သြဂုတ် ၁၆၊ ၂၀၁၇
M-Media
(ကိုတင်ရီ တင်ဆက်သည်)
– တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ရှီပြည်နယ် (Shaanxi)၊ ရှန်း (Xi’an) မြို့မှာတည်ရှိတဲ့ ‘ဟွာဂျီရှန်း’ ဗလီဝတ်ကျောင်းတော်ဟာ နိုင်ငံရဲ့ ရှေးဟောင်းသမိုင်းဝင် ဗလီဝတ်ကျောင်းတော် ၄ လုံးမှာ ပါဝင်ပြီး ‘ကျင်ရှူဗလီ’ (Qingxiu Mosque)၊ ‘ဟွာဂျီဗလီ’ (Huajue Mosque)၊ ‘ဒွန်းဒါဗလီ’ (Dongda Mosque) လို့လည်း ခေါ်ဝေါ်ပါတယ်။
အစ္စလာမ်သာသနာရဲ့ အစောပိုင်းကာလဖြစ်တဲ့ သက္ကရာဇ် ၇၄၂ ခုနှစ်၊ တန်မင်းဆက် (၆၁၈-၉၀၇) လက်ထက်မှာ ဆောက်လုပ်ခဲ့တာဖြစ်တယ်လို့ ပြောစမတ်ရှိပြီး နောက်ပိုင်း တရုတ်မင်းဆက်လက်ထက်တွေမှာ ဒီဗလီဝတ်ကျောင်းတော်ကို ထိန်းသိမ်းခဲ့ကြပါတယ်။ လက်ရှိအဆောက်အဦးကတော့ မင်မင်းဆက် (၁၃၆၈-၁၆၄၄) လက်ထက်မှာ ဆောက်လုပ်ခဲ့တာဖြစ်ပြီး ချင်မင်းဆက် (၁၆၄၄-၁၉၁၁) လက်ထက်မှာ ပရ၀ုဏ်ကို ချဲ့ထွင်ခဲ့ပါတယ်။
ဟွာဂျီရှန်း ဗလီဝတ်ကျောင်းတော်ဟာ တရုတ်နိုင်ငံရဲ့ ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ယခုအချိန်အထိ တရုတ်မွတ်စလင်တွေက အသုံးပြုနေပါတယ်။ ဗလီဝတ်ကျောင်းတော်ကို ထိန်းသိမ်းဖို့အတွက် ရှန်ရှီပြည်နယ်အစိုးရက တာဝန်ယူထားပါတယ်။
သမိုင်းကြောင်း
အစ္စလာမ်သာသနာ စတင်ပေါ်ပေါက်ခဲ့တဲ့ ၆ ရာစု အစပိုင်းမှာပဲ အာရေဗျက မွတ်စလင် ဆူဖီသူတော်စဉ်တွေရဲ့ သာသနာပြုမှုကြောင့် အထူးသဖြင့် တရုတ်နိုင်ငံ ကမ်းရိုးတန်းဒေသတွေမှာ အစ္စလာမ်သာသနာဟာ အခြေတည်ခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ လူများစု ဟန်လူမျိုးတွေနေထိုင်ရာ နိုင်ငံအလယ်ပိုင်းမှာရှိနေတဲ့ ဒီ ဟွာဂျီရှန်းဗလီဝတ်ကျောင်းတော် နေရာဟာ တန်မင်းဆက်လက်ထက် သက္ကရာဇ် ၇၄၂ ခုနှစ်ကတည်းက ရှိခဲ့တယ်လို့ အဆိုရှိပါတယ်။
ဗလီအဆောက်အဦးကို မင်းမင်းဆက် စိုးစံပြီး ၂၅ နှစ်ကြာတဲ့အချိန် ၁၃၉၂ ခုနှစ်မှာ ပြန်လည် ဆောက်လုပ်ခဲ့ပါတယ်။ တရုတ်ပင်လယ်ပြင်က ပင်လယ်ဓားပြတွေကို အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့တဲ့ ဟွေလူမျိုး နာမည်ကျော် မွတ်စလင်မိသားစုက ပေါက်ဖွားလာတဲ့ ရေကြောင်းဗိုလ်ချုပ် ကျန်းဟီ (Zheng He) က ဦးစီးခဲ့တာဖြစ်ပါတယ်။
၁၄ ရာစုနောက်ပိုင်းကစလို့ ဒီဗလီဝတ်ကျောင်းတော်ကို ပြုပြင်မှုတွေ တောက်လျှောက်ပြုလုပ်ခဲ့ပြီး ယနေ့ခေတ် တွေ့မြင်ရတဲ့ အဆောက်အဦးဟာ မင်နဲ့ ချင်မင်းဆက်တွေလက်ထက်က လက်ရာဖြစ်ပါတယ်။
ဗိသုကာလက်ရာ
အလျား ၂၄၈ မီတာ၊ အနံ ၄၈ မီတာရှိပြီး စုစုပေါင်း စကွဲယားမီတာ ၁၂၀၀၀ အကျယ်ရှိတဲ့ ဒီဗလီဝတ်ကျောင်းတော်ကို အကန့် ၅ ကန့်ခွဲထားပြီး သမရိုးကျဗလီပုံစံထက် တရုတ်ဘုံကျောင်းတစ်ခုနဲ့ ဆင်တူပါတယ်။
အကန့်တစ်ခုချင်းစီမှာ အထိမ်းအမှတ်အဆောက်အဦး၊ မုခ်ဦးပါ ၀င်ပေါက်၊ နားနေဆောင်၊ နံရံကြီးတွေ၊ မြက်ခင်းပြင်နဲ့ ဘုံပြသာဒ်တွေလည်း တည်ရှိပါတယ်။ ဘုံကျောင်းနဲ့မတူတာက ဗလီဝတ်ကျောင်းကို အရှေ့ဖက်ကနေ အနောက်ဖက်ကို တူရူကာ မက္ကာမြို့ရှိရာဖက်ကို ဦးတိုက်တည်ဆောက်ထားတာပါ။
ပထမအကန့်မှာ ချင်မင်းဆက်လက်ရာ ဂိတ်ပေါက်ဝရှိပြီး၊ ၀တ်ပြုဆောင်ရှိရာ စတုတ္ထအကန့်မှာတော့ ဇာမဏီငှက် ပျံသန်းနေတဲ့ပုံသဏ္ဍာန် ‘ဖုန်းဟွာတင်’ လို့ခေါ်တဲ့ အမိုးပါဂိတ်ပေါက်၊ ၆ ထောင့်အမိုးနဲ့ နားနေဆောင်တွေ ဒီအကန့်မှာ ရှိပါတယ်။
အခြားအဆောက်အဦးတွေဖြစ်တဲ့ ပိဋကတ်တိုက်၊ ရှေ့ဆောင်အီမာမ် နေထိုင်ရာအခန်း၊ ၀ူဇူ ကိုယ်လက်သန့်ရှင်းဆောင်တွေလည်း ဗလီပရ၀ုဏ်အတွင်းမှာ တည်ရှိပါတယ်။ ၀တ်ပြုဆောင်ဟာ တစ်ချိန်တည်းမှာ လူ ၂၀၀၀ လောက် ၀တ်ပြုနိုင်ပြီး၊ ၀တ်ပြုဆောင်ရဲ့ အရှေ့မှာ ကွင်းပြင်ကျယ်ကြီး ရှိပါတယ်။
ဟွာဂျီရှန်း ဗလီဝတ်ကျောင်းတော်ထဲမှာ ကျောက်ထွင်းစာ၊ လောပန်ခွက်တွေ၊ ကုရ်အာန်ကျမ်းစာ၊ စာပန်းချီကားတွေ၊ ရှေးဟောင်းမီးအိမ် စသဖြင့် ယဉ်ကျေးမှုဆိုင်ရာ အဖိုးမဖြတ်နိုင်တဲ့ ပစ္စည်းတွေ ရှိနေပါတယ်။ နံရံတွေနဲ့ အဆောက်အဦးတွေတိုင်းမှာ ငှက်ပုံ၊ သစ်ပင်ပန်းမန်ပုံ၊ အရာဝတ္ထုပုံတွေ၊ ကုရ်အာန်ကျမ်းတော်မြတ်ကစာသားတွေ၊ ကဗျာ၊ လင်္ကာတွေကို တရုတ်နဲ့ အာရဘီအက္ခရာတွေနဲ့ လက်ရာမြောက်စွာ ရေထိုး၊ ထွင်းထုထားတာတွေကိုလည်း တွေ့နိုင်ပါတယ်။
ဗလီဝတ်ကျောင်းတော်ရဲ့ သမိုင်းကြောင်းနဲ့ ပြုပြင်ထားမှုရက်စွဲတွေကို ကျောက်ပြားတွေမှာ ထွင်းထုထားပါတယ်။
ဒုတိယအကန့်မှာတော့ စုန့်မင်းဆက်နဲ့ မင်မင်းဆက်လက်ထက်တွေက လက်ထက်က နာမည်ကျော် စာပန်းချီပညာရှင်တွေဖြစ်ကြတဲ့ မီဖူနဲ့ ဒုံးချီချန်တို့ရဲ့ လက်ရာတွေ ရှိပါတယ်။ ယွမ်မင်းဆက် (၁၂၇၁-၁၃၆၈) လက်ထက်မှာ နာမည်ကျော် တရုတ်မွတ်စလင် သူတော်စဉ်ကြီးတစ်ပါး ကူးယူရေးသားခဲ့တဲ့ ကုရ်အာန်ကျမ်းတော်မြတ် လက်ရေးမူကိုလည်း ဒီဗလီဝတ်ကျောင်းတော်ထဲမှာ ထိန်းသိမ်းထားပါတယ်။
တတိယအကန့်ဟာ မုရာကဘာထိုင်ရာ (တရားထိုင်ရာ) အဆောက်အဦးတစ်ခုရှိပြီး ‘ချင်းရှုဒီယန်’ လို့ခေါ်ပါတယ်။ ‘ရှန်းဇင်လူ’ လို့အမည်ရတဲ့ ဘုံပြသာဒ် ၃ ဆင့်ပါဝင်တဲ့ မျှော်စဉ်တစ်ခု ဒီအကန့်မှာရှိပြီး အပေါ်ဆုံးထပ်ကို ၀တ်ပြုဖို့နှိုးဆော်တဲ့နေရာ (မင်နာရတ်) အဖြစ် အသုံးပြုကာ ဒုတိယအထပ်ကို လကြည့်မျှော်စင်အဖြစ် အသုံးပြုပါတယ်။
ဗလီဝတ်ကျောင်းတော်ရဲ့ ဗိသုကာလက်ရာဟာ တရုတ်ရိုးရာနဲ့ အစ္စလာမ့် ဗိသုကာလက်ရာတို့ကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။
သမိုင်းဝင်နေရာ
၁၉၅၆ ခုနှစ်မှာ ဒီဗလီဝတ်ကျောင်းတော်ကို သမိုင်းဝင်နေရာနဲ့ ယဉ်ကျေးမှုနယ်မြေအဖြစ် သတ်မှတ်ခဲ့ပြီး ရှန်ရှီပြည်နယ် အစိုးရက တာဝန်ယူစောင့်ရှောက်ထားပါတယ်။ ၁၉၈၈ ခုနှစ်မှာတော့ ဗဟိုအစိုးရက စီမံကိန်းချပြီး ထိန်းသိမ်းစောင့်ရှောက်ရမယ့် အမျိုးသားသမိုင်းဆိုင်ရာ ယဉ်ကျေးမှုနယ်မြေအဖြစ် သတ်မှတ်ခဲ့ပါတယ်။
Ref: chinaculture.org, wiki, sacred-destinations.com
အာရှမှ ရှေးဟောင်းသမိုင်းဝင်ဗလီများ တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို ဤနေရာတွင် သွားရောက် ဖတ်ရှုနိုင်ပါတယ်။
Comments