News @ M-Media

Author: Ko Lay

  • အစ္စရေးဝန်ကြီးချုပ် မသမာမှုစွဲချက်များစွာဖြင့် ရဲတပ်ဖွဲ့၏ စုံစမ်းမှုကို ခံနေရ

    အစ္စရေးဝန်ကြီးချုပ် မသမာမှုစွဲချက်များစွာဖြင့် ရဲတပ်ဖွဲ့၏ စုံစမ်းမှုကို ခံနေရ

    သြဂုတ် ၄၊ ၂၀၁၇
    M-Media

    – အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုမှာ လာဘ်စားခြင်း၊ လိမ်လည်ခြင်း၊ ယုံကြည်မှုအလွဲသုံးစားလုပ်ခြင်းတို့ကို ကျူးလွန်သည်ဟု သံသယဖြစ်ခံနေရကြောင်း အစ္စရေးရဲတပ်ဖွဲ့၏ စာရွက်စာတမ်းများအရ သိရသည်။

    ထိုကိစ္စများအတွက် ရဲတပ်ဖွဲ့မှာ နေတန်ယာဟုကို လပေါင်းများစွာ မေးခွန်းများ မေးမြန်းခဲ့သော်လည်း အသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။

    ယမန်နေ့ကလည်း နိုင်ငံတော်သက်သေ တင်သွင်းရန်အတွက် ဆောင်ရွက်နေသည့်အချိန်တွင် အဆိုပါ မေးမြန်းစုံစမ်းမှုများအတွက် သတင်းထုတ်ပြန်ခြင်းမပြုရန် ရဲတပ်ဖွဲ့က အမိန့်ထုတ်ခဲ့သည်။ ရဲတပ်ဖွဲ့၏ မှတ်တမ်းများတွင် နေတန်ယာဟုမှာ ‘ခြစားမှု၊ လိမ်လည်မှု၊ ယုံကြည်မှုအလွဲသုံးစားလုပ်ခြင်း စသည့် ရာဇ၀တ်မှုများကို ကျူးလွန်သည်ဟု သံသဖြစ်ခံရသူတစ်ဦး’ ဖြစ်ကြောင်း ဖော်ပြထားသည်။

    အစ္စရေးနေ့စဉ်သတင်းစာ Haaretz က နေတန်ယာဟု၏ ၀န်ထမ်းရေးရာ အရာရှိချုပ်ဟောင်းဖြစ်သော အေရီ ဟာရိုးမှာ နေတန်ယာဟုနှင့်ပတ်သက်၍ တရားရုံးတွင် ကြားနာနေသော ခြစားမှုကိစ္စ ၂ ခုအတွက် နိုင်ငံတော်သက်သေအဖြစ် ဆောင်ရွက်ပေးရန် သဘောတူညီမှု ရရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။

    အတိုက်အခံခေါင်းဆောင် ဟားရိုးမှာ ၂၀၀၈ ခုနှစ်က နေတန်ယာဟု၏ ၀န်ထမ်းရေးရာ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ခြစားမှု စွပ်စွဲချက်များကြောင့် ၂၀၁၄ ခုနှစ်တွင် ရာထူးမှ နှုတ်ထွက်ခဲ့သည်။

    အဆိုပါ ခြစားမှုကိစ္စများမှာ စီးပွားရေးသမားများက နေတန်ယာဟုနှင့် ၎င်း၏ မိသားစုကို လက်ဆောင်များ ပေးခဲ့ခြင်း၊ သတင်းစာထုတ်ဝေသူတစ်ဦးနှင့် နေတန်ယာဟုက ဆွေးနွေးခဲ့ခြင်းတို့နှင့် ပတ်သက်နေသည်။

    နေတန်ယာဟုက မိမိအနေဖြင့် မည်သည့်အမှားမှ မလုပ်ခဲ့ဟု ပြောကြားထားပြီး ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်သော ကြေငြာချက်တွင် ၀န်ကြီးချုပ်မှာ အောက်လမ်းနည်းဖြင့် အတိုက်ခံရခြင်းဖြစ်ကြောင်း၊ ယခုအချိန်မှာ အမြင့်ဆုံးသို့ ရောက်နေပြီး အစိုးရအပြောင်းအလဲဖြစ်ရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

    Ref : Aljazeera

  • ပြောင်းရွှေ့ကြေးနှင့် ထိုက်တန်သောခြေစွမ်း မပြနိုင်သည့် ဘောလုံးသမား ၁၀ ဦး

    ပြောင်းရွှေ့ကြေးနှင့် ထိုက်တန်သောခြေစွမ်း မပြနိုင်သည့် ဘောလုံးသမား ၁၀ ဦး

    သြဂုတ် ၄၊ ၂၀၁၇
    M-Media

    ၁၀။ ဆိုလ်ဒါဒို (ပေါင် ၂၆ သန်း)

    စပိန်မှာ ခြေစွမ်းပြနေတဲ့ ဆိုလ်ဒါဒိုကို စပါးက တန်ကြေးထက်ပိုတဲ့ ပေါင် ၂၆ သန်းအသုံးပြုပြီး ၀ယ်ယူခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။

    ဗလင်စီယားမှာ ဆိုလ်ဒါဒိုဟာ ပွဲတိုင်းလိုလို ဂိုးသွင်းနိုင်ခဲ့ပြီး စပါးကိုရောက်ပြီးတဲ့နောက် ၅၂ ပွဲကစားကာ ၇ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ ဗီလာရီးယဲလ်ကို ပြန်ရောက်သွားပြီး ဇာတိမြေမှာ ခြေပြန်တွေ့ခဲ့ပါတယ်။

    ဒါပေမယ့် ပရီးမီးယားလိဂ်မှာ ဈေးကြီးပေးရပြီး အလုပ်မဖြစ်တဲ့ ကစားသမားစာရင်းထဲမှာ ပါဝင်သွားခဲ့ပါတယ်။

    ၉။ ရော်ဘီ ကိန်း (ပေါင် သန်း ၂၀)

    ၂၀၀၈ ခုနှစ် နွေရာသီမှာ စပါးကနေ လီဗာပူးလ်က ပေါင်သန်း ၂၀ ပေးပြီး ၀ယ်စဉ်အချိန်က ဒီဈေးဟာ သူ့အတွက် တော်တော်လေးများတဲ့နှုန်းပါ။ ပရီးမီးယားလိဂ်ဂိုးသွင်းစွမ်းရည်၊ ရာဖေးလ်ဘင်နီတက်ဇ်ရဲ့ ကစားကွက်နဲ့ အံဝင်မယ်ဆိုတဲ့မျှော်လင့်ချက်တွေနဲ့ ကိန်းဟာ ဘုံမြှောက်ခံခဲ့ရပါတယ်။

    ဒါပေမယ့် လီဗာပူးလ်မှာ ၆ လသာ ကြာမြင့်ခဲ့ပြီး ၁၉ ပွဲကစား ၅ ဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့် စပါးကို ပေါင် ၁၂ သန်းနဲ့ ပြန်ရောက်သွားခဲ့ပါတယ်။

    ၈။ လန်တီနီ (ပေါင် ၁၃ သန်း)

    ၁၉၉၂ ခုနှစ်မှာ တောင်ပံကစားသမားတစ်ယောက်အတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၂ သန်းနဲ့ လန်တီနီတစ်ယောက် တိုရီနိုကနေ အေစီမီလန်ကို ရောက်ခဲ့ပါတယ်။

    ဆန်စီရိုပထမနှစ်မှာ တောက်ပခဲ့ပေမယ့် ကားမတော်တဆဖြစ်မှုကြောင့် ၂ ရက်တာ မေ့မြောခဲ့ပြီးနောက်ပိုင်း သူ့ရဲ့ အကောင်းဆုံးပုံစံ ပြန်မရတော့ဘဲ အေစီမီလန်မှာ လူစားဝင်ကစားသမားအဖြစ်သာ အသုံးပြုခံခဲ့ရပါတယ်။

    ၇။ ဘန်တီကီ (ပေါင် ၃၂.၅ သန်း)

    ပရီးမီးယားလိဂ်အကောင်းဆုံး လူငယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့ ဘန်တီကီကို အက်စတွန်ဗီလာကနေ လီဗာပူးလ်က ၃၂.၅ သန်းနဲ့ ၀ယ်ယူခဲ့တာပါ။

    ဒါပေမယ့် နည်းပြ ဘရန်ဒန်ရော်ဂျာ ထွက်သွားပြီးနောက်ပိုင်း ယာဂန်ကလော့ပ် လက်ထက်မှာ ဘန်တီကီဟာ အရန်ခုံမှာပဲ အချိန်ကုန်ခဲ့ပါတယ်။

    အသင်းအတွက် ၉ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ငွေပြန်ဖော်လိုတဲ့ လီဗာပူးလ်က တစ်ရာသီထားပြီး ခရစ္စတယ်ပဲလေ့စ်ကို ပြန်ရောက်ခဲ့ပါတယ်။

    ၆။ ရော်ဘင်ဟို (ပေါင် ၃၂.၅ သန်း)

    အဘူဒါဘီအုပ်စုက အသင်းကို ၀ယ်ယူပြီးတဲ့နောက်ပိုင်းမှာ မန်စီးတီးအသင်းဟာ ချယ်ဆီးကို ရောက်ဖို့ရှိနေတဲ့ ရော်ဘင်ဟိုကို ပုံမှန်ဈေးထက် ပိုပေးပြီး ၃၂.၅ သန်းနဲ့ ခေါ်ခဲ့ပါတယ်။ အသင်းကိုရောက်ရောက်ခြင်းမှာ ထိုက်တန်တဲ့ ခြေစွမ်းမျိုးကို ပြသခဲ့ပေမယ့် ဒဏ်ရာရရှိတာ၊ အိမ်ကိုလွမ်းတဲ့ ဝေဒနာတွေကြောင့် ၁၈ လသာ
    မန်စီးတီးမှာ ခံခဲ့ပြီ နောက်ပိုင်း ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းကို အငှားနဲ့ ပြန်ရောက်သွားခဲ့ပါတယ်။

    မန်စီးတီးမှာရှိနေစဉ်မှာ ရော်ဘင်ဟိုဟာ ၁၄ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

    ၅။ ဗီရွန် (ပေါင် ၂၈.၁ သန်း)

    ၂၀၀၁ ခုနှစ်မှာ ဂျူဘန် ဆီဘက်စတီယန် ဗီရွန်ကို မန်ယူက အင်္ဂလန်ဘောလုံးသမိုင်းမှာ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၈.၁ သန်းနဲ့ ၀ယ်ယူခဲ့ပါတယ်။

    ဒါပေမယ့် ဗီရွန်အပေါ် မျှော်လင့်ချက်ဟာ ကြာကြာမခံခဲ့ပါဘူး။ ပရီးမီးယားလိဂ်နဲ့ အံမ၀င်ဘဲ၊ ဒဏ်ရာအနာတရတွေ၊ စွမ်းဆောင်ရည်ညံ့ဖျင်းမှုတွေကြောင့် ပရိတ်သတ် အကြိုက်တွေ့တဲ့ ကစားသမားတစ်ယောက် မဖြစ်ခဲ့ပါဘူး။

    အိုးထရက်ဖို့ဒ်မှာ ၂ နှစ်ကြာမြင့်ခဲ့ပြီး ချယ်ဆီးကို ပေါင် ၁၅ သန်းနဲ့ ရောက်သွားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီမှာလည်း ရုန်းကန်ခဲ့ရပြီး ၂၀၀၄ ခုနှစ်မှာ စီးရီးအေကို ပြန်ရောက်သွားပါတယ်။

    ၄။ ၀ီလ်ဖရိုင်း ဘိုနီ (ပေါင် ၂၈ သန်း)

    အသင်းငယ်လေးတွေမှာ ခြေစွမ်းပြနေပြီဆိုရင် အသင်းကြီးတွေက မျက်စိကျပြီး ရှေ့နောက် မစဉ်းစားဘဲ ၀ယ်ယူမှုတွေဟာ ခေတ်သစ်ဘောလုံးလောကရဲ့ ဓလေ့လို ဖြစ်နေပါပြီ။

    ၂၀၁၅ ခုနှစ်မှာ ၀ီလ်ဖရိုင်းဘိုနီကို ဆွမ်ဆီးကနေ မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပေါင် ၂၈ သန်းပေးပြီး ၀ယ်ယူခဲ့တာက ဒီဓလေ့ရဲ့ ဥပမာတစ်ခု ဖြစ်ပါတယ်။

    ဒီကြေးဟာ အာဖရိက ကစားသမားတစ်ယောက်အတွက် စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်ပါတယ်။ အခုအချိန်အထိ ဘိုနီဟာ မန်စီးတီးအတွက် ၆ ဂိုးသာ သွင်းယူထားနိုင်ပြီး စတုတ်စီးတီးအသင်းမှာ အငှားနဲ့ သွားကစားနေရပါတယ်။

    ဒါပေမယ့် အဲဒီမှာလည်း ရုန်းကန်နေရပါတယ်။

    ၃။ ဂျီစီ ရော်ဒရီဂက်စ် (ယူရို ၂၅ သန်း)

    ပြီးခဲ့တဲ့နှစ် နွေရာသီက ရီးယဲလ်ကနေ ယူရို ၂၅ သန်းပေးပြီး ပီအက်စ်ဂျီက ၀ယ်ယူခဲ့ပေမယ့် ဒဏ်ရာ မကြာခဏဆိုသလို ရနေပြီး အသင်းမှာ ပါဝင်ခွင့်မရပါဘူး။

    ပီအက်စ်ဂျီမှာ ၆ လသာကြာခဲ့ပြီးနောက်ပိုင်းမှာ လက်စ်ပါးလ်မက်စ်အသင်းကို အငှားချခဲ့ပေမယ့် အဲဒီမှာလည်း တစ်ပွဲသာ ပါဝင်ကစားခွင့်ရထားပါတယ်။ လက်ရှိမှာတော့ အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ထုတ်ရောင်းဖို့ ရှိနေပါတယ်။

    ၂။ မန်ဂါလာ (ပေါင် ၄၂ သန်း)

    ဥရောပရဲ့ အကောင်းဆုံး လူငယ်နောက်ခံလူတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ မန်ဂါလာကို ပေါက်ဈေးထက်ပိုတဲ့ ပေါင် ၄၂ သန်းနဲ့ မန်စီးတီးက ၀ယ်ယူခဲ့တာပါ။

    ဒါပေမယ့် ပရီးမီးယားလိဂ်မှာ အံမ၀င်ခဲ့ဘဲ ရောက်ပြီးသိပ်မကြာခင်မှာပဲ အစားထိုးခံရဖို့အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

    မန်စီးတီးမှာ ၂ နှစ် ကြာမြင့်ခဲ့ပြီးတဲ့နောက် ဗလင်စီယာကို အငှားနဲ့ရောက်သွားပြီး ဂွါဒီယိုလာက အခုနှစ် အပြောင်းအရွှေ့ဈေးကွက်မတိုင်ခင်မှာ ရောင်းထုတ်ချင်နေပါတယ်။

    ၁။ အန်ဒီ ကာရိုးလ် (ပေါင် ၃၅ သန်း)

    ပြီးခဲ့တဲ့ ၁၀ ခုနှစ်တစ်ခုအတွင်းမှာ လီဗာပူးလ်အသင်းရဲ့ ကစားသမားဝယ်ယူမှုမှာ အမှားတွေများခဲ့ပါတယ်။ အဲဒီအထဲက အဆိုးဝါးဆုံးတွေမှာ ကားရိုးလ်ကို နယူးကာဆယ်ကနေ ပေါင် ၃၅ သန်းနဲ့ ခေါ်ယူခဲ့ပြီး အသင်းက ထွက်သွားတဲ့ ဖာနန်ဒိုတောရက်စ်နေရာမှာ အစားထိုးဖို့ ရည်ရွယ်ခဲ့တာပါ။

    အသက် ၂၂ နှစ်အရွယ် ကားရိုးလ်ဟာ နယူးကာဆယ်မှာ ၁၄ ဂိုးအထိ သွင်းယူပေးခဲ့ပေမယ့် လီဗာပူးလ်ကိုရောက်ရှိခဲ့တဲ့ ၂ နှစ်မှာ ဒဏ်ရာတွေနဲ့ လုံးပမ်းခဲ့ရပြီး ၆ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ၀က်စ်ဟမ်းအသင်းကို အငှားနဲ့ ရောက်သွားခဲ့ပါတယ်။

    Ref : Goal

  • မြေပုံရေးဆွဲခြင်း – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၅၁)

    သြဂုတ် ၄၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်

    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

    ၁၆ ရာစု တူရကီ ရေတပ်ဗိုလ်ချုပ် ပီရီ ရီအစ် ရေးဆွဲခဲ့ပြီး ကမ္ဘာ့သက်တမ်းအရင့်ဆုံး ပြည့်စုံသည့် ကမ္ဘာ့မြေပုံ

    – လူတွေ သူတို့သွားချင်တဲ့နေရာတွေကို ရောက်ရှိနိုင်အောင်လို့ မြေပုံတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅၀၀ အရင်လောက်ကတည်းက အသုံးတော်ခံခဲ့ကြပြီး အစောဆုံးမြေပုံတွေဟာ ရွံ့စေးသင်ပုန်းတွေပေါ်မှာ ထွင်းထားကြတာပါ။ စက္ကူပေါ်လာပြီးတဲ့နောက်ပိုင်း မြေပုံရေးဆွဲမှုနယ်ပယ်မှာ တစ်ဟုန်ထိုး တိုးတက်လာခဲ့ပြီး၊ သိပ်မကြာခင်ကမှ ပေါ်ပေါက်လာခဲ့တဲ့ ပထ၀ီဗေဒဆိုင်ရာ အချက်အလက်စနစ် (GIS) ဟာ ဒီနယ်ပယ်မှာ အထိရောက်ဆုံး တော်လှန်ပြောင်းလဲမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီစနစ်ကြောင့် ၁၉၇၃ ခုနှစ် ယူကေမှာ ပထမဆုံး ကွန်ပျူတာအခြေပြု ဒစ်ဂျစ်တယ် မြေပုံကြီးတွေ ပေါ်ထွက်လာခဲ့ပြီး ၁၉၉၅ နှစ်မှာတော့ စက်မှုနိုင်ငံတွေအားလုံးက မြေပုံရေးဆွဲရေးစနစ်တွေဟာ ဒစ်ဂျစ်တယ်စနစ်တွေ ဖြစ်လာခဲ့ကြပါတယ်။

    ဂြိုဟ်တုတွေ၊ မြေပြင်က အချက်အလက်ဖမ်းယူစက်တွေကို အသုံးပြုပြီး ကမ္ဘာကြီးရဲ့အနေအထားကို ဖော်ထုတ်တဲ့ ဒီ ခေတ်သစ်နည်းပညာ မပေါ်ပေါက်ခင်က မြေပုံတွေကို ခရီးသွားတွေ၊ ဘုရားဖူးတွေရဲ့ မှတ်တမ်းတွေကို အခြေခံပြီး ရေးဆွဲရတာ ဖြစ်ပါတယ်။

    ၇ ရာစုက မွတ်စလင်တွေဟာ ခရီးသွားခြင်းကို ခုံမင်ခဲ့ကြပြီး ကုန်သွယ်ရေးနဲ့ ဘာသာရေးဆိုင်ရာ ကိစ္စတွေအတွက် မိမိတို့ဇာတိကိုစွန့်ခွာကာ နေထိုင်ရာကမ္ဘာကြီးကို လေ့လာစူးစမ်းကြပါတယ်။ သူ့တို့ သွားရာလမ်းတစ်လျှောက်မှာ တွေ့ရတဲ့ နေရာသစ်တွေ၊ မြင်ရတဲ့မြင်ကွင်းတွေ၊ ဆက်ဆံရတဲ့ လူတွေရဲ့ အကြောင်းတွေကို လေ့လာခဲ့ပြီး ပြန်လာတဲ့အခါမှာတော့ ဒါတွေကို မှတ်တမ်းတင်ခဲ့ကြပါတယ်။ စောစောပိုင်းက နှုတ်နဲ့သာ လက်ဆင့်ကမ်းခဲ့ကြပေမယ့် ၈ ရာစု ဘဂ္ဂဒတ်မှာ စက္ကူစသုံးလာတဲ့ အချိန်မှာတော့ မြေပုံတွေ၊ ခရီးသွားလမ်းညွှန်တွေကို ရေးသား ထုတ်ဝေနိုင်ခဲ့ကြပါတယ်။

    သူ့တို့ရဲ့ အင်ပါယာအတွင်းက လိပ်စာတွေဆီ စာတွေပေးပို့ရမှာ စာတိုက်ဗိုလ်တွေ လွယ်ကူစေဖို့အတွက် အဘ္ဘာစစ်မင်းတွေက သံတော်ဦးတင်လွှာတွေဆက်ဖို့ အမိန့်ပေးခဲ့ပြီး ဒီလိုမှတ်တမ်းတွေကနေ Book of Routes (လမ်းကြောင်းပေါင်းချုပ်ကျမ်း) စာအုပ် ပေါ်ထွက်လာခဲ့ပါတယ်။ ဒီစာအုပ်ဟာ ဝေးလံတဲ့နေရာတွေ၊ နိုင်ငံရပ်ခြားတိုင်းပြည်တွေရဲ့ ပထ၀ီအနေအထား၊ ထွက်ကုန်တွေ၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ လှုပ်ရှားမှု စတဲ့အချက်အလက်တွေကို ပိုပြီး အသေးစိတ်ကျကျ စုဆောင်းဖို့အတွက် တွန်းအားလည်း ဖြစ်စေခဲ့ပါတယ်။

    အလယ်ခေတ်မွတ်စလင်တွေက ကမ္ဘာအနှံ့ ခြေဆန့်ကာ စူးစမ်းရှာဖွေမှုတွေ လုပ်နေတဲ့အချိန် ဥရောပမှာ (၈ ရာစုကနေ-၁၁ရာစုအကြား) ဗိုက်ကင်းလူမျိုးတွေကလွဲလို့ ဒီလို ဝေးလံတဲ့ဒေသတွေကို သွားတဲ့လူတွေ မရှိဘဲ ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့ ဥရောပရဲ့အသိပညာကလည်း သူတို့ဒေသလောက်မှာသာ အကန့်အသတ်နဲ့ ရှိခဲ့ပါတယ်။ တကယ်လို့ အစ္စလာမ်ကမ္ဘာက ပထ၀ီပညာရှင်တွေ၊ မြေပုံရေးဆွဲသူတွေ ကြောင့်သာမဟုတ်ရင် ၁၅ ရာစုနဲ့ ၁၆ ရာစုက ဥရောပ စူးစမ်းရှာဖွေရေးသမားတွေဟာလည်း သူတို့ရဲ့ ခရီးစဉ်ကို သွားရောက်နိုင်ခြေ မရှိပါဘူး။

    ယနေ့ခေတ်အသုံးပြုနေတဲ့ မြေပုံတွေဟာ ဥရောပစတိုင် မြေပုံတွေဖြစ်ပြီး သက်တမ်းကတော့ ရာစုနှစ် အနည်းငယ်သာ ရှိပါသေးတယ်။ ဥရောပက ရေကြောင်းခရီးသွားလာသူတွေဟာ ဓူဝံကြယ်တွေ၊ သံလိုက်အိမ်မြှောင်တွေကို အသုံးပြုပြီး ခရီးသွားတာကြောင့် ဒီမြေပုံတွေမှာ မြောက်ဖက်ကို အပေါ်မှာ ထားတာဟာ ရိုးရာဖြစ်နေပါပြီ။ အဲဒီမတိုင်ခင်တုန်းက ဥရောပက မြေပုံတွေရဲ့ အပေါ်ဘက်ဟာ အရှေ့ဖက်ကိုညွှန်းပြီး ဒီဓလေ့ကနေပဲ ‘အရှေ့တိုင်း’ (orientation) ဆိုတဲ့စကားလုံး ပေါ်လာတာဖြစ်ပါတယ်။ အလယ်ခေတ်ဥရောပက မြေပုံတွေမှာ ဂျေရုစလင်ကို အပေါ်ဖက်မှာထားပြီး မြင့်မြတ်ရာနေရာလို့ သတ်မှတ်တာကြောင့် ဖြစ်ပါတယ်။

    အဲဒီတုန်းက ဥရောပနဲ့ အစ္စလာမ်ကမ္ဘာကြားက မြေပုံရေးဆွဲမှုမှာ ထင်ရှားတဲ့ ကွဲလွဲချက်ကတော့ မွတ်စလင်တွေဟာ တောင်ဘက်ကို အပေါ်မှာထားပြီး မြောက်ဘက်ကို အောက်မှာထားတာပါ။ နက္ခတ္တဗေဒနဲ့ သင်္ချာမှာ ပိုတိကျတဲ့ လေ့လာမှုတွေ မွတ်စလင်ကမ္ဘာမှာ ပေါ်ထွက်လာတာကြောင့် မြေပုံရေးဆွဲရေးကို သိပ္ပံပညာရပ်ရဲ့ အကိုင်းအခတ်တစ်ခုအဖြစ် မွတ်စလင်တွေက သတ်မှတ် ဖော်ထုတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အနောက်တိုင်းက မြေပုံရေးဆွဲရေးသမားတွေဟာ ဒီမြေပုံကို ပြောင်းပြန်လှန်ခဲ့ပြီး မြောက်ဖက်ကို အပေါ်တင်ကာ၊ တောင်ဘက်ကို အောက်မှာထားခဲ့ပါတယ်။

    တူရကီရေတပ်ဗိုလ်ချုပ် ပီရီ အစ်ဗနေ့ ဟာဂျီ မိုဟာမက် ရီအစ် (Piri ibn Hajji Mohammed Reis)

    ၁၉၂၉ ခုနှစ် တူရကီက တော့ပ်ကာပီနန်းတော်ပြတိုက် (Topkapi Palace Museum) က ပညာရှင်တွေဟာ ဟစ်ဂျရီ ၉၁၉ ခု၊ ခရစ်သက္ကရာဇ် ၁၅၁၃ ခု ရက်စွဲနဲ့  တူရကီရေတပ်ဗိုလ်ချုပ် ပီရီ အစ်ဗနေ့ ဟာဂျီ မိုဟာမက် ရီအစ် (Piri ibn Hajji Mohammed Reis)  လက်မှတ်ထိုးထားတဲ့ ၁၆ ရာစုအစောပိုင်းက မြေပုံအပိုင်းအစတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ဒီမြေပုံဟာ ‘အမေရိကမြေပုံ’ လို့ ကျော်ကြားပြီး ကိုလံဘတ်စ်က မြောက်အမေရိကတိုက်ကို တွေ့ရှိခဲ့ပြီးနောက် ၂၁ နှစ်လောက်အကြာမှာပဲ ရေးဆွဲခဲ့တာဖြစ်ပါတယ်။

    ပီရီ ရီအစ်ရဲ့ ဒီမြေပုံကို ရှာဖွေတွေ့ရှိတဲ့အခါ ကမ္ဘာတစ်ဝှမ်းက တော်တော်လေး အံ့သြမှင်သက်ခဲ့ပြီး ကိုလံဘတ်စ်က အမေရိကတိုက်ကို သွားရောက်တဲ့ တတိယခရီးစဉ်အတွင်း ၁၄၉၈ ခုနှစ်မှာ စပိန်ကို ပြန်ပို့လိုက်တဲ့ မြေပုံနဲ့ ဆက်စပ်မှုတွေ ရှိတာကြောင့် ဖြစ်ပါတယ်။ ကိုလံဘတ်စ်ရဲ့ ဒီမြေပုံဟာ အခုအချိန်မှာ ပျောက်ဆုံးနေပါတယ်။ မြေပုံရဲ့ ဘရာဇီးလ်နိုင်ငံအပိုင်းမှာ ပီရီ ရီအစ်က –

    “ဒီအပိုင်းဟာ လက်ရှိမြေပုံကို ဘယ်လိုဖွဲ့စည်းထားလဲဆိုတာကို ရှင်းပြနေပါတယ်။ ဘယ်သူဆီမှာမှ ဒီလိုမြေပုံ မရှိပါဘူး။ ဒီလူကြီးဟာ (သူ့ကိုယ်သူ ရည်ညွှန်းခြင်းဖြစ်) ဒေသတွင်း မြေပုံ ၂၀ နဲ့ ကမ္ဘာတစ်ဝှမ်းက မြေပုံအချို့ကို အသုံးပြုပြီး သူ့ရဲ့လက်နဲ့ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက မြေပုံတွေထဲမှာ အာရပ်တွေရေးဆွဲထားတဲ့ အိန္ဒိယမြေပုံတစ်ခု၊ ပေါ်တူဂီတွေ သိပ်မကြာခင်က သင်္ချာနည်းနဲ့ ရေးဆွဲထားပြီး ပါကစ္စတန်၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကို ဖော်ပြထားတဲ့ မြေပုံ ၄ ခု၊ ကိုလံဘတ်စ် ရေးဆွဲခဲ့တဲ့ အနောက်တိုင်းမြေပုံတစ်ခုတို့ ပါဝင်ပါတယ်။ ဒီမြေပုံ (ကမ္ဘာသစ်ရဲ့) ကမ်းရိုးတမ်းတွေ၊ ကျွန်းတွေဟာ ကိုလံဘတ်စ်ရဲ့ မြေပုံကနေ ရယူထားတာပါ” လို့ မှတ်ချက်ရေးထားပါတယ်။

    သိပ်မကြာသေးခင်ကပဲ တရုတ်နိုင်ငံက မွတ်စလင်ရေတပ်ဗိုလ်ချုပ် ဇန်ဟီ (Zehng He) ရဲ့ မြေပုံတစ်ခုကို ရှာတွေ့ခဲ့ပြီး အဲဒီမြေပုံဟာ ၁၄၁၈ ခုနှစ်က ဖြစ်ပါတယ်။ ပီရီ ရီအစ်ဟာ ဒီမြေပုံကို ရရှိခဲ့လားဆိုတာ မသိရှိရပါဘူး။

    ၁၉၆၆ ခုနှစ်မှာ ပညာရှင် ချားလ်စ် ဟက်ပ်ဂွဒ် (Chrales Hapgood) က ပီရီ ရီအစ်ရဲ့ ဒီမြေပုံမှာ (အနောက်တိုင်းက ရှာမတွေ့ခင် ၃၀၇ နှစ် အရင်ကတည်းက) အန်တာတိကတိုက် (Antarctica) ကို ဖော်ပြခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ လူတွေက ဒီအချက်ကို အလေးမထားဘဲ မြေပုံရေးထားတဲ့ သားရေချပ်နဲ့ လိုက်လျောညီထွေဖြစ်အောင် ကိုင်းညွှတ် ရေးဆွဲထားတဲ့အတွက် အန်တာတိကတိုက်ကို တောင်အမေရိက ကမ်းရိုးတန်းအဖြစ် ထင်နေပုံရတယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။ ဒီမြေပုံမှာ တောင်အမေရိကရဲ့ အန်ဒီးစ်တောင်တန်း (Andes) တောင်တန်းတွေကိုလည်း ထည့်သွင်းရေးဆွဲထားပြီး ဒီတောင်တန်းတွေကို စပိန်တွေ ၁၅၂၇ မှာ တွေ့ရှိတယ်လို့ ယနေ့ခေတ်မှတ်သားမှုနဲ့ ၁၄ နှစ်စောပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။ ၁၅၃၁ ခုနှစ်က ဒရယ်သားရေမှာ ရေးဆွဲခဲ့တဲ့ ပီရီ ရီအစ်ရဲ့ ကမ္ဘာ့မြေပုံမှာ စပိန်နဲ့ကပ်နေတဲ့ ကမ်းရိုးတမ်းတွေ၊ ကမ္ဘာသစ်နဲ့အတူ အာဖရိကအနောက်ခြမ်းတွေလည်း ပါဝင်ပါတယ်။

    ပီရီ ရီအစ်ဟာ ဒီလောက်နဲ့ မရပ်ခဲ့ဘဲ ၁၅၂၈ ခုနှစ်မှာ ဒုတိယမြောက် ကမ္ဘာ့မြေပုံတစ်ခုကို ရေးဆွဲခဲ့ပါတယ်။ ဒီမြေပုံမှာတော့ အတ္တလန်တိတ်ရဲ့ အနောက်မြောက်ခြမ်း ပါဝင်ပြီး၊ ကမ္ဘာသစ်မှာ ဗင်နီဇွဲလားကနေ နယူးဖောင်းလန်း (Newfoundland) အထိ ဖော်ပြထားကာ ဂရင်းလန်း (Greenland) ရဲ့ တောင်ဘက် အစွန်းပိုင်းလည်း ပါဝင်ပါတယ်။ ဒါပမေယ့် လက်ရှိမှာတော့ မြေပုံရဲ့ ၆ ပုံ ၁ ပုံသာ ကျန်ရစ်ပါတော့တယ်။ သမိုင်းပညာရှင်တွေက ဒီမြေပုံရဲ့ပြည့်စုံမှုကိုကြည့်ပြီး အံ့သြခဲ့ကြရသလို၊ သက်တမ်းအရင့်ဆုံး ပြည့်စုံတဲ့ကမ္ဘာ့မြေပုံရဲ့ အစိတ်အပိုင်းတစ်ခုကိုသာ တွေ့ခဲ့ရတာကြောင့် ၀မ်းနည်းမှုလည်း ဖြစ်ပါတယ်။ မြေပုံရဲ့ ကျန်ရှိနေတဲ့အပိုင်းတွေကို ရှာဖွေခဲ့ပေမယ့် မတွေ့ပါဘူး။

    ပီရီ ရီအစ်ဆိုတာ ဘယ်သူလဲ။ မြေပုံရေးဆွဲမှုမှာ သူ့ရဲ့အားထုတ်မှုတွေကိ သမိုင်းစာအုပ် တော်တော်များများမှာ ဘာ့ကြောင့် ဖော်ပြထားခြင်း မရှိတာလဲ။

    ပီရီ ရီအစ်ကို ၁၄၆၅ ခုနှစ်က ဂါလီပိုလီဒေသ (Gallipoli) မှာ မွေးဖွားခဲ့ပြီး ၁၅ ရာစုနှောင်ပိုင်းကစလို့ လေးစားရတဲ့ ဦးလေး ကမာလ် ရီအစ် (Kemal Reis) ရဲ့ ကြီးကြပ်မှုအောက်မှာ ရေတပ်သားဘ၀ကို စတင်ခဲ့ပါတယ်။ ဦးလေးနဲ့အတူ ရေကြောင်းတိုင်းပွဲများစွာမှာ ပါဝင်ခဲ့ပြီး ပင်လယ်နီနဲ့ အိန္ဒိယသမုဒ္ဒရာတို့မှာ ပေါ်တူဂီတွေကို တိုက်ထုတ်မှုအတွင်း အော်တိုမန်ရေတပ်ကို ဦးဆောင်ခဲ့ပါတယ်။

    လက်ဖျားခါလောက်တဲ့ ကမ္ဘာမြေပုံတစ်ခုက အလီ မာဆာရ် ရီအစ် (Ali Macar Reis) ရဲ့ ၁၅၆၇ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ မြေပုံဖြစ်ပြီး အသေးစိတ်တဲ့ ဒီမြေပုံဟာ ဒီနေ့ခေတ် မြေပုံတွေနဲ့ ဆင်တူကာ အလီ မာဆာရ် ရီအစ်တစ်ယောက် လပေါ်ကနေ ကမ္ဘာကိုကြည့်ပြီး ရေးဆွဲထားလားလို့တောင် ထင်မှတ်မှားရပါတယ်။

    တိုက်ပွဲတွေ တိုက်နေရင်းကြားထဲကနေမှ ပီရီ ရီအစ်ဟာ ဂါလီပိုလီမှာ အနားယူခဲ့ပြီး ပထမဆုံး ကမ္ဘာ့မြေပုံ၊ (ရွက်လွှင့်ရမယ့် လမ်းကြောင်းတွေကို ဖော်ပြထားတဲ့) The Book of Sea Lore လက်စွဲစာအုပ်၊ ၁၅၂၈ ခုနှစ် သူ့ရဲ့ ဒုတိယမြောက် ကမ္ဘာ့မြေပုံတွေကို ရေးသားခဲ့ပါတယ်။ ဒုတိယမြောက် ကမ္ဘာ့မြေပုံကို ရေးဆွဲပြီးတဲ့အချိန် ၁၆ ရာစု အလယ်ပိုင်းလာက်မှာ ပီရီ ရီအစ်ဟာာ ပင်လယ်နီနဲ့ အိန္ဒိယသမုဒ္ဒရာတွေမှာ အော်တိုမန်ရေတပ်ဗိုလ်အဖြစ်နဲ့ ပြန်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဘ၀နိဂုံးဟာ ၀မ်းနည်းစရာကောင်းပြီး အရေးပါတဲ့ ရေကြောင်းတိုက်ပွဲတစ်ခုမှာ ရှုံးနိမ့်သွားတာကြောင့် အော်တိုမန် ဆူလ်တန်ရဲ့ ကွပ်မျက်ခြင်းကို ခံလိုက်ရပါတယ်။

    ဥရောပဟာ သူတို့ရဲ့ သမိုင်းတွေကိုပဲ အာရုံစိုက်ပြီး၊ သူတို့သွားခဲ့တဲ့ သမုဒ္ဒရာခရီးတွေ၊ ရှာဖွေတွေ့ရှိမှုတွေ၊ စီးပွားရေးနဲ့ ကိုလိုနီအင်ပါယာအကြောင်းတွေကိုပဲ အဓိကထား ရေးသားဖော်ပြခဲ့တာကြောင့် မြေပုံရေးဆွဲမှု အကြောင်း အပါအ၀င် မွတ်စလင်တွေရဲ့ စူးစမ်းဖော်ထုတ်မှု တော်တော်များများဟာ ကမ္ဘာ့လူထုရှေ့မှောက် ရောက်မလာပါဘူး။  တူရကီတွေရေးဆွဲခဲ့တဲ့ မြေပုံတွေအကြောင်းကို သိပ်ဂရုမထားဘဲ တစ်ခါတစ်ရံမှာ အီတလီမြေပုံလို့တောင် မှားယွင်းဖော်ပြကြပါတယ်။

    တကယ့်လက်တွေ့မှာ တူရကီတွေရဲ့ ရေကြောင်းသိပ္ပံဟာ အဲဒီခေတ်တုန်းက အရှေ့ရောက်ခဲ့ပါတယ်။ ၁၅၁၇ ခုနှစ်မှာ ပီရီ ရီအစ်က ကမ္ဘာ့မြေပုံသစ်ကို အော်တိုမန်ဆူလ်တန်ဆီ ဆက်သခဲ့သလို ဥရောပ ပင်လယ်ပျော်တွေ မတိုင်ခင်ကတည်းက တူရကီတွေဟာ အမေရိကတိုက်အကြောင်း၊ အာဖရိက ရေကြောင်းသွားလာရေးအကြောင်းကို တိကျတဲ့မှတ်တမ်းတွေ ရေးသားခဲ့ပါတယ်။

    အလီ မာဆာရ် ရီအစ် (Ali Macar Reis)

    လက်ဖျားခါလောက်တဲ့ ကမ္ဘာမြေပုံတစ်ခုက အလီ မာဆာရ် ရီအစ် (Ali Macar Reis) ရဲ့ ၁၅၆၇ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ မြေပုံဖြစ်ပြီး အသေးစိတ်တဲ့ ဒီမြေပုံဟာ ဒီနေ့ခေတ် မြေပုံတွေနဲ့ ဆင်တူကာ အလီ မာဆာရ် ရီအစ်တစ်ယောက် လပေါ်ကနေ ကမ္ဘာကိုကြည့်ပြီး ရေးဆွဲထားလားလို့တောင် ထင်မှတ်မှားရပါတယ်။

    နောက်ထပ် အရေးပါတဲ့မြေပုံတွေထဲမှာ မွတ်စလင်ပညာရှင်ကြီး အလ်-အစ်ဒရီစီတစ်ယောက် စစ္စလီကျွန်းက နော်မန်ဘုရင် ရော်ဂျာ ၂ (Roger II) အတွက် ရေးဆွဲပေးခဲ့တဲ့ ဒေသတွင်း မြေပုံ ၇၀ နဲ့ အဲဒီတုန်းက သိရှိခဲ့တဲ့ ကမ္ဘာကြီးရဲ့ မြေပုံတစ်ခုလည်း ပါဝင်ပါတယ်။ အလ်-အစ်ဒရီစီဟာ ထောင်နဲ့ချီတဲ့ ခရီးသွားတွေကို တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပြီး၊ အရင်တုန်းက မှတ်တမ်းတင်ထားခြင်းမရှိတဲ့ ဒေသတွေကိုပါ ထည့်သွင်းကာ တိကျတဲ့ မြေပုံတွေကို ရေးဆွဲခဲ့ပါတယ်။ သူ့ရဲ့ ဒီမြေပုံတွေကို ရာစုနှစ် ၃ စုလောက် ပထ၀ီပညာရှင်တွေက ပြောင်းလဲခြင်းမရှိဘဲ ကူးယူသုံးစွဲခဲ့ကြပါတယ်။

    သက်တမ်းအရင့်ဆုံး ကမ္ဘာ့မြေပုံ

    ပီရီ ရီအစ် ရေးဆွဲထားသည့် ကမ္ဘာ့မြေပုံမှ တောင်အမေရိကတိုက်ကို ယခုသိရှိထားသည့် မြေပုံနှင့် နှိုင်းယှဉ်ဖော်ပြမှု

    ၁၉၂၉ ခုနှစ်မှာ တူရကီ တော့ပ်ကာပီနန်းတော်ပြတိုက် (Topkapi Palace Museum) က ပညာရှင်တွေဟာ ဟစ်ဂျရီ ၉၁၉ ခု၊ ခရစ်သက္ကရာဇစ် ၁၅၁၃ ခု ရက်စွဲနဲ့  တူရကီရေတပ်ဗိုလ်ချုပ် ပီရီ အစ်ဗနေ့ ဟာဂျီ မိုဟာမက် ရီအစ် (Piri ibn Hajji Mohammed Reis)  လက်မှတ်ထိုးထားတဲ့ ၁၆ ရာစုအစောပိုင်းက မြေပုံအပိုင်းအစတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ဒီမြေပုံဟာ ‘အမေရိကန်မြေပုံ’ လို့ ကျော်ကြားပြီး ကိုလံဘတ်စ်က မြောက်အမေရိကတိုက်ကို တွေ့ရှိခဲ့ပြီးနောက် ၂၁ နှစ်လောက်အကြာမှာပဲ ရေးဆွဲခဲ့တာဖြစ်ပါတယ်။

    ပီရီ ရီအစ်ကို ၁၄၆၅ ခုနှစ်က ဂါလီပိုလီဒေသ (Gallipoli) မှာ မွေးဖွားခဲ့ပြီး ၁၅ ရာစုနှောင်ပိုင်းကစလို့ သူလေးစားရတဲ့ ဦးလေး ကမာလ် ရီအစ် (Kemal Reis) ရဲ့ ကြီးကြပ်မှုအောက်မှာ ရေတပ်သားဘ၀ကို စတင်ခဲ့ပါတယ်။ ဦးလေးနဲ့အတူ ရေကြောင်းတိုင်းပွဲများစွာမှာ ပါဝင်ခဲ့ပြီး ပင်လယ်နီနဲ့ အိန္ဒိယသမုဒ္ဒရာတို့မှာ ပေါ်တူဂီတွေကို တိုက်ထုတ်မှုအတွင်း အော်တိုမန်ရေတပ်ကို ဦးဆောင်ခဲ့ပါတယ်။ နန်းတော်ပြတိုက်မှာ တွေ့ရတဲ့ မြေပုံကို ရေးဆွဲဖို့အတွက် ပီရီ ရီအစ်ဟာ သူရဲ့ ခရီးသွားလာမှု၊ ရေကြောင်းသွားလာမှု အတွေ့အကြုံတွေကိုသာ အားကိုးခဲ့တာ မဟုတ်ပါဘူး။ အာရပ်တွေရေးဆွဲခဲ့တဲ့ အိန္ဒိယမြေပုံ၊ အိန္ဒိယပြည်၊ တရုတ်ပြည်တို့ကို ဖော်ပြထားတဲ့ ပေါ်တူဂီတွေရဲ့ မြေပုံ ၄ ခု၊  ကိုလံဘတ်စ်ရေးဆွဲခဲ့တဲ့ အနောက်တိုင်းမြေပုံတွေကို ကိုးကား ရေးဆွဲခဲ့တယ်လို့ ပီရီ ရီအစ်က မှတ်တမ်းတင်ထားပါတယ်။

    ကိုလံဘတ်စ်ရဲ့မြေပုံတွေကို အခြေခံထားတယ်ဆိုတဲ့အချက်က ကမ္ဘာ့သမိုင်းပညာရှင်တွေကို အံ့သြစေခဲ့ပါတယ်။ ပီရီ ရီအစ် ညွှန်းတဲ့ ကိုလံဘတ်ရဲ့ နောက်ဆုံးမြေပုံဟာ အမေရိကတိုက်ကိုသွားတဲ့ သူ့ရဲ့ တတိယခရီးစဉ်မှာ ရေးဆွဲခဲ့တာဖြစ်ပြီး ၁၄၉၈ ခုနှစ်မှာ စပိန်ကို ဒီမြေပုံ ပို့လိုက်ပေမယ့် နှစ်ပေါင်း တော်တော်ကြာကြာ ပျောက်ဆုံးနေခဲ့တာပါ။ ပီရီ ရီအစ်ရဲ့ ဒီမြေပုံကို ရှာတွေ့ခဲ့ပြီးနောက်ပိုင်းမှာ ကိုလံဘတ်စ်အနေနဲ့ ဘာတွေကို မှတ်တမ်းတင်ခဲ့သလဲဆိုတာ ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။

    ပီရီ ရီအစ်ရဲ့အကြောင်းကို သိပ်ပြီး မသိရပါဘူး။ ရေကြောင်းတိုက်ပွဲတွေ တိုက်ခိုက်နေရင်းနဲ့ပဲ သူဟာ ဂါလီပိုလီမှာ အငြိမ်းစားယူခဲ့ပြီး ၁၅၁၃ ခုနှစ်မှာ ကမ္ဘာ့မြေပုံကို ရေးဆွဲခဲ့ကာ ရွက်လွှင့်ရမယ့် ဦးတည်ရာတွေကို ဖော်ပြထားတဲ့ The Book of Sea Lore လက်စွဲကျမ်းကိုလည်း ရေးသားခဲ့ပါတယ်။ ၁၅၂၈ ခုနှစ်မှာ ဒုတိယမြောက်ကမ္ဘာ့မြေပုံကို ရေးဆွဲခဲ့ပြီး အဲဒီအထဲက ၆ ပုံ ၁ ပုံလောက်သာ ယနေ့ခေတ်မှာ ကျန်ရှိပါတော့တယ်။ ဒီမြေပုံမှာတော့ အတ္တလန်တိတ်ရဲ့ အနောက်မြောက်ခြမ်း ပါဝင်ပြီး၊ ကမ္ဘာသစ်မှာ ဗင်နီဇွဲလားကနေ နယူးဖောင်းလန်း (Newfoundland) အထိ ဖော်ပြထားကာ ဂရင်းလန်း (Greenland) ရဲ့ တောင်ဘက်အစွန်ပိုင်းလည်း ပါဝင်ပါတယ်။ သမိုင်းပညာရှင်တွေက ဒီမြေပုံရဲ့ ပြည့်စုံမှုကိုကြည့်ပြီး အံ့သြခဲ့ကြရသလို၊ သက်တမ်းအရင့်ဆုံး ပြည့်စုံတဲ့ကမ္ဘာ့မြေပုံရဲ့ အစိတ်အပိုင်းတစ်ခုကိုသာ တွေ့ခဲ့ရတာကြောင့် ၀မ်းနည်းမှုလည်း ဖြစ်ခဲ့ပါတယ်။ မြေပုံရဲ့ ကျန်ရှိနေတဲ့အပိုင်းတွေကို ရှာဖွေခဲ့ပေမယ် မတွေ့ပါဘူး။ ဒုတိယမြောက်ကမ္ဘာ့မြေပုံကို ရေးဆွဲပြီးတဲ့အချိန် ၁၆ ရာစု အလယ်ပိုင်းလောက်မှာ ပီရီ ရီအစ်ဟာ ပင်လယ်နီနဲ့ အိန္ဒိယသမုဒ္ဒရာတွေမှာ အော်တိုမန်ရေတပ်ဗိုလ်အဖြစ်နဲ့ ပြန်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဘ၀နိဂုံးဟာ ၀မ်းနည်းစရာကောင်းပြီး အရေးပါတဲ့ ရေကြောင်းတိုက်ပွဲတစ်ခုမှာ ရှုံးနိမ့်သွားတာကြောင့် အော်တိုမန် ဆူလ်တန်ရဲ့ ကွပ်မျက်ခြင်းကို ခံလိုက်ရပါတယ်။

    ပီရီ ရီအစ်ရဲ့ ဒီမြေပုံဟာ အမေရိကတိုက်ကို ဖော်ခဲ့တဲ့ မြေပုံတွေထဲမှာ သက်တမ်းအရင့်ဆုံးဖြစ်ပြီး ၁၆ ရာစုက တူရကီရဲ့ ရေကြောင်းသိပ္ပံပညာရပ်ဟာ အားလုံးထက် ရှေ့ရောက်နေတယ်ဆိုတာကို ဖော်ပြနေတာလည်း ဖြစ်ပါတယ်။ ၁၅၁၇ ခုနှစ်မှာ ပီရီ ရီအစ်က ကမ္ဘာ့မြေပုံသစ်ကို အော်တိုမန်ဆူလ်တန်ဆီ ဆက်သခဲ့သလို ဥရောပပင်လယ်ပျော်တွေ မတိုင်ခင်ကတည်းက တူရကီတွေဟာ အမေရိကတိုက်အကြောင်း၊ အာဖရိက ရေကြောင်းသွားလာရေးအကြောင်းကို တိကျတဲ့ မှတ်တမ်းတွေ ရေးသားခဲ့ကြတာပါ။

    ပီရီ ရီအစ်မြေပုံမှ ဆိုက်ပရက်စ်ကျွန်း

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်

  • ကမ္ဘာ့အရှည်ဆုံးစာရင်းတွင် ပါဝင်မည့် တံတားတစ်စင်းကို လာမည့်နှစ် ကူဝိတ် ဖွင့်မည်

    ကမ္ဘာ့အရှည်ဆုံးစာရင်းတွင် ပါဝင်မည့် တံတားတစ်စင်းကို လာမည့်နှစ် ကူဝိတ် ဖွင့်မည်

    သြဂုတ် ၄၊ ၂၀၁၇
    M-Media

    – ကမ္ဘာပေါ်တွင် အရှည်ဆုံးတံတားများမှ တစ်စင်းဖြစ်လာမည့် ရှိခ် ဂျာဘာရ် အလ်-အဟ်မဒ်တံတား (Sheikh Jaber Al-Ahmad) ကို ကူဝိတ်နိုင်ငံက ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်တော့မည်ဟု သိရသည်။

    ၄၃.၁၄ ကီလိုမီတာရှည်လျားသည့် အဆိုပါတံတားမှာ ကူဝိတ်ပင်လယ်အော်ကို ဖြတ်၍ ကူဝိတ်စီးတီးနှင့် ဆူဘီယဟ် ဒေသတို့ကို ဆက်သွယ်ထားပြီး ကူဝိတ်ဒီနာ ၇၃၈ သန်း (ကန်ဒေါ်လာ ၂.၆ ဘီလီယံ) အကုန်အကျခံ ဆောက်လုပ်ထားသည်။

    လက်ရှိတွင် ဆောက်လုပ်ရေးလုပ်ငန်း၏ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး ကူဝိတ်နိုင်ငံနှင့် ပင်လယ်ကွေ့ဒေသအတွင်း အခန့်ငြားဆုံး တံတားတစ်စင်း ဖြစ်လာဖွယ် ရှိနေသည်။

    ကူဝိတ်စီးတီးနှင့် ဆူဘီယဟ်ဒေသသို့ လက်ရှိတွင် ကားဖြင့် သွားရောက်ပါက ၁၀၄ ကီလိုမီတာရှိပြီး မိနစ် ၉၀ ခန့် ကြာမြင့်ကာ တံတားပြီးဆုံးပါက ၃၇.၅ ကီလိုမီတာသာ ဝေးတော့မည်ဖြစ်ပြီး မိနစ် ၃၀ အတွင်း အရောက်သွားနိုင်မည်ဖြစ်သည်။

    ကူဝိတ်နိုင်ငံတွင် လမ်းတံတားများ သုံးစွဲမှုအတွက် ပြည်သူများက အခွန်အကောက် မပေးရသော်လည်း ယခု တံတားအတွက် အသုံးပြုခ ကောက်ခံမည်ဟု ကူဝိတ် ပြည်သူ့လုပ်ငန်းဝန်ကြီးဌာနက ပြောကြားခဲ့သည်။

    လက်ရှိတွင် ကမ္ဘာ့အရှည်ဆုံး တံတားမှာ ၂၀၁၁ ခုနှစ်က တရုတ်နိုင်ငံတွင် ဖွင့်လှစ်ခဲ့သည့် Danyang–Kunshan Grand တံတားဖြစ်ပြီး ၁၆၅ ကီလိုမီတာ ရှည်လျားသည်။

    Ref: Alarabiya

     

  • ဘာကာတိုက်စစ်မှူး နေးမာ ပီအက်စ်ဂျီသို့ ရောက်ပြီ

    ဘာကာတိုက်စစ်မှူး နေးမာ ပီအက်စ်ဂျီသို့ ရောက်ပြီ

    သြဂုတ် ၄၊ ၂၀၁၇
    M-Media

    ကမ္ဘာ့ ပြောင်းရွှေ့ကြေးအမြင့်ဆုံး ကစားသမားများ

    – ဘာစီလိုနာအသင်း၏ ဘရာဇီးလ်တိုက်စစ်မှူး နေးမာမှာ ပီအက်စ်ဂျီအသင်းနှင့် ၅ နှစ်တာ စာချုပ်ကို မနေ့က အပြီးသတ်ချုပ်ဆိုနိုင်ခဲ့ပြီး ၎င်းအား ခေါ်ယူရာတွင် ကုန်ကျခဲ့သည့် ယူရို ၂၂၂ သန်းမှာ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးလည်း ဖြစ်ခဲ့သည်။

    ပီအက်စ်ဂျီမှ ထုတ်ပြန်သော ကြေငြာချက်တွင် နေးမာမှာ ၂၀၂၂ ခုနှစ်အထိ အသင်းတွင် ရှိမည်ဖြစ်ပြီး တစ်ပတ်လျှင် အခွန်လွတ်လစာငွေ ယူရို ၅၅၀၀၀၀ ၀န်းကျင် ရရှိမည်ဖြစ်ကြောင်း၊ စနေနေ့တွင် ပရိတ်သတ်များနှင့် မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

    “ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ရတဲ့အတွက် ကျွန်တော် အလွန်အမင်း ပျော်ရွှင်မိပါတယ်။ ကျွန်တော် ဥရောပစရောက်တည်းက ဒီအသင်းဟာ အမြဲတမ်း ယှဉ်ပြိုင်နိုင်စွမ်းအရှိဆုံး၊ ရည်မှန်းချက်အကြီးဆုံး အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။ အသင်းသစ်က ကစားသမားတွေနဲ့ ပေါင်းစည်းဖို့ ကျွန်တော့်ကို လှုံ့ဆော်နိုင်ဆုံးအရာက ပရိတ်သတ်တွေလိုချင်တဲ့ ဆုဖလားတွေကို ရယူနိုင်အောင် ကူညီပေးချင်တဲ့ စိတ်ဓာတ်ဖြစ်ပြီး ဒါဟာ အကြီးမားဆုံးစိန်ခေါ်မှုလည်း ဖြစ်ပါတယ်” ဟု နေးမာက ပြောကြားခဲ့သည်။

    ယခုကဲ့သို့ ဘာစီလိုနာမှ ပြောင်းရွှေ့သွားခြင်းကြောင့် နေးမာမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ၅ ကြိမ်ရ မက်ဆီ၏ လောင်းရိပ်အောက်မှာ လွတ်မြောက်ကာ၊ ပြင်သစ်တွင် အတောက်ပဆုံး ကြယ်တစ်ပွင့် ဖြစ်လာမည်ဟု ခန့်မှန်းမှုများလည်း ရှိနေသည်။

    နေးမာအပြောင်းအရွှေ့အတွက် သုံးစွဲခဲ့သည့် ငွေကြေးမှာ ဥရောပဘောလုံးအဖွဲ့ချုပ်က ချမှတ်ထားသည့် ဘဏ္ဍာရေးညီမျှမှုစည်းမျဉ်း FFP နှင့် ညိစွန်းမှုရှိနေလားဆိုသည့် မေးခွန်းများလည်း ထွက်ပေါ်နေသည်။

    ပီအက်စ်ဂျီအသင်းက နေးမာအတွက် စာချုပ်လျော်ကြေး ယူရို ၂၂၂ သန်းကို လာလီဂါအဖွဲ့အား ပေးအပ်ခဲ့သော်လည်း လက်ခံခဲ့ခြင်းမရှိဘဲ နောက်ပိုင်းတွင် ဘာစီလိုနာက ထိုငွေကြေးကို ၎င်းတို့ လက်ခံရရှိကြောင်း ကြေငြာခဲ့သည်။

    Ref: Aljazeera