ဆယ်စုနှစ်များစွာ အစစအရာရာ ယိုယွင်းခဲ့ရသည့် အမိတိုင်းပြည် နိုင်ငံတကာစာမျက်နှာမှာ အလျင်အမြန်နေရာယူဖို့ရာ ရေရှည်၊ရေတို စီမံကိန်းများချမှတ် အကောင်အထည်ဖော်ရန် လိုအပ်သည်ဆိုသည်မှာ ကျွန်ပ်လိုပဲ ပြည်သူတိုင်း နားလည်သဘောပေါက်ပါလိမ့်မည်။ “တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ” ဆိုသည့်ဆိုရိုးနှင့် အညီ မည်သည့်စီမံကိန်းမဆို စဆောင်-လိုပြောင်း လုပ်ရင်း အကောင်းဖက်သို့ ဦးတည်ရန်ကြိုးစားရမည်သာ။
စာရေးသူ ကျွန်တော် ၈၈၈၈-အရေးတော်ပုံကြီးနှင့် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားအဖြစ် ၁၉၉၆- ကျောင်းသားအရေးတော်ပုံတို့ကို ဖြတ်သန်းခဲ့ဖူးတယ်။ အခြေခံလူတန်းစား ဘ၀သမားမို့ “ငါ့သားကို ပညာအမွေသာပေးနိုင်တယ် ကြိုးစားသား” ဆိုတဲ့ အမေ့စကားရိပ်အောက် စွမ်းစွမ်းတမံကြိုးစားရင်း ဒီကနေ့ နိုင်ငံတကာကျောင်းတော်ကြီးတွေမှ အင်ဂျင်နီယာ ပါရဂူဘွဲ့အထိ စွတ်ခူးခဲ့လေပြီ။ ကျောင်းတော်ကြီးတွေပိတ်၊ ပညာရေးစနစ်တွေယိုင်၊ လူမှုဘ၀တွေကျဆင်းလာရင်း တိုင်းပြည်အရာရာ ချွတ်ခြုံကြသွားနေသည့်အတွက် မိမိတို့ ပညာရေး၊ စားဝတ်နေရေး၊ ဘ၀တိုးတက်ရေးတွေအတွက် နိုင်ငံတကာသို့ထွက် ဘ၀တိုးတက်အောင် ကြိုးစားနေကြရသည့် မြန်မာတွေ သိန်းဂဏန်းခံ့ရှိနိုင်သည်။ မိမိတို့ရောက်ရှိရာ နိုင်ငံရပ်ခြားတွင် နေထိုင်ကြိုးစားနေခြင်းကြောင့် ထိုတိုင်းပြည်များ ဖွံ့ဖြိုးတိုးတက်ရေး တစ်ခမ်းတစ်ကဏ္ဍ အကျိုးသက်ရောက်မှု ရှိနေပေမယ့် မြန်မာပြည်အတွက်တော့ ထိုပညာရှင်မျိုးစုံ လက်လွတ်ဆုံးရှုံးရသည့် (Brain Drain) အတွက် လွန်စွာ နစ်နာလှပေသည်။
ပြည်ပရောက်မြန်မာတွေ အမိမြေကို ချစ်ကြသည်မှာမလွှဲ။ အမိတိုင်းပြည်ကို တိုးတက်စေချင်ကြသလို မိမိတတ်ကျွမ်းရာ နိုင်ငံရပ်ခြား ပညာ-လုပ်ငန်းအတွေ့အကြုံများ တစ်ပွေတစ်ပိုက်နှင့် လာရောက် အကျိုးပြုလိုကြသည် မှာလဲ အသေအချာ။ သို့သော် ဒေသတွင်း တည်ငြိမ်မှုလျော့ပါးခြင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်း၊ သာတူညီမျှပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ နည်းနေသေးခြင်း၊ ခွဲခြားဆက်ဆံမှုတွေ အလျင်းမပျောက်သေးခြင်း စသည်တို့သည် နိုင်ငံ့ပညာရှင်များအတွက် များစွာအဟန့်အတား ဖြစ်နေသေးသည်။ “တရုတ်ပြည် ပြန်လည်ထူထောင်ရေးနှင့် နိုင်ငံခြားရောက် တရုတ်ပညာရှင်များ၏ အရေးပါပုံ” သည် လေ့လာအပ်သော သမိုင်းဥပမာတစ်ခုဖြစ်သည်။ ဖွံ့ဖြိုးဆဲအဆင့်ကိုရောက်ရန် ကြိုးစားဖြတ်သန်းနေရသည့် အမိမြန်မာပြည်ကြီး နိုင်ငံတကာ့အလယ်မှာ ရင်ကော့ခေါင်းမော့ရင်း “တို့မြန်မာ” ဆိုသည့် ဂုဏ်ကို အမြန်ဆုံး ရစေချင်လှပြီ။ ဒီ့အတွက် စဉ်းစားမိသည့် အတွေးတစ်ခုက- အကယ်၍များ ကျွန်ုပ်သာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ အကြံပေးဖြစ်လာရလျှင်….တိုင်းပြည်အတွက် ဘာအကြံကောင်းများ ပေးနိုင်မည်နည်း….ပေါ့။ အကြံကောင်းဆိုသည့်အပိုင်းမှာ ၃-ပိုင်း ဆွေးနွေးပါမည်။
၁) ၀န်ထမ်း အခန်းကဏ္ဍ
ဝန်ထမ်းတိုင်း ငါတို့သည် ပြည်သူ့ဆန်စားနေသည့် အကျိုးပြုဝန်ထမ်းကောင်းများ အစဉ်ဖြစ်နေရမည်။ ဤခံယူချက်နှင့်အညီ ပြောဆိုဆက်ဆံ ၀န်ဆောင်မှုပေးရာတွင်လည်း ပြည်သူ့ဘ၀တွေ တိုးတက်စေရေးကိုသာ ရှေ့ရှုလုပ်ဆောင်ရန်လိုအပ်သည်။ “ရေမြင့်လေ ကြာတင့်လေ” ဆိုသည့်စကားအတိုင်း ပြည်သူ့ဘ၀တွေတိုးတက်မှ ၀န်ထမ်းတို့သိက္ခာလှစေမည်ကို မမေ့အပ်ပေ။ အထပ်တစ်ရာမြင့် အဆောက်အအုံတည်ဆောက်ဖို့ (ဘိလပ်မြေ-အုတ်-သဲ-ကျောက်-ထုံး-သံ-ရေ)များအား အချိုးညီ ပေါင်းစပ်ပြီး မှန်ကန်သည့် နည်းပညာသုံးနိုင်မှ ဖောင်ဒေးရှင်းကောင်းဖြစ်လာနိုင်သလို တိုင်းပြည်တစ်ပြည် အနာဂတ်တိုးတက်ရန်မှာလည်း ဖောင်ဒေးရှင်းဖြစ်သည့် ပြည်သူအားလုံး၏ အယုတ်အလတ်အမြတ်မရွေး ညီညာခွန်အားများအား ပြည်သူ့ဝန်ထမ်းတို့၏ ပန်းထိမ်ဆရာသဖွယ် မှန်ကန်သည့် ၀န်ဆောင်မှု ပြုနိုင်သည့်အပေါ်မှာ မူတည်သည်။
သို့ပါ၍ ၀န်ထမ်းများ (အုပ်ချူပ်ရေး၊ တရားစီရင်ရေး၊ နယ်မြေအေးချမ်းသာယာရေး၊ ဥပဒေပြုရေး၊ စီမံခန့်ခွဲရေး၊ ကာကွယ်ရေး) ၀န်ဆောင်မှုပြုရာတွင် ပြည်သူအပေါ် ချိုသာလေးစားစွာဆက်ဆံရေး၊ ဒုက္ခ၀န်ထုပ် မဖြစ်စေရေး၊ ဘက်လိုက်-ခွဲခြားဆက်ဆံမှု ရှောင်ရှားရေး၊ ၀န်ထမ်းကျင့်ဝတ် ထိမ်းသိမ်းရေး၊ သမာသမတ်ရှိပြီး တရားမျှတရေး၊ ဥပဒေဘောင်အတွင်း နေထိုင်ကျင့်ကြံ ဆောင်ရွက်ရေး၊ မိမိကိုယ်ကျိုးထက် တိုင်းပြည်အကျိုး မျှော်ကိုးဆောင်ရွက်ရေး၊ တိုင်းပြည်နှင့် ပြည်သူ့ပေါ် သစ္စာစောင့်သိရေး၊ ၀န်ဆောင်မှုများအား မှန်ကန်စွာဖော်ဆောင်ရေး၊ ပွင့်လင်းမြင်သာမှုရှိရေး၊ ချစား ၀န်ထမ်းများအား ထိရောက်စွာဖော်ထုတ်နိုင်မည့် (Anti-Corruption Agency) ဖြင့် ပြန်လည်ထိမ်းချူပ်ရေး အစရှိသည်တို့ကို ဆောင်ရွက်ရမည်။ စင်ကာပူနိုင်ငံ၏၀န်ထမ်းများ ၀န်ဆောင်ပေးမှုသည် လေ့လာအပ်သော သာဓကတစ်ခုဖြစ်သည်။
၂) ပြည်သူ့ အခန်းကဏ္ဍ
သမိုင်းကြောင်းအရ စစ်အာဏာရှင်အောက် တိုင်းပြည်ပြန်ရောက်သွားခဲ့စဉ်က- တစ်ခါးပိတ်စီးပွားရေးဝါဒ၊ ကိုလိုနီပညာရေးစနစ်ဟု မှတ်ယူဆန့်ကျင်၊ ဓနသဟာရနိုင်ငံများ အုပ်စုမှခွဲထွက် စသည့်စီမံကိန်းများကိုသုံး တစ်သံ-တစ်မိန့်အောက် ဆယ်စုနှစ်အချို့ကြာ အုပ်ချူပ်ခံဘ၀ ဖြစ်လာခဲ့ရသည့်အတွက် အိမ်နီးချင်းနိုင်ငံများ ဖွံ့ဖြိုးဆဲအဆင့်သို့ တိုးတက်သွားနေချိန် မြန်မာပြည်သူတွေ၏ စိတ်ဓာတ်အတွေးခေါ်-စီးပွား-ပညာ-လူနေမှုဘ၀အစုံ ချွတ်ခြုံကျနေခဲ့ရသည်။ တိုးတက်သောနိုင်ငံများအဖို့ အယူအဆ-ဓလေ့-ကိုးကွယ်မှု-အသားအရောင် မတူကွဲပြားသည့် ဘက်ပေါင်းစုံ (rich cultural strength) ကို အင်အားစုအဖြစ် ဖန်တီးနေချိန် အမိမြန်မာပြည်အတွက်တော့ ထိုအခြေအနေရောက်ရန် အလွန်တရာ အလှမ်းဝေးနေသေးသည်။ ၂-နှစ်သားဝန်းကျင်သာ ရှိသေးသည့် လက်ရှိအစိုးရအတွက် “ဟတ်ချလောင်း”ဆိုပြီး အရာရာ မပြောင်းလဲနိုင်သေးသည်မှာ မှန်ပေမယ့် ၀န်ထမ်းဆိုင်ရာ၊ ပြည်သူဆိုင်ရာ၊ ပူးပေါင်းလုပ်ဆောင်မှုဆိုင်ရာများဟူ၍ စီမံကိန်းများချမှတ် အကောင်အထည် ဖော်ရပေတော့မည်။
၃)အစိုးရ-ပြည်သူ ပူးပေါင်းလုပ်ဆောင်ရမည့် အခန်းကဏ္ဍ
နိုင်ငံတစ်နိုင်ငံကို ပမာဆိုရလျင်- တိုင်းပြည်တိုးတက်စေမည့် “ပြည်သူတို့၏လုပ်အားသည် ပဋိပက္ခကင်း ညီညွတ်ခြင်းအပေါ်တည်” အဖြစ်စံနှုန်းမှတ်ယူကာ ပြည်သူတို့၏ စိတ်ဓာတ်-ပညာ-သဟဇာတ အစဉ်ရှိနေစေဖို့ ပညာသင်ကျောင်းများမှ လူမှုအသိုင်းအ၀န်းအားလုံးထိ အသိ-သတိ (educate, motivate, brainstorm) မြှင့်တင်ပေးသလို တစ်ဖက်မှာလည်းပဲ သာတူညီမျှ အခွင့်အရေးရရှိစေဖို့ ဥပဒေရေးရာ ထိမ်းကျောင်းမှုများ (Anti-Racism Law, Multiculturalism, Anti-Discrimination) ဖြင့် ဘောင်ခတ်ထိမ်းချူပ်ထားသည်ကို တွေ့နိုင်သည်။
မြန်မာအချို့ မှတ်ယူနေသည့် ဓလေ့တစ်ခုက- မိမိ၏ကိုယ်နှုတ်အမူအယာဖြင့် လူတစ်ဖက်သားအား ထိခိုက်လိုက်ခြင်းကိုပင် တစ်ဖက်သောသူ နစ်နာသွားသည်ဟု မမှတ်ယူခြင်းပင်။ ဥပမာ- ငမဲ၊ တောသား၊ ဂျပု၊ အိမ်စေ၊ လူနည်းစုဘာသာဝင်များအပေါ် ပစ်မှတ်ထား ခေါ်ဝေါ်သမုတ်မှုများ၊ မရှိဆင်းရဲသားများအား မတူမတန် ဆက်ဆံမှုများ၊ အမူအယာဖြင့် နှိမ်ချစော်ကားမှုများ၊ ဘ၀ပေးကုသိုလ်ကံကြောင့် ကိုယ်လက်အင်္ဂါချွတ်ယွင်းသူများအား ခွဲခြားဆက်ဆံအခေါ်အဝေါ်များ စသည်တို့ကို ဓလေ့တစ်ခုသဖွယ် မှတ်ယူနေခြင်းကို စိတ်မကောင်းဖွယ်ရာ တွေ့ရသည်။ သို့ဖြစ်လေရာ ပြည်သူတို့၏ စိတ်ဓာတ်-ပညာ-သဟဇာတမြှင့်တင်ခြင်း၊ ဥပဒေရေးရာ ထိမ်းချူပ်ကြိုးညှိမှုများ ပြုလုပ်ရင်း ကွာဟနေသည့် လူမှုအသိုင်းအ၀ိုင်းကို စွမ်းအင်အဖြစ်ပြောင်းလဲရန် ကြိုးစားဖို့လိုသည်။ ဤကိစ္စများတွင် ပြည်သူနှင့် နေ့တစ်ဓူဝ ထိစပ်နေသည့် သတင်းမီဒီယာ၊ အနုပညာနယ်ပယ်၊ ဘာသာပေါင်းစုံလူ့အဖွဲ့အစည်း၊ လူမှုရေး ငြိမ်းချမ်းရေး ပရဟိတအဖွဲ့စုံ၊ အစိုးရယန္တယား အစရှိသည်တို့၏ ပူးပေါင်းဆောင်ရွက်မှု လွန်စွာအရေးကြီးသည်။
တစ်ဆက်တည်းမှာပဲ “ပညာလို အိုသည်မရှိ” ဟုဆိုရာနှင့်အညီ ပြည်သူတွေကိုယ်စီ ပညာတတ်ဖို့လိုပြီ။ ဗဟုသုတပေးသည့် စာတွေဖတ်ဖို့လိုပြီ။ မိမိတို့၏ သားသမီးများအား ခေတ်ပညာအမွေ ပေးကိုပေးရမည်။ ကျောင်းပညာ မဖြစ်မနေသင်ကြားရမည့် ဥပဒေပြဌာန်းရမည်။ ပညာသင်ကြားပေးခြင်းကြောင့် မိဘပြည်သူများအတွက် ၀န်ထုပ်ဝန်ပိုးမဖြစ်စေရန် လိုအပ်သည့် ပညာရေးစရိတ်ဘတ်ဂျက်များ တိုးမြှင့် သုံးစွဲရမည်။ မိဘပြည်သူများ အရေးပေးအားကိုးရလောက်မည့် ပညာသင်ကြားခြင်းစနစ်၊ ကျက်ဖြေစနစ်မဟုတ်ဘဲ တွေးခေါ်ဆင်ခြင်လေ့လာသုံးသပ်နိုင်သည့် နိုင်ငံကြီးသုံး ပညာရေးစနစ်မျိုးကို မြှင့်တင်ရမည်။ သို့မှသာ အမှန်တရားအပေါ် ရဲရဲဝံ့ဝံ့ ရပ်တည်ဖလှယ်တတ်သော၊ ပြောရဲဆိုရဲသတ္တိခဲစိတ်ရှိသော၊ အချောက်တရားပေါ် မကြောက်တတ်သော၊ နိုင်ငံတကာနှင့် ယှဉ်ပေါင်တန်း တွေးခေါ်ဆင်ခြင် လုပ်ဆောင်တတ်သော နိုင်ငံ့အကျိုးဆောင်များစွာ ပေါ်ထွန်းလာနိုင်ပေမည်။
ဆိုတော့ကာ- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စာရေးသူတို့ နိုင်ငံတကာအခမ်းအနားကြီးတစ်ခုမှာ “သဟဇာတလူ့အဖွဲ့အစည်း (Harmonious Society)မှ တိုးတက်သောနိုင်ငံတော်ကြီးဆီ အရောက်လှမ်းနိုင်ရေး” ဆွေးနွေးခဲ့ဖူးသည့်အတိုင်း အထက်ဖော်ပြပါ အကြံပြုချက်များအား ဘက်ပေါင်းစုံမှ ဟန်ချက်ညီညီ ဆောင်ရွက်သွားနိုင်မှသာ တိုင်းပြည်တိုးတက်ပြောင်းလဲမှုများ သိသိသာသာပေါ်ထွန်းလာမည်သာမက “ပါတီကိုကြည့် မဲထည့်ပါ” “ပြောင်းလဲချိန်တန်ပြီ” ဆိုခဲ့သည့် စကားအားမာန်များ ၂၀၂၀-ရွေးကောက်ပွဲကာလမတိုင်မီ အကျိုးသက်ရောက်လာနိုင်မည်ဖြစ်ပါကြောင်း။
ဒေါက်တာ သိန်းမိုးဝင်း (01-Nov-2017)
The University of New South Wales, Sydney, Australia, +614 5138 9185
Comments