News @ M-Media

မလေးရှားကို အရူးကွက်နင်းရောက်လာတဲ့ အစ္စရေးနိုင်ငံသားနဲ့ နောက်ဆက်တွဲ ဂရက်

ဧပြီ ၂၊ ၂၀၂၄

M-Media 


– နိုင်ငံအတွင်း ပြင်သစ်နိုင်ငံကူးလက်မှတ်နဲ့ လိမ်လည်၀င်ရောက်လာတဲ့ အစ္စရေးနိုင်ငံသား ကိစ္စနဲ့ ဆက်စပ်ပြီး လူ ၃ ဦး မလေးရှားရဲတပ်ဖွဲ့က ထမ်မံဖမ်းဆီးလိုက်ပါတယ်။ 

အဲဒီအစ္စရေးနိုင်ငံသားဟာ အသက် ၃၆ နှစ်အရွယ် ရှာလုန် အဗီတန်ဆိုသူပါ။ သူဆီမှာ ပစ္စတို ၆ လက်နဲ့ ကျည်ဆံ ၂၀၀ ကိုလည်း မလေးရှား ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပါတယ်။ 

မလေးရှားဟာ အစ္စရေးနိုင်ငံသားတွေကို ပြည်၀င်ခွင့်မပေးပါဘူး။ ပြင်သစ်နိုင်ငံကူးလက်မှတ်နဲ့ ယူအေအီးကနေ လိမ်လည်၀င်ရောက်လာတဲ့ အဗီတန်ဟာ အစ္စရေးသူလျှိုဖြစ်နိုင်တယ်ဆိုတဲ့အချက်ကို မလေးရှားရဲတပ်ဖွဲ့က မငြင်းပါဘူး။ 

အဗီတန်ကို လက်နက်ရောင်းချရာမှာပါ၀င်တဲ့ လူ ၃ ဦးကိုလည်း မလေးရှားရဲတပ်ဖွဲ့က မတ်လ ၃၀ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ အဲဒီအထဲက ၂ ဦးဟာ လင်မယားတွေပါ။ 

အဗီတန်ကတော့ မိသားစုကိစ္စနဲ့ မကျေနပ်တဲ့ လူတစ်ယောက်ကို သတ်ဖို့ မလေးရှားထဲ၀င်လာတာလို့ ထွက်ဆိုထားပါတယ်။ 

ဒီထွက်ဆိုချက်ကို အပြည့်အ၀ မယုံကြည်ဘူးလို့ မလေးရှားရဲတပ်ဖွဲ့က ဆိုပါတယ်။ 

၀ါဒဖြန့် 

ဒီဖမ်းဆီးမှုအပြီးမှာ အစ္စရေးမီဒီယာတွေဖက်က အဗီတန်နဲ့ ပတ်သက်ပြီး ၀ါဒဖြန့်မှုတွေ ပေါ်ထွက်လာပါတယ်။ 

အစ္စရေးသတင်းဌာနတစ်ခုဖြစ်တဲ့ Time of Israel က အဗီတန်ဟာ တလ်အဗီးအခြေစိုက် ဂျူးလူဆိုးဂိုဏ်း Musli Brothers က အဖွဲ့၀င်ဖြစ်ပြီး၊ အစ္စရေးထောက်လှမ်းရေး မိုဆာ့ဒ်ရဲ့သူလျှို မဟုတ်ဘူးလို့ ဖော်ပြပါတယ်။ 

Musli Brothers ဂိုဏ်းဟာ အာအန် ဟာယာဆိုသူ ဦးဆောင်တဲ့ အခြား ဂျူးလူဆိုးဂိုဏ်းတစ်ခုနဲ့ လပေါင်းများစွာကြာ တိုက်ခိုက်သတ်ဖြတ်မှုတွေ ဖြစ်ခဲ့တယ်လို့လည်း အစ္စရေးပြည်တွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ 

မလေးရှားရောက်နေတဲ့ ဟာယာကို သတ်ဖို့အတွက် အဗီတန်ဟာ မလေးရှားကိုရောက်လာတာလို့လည်း အစ္စရေးမီဒီယာတွေက ဆိုပါတယ်။ 

၂၀၁၈ ခုနှစ်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပါလက်စတိုင်း သိပ္ပံပညာရှင်တစ်ယောက် သတ်ဖြတ်ခံရဖူးပါ။ လူနှစ်ဦးက ဆိုင်ကယ်နဲ့ ပစ်သတ်သွားတာဖြစ်ပြီး အစ္စရေးထောက်လှမ်းရေး မိုဆာ့ဒ်ရဲ့လက်ချက်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

Ref: The Straits Times, Reuters