6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၂၀ ၊ ၂၀၁၂
M-Media

စာရေးသူမျှဝေချင်တဲ့ “အမှောင်စိတ်” ဆိုတာကတော့ မနာလိုဝန်တိုမှု၊ သိမ်ငယ်မှု၊ လိုတာထက် ပိုနေတဲ့ လောဘ၊ ဒေါသ၊ မောဟ။ အဲဒါတွေကြောင့်ဖြစ်တဲ့ “အမှောင်စိတ်”နဲ့ အပြုသဘောဆောင်ပြီး ကိုယ်ချင်းစာနားလည်ပေးတတ်တဲ့၊ သူ့ဘက်ကိုယ့်ဘက် မျှမျှတတကြည့်ပေးတတ်တဲ့ “အောင်စိတ်”တွေ အကြောင်းပါ။ အဲဒါတွေကို အဓိကဆိုလိုပါတယ်။

ယနေ့ခေတ်မှာ လူတော်တော်များများကို လေ့လာကြည့်တဲ့အခါ အနည်းဆုံးတော့ လူ(၁၀)ယောက်မှာ (၈)ယောက်ခန့်ဟာ ရောဂါတစ်ခုမဟုတ်တစ်ခုကို ခံစားနေရပါတယ်။ စိတ်ကျရောဂါ၊ စိတ်ကြွရောဂါ အစရှိတဲ့ စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ် ခံစားရတဲ့ရောဂါတွေ အပါအ၀င် အဲဒီလို စိတ်ပိုင်းဆိုင်ရာရောဂါတွေကတဆင့် နှလုံး၊ သွေးတိုး အစရှိတဲ့ ရောဂါကြီးတွေအထိပါ ဖြစ်ပေါ်ခံစားနေရတာတွေလည်းရှိပါတယ်။ စာရေးသူကတော့ ဒီခေတ်မှာ အဖြစ်များတဲ့ ရောဂါတွေ အကြောင်းကို ဆေးပညာဆိုင်ရာ ရှုထောင့်ကနေ တင်ပြမှာမဟုတ်ပါဘူး။ ဒီနေ့ခေတ်မှာ ပြောင်းလဲဖြစ်ပေါ်နေတဲ့ လူအများစုရဲ့ လူနေထိုင်မှုစရိုက်၊စိတ်ဓာတ်ပိုင်းဆိုင်ရာ တွေကိုဖေါ်ပြပြီး ငြိမ်းချမ်းသာယာစွာနဲ့ အောင်မြင်တဲ့ ဘ၀တစ်ခုကို ဘယ်လိုဖြတ်သန်းမလဲ ဆိုတာကို စာရေးသူရဲ့အတွေ့အကြုံတွေ၊ လေ့လာမှု တွေနဲ့ယှဉ်ပြီး မျှဝေချင်တာပါပဲ။

Hyper Competition (ပြိုင်ဆိုင်မှုများမြင့်မားလာခြင်း)

ဟုတ်ပါတယ်။ ဒီနေ့ခေတ်မှာ အားလုံးသိကြတဲ့အတိုင်းပဲ ပြိုင်ဆိုင်မှုတွေမြင့်မားပါတယ်။ လူတစ်ဦး တစ်ယောက်ချင်းက ဂုဏ်ဓနတွေ ပြိုင်တယ်။ ပညာတွေပြိုင်တယ်။ နောက်ဆုံး ကိုယ်ရဲ့ အိမ်ထောင်ဘက် ရွေးတာတောင်မှ “ငါတို့က ဘယ်လိုလူမျိုးကိုမှရွေးတာ” ပြိုင်ပါတယ်။ ကုမ္ပဏီအချင်းချင်း၊ အဖွဲ့အစည်းအချင်း ချင်းကလည်း ပြိုင်တယ်။ လူမျိုးအချင်းချင်း၊ တိုင်းပြည်အချင်းချင်းလည်း ပြိုင်တယ်။ ဒီလိုပြိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ တော်တော်များများက “ပြိုင်ဆိုင်မှုရှိမှ တိုးတက်တာ”လို့ပြောကြပါတယ်။ စာရေးသူက ဒီအချက်အပေါ် အငြင်းမပွားပါဘူး။ ပြောချင်တာလေးတစ်ခုက စာရေးသူတို့ “ပြိုင်ဖို့အတွက် အသင့်ဖြစ်ပြီလား” ဆိုတာပါပဲ။

ပြိုင်ဖို့အတွက်အသင့်ဖြစ်ပြီလားဆိုတာကတော့ ဥပမာ-ပြိုင်ပွဲတစ်ခုကိုပြိုင်မယ်ဆိုရင် အရှုံး၊ အနိုင်ဆိုတာရှိပါတယ်။ ပြိုင်ဆိုင်မှုမြင့်မားတဲ့ ပွဲတွေမှာ (ဥပမာ… ဘောလုံးပွဲတွေမှာတောင် ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်၊ ဖိုင်နယ်)အစရှိတဲ့ အဆင့်မြင့်လာတဲ့ပြိုင်ဆိုင်မှု အခြေအနေတစ်ရပ်မှာ “သရေ”ကျလို့မရပါဘူး။ ဒါ အားလုံးသိပါတယ်။ အဲဒီတော့ ဒီနေရာမှာ (သရေ) ကျတယ်ဆိုတာကို ခဏလေး ခြွင်းချက်ထားလိုက်ရအောင်။ ကဲ…ကောင်းပြီ။ အဲဒါဆို ပြိုင်ပွဲတစ်ခုကို ၀င်ပြိုင်လို့ နိုင်ရင်ဘာဖြစ်မလဲ၊ ရှုံးရင် ဘာဖြစ်မလဲ။ ကိုယ့်ရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာတွေ အသင့်ဖြစ်ပြီလား။ ဘောလုံးပွဲ ၀င်ချင်ရင် ဘောလုံးကန်တာလေ့ကျင့်၊ နည်းစနစ်တွေ၊ တစ်ဖက်ပြိုင်ဘက်အသင်းရဲ့ပရိယာယ်တွေ၊ ပြိုင်ဘက် အသင်းကစားသမားတွေရဲ့အရည်အချင်းတွေ သိအောင်လုပ်။ ပြီးရင် နည်းဗျူဟာအမျိုးမျိုး၊ မဟာဗျူဟာအမျိုးမျိုးကိုဖန်တီးပြီး ပြိုင်ဘက်အသင်းကို နိုင်အောင်လုပ်ရမယ်။ ဒါတွေကအပိုင်းတစ်ပိုင်း။ အခု စာရေးသူပြောနေတဲ့အပိုင်းက ပြိုင်ဆိုင်လို့ ရရှိလာ တဲ့ရလဒ်အပေါ် ဘယ်လို စိတ်ထားမလဲ။ ခပ်လွယ်လွယ်ပေါ့ပေါ့လေးပြောကြည့်ရအောင်။ “နိုင်သွားရင်တော့ အကောင်းဆုံးပဲ၊ ရှုံးသွားရင်လည်း အရှုံးထဲကနေသင်ခန်းစာယူကြတာပေါ့”။ အဲဒီလိုအရှုံးထဲကနေ သင်ခန်းစာယူနိုင်ရင်တော့ အကောင်းဆုံးပါ။

ကိုယ့်ကိုယ်နိုင်သွားတဲ့လူကိုလည်း “ခင်ဗျားအတွက်ကျွန်တော် ဂုဏ်ယူပါတယ်” ဆိုပြီး လက်ဆွဲ နုတ်ဆက်ပေးနိုင်မလား။ အဲဒီလိုစိတ်ထားမျိုးရပြီလား။ အကျယ်ချဲ့ပြောရင်တော့ အရှည်ကြီးပါ။ စာရေးသူမျှဝေချင်တာလေးကို အဓိကထားပြီး ပြောပါ့မယ်။ စာရေးသူတို့ နေ့စဉ်နှင့်အမျှ လှုပ်ရှားနေတဲ့ပတ်ဝန်းကျင်မှာ ပညာအရည်အချင်း၊ ရုပ်ရည်၊ ငွေကြေးပိုင်ဆိုင်မှု စတာတွေမှာ ကိုယ့်ထက်သာတဲ့လူလည်းရှိမယ်၊ ကိုယ့်နဲ့တန်းတူလူတွေရှိသလို လိုအပ်ချက်ရှိနေတဲ့လူတွေ လည်း ရှိပါတယ်။ ဒီလူတွေအပေါ် ဘယ်လိုသဘောထားမလဲ။ လူတော်တော်များများရဲ့ အတွင်းစိတ် သဘောက ဘယ်လိုလဲ။ ဒီနေရာမှာ စာရေးသူက စာရေးဆရာ လယ်တွင်းသားစောချစ်ရဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ကို မျှဝေချင်ပါတယ်။။

မြို့တစ်မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်လေးတစ်ခုမှာပေါ့။ ငွေရေးကြေးရေး နည်းနည်းချောင် လည်တဲ့မိသားစုတစ်စုရှိတယ်။ အဲဒီအချိန်က လူတိုင်း၊ အိမ်တိုင်းမှာ TV ၀ယ်မကြည့်နိုင်တဲ့ အချိန်။ အဲဒီအချိန်မှာ အဲဒီငွေကြေးချောင်လည်တဲ့မိသားစုက TV လေးတစ်လုံးဝယ်လိုက်တယ်။ အဲဒီတော့ သူတို့ရပ်ကွက်ထဲက လူကြီး၊ ကလေး အကုန်လုံးက အဲဒီအိမ်မှာ TV လာကြည့်ကြတယ်။ အိမ်ရှင်လင်မယားက အရမ်းဖေါ်ရွေတယ်။ သူတို့အိမ်မှာ TV လာကြည့်တဲ့လူတွေကို မငြူစူတဲ့အပြင် စားစရာတွေပါချကျွေးတယ်။ ကလေးချီပြီး TV လာကြည့်တဲ့ကလေးအမေအချို့ကြောင့် သူတို့အိမ်မှာ ကလေးက ရှူရှူးပေါက်ရင်တောင် အပြုံးမပျက်ဘူး။ အဲဒီလို ဖေါ်ရွေတဲ့လင်မယား။ တစ်ရပ်ကွက်လုံးက သူတို့လင်မယားကို ချစ်ကြတယ်။ အဲ…တစ်နေ့မှာ သူတို့ အိမ်မှာ TV လာကြည့်နေတဲ့လူတွေထဲက လူတစ်ယောက်က စီးပွားရေးအဆင်ပြေလာလို့ သူ့အိမ်မှာလည်း TV တစ်လုံးဝယ်လိုက်တယ်။ အဲဒီ TV က လက်ရှိသူတို့ ရပ်ကွက်ထဲမှာ တစ်လုံးတည်းသော TV ကိုပိုင်ဆိုင်တဲ့ လင်မယားအိမ်က TV ထက် မော်ဒယ်ပိုမြင့်တယ်။

အဲဒီတော့အဲဒီလူက ၀မ်းသာအားရနဲ့ ယခင်က TV ပိုင်ရှင် လင်မယားကိုသွားပြောတယ်။ “ကျွန်တော်လည်း ခင်ဗျားတို့လိုပဲ TV ၀ယ်လိုက်ပြီ။ ကျွန်တော့်အိမ်မှာလည်း ခင်ဗျား တို့တစ်လှည့်လာကြည့်ကြဦး၊ ခင်ဗျားတို့အိမ်မှာပဲ ကျွန်တော်တို့ TVလာကြည့်နေရတာ ကြာပြီ၊ ကျွန် တော့်အိမ်ကိုလည်း တစ်လှည့်လာကြည့်ကြပါဦး၊ ကျွန်တော်ကလည်း အကျွေးအမွေးနဲ့ပြန်လည်ဧည့်ခံချင်လို့ပါ၊ ကျွန်တော်အခုဝယ်လိုက်တဲ့ TV ကလေးက မော်ဒယ်လည်းမြင့်ပါတယ် အဝေးထိန်းခလုတ် (Remote) ပါ ပါတယ်။ ”အဲဒီလိုသွားပြောတော့ ယခင်က TV ပိုင်ရှင်လင်မယားက တော်တော်ဒေါသထွက် စိတ်ဆိုး သွားပါတယ်။  “တစ်သက်လုံးက ငါတို့အိမ်မှာ TV လာကြည့်နေတဲ့ကောင်ကများ ကြီးကြီးကျယ်ကျယ်” ဆိုပြီးပြန်ပြောလိုက်ပါတယ်။ အဲဒီဝတ္ထုတိုလေးပါပဲ။

Guilty Conscience (ကိုယ့်ကိုယ်ကို မလုံမလဲဖြစ်ခြင်း)။

ဒီနေရာမှာ ထပ်မံတင်ပြချင်တာကတော့ စာရေးသူတို့မှာ တစ်ခါတစ်လေ “ကိုယ့်လိပ်ပြာကိုယ်မလုံ” ဆိုတာလိုဖြစ်တတ်ပါတယ်။ ဒီဝတ္ထုတိုလေးမှာဆိုရင် ယခင်က TV ပိုင်ရှင်လင်မယားက သူတို့ကို ဟိုလူက ဘာကြောင့်သူ့အိမ်မှာ TV ကြည့်ဖို့လာဖိတ်တာလည်း ဆိုတဲ့အချက်ကိုစဉ်းစားရာမှာ “ဒီကောင့်အိမ်က TV က ငါတို့အိမ်က TV ထက် မော်ဒယ်ပိုမြင့်တာကို ကြွားချင်လို့ တမင်လုပ်ဇာတ်ထွင်ပြီး ငါတို့ကိုလာခေါ်တာ”ဆိုတဲ့ စိတ်ကိုအခြေခံပြီးစဉ်းစားပါတယ်။ သူတို့အိမ်က TV မော်ဒယ်ပိုနိမ့်သွားတာကို လက်သိပ်မခံချင်ပါဘူး။

”မလုံမလဲ”ဖြစ်နေတဲ့ပုံပါပဲ။

ဒီအဖြစ်အပျက်လေးကတော့ ရပ်ကွက်ထဲမှာ မိသားစုချင်း တစ်စုနဲ့တစ်စု ကြားမှာ ဖြစ်ပွားခဲ့တဲ့အဖြစ် အပျက်လေးပါ။ ဒီပုံပြင်လေးကို ဆက်စပ်ပြီး စဉ်းစားကြည့်ရအောင်။ အကယ်၍များ ရပ်ကွက်ထဲမှာလိုပဲ တိုင်းပြည်အတွင်းမှာဖြစ်ရင်၊ ဒီတိုင်းပြည်ထဲကို ငါတို့နောက်မှ ရောက်လာသူတွေပါကွာလို့ သတ်မှတ်ခြင်း ခံထားရသောသူများ (ကိုယ်နဲ့ ယုံကြည်ချက်၊ ၀ါဒ၊ အသားအရောင်၊ သွင်ပြင်လက္ခဏာ) မတူသောသူများက ကိုယ့်ထက်ပိုပြီး မော်ဒယ်မြင့်သွားရင်၊ သာသွားရင် (ရပ်ကွက်ထဲမှာ ပထမဆုံး TV ပိုင်တဲ့ TV ပိုင်ရှင် လင်မယား ထားတဲ့စိတ်ဓာတ်မျိုးပဲ ထားကြမှာလား။ စဉ်းစားဖို့တော့သင့်ပါပြီ။ ။)

အခြားတစ်ဖက်မှာလည်း စာရေးသူတို့ ပတ်ဝန်းကျင်မှာ တချို့ ငွေရှိတဲ့သူက သူဘယ်လို ချမ်းသာကြောင်း၊ ပညာတတ်တဲ့လူတွေကြပြန်တော့လည်း သူတို့ ဘယ်လိုကြိုးစားရကြောင်း အားရပါးရ ပြောနေတာတွေကိုကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် ပြန်မလုံမလဲဖြစ်မိပါတယ်။ “သြော်…ငါတို့တော့ သဘင်မပြဲ့ ခံတွင်းမဲ့”သလိုဖြစ်နေပြီလားလို့ သိမ်ငယ် စိတ်တွေဝင်လာပါတယ်။ အဲဒီလို ကိုယ့်လိပ်ပြာကိုယ်မလုံရာကနေ သိမ်ငယ်စိတ်တွေဝင်၊ အဲဒါကို ဘယ်လိုထွက်ပေါက်ပေးသလဲ။ အချို့တော်တော်များများကတော့ “ဟာ..မင်းတို့က မိဘကချမ်းသာတာကိုးကွ၊ မင်းတို့လုပ်ချင်တာလုပ် မင်းတို့မိဘက ပိုက်ဆံထောက်ပံ့နိုင်တာကိုး၊ ငါတို့မိဘသာ မင်းတို့လို ချမ်းသာကြည့်ပါလား၊ မင်းတို့လောက်တော့အပျော့ပေါ့”။ အဲဒီအကြောင်းပြချက်က မှန်သင့်သလောက် မှန်ပါတယ်။ ဒါပေမယ့် အမှန်တကယ်ကတော့ ကိုယ်က ကိုယ့်ဘာသာ သိမ်ငယ်စိတ်တွေဝင်လာလို့ ကိုယ့်စိတ်ကိုထွက်ပေါက်ပေးလိုက်တာ။ နံပါတ်(၁) ကိုယ့်မိဘကို ပြန်စော်ကားသလို ဖြစ်သွားတယ်၊ နံပါတ်(၂) တစ်ဖက်လူရဲ့အမြင်မှာ ကြပြန်တော့ “ဟာ..ဒီကောင် ငါတို့ကို ဘလိုင်းကြီးဖဲ့တာပါ၊ အလကား ဒီကောင် ငါတို့ကို J ၀င် (Jealous) ဖြစ်နေတာပါကွာ” ဆိုပြီး မြင်သွားတယ်။ ဘယ်သူ့အတွက်မှ အပြုသဘောမဆောင်တော့ပါဘူး။ ဒီနေရာမှာဖြည့်စွက်ပြီးတော့ မျှဝေချင်တာကတော့ နှစ်ဖက်စလုံးက Awareness ဖြစ်ဖို့၊ အသိရှိဖို့ လိုပါတယ်။ စီးပွားရေးပိုင်း၊ ပညာရေးပိုင်းဆိုင်ရာမှာ လိုအပ်ချက် တွေရှိနေတဲ့သူတွေ အရှေ့မှာကိုယ်က ကြွားဝါလိုတဲ့စိတ်နဲ့ ကိုယ်ကိုင်ထားတဲ့ နောက်ဆုံးပေါ် Handset ကြီးကို မလိုအပ်ဘဲထုတ်ပြလိုပြ၊ ကိုယ်စီးလာတဲ့ နောက်ဆုံးပေါ်ကားကြီး ဘယ်နိုင်ငံကလာတယ်၊ ဘယ်လောက် တန်ဖိုးကြီးတယ်ဆိုတာပြောလိုပြော၊ ကိုယ်တက်နေတဲ့ အဆင့်မြင့်တက္ကသိုလ်ကြီးကသင်တဲ့သင်ခန်းစာတွေက ဘယ်လိုအဆင့်မြင့်တယ်၊ ဘယ်လိုခက်တယ်ဆိုတာ အရသာခံပြီးပြောလိုပြော”အဲဒီလိုလုပ်နေမယ်ဆိုရင် စဉ်းစားကြည့်ပါ။ ကိုယ့်မှာရှိတဲ့ စွမ်းအားစုတွေ (ငွေကြေး ၊ ပညာ) အစရှိတာတွေက လိုအပ်ချက်ရှိတဲ့လူတွေကို သိမ်ငယ်စိတ်ဖြစ်ပေါ်လာအောင် ဖန်တီးဖို့လား၊ လိုအပ်ချက်ရှိတဲ့လိုတွေကို ဆွဲခေါ်ဖို့ “ကမ်းတဲ့လက်”တွေဖြစ်ဖို့ လား။ ဒါတွေကိုလွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ ကျော်ကတည်းက ကျွန်တော်တို့ရဲ့ နှစ်ဘ၀ သခင်ကျေးဇူးတော်ရှင် တမန်တော်မြတ် မုဟမ္မဒ်(ဆွ)က “ကိုယ့်အိမ်မှာ အိမ်စေတွေရှိရင် သူတို့ကို ပညာ သင်ပေးကြပါ၊ လူ့အဆင့်အတန်းကွာဟချက်ကို နည်းအောင်လုပ်ကြပါ”ဆိုပြီးတော့ မိန့်မှာခဲ့တဲ့ သြ၀ါဒတော်ကို စာရေးသူတို့ မှတ်သားလိုက်နာဖူးပါတယ်။ တမန်တော်မြတ်(ဆွ)ဟာ ကျွန်လူတန်းစားစနစ်ကိုလည်း သိမ်မွေ့တဲ့ ဥာဏ်အမြော်အမြင်ကိုသုံးပြီး နည်းမျိုးစုံနဲ့ တိုက်ဖျက်ခဲ့ပါတယ်။

လိုအပ်ချက်ရှိတဲ့လူတွေကလည်း သိမ်ငယ်စရာမလိုပါဘူး။ ယနေ့အချိန်မှာရော၊ သမိုင်းကြောင်းမှာပါ နာမည်ကြီးခဲ့တဲ့ ပုဂ္ဂိုလ်တွေ (မှတ်မိသလောက်ပြောရရင် … အရင်တုန်းက အက်ဒီဆင်(လျှပ်စစ် မီးတီထွင်သူ)တို့၊ အေဗရာဟင်လင်ကွန်း(အမေရိကန်သမ္မတဟောင်း) တို့ ဟာ ကြေးရတတ် လူအတန်းလွှာက ပေါက်ဖွားလာတာမဟုတ်ပါဘူး။

အခုလည်းကြည့်ပါ။ အခုခေတ်မှာလည်း နာမည်ကြီး apple ကွန်ပျူတာကုမ္ပဏီက CEO စတိဂျော့ဗ်(သိပ်မကြာခင်ကကွယ်လွန်)၊ ကွန်ပျူတာလောက ကပဲ မိုက်ကယ်ဒဲလ် သူတို့ဘယ်ဘ၀ကလာခဲ့သလဲ။ ဘီလ်ဂိတ် ဘယ်တက္ကသိုလ်ကဘွဲ့ရလဲ။ ဒါတွေက အားလုံးအသိပါ။ ဒါတွေက လူအယောက်တစ်ရာ၊ တစ်ထောင်မှာမှ တစ်ယောက်လောက်ဖြစ်တာပါကွာဆိုပြီး စိတ်မလျှော့ပါနဲ့။ အခုခေတ်မှာ ဆွံ့အ၊ နားမကြား၊ မျက်မမြင် အစရှိသူတွေကိုတောင်မှ “မသန်မစွမ်း” လို့မခေါ်တော့ပါဘူး။ “မသန်စွမ်း” (မသန်သော်လည်းစွမ်းသည်)ဆိုပြီး သတ်မှတ်ပြီးတော့ သူတို့အတွက် ပညာသင်ပေးတာ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးတာတွေရှိနေပါပြီ။ အနီးစပ်ဆုံးဥပမာပေးရရင် “စတီဗင်ဟော့ကင်း” လိုပညာရှင်မျိုးပဲကြည့်လေ။

ဒါတွေကိုလွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ ကျော်ကတည်းက ကျွန်တော်တို့ရဲ့ နှစ်ဘ၀သခင်ကျေးဇူးတော်ရှင် တမန်တော်မြတ် မုဟမ္မဒ်(ဆွ)က “ဒီလိုမျိုး မသန်စွမ်းသူတွေဟာလည်း လူ့စွမ်းအား အရင်းအမြစ်တွေပဲ၊ သူတို့ဆီမှာလည်း စွမ်းအားတွေရှိတယ်”ဆိုပြီးသူတို့အတွက် ကောင်းမွန်တဲ့ အစီအစဉ်တွေ လုပ်ပေးဖို့ မိန့်ကြားခဲ့တဲ့ ဟဒီးဆ်တော်ကို စာရေးသူတို့ လေ့လာမှတ်သားဖူးပါတယ်။ စာရေးသူတို့တွေဟာ လူ့စွမ်းအားအရင်းအမြစ်တွေပါ။ အားနည်းချက်၊ အားသာချက် ကိုယ်စီ ရှိကြပါတယ်။

လူတွေတစ်ယောက်နဲ့ တစ်ယောက်တွေ့ရင် မေတ္တာပွားကြပါ။ လဲသူကိုထူပေးကြပါ။ အားငယ်သူကို အားပေးကြပါ။ အားကောင်းတဲ့သူတွေကိုလည်း မုဒိတာ ပွားကြပါ။ အင်အားကြီးတဲ့လူတွေ ကလည်း လိုအပ်ချက်ရှိတဲ့သူတွေကို လက်တွဲခေါ်ကြပါ။ အခုလို ပြိုင်ဆိုင်မှုတွေ မြင့်မားနေတဲ့ခေတ်မှာ ပြိုင်ဆိုင်နေတဲ့ နှစ်ဖက်စလုံးအတွက် အဆင်ပြေစေမယ့် win-win theory လို သီအိုရီ မျိုးတွေလည်း ပေါ်နေပါပြီ။ ယုန်နဲ့လိပ်ပုံပြင်လည်း ပြောင်းသွားပါပြီ။ မျှဝေပါရစေဦး။

ယုန်နဲ့လိပ် အပြေးပြိုင်တော့ ပထမပြိုင်ပွဲမှာ ယုန်က ကိုယ့်ကိုယ်ကိုယ်အထင်ကြီးပြီး အိပ်နေတော့ လိပ်က ၀ိရိယထားတော့ ယုန်ကရှုံးပါတယ်။ မကျေနပ်လို့ ယုန်က ထပ်ပြီးစိန်ခေါ်ပါတယ်။ လိပ်ကလည်းထပ်ပြိုင် ပါတယ်။ ဒီတစ်ပွဲမှာ ယုန်က ၀ိရိယထားလိုက်တော့ ယုန်နိုင်ပါတယ်။ အဲဒါကိုလိပ်က မကျေနပ်ပါဘူး။ အဲဒီတော့ တတိယပြိုင်ပွဲအတွက် လိပ်က စိန်ခေါ်ပါတယ်။ ဒါပေမယ့် အပြေးပြိုင်ပွဲရဲ့လမ်းကြောင်းကိုပြောင်းလိုက်ပါတယ်။ တတိယပြိုင်ပွဲမှာ ယုန်ကပြေးနေရင်းနဲ့ ခရီးလမ်းကြောင်းမှာ ရေကန်ကြီးကခံနေတော့ ယုန်က ဆက်ပြေးလို့မရ တော့ပါဘူး။ လိပ်ကို စောင့်ရပါတယ်။ လိပ်ရောက်လာတော့ ယုန်ကို လိပ်က သူ့ကျောပေါ်တင်ပြီး ရေကန်ထဲက ဖြတ်သွားလို့ နှစ်ကောင်လုံး တစ်ဖက်ကမ်းကိုရောက်သွားပါတယ်။ ဒီလိုနဲ့ ဆက်ပြေးသွားရာမှာ ချောက်အနက် ကြီး ရှိတဲ့နေရာကိုရောက်လာတော့ ယုန်က ခုန်ကူးလိုက်လို့ရပေမယ့်မကူးဘဲ လိပ်ကိုစောင့်ပါတယ်။ လိပ်က ဒီချောက်နက်ကြီးကိုမခုန်နိုင်ဘူးကိုး။ ဒါနဲ့ လိပ်ရောက်လာတော့ ယုန်က လိပ်ကို ချီပိုးပြီး ချောက်တစ်ဖက်ကမ်း ကို ခုန်ကူးဖြတ်သွားပြီး နှစ်ကောင်လုံး ပန်းအတူတူဝင်သွားပါတယ်။ အရမ်းပျော်စရာကောင်းတဲ့ happy ending ဖြစ်တဲ့ပုံပြင်လေးပါပဲ။

အဲဒါ win win solution ရဲ့ ဥပမာလေးတစ်ခုပါပဲ။ အပြန်အလှန် စာနာစိတ်ထား ကူညီဖို့အရေးကြီးတယ်လို့မျှဝေပါရစေ။

နိဂုံးချုပ်အားဖြင့် အဖြစ်အပျက်လေးတစ်ခုကို မျှဝေပါရစေ။ မိုဟာမက်အလီ ဆိုတဲ့ လက်ဝှေ့သမားကြီး သရဖူ ကာကွယ်ပွဲထိုးဖို့ လုပ်နေပါတယ်။ ဒီပွဲရှုံးသွားရင် ကမ္ဘာ့သရဖူရွှေခါးပတ်ကြီးကို စွန့်လွှတ်ရမယ်။နိုင်ရင် သိက္ခာပိုတက်မယ်။ သူ့ကို စိန်ခေါ်တဲ့သူကလည်း တကယ့် နာမည်ကြီးအကျော်အမော်၊ တကယ်တော်တဲ့လူ။ မိုဟာမက်အလီ လက်ဝှေ့စင်ပေါ်တက်ကာနီး စိတ်လှုပ်ရှားနေပါတယ်။

သူ့အကြောင်း သိတဲ့ သူ့ သူငယ်ချင်းတစ်ယောက်က သူ့အနားကပ်သွားပြီး သူ့ကို အားပေးပါတယ်။ “ဟေ့အလီ၊ မင်းဘာတွေ များ စိတ်လှုပ်ရှားနေလဲ၊ မင်းဒီလက်ဝှေ့သရဖူကာကွယ်ပွဲအတွက် စိတ်လှုပ်ရှားနေတာလား၊ ဒီမှာ..မင်းကိုငါ ပြောမယ်။ မင်းဒီပွဲကို အနိုင်ထိုး၊ တကယ်လို့များ မင်းမနိုင်ခဲ့ရင်လည်း ပြဿနာမရှိပါဘူးကွာ။ မင်းမှာ မိသားစု ရှိတယ်၊ ဒီမိသားစုဟာ မင်းဒီပွဲမှာနိုင်လည်း မင်းမိသားစုပဲ၊ ဒီပွဲရှုံးလည်းမင်းမိသားစုပဲ၊ မင်းမှာ သူငယ်ချင်း၊ ဆွေမျိုး အသိုက်အ၀န်းကောင်းတွေရှိတယ်။ ဒီလူတွေဟာ မင်းဒီပွဲနိုင်လည်း မင်းသူငယ်ချင်းမင်းဆွေမျိုးပဲ၊ မင်း ဒီပွဲမှာရှုံးသွားလို့လည်း မင်းကိုဘယ်သူမှ သူငယ်ချင်း၊ ဆွေမျိုးအဖြစ်ကအဆက်အသွယ်ဖြတ်မှာ မဟုတ်ဘူး၊ နောက်ဆုံး မင်းသူငယ်ချင်းငါဟာလည်းပဲဒီအတိုင်းပဲ၊ အခု ငါမင်းကိုဒီနေရာကနေအားပေးနေမယ်။ မင်းဒီပွဲ နိုင်သွားလည်း ငါဟာမင်းရဲ့အရင်းနှီးဆုံးသူငယ်ချင်းပဲ၊ မင်းဒီပွဲရှုံးသွားလည်း ငါဟာ မင်းအရင်းနှီးဆုံးသူငယ်ချင်း ပဲ၊ ဒီလိုပဲမင်းနားမှာနေပြီး မင်းအတွက် အကြံဥာဏ်တွေ၊ အကူအညီတွေပေးနေဦးမှာပဲ၊ မင်းဒီပွဲမှာ မင်းအစွမ်း အစရှိသလောက်ထိုး၊ ဒီပွဲမှာ မင်းနိုင်လည်း မင်းနိုင်တာပဲ၊ မင်းရှုံးလည်း မင်းမှာ ဒီပွဲရှုံးလို့ ကြီးကြီးမားမား ဆုံးရှုံးသွားတာ ဘာရှိမလဲကွာ”လို့ အားပေးလိုက်ပါတယ်။

အဲဒီပွဲမှာ မိုဟာမက်အလီနိုင်ပါတယ်။ သူ့ သူငယ်ချင်း ကိုသူအရမ်းလည်းကျေးဇူးတင်သွားပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်ကောင်းကိုရှာပြီး ပေါင်းပါ။ ကျွန်တော်တို့အားလုံး လူကောင်းသူကောင်းတွေနဲ့တွေ့ပါစေ၊ ကိုယ့်ကိုယ် စာနာပေးတဲ့ ပတ်ဝန်းကျင်ကောင်းနဲ့ တွေ့ပါစေလို့ ဒိုအာပြုရင်း နိဂုံးချုပ်ပါတယ်။

သန့်ဇင်အေး

မှီငြမ်း
၁။ ဆရာ ဦးသန်းမြင့်(စီးပွားရေး) (သန်းမြင့်-စီးပွားရေး)၏ “လူမှုဆက်ဆံရေး၊ အောင်မြင်ရေးနှင့် စိတ်ဓာတ်ရေးရာ မြှင့်တင်မှု သင်တန်း”တွင် သင်ကြားသော သင်ကြားချက်များ

၂။ အလ်ဟာဂ်ျ မုဖ်သီ ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်)၏ “အလ်အဇ်ဟရ် အစ္စလာမ့်သိပ္ပံ”တွင် သင်ကြားသော သင်ကြားချက်များ

၃။ စာရေးဆရာ လယ်တွင်းသားစောချစ်၏ ၀တ္ထုတို

Leave a Reply