရာမှာ ချန်ထားလို့မရတဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒီရေစုပ်စက်မှာ သူ အသုံးပြုခဲ့တဲ့ ပစ်စတင်ဟာ ပိုင်ရိုက်တံတွေနဲ့ အသွင်သဏ္ဍာန်တူပြီး စာရွက်ထုတ်ဖို့ ပျော့ဖတ်လုပ်တဲ့နေရာ၊ ပန်းပဲထုတဲ့နေတွေမှာ အသုံးပြုနိုင်တာကြောင့် ဖြစ်ပါတယ်။
သူ့ရဲ့ အဲဒီစာအုပ်မှာ တာကီ အလ်-ဒင်ဟာ ရေပန့်တွေ ဘယ်လို အလုပ်လုပ်လဲဆိုတာကို ရှင်းပြခဲ့ပါတယ်။ စလင်ဒါ ၆ ခုပါဝင်တဲ့ ရေစုပ်စက်ဟာ ရေစီးအားသုံး စက်ပစ္စည်းတစ်ခုဖြစ်ပြီး ရေစီးနဲ့လည်တဲ့ ၀င်ရိုးတံကို အထက်အောက်လှုပ်ရှားနိုင်တဲ့ အခြား ၀င်ရိုးရှည် ၆ ခုနဲ့ ချိတ်ဆက်ထားပါတယ်။ အဲဒီဝင်ရိုးရှည်ရဲ့ ထိပ်တစ်ဖက်မှာ ပစ်စတင်တပ်ထားပြီး အလယ်မှာတော့ ၀င်ရိုး(pivot) ဖေါက်က တပ်ဆင်ထားပါတယ် ပစ်စတင်ရှိတဲ့ ဆလင်ဒါရဲ့ ထိပ်မှာတော့ ခဲအလေးတစ်ခုကို တပ်ထားပြီး အဲဒီအလေးက ပစ်စတင် အပေါ်တက်သွားတဲ့အခါ အောက်ကျအောင် ဆောင်ရွက်ပေးတာပါ။
ပစ်စတင်ရှိတဲ့ စလင်ဒါအတွင်းပိုင်းမှာ လေဟာနယ်ဖြစ်ကာ ပစ်စတင် အပေါ်တက်တဲ့အခါတိုင်း ရေဟာ အ၀င်ပိုက်ရဲ့ အဆို့ရှင်ကိုဖြတ်ပြီး ပါလာပါတယ် ဆလင်ဒါပေါ်မှာတပ်ထားတဲ့ ခဲအလေးကြောင့် ပစ်စတင်ဟာ အလိုလို ပြန်ကျသွားအခါ ရေ၀င်ပိုက်ထိပ်က အဆို့ရှင်လေးဟာ ပိတ်သွားခဲ့ပြီး ရေထွက်ပိုက် အဆို့ရှင်က ပွင့်သွားတာကြောင့် ရေဟာ ရေထွက်ပိုက်ထဲ ရောက်သွားခဲ့ပါတယ်။ ဒီစက်ရဲ့ အလှတရားကတော့ ချိန်ကိုက်ဖြစ်မှုနဲ့ ပစ်စတင်တွေရဲ့ အစဉ်လိုက်လှုပ်ရှားမှုကို ထိန်းချုပ်တာဖြစ်ပါတယ်။
လူတွေဟာ စက်ပစ္စည်းတွေအပေါ်မှာ မှီခိုလို့ မရသေးတဲ့အချိန်၊ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ကားတွေ၊ စက်ဘီးတွေ၊ လျှပ်စစ်ပန့်တွေ မရှိသေးတဲ့အချိန်မှာ ဒီတီထွင်ဖန်တီးမှုက လူ့အဖွဲ့အစည်းအဆင့်အတန်းကို ပြောင်းလဲစေခဲ့ပါတယ်။ ဒီစက်ပစ္စည်းတွေကို အမြောက်အများ မထုတ်လုပ်နိုင်ခဲ့ပေမယ့် မြို့တော်တော်များများမှာ ရေစုပ်စက်တွေ တပ်ဆင်လာနိုင်ခဲ့ပါတယ်။ လူတွေဟာ ရေပုံးနဲ့ မြစ်တွေ၊ ချောင်းတွေမှာ ရေခပ်စရာ မလိုတော့သလို့ ရှဒွဖ်မှာလည်း သွားတန်းစီစရာ မလိုတော့ပါဘူး။ ရေအားကို အသုံးပြုတဲ့ ရေစုပ်စက်တွေ၊ ရေသွယ်မြောင်းတွေကနေ တစ်ဆင့် ခပ်ရုံပါပဲ။
(ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)
(ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)
Comments