News @ M-Media

Author: editor

  • အစ္စလာမ်ဘာသာဝင်တို့ရဲ့ ၂၀၁၇ ရမဿွာန် ဥပုသ် ပထမနေ့ ရန်ကုန်မြင်ကွင်း(ဓါတ်ပုံ)

    အစ္စလာမ်ဘာသာဝင်တို့ရဲ့ ၂၀၁၇ ရမဿွာန် ဥပုသ် ပထမနေ့ ရန်ကုန်မြင်ကွင်း(ဓါတ်ပုံ)

    မေလ ၂၈ ရက်နေ့တွင် ကျရောက်သော အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမဿွန် ဥပုသ်လ ပထမနေ့တွင် ရန်ကုန်မြို့မှ အစ္စလာမ်ဘာသာဝင်များ ညနေ ဥပုသ်ထွက်ချိန် (ဝါဖြေချိန်)အတွက် အစားအသောက်များ ရောင်းချ ဝယ်ယူနေကြပုံများ

    ဓာတ်ပုံ_ မိုးစက်

  • “ ထူးခြား မူခြား ဥပဒေ အထက်က လက်တစ်လုံးခြား ဆန္ဒပြပွဲ”

    “ ထူးခြား မူခြား ဥပဒေ အထက်က လက်တစ်လုံးခြား ဆန္ဒပြပွဲ”

    ဓါတ်ပုံ FRONTIER

    သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား၊ ကန့် ကွက်ရှုတ်ချသည့် ဆန္ဒပြပွဲတစ်ခုကို နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ၊ ရွှေနံ့သာရပ်ကွက် ဘောလုံး ကွင်း၌ မေလ ၂၀ရက်၊ မနက်၉နာရီမှ ၁၁နာရီထိ ပြုလုပ်ခဲ့သည်ကို Sky Net ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ပြသသည်ကို စာရေးသူကြည့်ဖြစ်ခဲ့သည်။ စနစ်တကျ၊အချိန်ယူ၊ကြိုတင်ပြင် ဆင်ထားပြီး အသွား၊အပြန်၊ကြိုပို့ စီစဉ်ပေးထားမှု၊ခရီးစရိတ်ငြိမ်း ဝန်ဆောင်မှု အစုစုတို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့မှ မဘသသံဃာတော်၊လူပုဂ္ဂိုလ် ၃၀၀၀ လောက်ပါဝင်ခဲ့ပြီး ကားစီးရေ တော်တော်များများ စီစဉ်ပေးခဲ့ဟန်ရှိကြောင်း မီဒီယာသမားတစ်ဦးက ပြောကြားခဲ့သည်။ ထိုဆန္ဒပြပွဲကို “မြန်မာ့အံ့ဖွယ်”  ဆန္ဒပြပွဲတစ်ခုလို့ပြောနိုင်ပေသည်။ အကြောင်းမှာ ၂၀၀၅ခုနှစ် နေပြည်တော်မြို့ တည်ကတည်းက အစိုးရခေတ် အဆက်ဆက်တွင် မည်သည့်လူ၊ပုဂ္ဂိုလ် အဖွဲ့အစည်းကိုမျှ တာဝန်ရှိသူများက ဆန္ဒပြခွင့် မပေးခဲ့ဘဲ ခွင့်ပြုခဲ့သောကြောင့် မြန်မာပြည်သူလူထုများအကြား ခွင့်ပြုခဲ့သည့် နေပြည်တော် အာဏာပိုင်ဆိုသူ များကို မေးခွန်းထုတ်စရာတွေ “သို့လော၊သို့လော” ရှိခဲ့သည်။

    သို့ရာတွင် ထူးဆန်းသည်မှာ နေပြည်တော်တိုင်း အမျိုးဘာသာ၊သာသနာ စောင့်ရှောက်ရေး အဖွဲ့(မဘသ) အတွင်းရေးမှူးဆရာတော်က “ ထိုဆန္ဒပြပွဲလုပ်ဆောင်မှု့သည် မိမိနှင့်သက်ဆိုင်ခြင်း မရှိ”ဟု မိန့်ကြားထားခဲ့သည်။ ထိုဆန္ဒပြပွဲတွင် တစ်ချိန်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု အမျိုးသားလွှတ်တော် အမတ်ဟောင်း ဦးလှဆွေ၊ ဦးဇန္ဒိတ၊ ဦးအေးမင်းထွန်း၊ ဦးစိုးထွန်းရွှေ၊ မဘသအတွင်းရေးမှူးရှေ့နေ ဦးအေးပိုင်တို့က ဟောပြောခဲ့ပြီး ကြွေးကြော်သံများ  ပြုကာ ဦးဝီရသူ တရားဟောခွင့်ရရေး၊ ဦးဝင်းကိုကိုလတ်အား လွှတ်ပေးရေး ပါဝင်သော တောင်းဆို ချက် (၈)ချက်ကို တစ်လအတွင်းလုပ်ဆောင်ပေးရန် သို့မဟုတ်ပါက နိုင်ငံအနှံ့သပိတ်တိုက်ပွဲများ ဆင်နွှဲမည်ဖြစ်ပါကြောင်း လက်ရှိအစိုးရအား ရာဇသံပေးခဲ့သည်။ ဆန္ဒပြပွဲတွင် ဦးလှဆွေက “လက် ရှိအစိုးရအနေဖြင့် ဗုဒ္ဓဘာသာကိုအားပေးချီးမြှောက်ခြင်း မရှိသည့်အပြင် လူနည်းစု ဘာသာများကို ချီးမြှင့်မြှောက်ပေးခြင်း၊ ခေတ်အဆက်ဆက်၊ အစိုးရလက်ထက်တွင် သံမတန်ဆက်သွယ်ခြင်း မရှိသည့် “ဗာတီကန်” (ခရစ်ယာန်ဂိုဏ်းချုပ်)နှင့် သံတမန်အဆက်အသွယ် ပြန်လည်ပြုလုပ်ခြင်း၊ မြန်မာနောင်း (Myanmar Now )အယ်ဒီတာချုပ်အမှု့တွင် တရားရေး မဏ္ဏိုင်ယိမ်းယိုင်စေရန်အ တွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သဘောထားမှတ်ချက်ပေးခဲ့ခြင်းများကို” ဝေဖန် ထောက်ပြကာ သူ့အမြင်ကိုတင်ပြသွားခဲ့ပေသည်။

    စာရေးသူအနေဖြင့် တင်ပြလိုသည်မှာ ၂၀၁၀ခုရွေးကောက်ပွဲတွင် ဦးလှဆွေနှင့်ကိုယ်စား လှယ်များကျမ်းသစ္စာ ကျိန်ဆိုခဲ့သော ကမ္ဘာ့အံ့ဖွယ် ဖွဲ့စည်းပုံ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ

    ၃၆၁ ။ တွင် နိုင်ငံတော်သည် ဗုဒ္ဓသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ် သောဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့် ဘာသာ၊သာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ် ပြုသည်။

    ၃၆၂    ။ နိုင်ငံတော်သည် ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် နတ်ကိုးကွယ် ဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်မြဲသောနေ့တွင် နိုင်ငံတော်တွင်ရှိနေကြ သော ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုသည်။

    ၃၆၃    ။ နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာ၊သာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်။

    စသည်ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အချက်အလက်များကို အမျိုးသားလွှတ်တော် ကိုယ်စား လှယ်တစ်ဦးအနေဖြင့် ၅နှစ်သက်တမ်းတာဝန်ထမ်းစဉ်က မလေ့လာခဲ့ဖူးလေသလား?  ဒီအပြင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ခရစ်ယာန်ဘာသာဝင်တို့၏ လက်ဝါးကတ်တိုင်များ၊ချားခ်ျခရစ်ယာန် ကျောင်းများ၊ အစ္စလာမ်ဘာသာဝင်တို့၏ ဝတ်ပြုဆုတောင်းရာ ဗလီများ၊ ယဉ်ကျေးလိမ္မာ ကျမ်းစာ သင်ကြားရာ၊ဘာသာရေး စာသင်ကျောင်းများကို ၁၉၆၂ ခု မတ်လ ၂ ရက်တွင် စစ်အာဏာသိမ်းခဲ့ သော ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်မှ နဝတ စစ်အစိုးရ ၊နအဖ စစ်အစိုးရ ဦးသိန်းစိန်အစိုးရ နှင့် ပြည်သူ့အစိုးရ NLD လက်ထက်ထိ မည်သည့်မြို့နယ်၊ မည်သည့်ကျေးရွာ၊ ရပ်ကွက်တွင်မဆို တရားဝင်တည်ဆောက်ခွင့်ပြုထားများရှိခဲ့ပါသလား?

    ဒါမှမဟုတ်ရင် တပ်မတော်မှာ ဒုတိယဗိုလ်မှူးကြီးတစ်ဦး အနေနဲ့လည်းကောင်း၊၂၀၁၀-၂၀၁၅ မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေနဲ့သော်လည်းကောင်း၊ ပြည်သူ့ဘဏ္ဍာ အခွန်စားဖူးတဲ့ သူတစ်ယောက်အနေနဲ့ ဘာသာရေး၊လူမျိုးရေး အစွန်းရောက် ရင်တွင်းဖြစ် ခံစားချက်များကို လျှာရိုးမရှိဘဲ စင်ပေါ်တက်ကာ အထိမ်းအကွပ်မရှိဘဲ ဟစ်နေခြင်းသည် ဦးနှောက် ရှိသော ပြည်သူ့ချဉ်ဖတ် စာရင်းဝင်သွားပေလိမ့်မည်။

    မြန်မာပြည်တွင် ပြည်သူလူထုခံစားနေရသော အလုံးစုံဒုက္ခမျိုးစုံကို ထပ်တူထပ်မျှခံစားပြီး ပြည်သူ့ဘက်က မားမားမတ်မတ် ရပ်တည်ကာ နအဖစစ် အာဏာရှင်များလက်ထက် ၂၀၀၇ ခုတွင် လမ်းများပေါ်ထွက် မေတ္တာသုတ်များရွတ်ဆိုကာ ကိုယ်ကျိုးစွန့်လွှတ် အသက်စွန့်ပျံလွန်တော်မူ သွား သော သံဃာတော်များအား စာရေးသူ ယနေ့တိုင် အမျှဝေနေမိသည်။ ထူးခြားသည်မှာ ဥိးသိန်းစိန် အစိုးရလက်ထက်တွင် လူတစ်စု၊ လူမျိုးနွယ်တစ်စု၊ ကိုးကွယ်သည့် ဘာသာတရားတစ်ခုကိုအခြေခံ ကာ သံဃာတော်အုပ်စုတစ်ခုပေါ်လာခဲ့သည်။ ထိုအုပ်စုကို တစ်ချိန်က အာဏာရပါတီကြီးတစ်ခုနှင့် ပြည်သူမလိုလား ခရိုနီများက အပြည့်အဝထောက်ခံရုံ သာမက ထောက်လှမ်းရေးပြုတ်များ အငြိမ်းစား စစ်အရာရှိအချို့က မဟာဗျူဟာ ရေးဆွဲပေးကြသည် ဟုမြန်မာ့အရေးနှောကြေနေသူ သတင်းစာဆရာ Bertil Lintner က ဘန်ကောက်ပိုစ် တွင်ရေးသားခဲ့ဖူးသည်။

    ထို့ကြောင့်လည်း လူသားဝါဒအခြေခံပြီး ပြည်သူနှင့်ရင်ဘတ်ချင်းတူပြီး အမှန်တရားလက် ကိုင်ထား ၂၀၀၇ ရွှေဝါရောင် သံဃာတော်များက မေလ ၂၀ရက်တွင် “ အစွန်းရောက် အမျိုးသားရေး ဝါဒီများ၏ ဟောပြောချက်များ ရေးသားချက်များသည် ပဋိပက္ခအသွင် သဏ္ဍာန်သို့ ဖန်တီးသိမ်းသွင်းရာ ရောက်သဖြင့် တောင်ပေါ်ဒေသ မြေပြန့်ဒေသရှိ ပြည်သူလူထုအနေဖြင့် သိရှိနားလည်ပြီး ကန့်ကွက် ရှုတ်ချ၍ မိမိတို့၏ သားသမီးများပါဝင်ပတ်သက်ခြင်း မရှိစေရန် ထိန်းသိမ်းစောင့်ရှောက်ပေးကြပါရန် မေတ္တာရပ်ခံပါသည်။” ထို့အပြင် ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိ ပုဂ္ဂိုလ်များအနေဖြင့်လည်း နိုင်ငံ တော် သံဃမဟာနယက အဖွဲ့က ဓမ္မစက်ဖြင့် အရေးယူဆောင်ရွက်ရန်ညွှန်ကြားလွှာများကို အာဏာစက်ဖြင့် အရေးယူဆောင်ရွက်နိုင်ရန်အတွက် ဝိနိ စ္ဆယများကို ကာကွယ်စောင့်ရှောက်နိုင် သော ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ အခန်း၂၀ အရ အချိန်နှင့်တပြေးညီအရေးယူဆောင်ရွက်ပေးရန် လိုအပ်ကြောင်း “ဆရာတော်ဦးပဏ္ဏဝံသ ပါဝင်သော သံဃာတော် (၁၅)ပါးက သဘောထား ထုတ်ပြန်ခဲ့ပါသည်။

    Generation Wave အဖွဲ့မှ ကိုမိုးဃ်သွေးကလည်း “လက်ရှိ မြန်မာပြည်မှာ အစွန်းရောက် အမျိုးသားရေးဝါဒီလှုပ်ရှားမှုတွေ၊ ဟောပြောမှု့တွေ၊အမုန်းတရားဖြစ်စေတဲ့ ပဋိပက္ခဖြစ်စေတဲ့ လှုပ် ရှားမှု့တွေ အများကြီးဖြစ်နေတယ်။ ဒါတွေကို ဝိုင်းဝန်းကာကွယ် တားဆီးဖို့ ရှုတ်ချကန့်ကွက်ဖို့ ရွှေ ဝါရောင်သံဃာတော်တွေက နှိုးဆော်တာကို ကျွန်တော်တို့က သဘောတူတယ်” ဟုပြောဆိုသွားခဲ့ပါ သည်။

    မေလ ၂၀ ရက် နေပြည်တော်ဆန္ဒပြပွဲနှင့် ပတ်သက်၍ ဘီဘီစီသတင်းထောက်၏အမေးကို နိုင်ငံရေး အကဲခတ်တစ်ဦးက ဖြေကြားရာတွင် “သာမန်ဆန္ဒပြပွဲ လာလျှောက်တော့ အင်အား ၃၀၀ စာရင်းပြတယ်။တကယ်လာတာက ၃၀၀၀ ကျော်တယ်။ အဲဒီမှာတင် တည်ဆဲဥပဒေကို ချိုးဖောက် နေပြီ။ ဒါကတစ်ချက်။ ရဲတွေက ဆန္ဒပြလာတဲ့သူတွေကိုတည်းခိုစရာ ဘုန်းကြီးကျောင်းတွေ၊ ဘုရားဖူးတွေ လိုက်ပို့တယ်။ ဒါက ဒုတိယတစ်ချက်။ နောက်ဆုံးအချက်က ဥပဒေချိုးဖောက်တာကို အရေးမယူပါဘူးလို့ နေပြည်တော် ရဲမှူးဦးအောင်သန်းက ဖြေဆိုခဲ့သည်။ တကယ်လို့ ဗကသ ကျောင်းသားတွေက ပြည်ထဲရေးဝန်ကြီး နှုတ်ထွက်ပေးရေးအတွက် နေပြည်တော်ကိုလာပြီး ဆန္ဒပြမယ်ဆိုရင် “မဘသ”အဖွဲ့တွေလို အခွင့်အရေးပေးမလား? ဒီနေပြည်တော်ဆန္ဒပြပွဲကို ကြည့် တာနဲ့ “မဘသ” အဖွဲ့ဟာ အခွင့်ထူးခံဖြစ်နေတယ်။ ဥပမာ ဦးဝီရသူလို အစွန်းရောက် ဘာသာရေး ခေါင်းဆောင်တွေ အရေးယူ မခံရသေးဘူး။ မြန်မာပြည်မှာ ရာဇဝတ်မှု့တွေ တစ်နေ့တစ်ခြား ပိုတိုးပွားလာနေတယ်။ မင်္ဂလာတောင်ညွှန့်မှာပြဿနာရှာတဲ့ ဘုန်းကြီးနဲ့မျိုးချစ်ဟန်ပြတွေကို ဖမ်းတာ သာဝန်မဟုတ်။ ပြည်ထဲရေးပါ။ ကျောင်းသားတွေ၊လယ်သမားတွေ၊ အလုပ်သမားတွေ    ဆန္ဒပြတုန်းက “မဘသ”တွေလို တည်းခိုစရာ မရတဲ့အပြင် အရိုက်တောင်ခံရသေးတယ်။

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရပင် မြန်မာနိုင်ငံသားတွေ အခွင့်အရေးရနေကြတာ တွေဟာ မျှတမှု့မရှိဖြစ်နေကြတယ်။ ဥပဒေဆိုတာဟာ စာအုပ်ထဲမှာပဲရှိတာပါ။ လက်နက်နှင့် လုပ်ပိုင်ခွင့်ရှိသူတွေရဲ့ ပါးစပ်က ထွက်တာဟာ ဥပဒေပါ။ “ဖမ်းချင်၊ဖမ်းမယ်။ မဖမ်းချင်၊မဖမ်းဘူး ဘယ်သူမျှပြောပိုင်ခွင့်မရှိဘူး” စသည့်အတွေးများ ပြည်သူများကြား ပြန့်နှံ့ ကျင့်သုံးမိရင် ငြိမ်းချမ်းရေး လမ်းစဉ်မှာ ကြက်ပျောက် ငှက်ပျောက် ပျောက်ကွယ်သွားမည်သာဖြစ်သည်။

    အချုပ်ဖြင့်ဆိုရလျှင် တစ်ချိန်က အတ္တလောဘစိတ်မွန်ကာ လူမျိုးရေးအစွန်းရောက်၊ ဘာသာရေးမုန်းတီးရေး လက်ကိုင်ထားကာ အမျိုးသားရေး ဟန်ရေးပြကာ မြန်မာပြည်သူလူထု၏ အများပိုင် မြေပေါ်၊မြေအောက်၊ရေပေါ်၊ရေအောက် တွင်းထွက်သံယံဇာတများကို သူခိုးဈေး၊ အောက်ဈေး၊ညှိနှိုင်းဈေး၊ အတွင်းလာဘ်စည်းများ၊အပြင်လာဘ်စည်းများထားကာ  နိုင်ငံတော်ဘ ဏ္ဍာတော်များ (အနှုတ်)ပြ ကြွေးမြီးခံဘဝရောက်သွားအောင် လုပ်ခဲ့သော အစိုးရနျင့် လက်ဝေခံ လက်တစ်ဆုတ်စာ လူတစ်စုကို ဆန့်ကျင်နေသူများသည် နိုင်ငံတော်၏သားကောင်းရတနာများ ဖြစ်ကြပေသည်။ တိုင်းပြည်၏ဘဏ္ဍာငွေများကို ကိုယ်ကျိုးမဖက် မခိုးမဝှက်ဘဲ နှစ်၅၀ကျော် ပျက်ဆီးနေသော အာဖရိကတိုက်ရှိ အီသီယိုးပီးယားအောက်ရောက်သွားခဲ့သော နိုင်ငံအား ဒိုးဒိုး ဒေါင်ဒေါင်ဖြစ်အောင် အသက် ၇၀ ကျော် အဖွားအိုကြီးဦးဆောင်သော အစိုးရအား ဖျက်လိုဖျက်ဆီး မျက်စိစုံမှိတ် ဆန့်ကျင်နေသူများကို ကျူပင်ခုတ် ကျူငုတ်မကျန်အောင် ပြည်သူလူထုနှင့်အတူ တရားဥပဒေဘောင်အတွင်းမှ ဆန့်ကျင်ကြပါစို့လို့ အကြံပြုတိုက်တွန်းလိုက်ပါသည်။

    လေးစားလျက်

    မြေးသခင်ဒေါင်း

     

  • မျက်ရည်တွေနဲ့ ပြန်ခဲ့တယ်

    မျက်ရည်တွေနဲ့ ပြန်ခဲ့တယ်

    မေ ၂၃ ၊ ၂၀၁၇
    သာလွန်ဇောင်းထက် ရေးသည်။

    လူမှုဝန်ထမ်းဦးစီးဌာနလက်အောက် နတ်မောက်လမ်းသွယ် ၁ မှာရှိတဲ့ အမျိုးသမီး အသက်မွေးပညာအတတ်သင်ကျောင်းမှာ မနေ့က ကျနော်တို့ Noble Friends အဖွဲ့လေး သွားပြီး အလှူလုပ်ဖြစ်ခဲ့ပါတယ်။ အဲဒီကျောင်းကို အလွယ်ခေါ်ကြတာကတော့ နတ်မောက်ကျောင်းလို့ ခေါ်တဲ့ နေရာလေးကို သွားလှူဖြစ်ပါတယ်။

    နတ်မောက်လမ်းသွယ် ၁ လမ်းရှိတဲ့ ဒီကျောင်းလေးက ရန်ကုန်မြို့လယ်ခေါင် အင်မတန်မှ အချက်အချာကျတဲ့နေရာမှာ ရှိပေမယ့် ဒီကျောင်းလေးအကြောင်း လူတွေ သိပ်မသိကြဘူး။

    သာမန်အားဖြင့် ပြင်ပက ကြည့်လိုက်မယ်ဆိုရင် အမျိုးသမီးအသက်မွေး ပညာအတတ်သင်ကျောင်းလို့ နာမည်တပ်ထားတာမို့ ကျောင်းတစ်ခုလိုသာ ထင်စရာရှိတယ်။ ဒါပေမယ့်လည်း တကယ်တော့ အဲဒီနေရာလေးက ကျောင်းတစ်ခု ဆိုတာထက် ပိုပါတယ်။

    ဒီကျောင်းလေးမှာ အားငယ်မှုတွေ ရှိတယ်၊ ဒီကျောင်းလေးမှာ ဘ၀မှာ အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတဲ့ ဖြစ်ရပ်တွေ ရှိနေတယ်၊ ဒီကျောင်းလေးမှာ မျှော်လင့်ချက်မဲ့နေတဲ့ ဘ၀တွေ ရှိနေတယ်။ ဒီကျောင်းလေးမှာ အရွယ်နဲ့မလိုက်အောင် ကြမ်းတမ်းခက်ထန်တဲ့ လောကဓံကို ခံလိုက်ရတဲ့ ရိုက်ချိုးခံလိုက်ရတဲ့ ဘ၀တွေလည်း ရှိနေတဲ့ နေရာလေး။


    နတ်မောက်ကျောင်းဆိုတာ
    ================

    အမျိုးသမီး အသက်မွေးပညာ အတတ်သင်ကျောင်း(နတ်မောက်ကျောင်း) ဆိုတာက အသက် ၁၈နှစ်အောက် အမျိုးသမီးငယ်လေး ခိုလှုံနေတဲ့ နေရာလေးပါ။

    ဒီနေရာလေးမှာ နိုင်ငံတော်က ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ မိဘမဲ့ သမီးငယ်လေးတွေနေတယ်။ ပြစ်မှုတစ်ခုခု ကျူးလွန်လို့ ပြစ်ဒဏ်ကျနေတဲ့ အသက် ၁၈ နှစ်အောက် သမီးငယ်လေးတွေ ယာယီ ခိုလှုံကြတယ်။ လူကုန်ကူးမှုကြောင့် ပြည့်တန်ဆာဖြစ် အခိုင်းခံရပြီး HIV/AIDS ကူးစက်ခံနေရတဲ့ သမီးငယ်လေးတွေ ရှိနေတယ်။ တရုတ်နိုင်ငံကို မယားအဖြစ် လူကုန်ကူးခံရပြီး ပြန်လည် ရောက်ရှိလာတဲ့ အမျိုးသမီးငယ်လေးတွေ ရှိနေတယ်။ သိပ်မကြာသေးခင်က အင်းဝအပ်ချုပ်ဆိုင်မှာ အနှိပ်စက်ခံခဲ့ရတဲ့ အိမ်ဖော် သမီးငယ်လေး ၁ ဦးလည်းရှိနေတယ်။

    စိတ်ကျန်းမာရေး မကောင်းလို့ ကျန်းမာရေး မကောင်းလို့ ၂ ပေ ၊ ၆ ပေ ကုတင်လေးပေါ်မှာ ဘ၀ကို ကုန်လွန်နေကြတဲ့ ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးကြီး ၇ ဦး လည်းရှိနေတယ်။ တွေ့တဲ့လူတိုင်းကို ရယ်ပြပြီး ခြေဟန် လက်ဟန်နဲ့ ဆက်သွယ်နေတဲ့ မသန်စွမ်း အမျိုးသမီးငယ် ၁ ဦးလည်းရှိနေတယ်။ စုစုပေါင်း ကံဆိုးကြတဲ့ အမျိုးသမီးငယ် ၅၇ ဦး ခိုလှုံရာ နေရာလေး။

    နတ်မောက်ကျောင်းဆိုတာ တကယ်တော့ လောကဓံက မျက်နှာမပေးလို့ အဖြစ်ဆိုးကြတဲ့ သမီးငယ်တွေ ခိုလှုံရာနေရာလေး။

    ဒီကျောင်းမှာ ပြစ်ဒဏ်ကျ သမီးငယ်တွေက အလုပ်လုပ်ရင်း ကုန်ဆုံးကြသလို အခြားသမီးငယ်တွေလည်း တွယ်တာမဲ့ ဘ၀တွေနဲ့ မျှော်လင့်ချက်မဲ့ နေထိုင်နေကြတယ်။

    ဒီကျောင်းမှာ ရှိနေကြတဲ့ သမီးငယ်တွေနဲ့ အမျိုးသမီးတွေရဲ့ ဘ၀တွေက သူ့ထက်သူ ပိုဆိုးကြတာမို့ အဆိုးပြိုင်နေကြသလားလို့တောင် တွေးထင်ရတယ်။

    အငိုမျက်လုံး၊ အပြုံးမျက်ရည်
    =================

    Noble Friends အဖွဲ့ မေလ ၂၁ ရက်နေ့ နတ်မောက်ကျောင်းမှာ ရှိနေကြတဲ့ အမျိုးသမီးနဲ့ သမီးငယ် ၅၇ ဦးကို မနက်စာ မုန့်ဟင်းခါး၊ နေ့လယ်စာ ၀က်သား၊ ကြက်သားဟင်း၊ ညနေစာ ငါးဟင်းနဲ့ ကြက်သား ၃ နပ်စာ ထမင်းကျွေးဖြစ်ခဲ့တယ်။

    နေ့လယ်စာ စားပြီးတော့ သူတို့လေးတွေနဲ့ ကျနော်တို့ အဖွဲ့က အဖွဲ့ဝင်တွေ ဂိမ်းဆော့ကြ၊ ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲလေးတွေလုပ်ဖြစ်တယ်။

    သူတို့အားလုံးမှာ သတိထားမိတာက တူညီတဲ့ မျက်ဝန်းတစုံ ရှိနေကြတာပဲ။ သူတို့အားလုံး မျက်ဝန်းတွေက ဖျော့တော့တယ်။ သူတို့အားလုံးရဲ့ မျက်ဝန်းတွေမှာ အားငယ်မှုတွေ တွေ့နေရတယ်။ သူတို့အားလုံးမျက်ဝန်းတွေမှာ ကိုယ့်ကိုယ်ကိုယ် မယုံကြည်မှုတွေ ရှိနေတယ်။ သူတို့အားလုံးမျက်ဝန်းတွေမှာ အနာဂတ်မဲ့နေတာ မြင်ခဲ့ရတယ်။ သူတို့အားလုံး မျက်ဝန်းတွေမှာ ဆောက်တည်ရာမရတွေ မြင်ခဲ့ရတယ်။

    ကျေန်ာတို့နဲ့ ကစားနေကြချိန်မှာတော့ သူတို့ ခေတ္တ ခဏလေး ဘ၀ရဲ့ ကြမ်းတမ်းမှုတွေ ကို မေ့ပြီး သူတို့ ပျော်ရွှင်ကြတယ်။ သူတို့ ရယ်မောကြတယ်။ သူတို့ ပြုံးကြတယ်။ သူတို့နဲ့အတူ ကျနော်တို့ လည်း ဘ၀ရဲ့ အမောတွေ ခဏလေး လျစ်လျူရှုပြီး ပီတီဖြစ်ခဲ့ကြတယ်။

    သူတို့ အငိုမျက်လုံးတွေမှာ အပြုံးတွေ ရှိလာဖို့ ကျနော်တို့ ယာယီ အလှဆင်နိုင်ခဲ့တယ်။ အားလုံးကို ကျနော်တို့ နှုတ်ဆက်တော့ သူတို့က ထွက်မသွားကြဘဲ ကျနော်တို့ကို စိုက်ကြည့်နေတယ်။ သူတို့ ပျော်နေတဲ့အချိန်လေးကို စွန့်ခွာရမှာ သူတို့ ကြောက်နေပုံပါပဲ။ သူတို့ ရယ်မောနေခဲ့ကြတဲ့အချိန်လေးကို လွတ်သွားမှာ သူတို့ ၀မ်းနည်းနေပုံပါပဲ။

    နတ်မောက်ကျောင်းက ပြန်တော့ သူတို့ဘ၀တွေကို တွေးရင်း ကျနော် မျက်ရည်ဝဲမိတယ်။ သူတို့ပျော်ရွှင်တာကို ကြည့်ရင်း ကျနော် ပြုံးမိတယ်။ ကျနော်တို့တွေလည်း သူတို့လိုပဲ အငိုမျက်လုံး အပြုံးမျက်ရည်တွေနဲ့ပါ။ နတ်မောက်ကျောင်းက ကျနော်တို့တွေ အငိုမျက်လုံး အပြုံးမျက်ရည်တွေနဲ့ ပြန်ခဲ့ကြတယ်။

  • “မြင်မြင်သမျှ ပါမောက္ခ၊ တွေ့သမျှလူ ပါရဂူ”

    “မြင်မြင်သမျှ ပါမောက္ခ၊ တွေ့သမျှလူ ပါရဂူ”

    “ပညာမြင့်မှ နိုင်ငံတင့်မည်” ကိုယုံကြည်သော နိုင်ငံတော်၏အတိုင်ပင်ခံ ဦးဆောင်သော အရပ် သားအစိုးရသည် ပညာရေးလိုအပ်ချက်အရ ၂၀၁၇- ၂၀၁၈ ပညာသင်နှစ်တွင် ဝိဇ္ဖာ၊သိပ္ပံ တက္က သိုလ်၊ ကွန်ပျူတာ၊နည်းပညာတက္ကသိုလ်နှင့် ပညာရေးကောလိပ်များအတွက် နည်းပြ သရုပ်ပြရာထူး  ၁၄၀၀ခန့်ထားမည်ဖြစ်ကြောင်း နည်းပြ သရုပ်ပြရာထူးများခန့်ထားရာတွင် အဆင့်မြင့်ပညာဦးစီးဋ္ဌာန လက်အောက်ရှိ ဝိဇ္ဇာ၊သိပ္ပံတက္ကသိုလ် ၄၈ခုအတွက် ၆၈၀ ဦး၊ကွန်ပျူတာနှင့် နည်းပညာတက္ကသိုလ် ၆၀ အတွက် ၆၀၀၊ ပညာရေးကောလိပ် ၂၅ ခု အတွက် ၁၂၀ ဦး၊ စုစုပေါင်း ၁၄၀၀ ဦးကို ကျောင်းဖွင့် အမှီ ခန့်ထားနိုင်ရန် ဘာသာရပ်အလိုက် ခန့်ထားလိုသည့်ဦးရေနှင့်ပညာအရည်အချင်းသတ်မှတ် ချက်များ တောင်းခံပြီး အဆင့်မြင့်ပညာရေးဦးစီးဋ္ဌာနမှ တက္ကသိုလ်အားလုံးအတွက် သတင်းစာမှ ကြော်ငြာ အသိပေးခေါ်ယူသွားမည်ဖြစ်ကြောင်း၊ အခြေခံပညာဦးစီးဋ္ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက မေလ ၁၄ရက်နေ့၌ ပြောဆိုခဲ့ပါသည်။

    မြန်မာနိုင်ငံတွင် နဝတ၊ နအဖ စစ်အစိုးရလက်ထက်၊ ဦးသိန်းစိန်အစိုးရလက်ထက်တို့တွင် မဟာဘွဲ့၊ပါရဂူဘွဲ့ရများစွာကို စက်ရုံထွက်ကုန်သဖွယ် မွေးထုတ်ခဲ့ပေသည်။ Thesis စာတမ်းများ ပြုစုဖို့၊တင်ဖို့၊ နောက်ကွယ်က “ရှဲဒိုး” ရေးပေးနေသူများ၊ ဖန်တီးထုတ်လုပ်ပေးနေသူများကလည်း ထိုက်တန်သည့် ကန်တော့ပန်းဆင်မြန်းခံရလျှင် “ကူညီပါရစေ” သတည်း။ သိပ္ပံနှင့်နည်းပညာဝန် ကြီး ဦးသောင်းလက်ထက်တွင်ပင် မဟာဘွဲ့ M.E ဘွဲ့မရသေးဘဲ၊ပါရဂူဘွဲ့ Ph.D ကိုပြိုင်တက်ခွင့် ပေးပြီး ပါရဂူဘွဲ့ရသွားသော စက်ရုံထွက်ကုန်များသည်ပင်လျှင် အမြောက်အမြားရှိခဲ့သည်။

    စာရေးသူတို့ တက္ကသိုလ်ကျောင်းသားဘဝက ပညာသင်ကြားပေးခဲ့ကြသော ဆရာ၊ဆရာမ ကြီးအချို့သည် ပညာရပ်ဆိုင်ရာ ပါရဂူဘွဲ့ (Doctor of Philosophy) Ph.D ဘွဲ့ကိုအမေရိက၊ အင်္ဂလန် စသည့် အနောက်နိုင်ငံများမှ ရရှိခဲ့ကြသည်။ မိမိတို့ တက်ရောက်နေသော တက္ကသိုလ်နောက်ဆုံးနှစ် စာမေးပွဲအောင်စာရင်း အမှတ်ပေါင်းရလာဒ်ကို ကြည့်၍ မဟာဘွဲ့ကြို သင်တန်းများကို တက်ရောက်ခွင့်ပြုခဲ့သည်။ တက္ကသိုလ်မဟာဘွဲ့များဖြစ်သည့် M.A, M.Sc, M.E စတဲ့ဘွဲ့များရရန် ကတိကဝတ်ပြု လက်မှတ်ရေးထိုးမှုပြုရသည်။ လျှောက်ထားသူများပြားပါက ဝင် ခွင့်စာမေးပွဲ ရေးဖြေ၊နှုတ်ဖြေ၊ ဖြေဆိုရသေးသည်။ရွေးချယ်ခံရပါက မိမိတို့သက်ဆိုင်ရာ တက္ကသိုလ် များတွင် ကျောင်းသားတစ်ပိုင်း၊ဆရာတစ်ပိုင်း၊ အလုပ်သင်ဆရာအနေဖြင့်ဝင်လုပ်ရသည်။ အချို့ မဟာဘွဲ့ကြိုတန်းများကို နိုင်ငံခြားပြန် ပါရဂူ Ph.D ဘွဲ့ရ ဆရာ၊ဆရာမများက သင်ကြားပေးခဲ့ ကြသည်။ မဟာဘွဲ့များအတွက် စာတမ်းများပြုစုရန် စာကြည့်တိုက်များသို့ အကြိမ်ကြိမ်အခါခါ သွားခဲ့ရသည်။ “ရှာဖွေလေလေ တွေ့ရှိလေလေ” ဆိုတဲ့စကားအတိုင်း အချိန်ကုန် ငွေကုန် စိတ်ဆင်းရဲ အပင်ပန်းခံကာ သုတေသန စာတမ်းများကို ပြုစုခဲ့ကြသောကြောင့် မိမိ၏သုတေသန စာတမ်းကို ပါမောက္ခကြီးများ အကြိုက်တွေ့ခဲ့သည်။

    ကံမကောင်း၊ အကြောင်းမလှ၍ မိမိ၏ Thesis သုတေသနစာတမ်း၊ အပယ်ခံရလျှင် မဟာဘွဲ့ကို လက်ပြနှုတ်ဆက်သွား ရသူများထဲတွင် စာရေးသူ၏မိတ်ဆွေတစ်ဦး ပါခဲ့ဖူးသည်ကို မှတ်မိပါသေးသည်။

    စာရေးသူတို့ ကျောင်းသားဘဝတွင် ပါရဂူဘွဲ့ရယူရန် အနောက်နိုင်ငံများသို့ ပညာတော် သင်သွားရသည်။ ပါရဂူဘွဲ့အတွက် ပညာသင် စရိတ်ကို အနောက်နိုင်ငံများ၏အစိုးရများက နှစ်နိုင် ငံချစ်ကြည်ရေးအကြောင်းခံကာ ကူညီဆောင်ရွက်ပေးတတ်ကြသည်။ ဂျပန်နိုင်ငံရှိ “အိုကီနာဝါ ဖောင်ဒေးရှင်းကြီးသည် ယနေ့တိုင် မြန်မာနိုင်ငံသားများ၊ ပညာတော်သင် စေလွှတ်ရေးတွင် အစစ အရာရာ ကူညီထောက်ပံ့လျက်ရှိသည်။ စာရေးသူ၏ ရန်ကုန်စက်မှု့တက္ကသိုလ်ကျောင်းသားဘဝ ကဆရာကြီးတစ်ဆူလည်းဖြစ်ခဲ့သူ ပညာရေးဝန်ကြီးဟောင်း ဒေါက်တာချမ်းငြိမ်းသည် အင်္ဂလန် နိုင်ငံမှ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ Ph.D ကိုရရှိခဲ့သူဖြစ်သည်။ အတွေ့အကြုံရှိ အရည်အချင်းအပြည့် ရှိသူမို့ ဆရာ့စာသင်ချိန်ဆို ကျွန်တော်အလွန်ပျော်သည်။ ဗဟုသုတများစွာရသည်။

    စာရေးသူသည် ယခုအချိန်အခါတွင် ပညာဖြင့် အမိမြန်မာနိုင်ငံတော်ကြီး တင့်တယ် လှပစေ ရန် ရည်ရွယ်လျက် အရပ်ဖက် လူ့အဖွဲ့အစည်းတစ်ရပ် (Civil Society Organization) C.S.O ကိုယ်ကျိုးမဖက်၊ အများအကျိုးအတွက် (Non- Profit Organization) တစ်ခုကို တရားဝင် အသင်းအဖွဲ့မှတ်ပုံတင် လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေပြည်တော်ရှိ ပြည်ထဲရေး ဝန်ကြီးဋ္ဌာန၊ ပညာရေးဝန်ကြီးဋ္ဌာနများသို့ မှတ်ပုံတင်ခဲ့ပါသည်။ စိတ်တူ၊ကိုယ်တူ၊  ရည်ရွယ်ချက်တူ ပညာရေး နယ်ပယ်မှ ဆရာ၊ဆရာမများဖြင့်ဖွဲ့စည်းခဲ့ပါသည်။

    ရန်ကုန်မြို့လောက်ရှိသည့် အရှေ့တောင်အာရှမှ စင်္ကာပူနိုင်ငံလေးသည် မည်သည့်သယံ ဇာတမှလည်းမထွက်၊ ပြည်ပပို့ကုန်ဟူ၍ ဘာကုန်မှ ထွေထွေထူးထူးမရှိ။ သို့သော် လူသားရင်းမြစ်အမြောက်အမြားကို စင်္ကာပူနိုင်ငံ၏ တက္ကသိုလ် ကောလိပ်များက အချိန်နှင့် တစ် ပြေးညီ တန်ဖိုးရှိရှိ ထုတ်လုပ်ပေးလျက်ရှိသည်။

    စာရေးသူသည် မြန်မာ့ပညာရေးလောကသား ပဲ့ကိုင်ရှင်များအား အကြံပြုလိုသည်မှာ “မြင်မြင်သမျှပါမောက္ခ၊ တွေ့သမျှပါရဂူ” များကို စက်ရုံထွက်ကုန်ပစ္စည်းများသဖွယ် ထုတ်လုပ် နေမည့်အစား  ဒေါက်တာဘွဲ့အမည်ခံ “ပြစားများ” ၊ မွေးထုတ်နေမည့်အစား ၊ အရည်အသွေး၊အ ရည်အချင်း၊ ထွန်းတောက်ခဲ့သော ရှေ့ဆောင်လမ်းပြ တစ်ချိန်က ဂုဏ်ထူးဆောင် ဆရာ၊ဆရာမကြီး များကဲ့သို့ အတုစံနမူနာယူ မွေးထုတ်သင့်ပါကြောင်း အကြံပြုတိုက်တွန်းလိုက်ပါသည်။

    လေးစားလျှက်

    ဂျက်ဖရီတင်အုန်း (R.I.T ရန်ကုန်စက်မှုတက္ကသိုလ်)

  • ကျောက်ဖြူဒုက္ခသည်များ နေရပ်ပြန်လို

    ကျောက်ဖြူဒုက္ခသည်များ နေရပ်ပြန်လို

    ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ တခုထဲကျန်တော့တဲ့ ကယ်ဆယ်ရေးစခန်း မှာ နေထိုင်နေရသူတွေက သူတို့ရဲ့ မူရင်းနေရာတွေမှာ ပြန်နေချင်ကြတဲ့ အကြောင်း ပြောပါတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူကတော့ အဲဒီလိုပြန်နေနိုင်ဖို့ရာ ယုံကြည်မှုတည်ဆောက်ဖို့ လိုနေဆဲဖြစ်ပြီး လက်ရှိအချိန်မှာ မဖြစ်နိုင်သေးဘူးလို့ပြောပါတယ်။ အဲဒီကယ်ဆယ်ရေးစခန်းကို ကိုယ်တိုင်သွားပြီး တွေ့ဆုံ မေးမြန်း သတင်းယူခဲ့တဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

    ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလက ကျောက်ဖြူမြို့ပေါ်က ရပ်ကွက်တခုမှာ ရုန်းရင်းဆန်ခတ်အခြေအနေတွေဖြစ်ပြီးတဲ့နောက် တာဝန်ရှိသူတွေကနေ နှစ်ရက် သုံးရက် တိမ်းရှောင်ခိုင်းခဲ့လို့ ကျောက်တလုံး ကယ်ဆယ်ရေးစခန်းထဲကို လူပေါင်း ၁,၅၀၀ ကျော် ရောက်သွားခဲ့တာပါ။ အခုတော့ စခန်းမှာ လူပေါင်း ၁,၁၀၀ ကျော် ဆက်ရှိနေသေးပြီး စခန်းမှာပဲ နေထိုင်လာကြရတာ ၅ နှစ်နီးပါး ရှိနေပါပြီ။

    အဲဒီလူတွေဟာ ကျောက်ဖြူမြို့ပေါ် သမ္ဗာန်ချောင်းရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်၊ အရာရှိရပ်ကွက်၊ တိုးချဲ့ရပ်ကွက် စတဲ့ မြို့ပေါ် ရပ်ကွက်အသီးသီးမှာ နှစ်ပေါင်းများစွာ အခြေစိုက်နေထိုင်လုပ်ကိုင်လာကြတဲ့ ကျောက်ဖြူဒေသခံတွေပဲဖြစ်ကြပြီး အခုလဲ သူတို့ရဲ့ မူရင်းနေရာတွေမှာပဲ ပြန်နေခွင့်ရဖို့ အများစုက ဆန္ဒရှိကြပါတယ်။

    ဒီထဲမှာ တပ်မတော်သားအဖြစ် နှစ်ပေါင်း ၂၀ ကျော် တာဝန်ထမ်းခဲ့ပြီး ၁၉၈၆ ခုနှစ်မှာ တပ်ကြပ်အဆင့်နဲ့ အငြိမ်းစားယူပြီးတဲ့ နောက် ကျောက်ဖြူမြို့ပေါ်မှာ ပဲ တောက်လျှောက်နေထိုင်လာသူ အသက် ၆၇ နှစ်အရွယ် ဦးစိုးမြင့်လဲ အပါအ၀င်ပါ။

    “ကိုယ့်အရပ်ဒေသ ကိုယ့်နေရာကိုယ် ရောက်ချင်တဲ့ဆန္ဒရှိတယ်။ ကျနော်တို့ မိမိအိမ်၊ မိမိခြံထဲမှာ နေချင်တယ်။ ဒီနေရာနေချင်တဲ့ ဆန္ဒလုံးဝမရှိဘူး လူတိုင်းလူတိုင်း။ ဒီနေရာရောက်လာတာက ရခိုင်ပါတီအဖွဲ့က လုပ်တာလား၊ နိုင်ငံတော်အစိုးရက လုပ်တာလားဆိုတာ အားလုံးသိချင်တယ် ကျနော်တို့။”

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ တာဝန်ရှိသူတွေ ဒီစခန်းကော်မတီနဲ့တွေ့ဆုံ ဆွေးနွေးခဲ့ချိန်တုန်းကလဲ သူတို့ မူလနေထိုင်ခဲ့တဲ့နေရာတွေမှာ ပြန်နေထိုင်ခွင့်ရဖို့ တောင်းဆိုခဲ့ပေမဲ့ ၀န်ကြီးက တိကျတဲ့ အဖြေ မပေးသွားပါဘူး။

    တခါ ဒီလ ၈ ရက်နေ့ကပဲ စခန်းကော်မတီနဲ့ ခရိုင်နဲ့ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးတွေ၊ ရဲမှူးတွေ၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးမှူး တွေတွေ့ပြီး ဆွေးနွေးကြပါသေးတယ်။ တာဝန်ရှိသူတွေဘက်က စခန်းတွင်းနေသူတွေအနေနဲ့ ကိုယ့်အိမ်ကိုယ်ယာပြန်နေဖို့အဆင်မပြေသေးကြောင်းပြောပြီး ဘက်နှစ်ဘက်ကြားမှာ နွေးထွေးမှုမရှိသေးတာကြောင့်လို့ အကြောင်းပြတဲ့အကြောင်း လက်ရှိ စခန်းကော်မတီဥက္ကဌ ဦးဖြူချေက ပြောပါတယ်။

    “တဦးနဲ့ တဦးပေါ့ စိတ်ပေါ့ ကျနော်သူငယ်ချင်းက ရခိုင်၊ ကျနော်က အစ္စလာမ် ဘာသာဝင်ဖြစ်နေတယ်။ ကျနော်တို့ IDP မှာရောက်နေတယ် ကျနော်သူငယ်ချင်းနဲ့ ကျနော် နှစ်ယောက်ချင်းတွေ့တဲ့အချိန်မှာ အဆင်ပြေတယ်။ ဒါပေမယ့် ကျနော်သူငယ်ချင်းသည် Group တခုနဲ့ သွားနေတဲ့အချိန် ကျနော်နဲ့ တွေ့တဲ့အချိန်မှာ အဆင်မပြေဘူး။ အဲလိုနွေးထွေးမှုတွေကတော့ မရှိသေးဘူး ၊နွေးထွေးမှုတွေ တည်ဆောက်ရမယ်လို့တော့ပြောတယ်။”

    စခန်းထဲမှာ လက်ရှိနေနေရသူတွေက တောင်းဆိုထားတဲ့အတိုင်း မူလနေရာတွေမှာ ပြန်နေခွင့်ရဖို့ဆိုတာကတော့ မဖြစ်နိုင်သေး ဘူးလို့ ကျောက်ဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မှူး ဦးညီညီလင်းက ပြောပါတယ်။

    “သူတို့တောင်းဆိုနေတဲ့ မူလနေရာဆိုတာကတော့ လောလောဆည်ကတော့ ယုံကြည်မှု တည်ဆောက်ဖို့တော့လိုမယ်၊ မဖြစ်နိုင်သေးဘူးပေါ့လေ။ မဖြစ်နိုင်ဘူးဆိုတော့ ဒီအတိုင်းသူတို့ စခန်းမှာနေဖို့ကလည်း သူတို့လူမှုဘ၀အတွက်လည်း မကောင်းဘူးပေါ့နော် အဲဒါကြောင့် သူတို့က သူတို့ဘာသာသူတို့ ကျနော်တို့က သူတို့ကို အဲဒီမှာပဲ Life Style လေးတွေဖြစ်သွားအောင် ဒီမှာပဲ သူတို့ကို အကွက်လေးတွေရိုက်ပေးမယ်၊ အိမ်ဆောက်ပေးမယ်၊ ရေမီး မိလ္လာစသဖြင့်အကုန်လုံး ကျနော်တို့ စီစဉ်ပေးမယ်။ ဒီဘက်မှာလည်း စသဖြင့် ကျနော်တို့က ရခိုင်တိုင်းရင်းသားတွေဆိုရင်လည်း ပြီးခဲ့တဲ့ ၂၇-၂၈ – ၂၉ ရက်နေ့က ရခိုင်က ကယ်ဆယ်ရေးစခန်းတွေကို တနေရာရွှေ့လိုက်တာပေါ့။ သူတို့လည်း အဲလိုမျိုးပဲ ကိုယ့်ဘ၀ကိုပေါ့နော် မိသားစုဘ၀လေးတွေဖြစ်သွားအောင်ဆိုပြီး လုပ်ပေးတာပါ။ သူတို့ကိုလည်း လုပ်ပေးဖို့ ကျနော်တို့ကတော့ ပြောတယ်။ ပြောသော်လည်း သူတို့က လက်မခံဘူးပေါ့လေ သူတို့မူလနေရာ ကိုပဲပြောတယ်။ ဆိုတော့မူလနေရာကတော့ ယုံကြည်မှုကတော့ လိုဦးမယ်ထင်တယ်။”

    သူတို့အတွက် အခုလက်ရှိနေရာမှာပဲ ပြန်ပြီး အခြေစိုက်နေထိုင်နိုင်အောင် စီစဉ်လုပ်ဆောင်ပေးဖို့ လျာထားပြီး လွန်ခဲ့တဲ့ သီတင်း ပတ်က စခန်းကော်မတီနဲ့ သီးခြားခေါ်တွေ့ပြီးတော့ ပြန်လည်နေရာချထားရေးကိစ္စ ပြောဆိုခဲ့တဲ့အကြောင်း၊ စခန်းကော်မတီက စခန်းတွင်းမိသားစုတွေနဲ့ ပြန်ဆွေးနွေးဖို့ ပြောထားတဲ့အဆင့်မှာရှိတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီလင်းက ပြောပါတယ်။ ဒီလူတွေအနေနဲ့လဲ နိုင်ငံသားစိစစ်မှုခံယူပြီးတဲ့နောက် ဥပဒေနဲ့အညီ တခြားလူတွေနဲ့တန်းတူ အကာအကွယ် အပြည့်အ၀ရမယ်လို့ လဲ အုပ်ချုပ်ရေးမှူးက အာမခံပြောဆိုပါတယ်။

    အခုဆိုရင် ဒီစခန်းကိုရောက်ပြီးတော့မှပဲ စခန်းတွင်းမှာမွေးဖွားတဲ့ ကလေးငယ်အရေအတွက် ကိုက ၁၀၀ ကျော်ရှိနေပါပြီ။ ဒီလူတွေ အားလုံးကို ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတချို့က အကူအညီပေးထားပေမဲ့လဲ သိပ်မကြာခင်မှာ ပဲ သူတို့ကိုထောက်ပံ့နေတဲ့ ရိက္ခာအရေအတွက်ကို ထက်ဝက်လျှော့ချတော့မယ်လို့ ပြောထားတဲ့အကြောင်း စခန်းကော်မတီ ဥက္ကဌက ပြောပါတယ်။

    ကျောက်ဖြူမှာရှိခဲ့တဲ့ နောက်စခန်းတခုက လူတွေကိုတော့ သိပ်မကြာသေးခင် သီတင်းပတ်တွေအတွင်းကပဲ မြို့ပေါ်အရပ်တခုမှာ အိမ်တွေဆောက်ပြီး ပြန်လည် နေရာချ ထားပေးခဲ့ပြီး စခန်းကိုလဲ ပိတ်လိုက်ပြီးဖြစ်ပါတယ်။ ကိုဖီ အာနန် ဦးဆောင်တဲ့ ရခိုင် ပြည်နယ် အခြေအနေဆိုင်ရာ အကြံပေးကော်မရှင်က ပိတ်ဖို့အကြံပေးထားတဲ့ စခန်းတွေထဲမှာတော့ ကျောက်ဖြူမြို့က ဒီ ကျောက်တလုံးကယ်ဆယ်ရေးစခန်း မပါဝင်ပါဘူး။

     

    VOA မှ ကူးယူဖော်ပြပါသည်။