News @ M-Media

Category: ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ်များ

  • ပါမောက္ခ ဒေါက်တာဦးဖေအောင်သန်း (ဒသနိကဗေဒ ဌာန ၊ မန္တလေး တက္ကသိုလ်) ကွယ်လွန်

    ပါမောက္ခ ဒေါက်တာဦးဖေအောင်သန်း (ဒသနိကဗေဒ ဌာန ၊ မန္တလေး တက္ကသိုလ်) ကွယ်လွန်

    အောက်တိုဘာ ၂၂ ၊ ၂၀၁၆
    M-Media
    သီဟ
    u-phay-aung-than
    မန္တလေး တက္ကသိုလ် ဒဿနိကဗေဒ ဌာန ရဲ့ ပါမောက္ခ ဒေါက်တာ ဦးဖေအောင်သန်း ၂၀၁၆ အောက်တိုဘာ ၁၆ ရက် မနက် (၉း၃၅) တွင် ကွယ်လွန်ကြောင်း သိရှိရသည်။ အင်ကြင်း မွတ်စလင်မ် သုဿာန် ဥယျာဉ်သို့ ပို့ဆောင်၍ အစ္စလာမ်ဘာသာ ထုံးစံဖြင့် အဆိုနေ့ ၌ပင် သင်္ဂြိုလ်ခဲ့ကြောင်း သိရှိရသည်။

    A.ဦးဟာမြိဒ် (ခ) ဒေါက်တာဦးဖေအောင်သန်းကို ၁၉၅၉ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် အဖ သခင် ဦးသန်းဖေ၊ အမိ ဒေါ်ဖွားရင်တို့မှ ပျဉ်းမနားမြို့တွင် ဖွားမြင်ခဲ့ကြောင်း သိရှိရသည်။

    ငယ်စဉ်က အထက(၂) ပျဉ်းမနားမြို့တွင် ပညာသင်ကြာခဲ့ပြီး မိထ္ထီလာမြို့ ဒေသ ကောလိပ်တွင် နှစ် တက်ရောက်ခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် ဒဿနိက ဗေဒ ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပြီး ၁၉၈ တွင် မဟာဝိဇ္ဖာဘွဲ့ကို လည်းကောင်း ဒဿနိက ဗေဒ ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ကို ၂၀၁၀ ခုနှစ်မှာ ရရှိခဲ့ပါသည်။

    ၁၉၈၆ ခုနှစ်တွင်  ပျဉ်းမနားမြို့ အထက(၂) တွင် အထက်တန်းနည်းပြ အဖြစ် အစိုးရ ဝန်ထမ်း အဖြစ် စတင်ခဲ့ပြိး ၁၉၈၇ ခုနှစ်မှ စတင်ပြီး ကွယ်လွန်ချိန် ၂၀၁၆ ခုနှစ် အထိ မြန်မာနိုင်ငံ အနှံအပြားရှိ တက္ကသိုလ်များ၏ ဒဿနိက ဗေဒ ဌာနတွင် နည်းပြ၊ လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခ ရာထူး အဆင့်ဆင့်ဖြင့် နှစ်ပေါင်း ၃၀ ခန့် တာဝန်ထမ်းဆောင်ခဲ့သည်။

    ကွယ်လွန်ချိန်တွင် အသက် ၅၇ နှစ် ရှိပြီဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်ခင်စိုးဦးနှင့် သား တယောက် ၊ သမီး တယောက် ကျန်ရစ်ခဲ့ကြောင်းသိရသည်။

  • ရာဇဝင်တွင်တဲ့ သတင်းလူသား

    ရာဇဝင်တွင်တဲ့ သတင်းလူသား

    ပင်လုံစာချုပ် လက်မှတ်ရေးထိုးပွဲကို ကိုယ်တိုင်မျက်မြင် တက်ရောက်သတင်းယူခဲ့တဲ့ သတင်းသမားဘဝ၊ ဝရမ်းပြေးဘဝနဲ့ လွှတ်တော်အမတ်ဘဝတွေကို ဖြတ်သန်းခဲ့ဖူးတဲ့ အသက် ၉၃ နှစ်အရွယ် သတင်းသမားတစ်ဦးရဲ့ စိတ်ဝင်စားဖွယ် ဘဝဇာတ်ကြောင်း

    tzh_pinlone_reporter5
    ဉာဏ်လှိုင်လင်း ရေးသားသည်။
    ဓာတ်ပုံ- တေဇလှိုင်

    ဈေးသူဈေးသားများလည်း ဆိုင်မဖွင့်ကြ၊ ရုံးသူရုံးသား၊ အလုပ်သမားများလည်း ရုံးမတက်ကြ၊ တောင်သူများလည်း ယာထဲမဆင်းကြ၊ ကျောင်းသူ ကျောင်းသားများလည်း ကျောင်းမသွားကြ၊ တောင်ကြီးမြို့ပေါ်ရပ်ကွက်များအပြင် ဟိုပုန်း၊ ညောင်ရွှေအစရှိသည့် မြို့များမှ လူထုပရိသတ်များကလည်း မော်တော်ယာဉ်အသီးသီးဖြင့် အအေးဒဏ်ကို အန်တုကာ တစ်ဖွဲဖွဲရောက်လာကြပြီ။

    အချိန်ကား ရှမ်းပြည်နယ်အတွင်း အလွန်ချမ်းအေးလေ့ရှိသော ဇန်နဝါရီလ၏ နံနက် ၈ နာရီ၊ ၁၉၄၇ ခုနှစ်။

    ထောင်နှင့်ချီသော အဆိုပါလူအုပ်ကြီးမှာ တောင်ကြီးမြို့ ဈေးအရှေ့ဘက်ကွင်း (ယခုညဈေးတန်း ဆောက်လုပ်ထားသောနေရာတွင်) သို့ စုရုံးရန် ရောက်ရှိလာခြင်းပင်။ ခေါင်းဆောင်သူများက “လုံးဝလွတ်လပ်ရေး၊ တိုင်းရင်းသားချင်း သွေးစည်းရေး၊ နယ်ချဲ့စနစ် တိုက်ဖျက်ရေး၊ တပ်ဦး ညီညွတ်ရေး” အဆိုများ တင်သွင်းကြပြီး တက်ရောက်လာသူ လူထုကြီးက တစ်ခဲနက်ထောက်ခံကြောင်း ကြွေးကြော်ကြလေသည်။

    အဆိုပါ လူထုအစည်းအဝေးကြီးသည် မြန်မာ့လွတ်လပ်ရေးခရီးလမ်းတွင် တားဆီး ပိတ်ဆို့နေသည်များကို တမဟုတ်ချင်း ပြောင်းလဲပေးနိုင်စွမ်းရှိခဲ့သည်။ အကြောင်းမှာ ဗြိတိသျှတို့၏ မြို့တော်လန်ဒန်တွင် နန်းရင်းဝန် အက်တလီနှင့် ဆွေးနွေးရန် ရောက်ရှိနေသည့် ဗိုလ်ချုပ်အောင်ဆန်းအတွက် အကြပ်ရိုက်စေသော ကိစ္စရပ်ကြီးကို ဖြေရှင်းပေးနိုင်၍ပင်ဖြစ်သည်။

    ဆွေးနွေးပွဲအတွင်း တောင်တန်းပြည်မ မချန်လှပ်ပဲ လွတ်လပ်ရေးပေးရန် ဗြိတိသျှနှင့် ဆွေးနွေးနေသည့် ဗိုလ်ချုပ်ကို ရှမ်းစော်ဘွားများ၏ ကိုယ်စားလှယ်မဟုတ်ဟူ၍ ရေးသားထားသော မြန်မာပြည်မှ လန်ဒန်သို့ ရောက်ရှိလာသည့် ကြေးနန်းတစ်စောင်ကို ဤစုဝေးပွဲကြီးက ချေဖျက်လိုက်ခြင်းဖြစ်သည်။

    tzh_pinlone_reporter14

    ထိုသို့သော သမိုင်းဝင်အကြောင်းအရာများနှင့် စိတ်လှုပ်ရှားဖွယ် မြင်ကွင်းများကို ကိုယ်တိုင် မှတ်တမ်းတင်ခဲ့သလို ကျန်းမာရေးအရ အလုံးစုံ တောက်လျှောက် မပြောနိုင်သည်မှအပ ခုနှစ်သက္ကရာဇ် လုံးဝမမှားအောင် ယနေ့တိုင် ပြန်ပြောပြနိုင်သူတစ်ဦး မြန်မာပြည်တွင် သက်ရှိထင်ရှားရှိနေပါသည်။

    ထိုသူကား ၁၉၄၇ ခုနှစ်၊ သမိုင်းဝင်ပင်လုံစာချုပ် လက်မှတ်ရေးထိုးပွဲတွင်လည်း မြန်မာ့အလင်းသတင်းစာအတွက် တာဝန်ယူပေးခဲ့သူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သား ဦးစံအောင်ပင်ဖြစ်သည်။

    ၁၉၂၄ ခုနှစ်တွင် တောင်ကြီးမြို့၌ မွေးဖွားခဲ့သော ဦးစံအောင်သည် အသက် ၁၅ နှစ်အရွယ်တွင် American Baptist Missionary School ၌ အထက်တန်းပညာ ဆည်းပူးနေစဉ်အချိန်ကပင် မြန်မာ့အလင်းသတင်းစာသို့ သတင်းများ စမ်းသပ် ရေးသားပေးပို့ရင်း အကျိုးတော်ဆောင်သတင်းထောက်အဖြစ် ချီးမြှင့်ခံခဲ့ရသူဖြစ်သည်။
    tzh_pinlone_reporter6
    “သတင်းတစ်ပုဒ် ရေးပို့ကြည့်လိုက်တော့ ပါလာတယ်။ အဲဒီနောက်သူတို့က အကျိုးဆောင်သတင်းထောက် လုပ်ပါဆိုပြီး ချိတ်မိသွားတာ” ဟု ယနေ့တွင် အသက် ၉၃ နှစ်အရွယ် ရှိပြီဖြစ်သည့် ဦးစံအောင်က ပြောသည်။

    ဗြိတိသျှခေတ် နယ်မြေဖွံ့ဖြိုးမှုမရှိသေးချိန်နှင့် နယ်စားပယ်စား အရေးပိုင်များကို စိုးကြောက်ရသည့်ခေတ်တွင် နယ်မြို့အခြေစိုက် သတင်းထောက်အဖြစ် တာဝန်ထမ်းခဲ့ရသူ ဦးစံအောင်၏ စွန့်စားခန်းများ နည်းလှသည်တော့ မဟုတ်။ သို့တိုင် သူ၏ အသက်အရွယ်နှင့် အချက်အလက် မှားယွင်းနိုင်စွမ်းတို့ကို ထောက်ချင့်ကာ နှုတ်အားဖြင့် ထုတ်ဖော်ပြောဆိုရန် ဝန်လေးကြောင်း ပါးပါးနပ်နပ် ပြောဆိုအသိပေးလေသည်။

    ထို့ကြောင့် သူကိုယ်တိုင်ရေး၍ ၁၉၇၃ ခုနှစ်မှသည် ၂၀၁၃ ခုနှစ်အထိ လေးကြိမ် ရိုက်နှိပ် ထုတ်ဝေထားသည့် ညီညွတ်ရေး အရေးတော်ပုံ (ပင်လုံအတွင်းရေး)စာအုပ်ကို ကိုးကား၍ စိစစ်ရန် ၎င်းက အထပ်ထပ် မှာကြားလေသည်။

    ထိုမျှမကသေး ဗိုလ်ချုပ်အောင်ဆန်းနှင့် မည်သို့တွေ့သည်၊ မည်သို့ပြောဆိုကြသည် စသည်ဖြင့် ကြွားဝါပြောဆိုလျှင် သူ့အသက်ထက် ဆယ်စုနှစ် ငါးခုကျော်ငယ်သော ကျွန်တော့်အတွက် အထင်ကြီးဖွယ်ရှိသော်လည်း ယင်းနှင့် စပ်လျဉ်း၍ မေးလိုက်တိုင်း “ဘာမှမရှိဘူး၊ ဘာမှမရှိဘူး” ဟူ၍သာ ဦးစံအောင်က တွင်တွင်ဆိုလေသည်။

    ထိုသို့ သမိုင်းဝင် သတင်းတင်ဆက်မှုများကို ဝေဝေဆာဆာ ဖွဲ့ဖွဲ့နွဲ့နွဲ ထုတ်ဖော်ပြောဆိုသည်ထက် သတင်းထောက်တစ်ဦးပီပီ စိတ်လှုပ်ရှားဖွယ်၊ သည်းထိတ်ရင်ဖို အတွေ့အကြုံများပေါ်တွင် ပို၍ အာရုံ တိမ်ညွှတ်ဟန်လည်း ဦးစံအောင်ထံတွင် တွေ့ရသည်။
    tzh_pinlone_reporter1_0
    စကားပြောနေရင်း နိုင်ငံရေး၊ သတင်းစာပညာတို့နှင့် စပ်ဆက်သော အကြောင်းအရာများပါလာလျှင် လက်သီးကို ကျစ်ကျစ်ဆုပ်၊ မာန်ပါပါဖြင့်ပြောတတ်ပြီး စကားအပိုအလို ပါမည်ကို သတိထားထိန်းတတ်သည့် အဖိုးအိုကိုယ်တိုင် အားတက်သရော အစဖော်ပြောဆိုလိုက်သည့် စကားမှာ “ကျွန်တော်က ဝရမ်းပြေးလည်း ဖြစ်ခဲ့တယ်”ဟူ၍ပင်။

    အကြောင်းအရင်းခံမှာ ဟိုပုန်း မွေတော်ဘုရားကြီးထံ ခရီးသွားရာမှ စတင်လေသည်။ ဘုရားကြီးတွင် ဆပ်ကပ်ပြီးနောက် စွန့်ပစ်ထားသော စားသောက်ဖွယ်ရာတို့ကို ပအို့ဝ်အမျိုးသား၊ အမျိုးသမီး၊ ကလေးများမကျန် လူဦးရေ ၅၀ ခန့် အလုအယက် ကောက်ယူ စားသောက်နေသည်ကို မှတ်တမ်းဓာတ်ပုံရိုက်၊ အချက်အလက်စုဆောင်းကာ ၁၉၄၆ ခုနှစ်တွင် မြန်မာ့အလင်းသတင်းစာတိုက်သို့ ပေးပို့လိုက်သော သတင်းတစ်ပုဒ်ကြောင့် ဖြစ်၏။

    ထိုသတင်းမှာ အလွန်ထူးခြားပြီး အများပြည်သူ သိသင့်သည့် သတင်းဖြစ်၍  မြန်မာ့အလင်းသတင်းစာကလည်း “ရှမ်းပြည်ရှိ တိုင်းရင်းသား ပအို့ဝ်များ ဆန်မရှိ၊ ထမင်းငတ်၍ စွန့်ထားသော ဆွမ်းတော်များ ကောက်စားနေရကြောင်း” ဟူ၍ စာလုံးအမည်းကြီးများဖြင့် မျက်နှာဖုံးခေါင်းစည်းတင်ကာ ရိုက်နှိပ် ဖြန့်ချိလိုက်လေသည်။

    ထို့ကြောင့် ဗြိတိသျှကော်မရှင်နာမင်းကြီးများ၊ အရေးပိုင်များ ဒေါသပုန်ထပြီး ၎င်းတို့ကို နယ်ခြားဒေသအတွင်းဝန်က ထုချေလွှာတောင်း၊ အတွင်းဝန်ကို ဘုရင်ခံက ထုချေလွှာ တောင်းလေပြီကိုး။ သို့နှင့် တောင်ကြီးမြို့တွင် ပုလိပ်စုံထောက်များ ခြေချင်းလိမ်နေချေပြီ။ မြန်မာ့အလင်းသတင်းစာကိုလည်း နှစ်ပတ်အတွင်း အခြေအမြစ် တိတိကျကျ ခိုင်ခိုင်လုံလုံ မဖော်ပြနိုင်ပါက အရေးယူမည်ဟု စာပို့လာလေသည်။

    ထိုမျှမကသေး သတင်းရေးသူ ဦးစံအောင်ထံသို့လည်း နို့တစ်စာတစ်စောင် ရောက်လာသည်။ မဟုတ်မမှန် လုပ်ကြံသတင်းဖြစ်ပါက ရှမ်းပြည်နယ်၌ မလိုလားအပ်သူအဖြစ် နယ်နှင်ဒဏ်ခတ်ရုံမက ကလေးမြို့တွင် ခြေချုပ်ဖြင့် နေရမည်ဟူ၏။ သတင်းစာတိုက်ကမူ နောက်ဆက်တွဲသတင်း ရယူ၍ အတိအကျ ထပ်မံဖော်ပြသော နည်းလမ်းဖြင့် ဖြေရှင်းရန် ဦးစံအောင်ထံ ညွှန်ကြားပါပြီ။

    သို့နှင့် ၁၂ မိုင်ဝေးသော ဟိုပုန်းမြို့သို့ စက်ဘီးဖြင့် တစ်တန်၊ ယင်းမှ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၈,၀၀၀ ကျော်ရှိသည့် အငတ်ဘေးကျရာ မဲနယ်တောင်တန်းပေါ်ရှိ ကျေးရွာများသို့ ခြေလျင်ဖြင့် တစ်ဖုံခရီးနှင်ရပြီပေါ့။ မြူနှင်းများ ရွှဲရွှဲစိုနေသည့်ကြား နံနက်လင်းအားကြီးအချိန်တွင်တော့ သွားလိုသည့် စငေါရွာသို့ ဦးစံအောင် ရောက်ရှိသွားလေသည်။

    ထိုနေ့ နံနက်လင်းသည်နှင့် ရွာသူကြီးထံသွား၍ အကျိုးအကြောင်းပြော အကူအညီတောင်းရာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်၍ မြို့မှ ဆန်များ မရောက်သည့်အကြောင်း၊ ငတ်၍သေသူ၊ သစ်ဥသစ်ဖုရှာဖွေစားသောက်ရင်း အစာအဆိပ်သင့်၍ သေသူများရှိကြောင်းသိရ၍ သူကြီးထံတွင်ရှိသော သေဆုံးသူ လူ ၈၀ ကျော်ပါဝင်သော စာရင်းကို ကူးယူခွင့် တောင်းယူလိုက်နိုင်၏။

    ထို့ပြင် စာရင်းမှန်ကန်ကြောင်းကိုလည်း သူကြီး ဦးဖိုးဟိန်အပါအဝင် ရပ်ရွာလူကြီးများကို လက်မှတ်ထိုးစေပြီးနောက် ဦးစံအောင်တစ်ယောက် တောင်ကြီးသို့ ပြန်ဆင်း၊ ရန်ကုန်သို့ သတင်းပို့၊ နောက်တစ်နေ့တွင် တောင်ကြီးမှတစ်ဆင့် ကုန်ကားတစ်စီးဖြင့် ရန်ကုန်သို့ ချက်ခြင်းဆင်းရလေသည်။

    ရန်ကုန်ရောက်ပြီး နောက်တစ်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ မျက်နှာဖုံးတွင်တော့ “ငတ်သေသူများ၊ အဆိပ်သင့်၍ သေသူများစာရင်း” ဟူ၍ သတင်းထူးအဖြစ် ဦးစံအောင်၏ နောက်ဆက်တွဲသတင်း ထပ်ပါလာလေသည်။

    အဆိုပါနည်းဖြင့် သတင်းစာတိုက်တရားစွဲခံရမည့်အရေး၊ သတင်းထောက်ကိုယ်တိုင် အပြစ်ကျမည့်ဘေးတို့ကို ရှောင်ကွင်းနိုင်ခဲ့သလို အငတ်ဘေးကျရာဒေသသို့လည်း စားနပ်ရိက္ခာနှင့် အသုံးအဆောင်များ တင်ဆောင်ထားသည့် စစ်လော်ရီကားအစီး ၂၀၀ ရောက်ရှိအောင် စွမ်းဆောင်လိုက်နိုင်ပါသည်။

    ဦးစံအောင်သည် သတင်းထောက်တစ်ဦးအဖြစ်သာ ယင်းသို့ တာဝန်ကျေခဲ့သူတစ်ဦး မဟုတ်၊ လွတ်လပ်ရေးရပြီးနောက် ဒုတိယအကြိမ်အဖြစ် ကျင်းပသည့် ပါလီမန် ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၊ ပအိုဝ်မဲဆန္ဒနယ်အမှတ် ၃ မှနေ၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံရ၍ ၁၉၅၂ မှ ၁၉၅၆ ခုနှစ်အထိ ဥပဒေပြုအမတ် တာဝန်ကိုလည်း ထမ်းဆောင်ခဲ့ဖူးသည်။

    ဆယ်ကျော်သက်အရွယ်ကတည်းက သတင်းထောက်အဖြစ်ရပ်တည်ခဲ့သော ဦးစံအောင်၏ အသွေးအသားထဲတွင် ပျော်ဝင်နေသော ဖြတ်လတ်တက်ကြွ၊ စွန့်လွှတ်စွန့်စားမှုတို့က အမတ်တစ်ဦးဖြစ်လာသည့်တိုင် ဆိတ်ငြိမ်မသွားသေးပေ။ တရုတ်ဖြူကျူးကျော်မှုကို ကုလသမဂ္ဂတွင် မြန်မာအစိုးရက သက်သေပြရန် ၁၉၅၃ခုနှစ်အတွင်း ပြင်ဆင်ရာတွင် ပါဝင်သည့် ဇာတ်လိုက်များထဲမှတစ်ယောက်အဖြစ် ဦးစံအောင်ပါဝင်နေခြင်းက သက်သေဖြစ်သည်။

    “သူတို့ဒီမှာရှိတယ်ဆိုတာကို ကုလသမဂ္ဂကိုတင်ပြဖို့ အထောက်အထားရဖို့ လုပ်တာ။ ဓာတ်ပုံအပြင် သူတို့ရဲ့ ကျောပိုးအိတ်မှာ လေယာဉ်ပျံစီးရင် ကပ်ပေးတဲ့ အမှတ်အသား တံဆိပ်လေးတစ်ခုကို ဝှက်ယူပြီး သက်သေပြဖို့ လုပ်နိုင်ခဲ့တယ်” ဟု ၎င်းက ပြန်လည်ပြောကြားသည်။ သို့သော် နေရာနှင့် အချက်အလက်အသေးစိတ်ကိုမူ သူသေချာစွာ ထုတ်မပြောနိုင်တော့ပေ။

    သတင်းထောက်အဖြစ် တာဝန်ထမ်းခဲ့သည့် လုပ်သက်ကို မေးသောအခါ “အခုလည်း သတင်းထောက်ပဲလေ”ဟု ထက်ထက်သန်သန်ကြီး ပြောချလိုက်သည်။ ထို့အတူ ဘဝရပ်တည်မှုမှာလည်း ဘိုးဘွားအစဉ်အဆက် ချန်ထားခဲ့သော တောင်ကြီးမြို့ဈေးကြီးအနီးရှိ အိမ်ကြီးကို ဈေးဆိုင်ခန်းများ၊ ဂိုဒေါင်များအဖြစ် ငှားရမ်းထားခြင်းဖြင့် နေနိုင်သည်ဖြစ်၍ အထူးတလည် ပြောရန်မရှိဟု ဆိုလေသည်။

    တက်ကြွသော၊ ထက်မြတ်သော သတင်းထောက်၊ အမတ်တစ်ဦးအဖြစ် တိုင်းပြည်တာဝန် ထမ်းခဲ့သော ဦးစံအောင်သည် ယခုအခါ သူ၏အချိန်များကို ပထမထပ်ရှိ သူ့အိမ်ခန်း၏ အပြင်ဖက် အလင်းရောင်ကောင်းကောင်းရသော ပြူတင်းပေါက်ရှေ့ အလုပ်စားပွဲတစ်လုံးပေါ်တွင် နံနက်စာစားရင်း စတင်လေ့ရှိသည်။

    ရောဂါကြီးကြီးမားမား ထွေထွေထူးထူး ခံစားနေရခြင်းမရှိတော့သော်လည်း ကြီးမြင့်နေသည့် အသက်အရွယ်ကြောင့် ဘီးတပ်ကုလားထိုင်ကို အားပြုနေရပြီမို့ သူ့ထံ လာရောက်တွေဆုံသည့် မိတ်ဆွေ အပေါင်းအသင်း၊ တပည့်တပန်းများကို ဧည့်ထောက်ခံ စကားပြောဆိုခြင်းဖြင့်သာ တစ်နေ့တာကို ကုန်ဆုံးနေစေ၏။

    သို့သော် ဦးစံအောင်၏ အသံအားနှင့် တက်ကြွသော လက်ဟန်ခြေဟန်တို့ကမူ အသက်အရွယ်နှင့် မလိုက်ဖက်လောက်အောင် မာန်ပါ၊ ဟန်ပါဆဲပင် ဖြစ်သည်။

    ထိုသို့သော အသံနေအသံထား ကိုယ်ဟန်အမူအရာဖြင့် လူငယ် သတင်းစာဆရာများကို တိုက်တွန်းလိုက်သည့် စကားမှာ စုံစမ်းဖော်ထုတ်ရေးသားခြင်းများ လုပ်ကြရန်ဟူ၍ဖြစ်ပါသည်။ “လူနေခြုံကြား စိတ်နေဘုံဖျားဆိုတဲ့ စကားက ဂျာနယ်လစ်တွေအတွက်” ဟူ၍လည်း ၎င်းက ဖြည့်စွက်သတိပေးလိုက်ပါသေးသည်။

    ၁၉၄၇ ခုနှစ် ပင်လုံကို ကိုယ်တွေ့မှတ်တမ်းတင်ဖူးသော အဆိုပါ သတင်းထောက်ကြီးက နှစ်ပေါင်း ၆၀ ကျော် မချုပ်ငြိမ်းနိုင်သေးသော ပြည်တွင်းစစ်မီးကို ချုပ်ငြိမ်းစေလိုလျှင် အခြေခံဥပဒေ ပြင်မှသာရမည်ဟူ၍ အခိုင်အမာယုံကြည်ထားသူတစ်ဦးလည်း ဖြစ်ပါသည်။

    အခြေခံဥပဒေ မပြင်ဆင်နိုင်သေးသမျှ အချိန်အတောအတွင်း တိုင်းပြည်၏ အခြေအနေကို ဖော်ညွှန်းပြသော ဦးစံအောင်၏ တစ်ခွန်းတည်း မှတ်ချက်မှာ“ဗရုသုက္ခ တိုင်းပြည်”ဟူ၍ပင်။

    Frontier မှ ကူးယူဖော်ပြပါသည်။
    မူရင်းလင့်ခ် => http://frontiermyanmar.net/mm/news/2860

    M-Media ဖြည့်စွက်ချက်- သတင်းထောက် ဦးစံအောင်သည် အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သည်။

    ဆက်စပ်သတင်းဖတ်ရန်
    ———————
    ပင်လုံ ညီလာခံသို့ တက်ရောက် သတင်းယူခဲ့သည့် တစ်ဦးတည်းသော သတင်းထောက် ဦးစံအောင်နှင့် တွေ့ဆုံခြင်း

    ပင်လုံ ညီလာခံသို့ တက်ရောက် သတင်းယူခဲ့သည့် တစ်ဦးတည်းသော သတင်းထောက် ဦးစံအောင်နှင့် တွေ့ဆုံခြင်း

  • IGCSE O-Level ဘာသာစုံ ဂုဏ်ထူးရှင် မင်းကောင်းထက်ကိုကို နှင့် တွေ့ဆုံမေးမြန်းခြင်း

    IGCSE O-Level ဘာသာစုံ ဂုဏ်ထူးရှင် မင်းကောင်းထက်ကိုကို နှင့် တွေ့ဆုံမေးမြန်းခြင်း

    စက်တင်ဘာ ၂၀ ၊ ၂၀၁၆
    M-Media
    ထွဋ်ခေါင် တွေ့ဆုံမေးမြန်းသည်။
    min-kaung-htet-ko-ko2
    မေး။  ။ ညီလေးရဲ့ အကြောင်းကို အရင် ပြောပြပေးပါလား ။

    ဖြေ။  ။ ကျွန်တော့်နာမည်က “မင်းကောင်းထက်ကိုကို” ( မွတ်စလင်မ် အမည် -မုဟမ္မဒ် ကာဆင်ဂျီဝါး) ပါ။ မိဘတွေက “ဦးသန်းကိုကို” နှင့် “ဒေါ်ဇင်မာသိန်း” ဖြစ်ပါသည်။ IGCSE O-Level ကို ဘာသာစုံ ဂုဏ်ထူးနဲ့ ကျနော်တက်ခဲ့တဲ့ ILBC ကနေ အောင်မြင်ခဲ့တာဖြစ်ပါတယ်။

    မေး။  ။ ညီလေး ဖြတ်သန်းခဲ့ရတဲ့ ပညာရေးအတွေ့ကြုံနဲ့ ကြိုးစားအားထုတ်ခဲ့ရပုံတွေကိုလည်း အသေးစိတ် ပြောပြပေး ပါအုံး ။

    ဖြေ။   ။    ကျွန်တော် KGကစပြီး Sec-4 အထိ I.L.B.C မှာပဲ ကျောင်းတက်ခဲ့ပါတယ်။ ကျွန်တော်ငယ်စဉ်က ကျောင်းကြောက်တဲ့ အထဲမှာ ပါပါတယ်။ စာလည်းသိပ်အတော်ကြီးမဟုတ်ဘူး။ ဒါပေမဲ့ Primary Two လောက်ကစပြီး လက်ရေးကို အရင် လှအောင် လေ့ကျင့်ခဲ့ရတယ်။ ကျောင်းစာတွေကိုလည်း နေ့စဉ်ပုံမှန် လေ့ကျင့်ကျက်မှတ်ခဲ့ပါတယ်။ အမြဲတမ်း အတန်းတိုင်းမှာ ဘာသာစုံ-A ပဲထွက်ခဲ့ပါတယ်။

    ကျွန်တော်က ဘာပဲလုပ်လုပ် အမြဲတမ်းကြိုတင်လေ့ကျင့်လေ့ရှိတယ်။ ကျွန်တော့်ရဲ့အကျင့်က စာကို ရေး ကျက်ခြင်းပါဘဲ။ ကျောင်းမှာ သင်လိုက်တဲ့ စာတွေကို အိမ်မှာWhiteboard နဲ့ ပြန်ရေးကျင့်တယ်။ Primary-4 လောက် ကစပြီး Revision ကို စနစ်တကျလုပ်တတ်ခဲ့တယ်။ အဲ့ဒါကလည်း ကျွန်တော်တက်ရောက်ခဲ့တဲ့ အတန်းတိုင်းက ဆရာ၊ ဆရာမ ကောင်းတွေနဲ့ တွေ့ဆုံခဲ့ ရလို့ပါ။ နောက်ပြီး ကျွန်တော်ကစာဖတ်ဝါသနာပါတယ်လေ။ စာအုပ်မျိုးစုံကို ဖတ်လေ့ရှိပြီး English စာအုပ်တွေကို ပိုဖတ်ပါတယ်။ ဘာသာရပ်များနှင့်ဆိုင်တဲ့ ဗဟုသုတတွေကိုတော့ Internet ပေါ်မှာ ဖတ်ရှု လေ့လာပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အကြောင်းအရာများစွာကို ထုတ်နှုတ်ပြီး own words အဖြင့် ပြန်ရေးလေ့
    ရှိပါတယ်။

    မေး။  ။ ဘ၀မှာ ငယ်ငယ်လေးထဲက မက်ဖူးခဲ့တဲ့ အိပ်မက်လေးတစ်ခုကိုလည်း မျှဝေပေးနိုင်မလား။

    ဖြေ။ ။ ကျွန်တော် ငယ်ငယ်ကတည်းက English ကို အရမ်းဝါသနာပါတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော် ကြီးလာရင် English Professor တစ်ယောက်ဖြစ်ချင်ခဲ့ပါတယ်။ စာသင်ပေးရတဲ့ Professor တစ်ယောက်အဖြစ်ပေါ့။

    မေး။  ။ IGCSE O-Level မှာ ၇ ဘာသာဖြေတဲ့အထဲမှ ၇ဘာသာစလုံး ဂုဏ်ထူးထွက်တယ်လို့ သိရတယ်။ ဘာသာစုံ ဂုဏ်ထူး A*ထွက်တယ်ပေါ့လေ။

    ဖြေ။  ။     Edexcel-IGCSE O-Level ကို 16th May 2016 မှ 17th June အထိ တစ်လလုံးနီးပါး ဖြေဆိုခဲ့ရတယ်။ ကျွန်တော်က 7 subjects ဖြေဆိုခဲ့ပါတယ်။ Main subjects တွေဖြစ်တဲ့ English, Mathematics B, Pure Mathematics, Chemistry and Physics အပြင် အပိုထပ်ပြီး optional subjects စတဲ့ General Biology နှင့် ICT တို့ ကို ဖြေရတယ်။ အဲဒီထဲမှာမှ ICT မှာ A ရတာကလွဲရင် ကျန်ဘာသာရပ်များအားလုံးမှာ A* ထွက်ပါတယ်။

    မေး။  ။ A* ဆိုတာရော ဘာကို ခေါ်ပါသလဲ ။ ကျန်တဲ့ တစ်ဘာသာ ဘာကြောင့် ဖြေဖို့ မလိုအပ်တာလဲ။

    ဖြေ။   ။    A* က ကျောင်းသားတစ်ယောက်ရဲ့ ရနိုင်တဲ့ အမြင့်ဆုံး grade ပါ။ A*ရဖို့ ကျောင်းသားတစ်ယောက်ရဲ့ အမှတ် နှင့် Edexcel က ထုတ်တဲ့ grade boundaries တွေနဲ့လည်းဆိုင်ပါတယ်။ Grade boundaries တွေက တစ်နှစ်နဲ့တစ်
    နှစ်မတူကြပါဘူး။ January မှာဖြေတဲ့ စာမေးပွဲနှင့် Mayမှာဖြေတဲ့စာမေးပွဲရဲ့ grade boundaries တွေတောင် အရမ်းကွာခြားပါတယ်။  ကျွန်တော်က Biology မှာ General Biology တစ်ခုပဲ ဖြေဆိုခဲ့ပါတယ်။ ဆေးကျောင်းတက်ဖို့ရော၊ ဆရာဝန်ဖြစ်ဖို့ရော
    အစီအစဉ်မရှိလို့ Human Biology ကို မဖြေဆိုဖြစ်ပါဘူး။

    မေး။  ။ အခုလို ထူးထူးချွန်ချွန်နဲ့ ဘာသာစုံ A* ရရှိအောင် ညီလေး ဘယ်လိုများ ပြင်ဆင်ခဲ့ရသလဲဆိုတာလေးလည်း သိရှိပါရစေ။

    ဖြေ။  ။ ကျွန်တော်ငယ်စဉ်ကတည်းက တစ်နေ့စာတစ်နေ့ ပုံမှန်လုပ်ခဲ့တဲ့အတွက် စာမေးပွဲဖြေရတာ သိပ်အခက်ခဲမရှိပါဘူး။ IGCSE စာမေးပွဲအတွက်တော့ ဆယ်နှစ်စာ မေးခွန်းတွေကို ဖြေဆိုလေ့ကျင့်ပါတယ်။ ကျွန်တော်ဖြေထားတာမှန်၊ မမှန် Internet ထဲက Mark Scheme (အဖြေ)တွေနဲ့တိုက်ကြည့်ပြီး ဆုံးဖြတ်ပါတယ်။ ILBC က ဆရာ၊ ဆရာမများကလည်း IGCSE အတွက် အချိန်ပိုခေါ်ပြီး ပြင်ဆင်ပေးပါတယ်။ ကျွန်တော့်လို outside tuition ကို လုံးဝအားမကိုးတဲ့ ကျောင်းသား အတွက်တော့ ဆရာ၊ ဆရာမသင်ကြားပေးတာလောက်ပဲ လိုက်နာ၊ မှတ်သားထားရုံမက၊ ကိုယ့်ဖာသာကိုပဲ Notes ထုတ်ပြီး စာကျက်ပါတယ်။ Notes ထုတ်ကျက်တာက စာကို မမေ့တော့ဘူး။ ကျွန်တော်ကျူရှင်မယူရတာကို ဂုဏ်ယူပါတယ်။ ကျွန်တော် ကိုယ့်အား ကိုယ်ကိုးရတာကို နှစ်သက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီလို self-reliant attitude က high school နဲ့ university တွေမှာသာမက ဘဝအတွက်လည်း အလွန်အရေးကြီးပါတယ်။ IGCSE မှာ A* grades တွေရဖို့အတွက်ဆိုရင် ကျွန်တော်က course books များကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာခဲ့တဲ့ အပြင် British Council က စာအုပ်တွေကိုတောင် ငှားပြီး လေ့လာခဲ့ပါတယ်။ အားလုံးကိုခြုံ ပြောရရင်တော့ ကျွန်တော်က စာကို လောဘကြီးတဲ့ အတွက် အဖက်ဖက်က မလွတ်အောင် ကြိုတင်ပြင်ဆင်နိုင်ခဲ့ပါတယ်။

    မေး။  ။ မြန်မာပြည်မှာပဲ ဖြေဆိုနိုင်အောင် ပြင်ဆင်ခဲ့တဲ့အတွက် တွေ့ရတဲ့ အခက်ခဲများကိုလည်း ပြောပြပေးပါဦး- ညီလေး။

    ဖြေ။   ။     ကျွန်တော်တို့ စာမေးပွဲဖြေဆိုချိန်က အရမ်းကိုပူပြင်းလွန်းတဲ့ “အလ်နီညို”ရာသီမှာပါ။ စာမေးပွဲ ဖြေဆိုခဲ့ရတဲ့အချိန်နဲ့ နေရာတွေကလည်း တစ်နေ့နဲ့တစ်နေ့ တစ်နေရာနဲ့တစ်နေရာ မတူခဲ့ပါဘူး။ Biology ဖြေတဲ့နေ့
    ဆိုရင် လှိုင်မြို့နယ်ထဲက MICT မှာတောင် သွားပြီးဖြေရတယ်။ နေ့လည်- နေ့ခင်းအချိန်မှာဖြေရတဲ့အတွက် အိမ်ကနေ ကြိုထွက်ခဲ့ရတယ်။ လမ်းခရီးမှာ ကားကျပ်တဲ့ဒုက္ခနဲ့ အပူဒဏ်နဲ့ စာမေးပွဲအခန်းထဲမရောက်ခင်အထိ ခေါင်းမူးနေတာတော့
    အမှန်ပါပဲ။ English နဲ့ Mathematics B ကို ကြားထဲမှာ နာရီဝက်သာခြားပြီး (၅)နာရီလောက်ကြာအောင် ဖြေဆိုခဲ့ရ တယ်။ နောက်ပြီးစာမေးပွဲဖြေတဲ့ရက်တွေမှာလည်း ရမ်ဇာန်လ (Ramadan)နဲ့တိုက်နေတော့ ရိုဇာ(fasting)ဥပုသ်စောင့် ရင်း ဖြေဆိုခဲ့ရတယ်။ ပြင်ပအနေနဲ့ ပြင်ဆင်ခဲ့တာတော့ ကျွန်တော်စောစောကပြောခဲ့သလိုပဲ outside tuition တစ်ခုမှ မယူဘဲ ကျောင်းမှဆရာ၊ ဆရာမများတွေရဲ့ သင်ပြပေးမှုကိုသာ နာယူကြိုးစားပြီး IGCSEs ကို ဖြေဆိုခဲ့ပါတယ်။

    မေး။   ။ ညီလေးက အခု GCE O-Level မှာ ထူးထူးချွန်ချွန် အောင်မြင်ခဲ့ပြီးပြီဆိုတော့ အခုရော ဘယ်လိုဆက်ပြီး ပညာ သင်ဖို့ မျှော်လင့်ထားသလဲ။

    ဖြေ။   ။     ကျွန်တော်ငယ်စဉ်က English စာကို အားသန်ခဲ့ပေမဲ့ Sec 3, Sec 4 ရောက်တော့ Chemistry ကို ပိုပြီး စိတ်ဝင်စားလာခဲ့တယ်။ Chemistry နဲ့ ပတ်သက်တဲ့ဘာသာရပ်ကို အထူးပြုသင်ယူမှာပါ။ ကျွန်တော့်အစ်မရှိတဲ့
    မလေးရှားနိုင်ငံက တက္ကသိုလ်တစ်ခုခုမှာ ပညာဆက်သင်ဖို့ စဉ်းစားထားပါတယ်။

    မေး။  ။ ညီလေးရဲ့ အနာဂတ်ရည်မှန်းချက်နဲ့ တိုင်းပြည်အတွက် ရှေ့လျှောက်ဘာတွေ အကျိုးပြုသွားမယ် ဆိုတာလေး လည်း စဉ်းစားမိခဲ့ရင် ပြောပြပေးပါအုံး။

    ဖြေ။ ။ ကျွန်တော်ပထမဆုံး Chemical Engineer တစ်ယောက်ဖြစ်ချင်တယ်။ ပြည်ပနိုင်ငံများရဲ့ အတွေ့အကြုံ ကောင်းတွေကိုယူပြီး ကျွန်တော်မွေးခဲ့တဲ့ မြန်မာပြည်ကိုပြန်လာပြီး အတတ်နိုင်ဆုံးcontribute လုပ်ချင်တယ်။ ကျွန်တော်
    သင်ယူခဲ့တဲ့ ပညာတွေနဲ့ မြန်မာနိုင်ငံရဲ့ economy and standard of living ကို မြှင့်တင်ပေးချင်ပါတယ်။ ဥပမာ အားဖြင့် pharmaceutical industries တွေမှာ လူတိုင်းဝယ်ယူ၊ သုံးစွဲနိုင်တဲ့ vaccines (ဆေးဝါး)များကို ထုတ်လုပ်ပေးချင်ပါတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ commercial sector တွေမှာ အထောက်အကူပြုပေးချင်ပါတယ်။ Enriched quality and quantity အစားအသောက်ကုန်တွေကို ပြည်သူတွေကို အထူးသဖြင့် ဆင်းရဲတွင်းနက်နေတဲ့ မိသားစု တွေကို စားသုံးစေချင်ပါတယ်။ မြန်မာနိုင်ငံကိုလည်း Pollution free နိုင်ငံအဖြစ် ပြောင်းလဲချင်ပါတယ်။ကျွန်တော် ပညာတက်တစ်ယောက်အနေနဲ့ အဓိကလုပ်ချင်တာတွေကတော့ မြန်မာ-မွတ်စလင်တွေအပါဝင် လူငယ်လေးတွေကို အနာဂတ် ခေါင်းဆောင်တွေအဖြစ် ပြုစုပျိုးထောင်ပေးချင်တယ်။ လူငယ်တွေရဲ့ ဦးနှောက်နှင့် တွးခေါ်မှုတွေကို မရေ မတွက်နိုင်တဲ့ possibilities များအထိ ဖွင့်ပေးချင်ပါတယ်။ဒါက ကျွန်တော်ရဲ့ ဘ၀မှာ အကြီးမားဆုံး စိန်ခေါ်မှု့တစ်ခု ဖြစ်လာ ပါလိမ့်မယ်။

    မေး။   ။ ထူးချွန်ဖို့ အားကျစေချင်တဲ့ ညီငယ်/ညီမငယ်လေးများအတွက် နောက်ထပ် ဘာတွေကိုထပ်ပြီး စကား လက်ဆောင်အဖြစ် ပါးချင်ပါသေးလဲ။

    ဖြေ။  ။ ကျွန်တော်ပထမဦးဆုံးပြောချင်တာက စာကြိုးစားဖို့ပဲဖြစ်ပါတယ်။ စာဆိုတာ ပုံမှန်လေ့လာကျက်မှတ်ရင်မခက်ပါဘူး။ ပြင်ပဗဟုသုတရစေဖို့အတွက်လည်း စာများများဖတ်ဖို့လိုပါတယ်။ နောက်ပြီးတော့ ကိုယ်လက်လှုပ်ရှားမှုကို လည်းပေါ့နော်-ပုံမှန်လုပ်စေချင်ပါတယ်။ ကျန်းမားကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ဖြစ်မှ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးလို့ရမှာပါ။ ကျွန်တော့်အနေနဲ့ ခန္ဓာကိုယ်ကို solid ဖြစ်အောင် fit ဖြစ်အောင် gym ကစားတယ်၊ စိတ်တည်ငြိမ်ဖို့ ယောဂကျင့်စဉ်တွေကို လေ့ကျင့်လေ့ရှိပါတယ်။ အိပ်ချိန်စားချိန် ပုံမှန်လုပ်ပြီး၊ အချိန်ကိုအကျိုးရှိစွာ အသုံးချပါတယ်။ ကိုယ့်ဘာသာတရားရဲ့ အဆုံးအမနဲ့အညီ နေထိုင်ကြပါ။ မိဘ၊ ဆရာတွေရဲ့ ဆိုဆုံးမ စကားကို နားထောင် ကြပါလို့ နောက်ဆုံးအနေနဲ့ စကားလက်ဆောင်ပါးချင်ပါတယ်။

    -ကျေးဇူးတင်ပါတယ်ခင်ဗျာ။

  • နိုင်ငံမဲ့ ဘဝမှ ကမ္ဘာကျော် Oracle ကုမ္ပဏီ ရဲ့ ဒု-အကြီးအကဲဖြစ်လာတဲ့  မြန်မာပြည်ဖွားတဦး

    နိုင်ငံမဲ့ ဘဝမှ ကမ္ဘာကျော် Oracle ကုမ္ပဏီ ရဲ့ ဒု-အကြီးအကဲဖြစ်လာတဲ့ မြန်မာပြည်ဖွားတဦး

    စက်တင်ဘာ ၁၉ ၊ ၂၀၁၆
    M-Media
    dr-rafiul-ahad-2
့၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်။ ထိုင်းနိုင်ငံ အာရှနည်းပညာတက္ကသိုလ် Asian Institute of Technology- AIT ၌ ၁၂၄ ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပသည်။

    ထိုဘွဲ့နှင်းသဘင်တွင် ဘွဲ့ရယူဆွတ်ခူးခဲ့သူများမှာ ဗီယက်နမ်မှကျောင်းသား ၈၀ ဦး၊ မြန်မာနိုင်ငံမှကျောင်းသား ၃၃ ဦး၊ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို၊ နီပေါ၊ ပါကစ္စတန်၊ သီရိလင်္ကာနိုင်ငံများမှ ကျောင်းသား ၂၈ ဦး၊ ဆွစ်ဇာလန်နိုင်ငံမှကျောင်းသား ၁ ဦး တို့ဖြစ်ကြသည်။

    ထိုအခမ်းအနားတွင် ဘွဲ့နှင်းသဘင်အခမ်းအနား စီစဉ်ဖြစ်မြောက်ရေး ဒုဥက္ကဋ္ဌ ပါမောက္ခ Prof. S. Kumar က အဖွင့်အမှာစကား အနည်းငယ်ပြောကြားပြီးနောက် ဘွဲ့ရမောင်မယ်များအတွက် သြ၀ါဒစကားချီးမြှင့်ပေးမည့် ပုဂ္ဂိုလ်တစ်ဦးအကြောင်းကို အချိန်ယူ၍ မိတ်ဆက်ပြောပြခဲ့သည်။ ထိုသူမှာ ၁၉၈၀ ခုနှစ်တွင် ထိုင်းနိုင်ငံ AIT တက္ကသိုလ်၏ အထူးချွန်ဆုံးဘွဲ့ရ ကျောင်းသားများကိုယ်စား စကားပြောကြားခွင့်ရခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်၊ ၁၂၄ ကြိမ်မြောက် AIT ဘွဲ့နှင်းသဘင် အခမ်းအနား၌ ဂုဏ်ထူးဆောင်သြ၀ါဒရှင် အဖြစ် ပြန်လည်ဖိတ်ကြားခြင်းခံရသော ဒေါက်တာ ရာဖီအုလ် အဟဒ် Dr. Rafiul Ahad ဖြစ်၏။ ဒေါက်တာ အဟဒ်သည် အမေရိကန်မှ ကမ္ဘာကျော် Oracle Corporation ၏ Product Development ၌ ဒုတိယ အကြီးအကဲအဖြစ် ဦးဆောင်နေသူဖြစ်သည်။

    dr-rafiul-ahad-3

    ဆက်လက်၍ ဒေါက်တာအဟဒ်က မိမိ၏ဘ၀အကြောင်း တစွန်းတစကို ထုတ်ဖော်ပြောကြားခဲ့သည်။ လွန်ခဲ့သော ၃၈ နှစ်က သူသည် မြန်မာနိုင်ငံမှ စွန့်ခွာထွက်ရှိလာပြီး၊ ထိုင်းနိုင်ငံသို့ “နိုင်ငံမဲ့” ဘ၀ဖြင့် ရောက်လာသည်။ (ဇာတိနိုင်ငံ၏အမည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့)။ ရရှိထားသောဘွဲ့နှင့် ကိုက်ညီဆီလျော်သည့် အလုပ်အကိုင် မရရှိသောကြောင့် ဘုရားကျောင်းများ၏ နံရံနှင့် ကြမ်းခင်းများကို ဆေးသုတ်ခြင်း ၊ လုံခြုံရေး အချက်ပေး ကိရိယာများ တပ်ဆင်ခြင်း စသည့်အလုပ်များကိုသာ လုပ်ကိုင်ခဲ့ရသည်။ ၎င်းနောက် ဘုရားကျောင်း၏ သင်းအုပ်ဆရာက သူ၏ပညာခရီး ရှေ့ဆက်ရေးအတွက် AIT တက်ခွင့်ရအောင် ကူညီပေးသည်။ ထိုင်းဘုရင်၏ ပညာသင်ဆုကို ရရှိ၍ M.Sc. (Computer Applications) ဘွဲ့လွန်ကို ဆွတ်ခူးခဲ့သည်။ ထိုမှတဆင့် ထိုင်းနိုင်ငံပညာသင်ဆုဖြင့် အမေရိကန်နိုင်ငံတွင် ကွန်ပျူတာသိပ္ပံဒေါက်တာဘွဲ့အား ရယူနိုင်ခဲ့သည်။ ဘ၀တစ်ဆစ်ချိုးအခြေအနေတွင် မိမိကို မြေတောင် မြှောက်တွန်း တင်ပေးလိုက်သော ထိုင်းနိုင်ငံအား ကျေးဇူးဆပ် အလုပ်အကျွေးပြုရန် အစဉ်သဖြင့် အဆင်သင့်ရှိကြောင်း စသဖြင့် သူက ရှည်လျားစွာ ပြောဆိုမှာကြားသည်။

    စိန်ခေါ်မှုကို ရင်ဆိုင်နိုင်စွမ်းရှိရန်၊ မည်သည့်လုပ်ငန်းဆောင်တာများ၌မဆို စိတ်ရောကိုယ်ပါ ဆောင်ရွက်တတ်ရန်၊ အသိပညာများကို မပြတ်လေ့လာဆည်းပူးရန်၊ အလုပ်နှင့်ဘ၀အား ချိန်ခွင်လျှာ ညီမျှစွာ တည်ဆောက်ကြရန်  ဟူသော သူ၏ဘ၀ဖြတ်သန်းမှုသင်ခန်းစာ ၄ ခုကို ဘွဲ့ရမောင်မယ်များအား ဝေမျှပေးခဲ့သည်။

    မိမိ စွန့်ခွာလာခဲ့ရသော ဇာတိနိုင်ငံသည် နိုင်ငံသားအခွင့်အရေး ချိုးဖောက်ကန့်သတ်မှုများစွာ ရှိခဲ့၊ ရှိဆဲဖြစ်သော်လည်း ယခုအခါ ဒီမိုကရေစီခြေလှမ်း စတင်နေပြီကို သိရသည့်အကြောင်း ထည့်သွင်းပြောကြားသွားသည်။

    မြန်မာနိုင်ငံမှ လက်လွှတ်ဆုံးရှုံးသွားရသည့် အဆိုပါ လူချွန်လူမွန်တစ်ဦးအကြောင်း အနည်းငယ် တင်ပြလိုပါသည်။

    ahad

    ဒေါက်တာ ရာဖီအုလ် အဟဒ်သည် မြန်မာနိုင်ငံတွင် မွေးဖွားပြီး ၁၉၆၈ ခုနှစ်တွင် ရန်ကုန် ၀ိဇ္ဖာနှင့်သိပ္ပံတက္ကသိုလ်မှ B.Sc. (Physics) ကိုလည်းကောင်း၊ ရန်ကုန်တက္ကသိုလ် ကွန်ပျူတာဋ္ဌာနမှ M.Sc. (Computer Science) ဘွဲ့ကိုလည်းကောင်း ရရှိသည်။ ရန်ကုန်တက္ကသိုလ်ကွန်ပျူတာဋ္ဌာနတွင် systems programmer အဖြစ် သုံးနှစ် လုပ်ကိုင်သည်။ ၁၉၇၈ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ထွက်လာပြီး ၁၉၇၉ ခုနှစ် AIT ၏ ပထမဆုံး Computer Applications ဘွဲ့သင်တန်းကို ပညာသင်ဆုနှင့် တက်ရောက်ခွင့် ရရှိသည်။ ၁၉၈၀ ခုနှစ် သြဂုတ်လတွင် AIT မှ M.Sc. (Computer Science) ဘွဲ့ရရှိကာ ပြည့်ဝပညာသင်ဆုနှင့်တစ်ကွ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်ရှိ University of Southern California မှ ကွန်ပျူတာသိပ္ပံ Ph.D. program သို့ တက်ရောက်ခွင့် ရပြန်သည်။ ၁၉၈၅ ခုနှစ်တွင် ၎င်းမှ Ph.D. (Computer Science) ကွန်ပျူတာသိပ္ပံဒေါက်တာဘွဲ့ကို အကောင်းဆုံး အဆင့်ဝင်ဖြင့် ဆွတ်ခူးရယူနိုင်ခဲ့သည်။

    ထိုအချိန်မှစ၍ အမေရိကန်နိုင်ငံ၌ အခြေချပြီး ကွန်ပျူတာရေးရာ ပညာရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများဖြင့် လုပ်ကိုင်ဆောင်ရွက်သည်။ ၁၉၈၅ မှ ၁၉၈၉ ခုနှစ်အထိ University of Maryland ၏ College of Business and Management ဋ္ဌာနတွင် Information Systems လက်ထောက် ပါမောက္ခအဖြစ်လည်းကောင်း၊ ၁၉၈၉ မှ ၁၉၉၆ ခုနှစ်အထိ Hewlett-Packard Corporation, Cupertino, California တွင် Enterprise Objects Program အတွက် ဗိသုကာပညာအဖြစ်လည်းကောင်း၊ ၁၉၈၉ မှ ၂၀၀၃ ခုနှစ်အထိ Santa Clara University, Santa Clara, California ၏ ကွန်ပျူတာအင်ဂျင်နီယာဋ္ဌာနတွင် အချိန်ပိုင်းသုတေသီအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၁၉၉၆ မှ ၂၀၀၀ ခုနှစ်အထိ California, Redwood Shores မှ Oracle Corporation ၏ Oracle Lite ကုန်ထုတ်ဋ္ဌာန အကြီးတန်းအကြံပေးနှင့် ဗိသုကာပညာရှင်အဖြစ်လည်းကောင်း၊ ၂၀၀၀ မှ ယနေ့တိုင် ၎င်းကော်ပိုရေးရှင်း၏ ဆော့ဖ်ဝဲမြှင့်တင်ရေးဋ္ဌာန၏ ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း လုပ်ကိုင်သည်။ Oracle ကော်ပိုရေးရှင်း၏ database နှင့် မိုဘိုင်းလ် ဆက်စပ်ထုတ်လုပ်ရေးများ အဆင့်မြှင့်တင်ခြင်း၌ ဦးဆောင်အောင်မြင်စေခဲ့သူဖြစ်သည်။ databases, security, mobility နှင့် performance ဆိုင်ရာ သုတေသနစာတမ်း များစွာကိုလည်း ရေးသားထုတ်ဝေခဲ့ပြီး သတင်းနှင့်နည်းပညာဆိုင်ရာ စွမ်းဆောင်မှု ဂုဏ်ထူးများစွာကိုလည်း ရရှိခဲ့သည်။ ထူးချွန်သော ဂေါက်ရိုက်အားကစားသမားတစ်ဦးလည်း ဖြစ်သည်။

    သတင်းနှင့်နည်းပညာနယ်ပယ်၏ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ နှစ်ပေါင်းသုံးဆယ် အတွေ့အကြုံရှိနေသဖြင့် ကမ္ဘာ့အသိအမှတ်ပြုကျွမ်းကျင်သူတစ်ဦး ဖြစ်လာသည်။ ပညာရပ်နှင့် ကွန်ဖရင့်စာတမ်းပေါင်း ၂၀ ကျော် ရေးသားတင်သွင်းခဲ့ပြီး သတင်းနှင့်နည်းပညာအဖြေရှာခြင်း၌ ဂုဏ်ထူးဆောင်ဆု ၆ မျိုး ချီးမြှင့်ခံရသည့်အပြင် နောက်ထပ် ဆု ၄ မျိုးအတွက်လည်း လျာထားခံရပြီးဖြစ်သည်။ သို့သာမက HP နှင့် Oracle မှ ဆော့ဖ်ဝဲထုတ်ကုန်သစ် ၆ မျိုးကိုလည်း အကြမ်းထည်မှ အချောသတ်အဆင့်အထိ စွမ်းဆောင်ပေးခဲ့ပြီး ယခုအခါ cloud computing နယ်ပယ်ထိရောက်အောင် တွန်းတင်ပေးလျက်ရှိသည်။

    ကမ္ဘာ့သြဇာအကြီးမားဆုံး ကွန်ပျူတာနည်းပညာကော်ပိုရေးရှင်းတစ်ခု၏ အကြီးတန်းအမှုဆောင်တစ်ဦး ဖြစ်လာသည့် သူ့ဘ၀နှင့်ယှဉ်၍ ဒေါက်တာ အဟဒ်က ထိပ်တန်း အဆင့်မြင့် လုပ်ငန်းဆောင်တာများ အတွက် အခြေခံပညာရေးမှာ အလွန်အရေးကြီးလှကြောင်း ပြောဆိုလေ့ရှိသည်။

    အကယ်၍များ ယခင်ကတည်းက မြန်မာနိုင်ငံ၌ နိုင်ငံသားနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူမျိုးဘာသာ ခွဲခြားချိုးနှိမ်ဆက်ဆံမှုများ မရှိခဲ့ပါလျှင် ဒေါက်တာ အဟဒ်ကဲ့သို့ ကမ္ဘာကို ရင်ဘောင်တန်းနိုင်မည့် တိုင်းကျိုးပြည်ပြု လူချွန်လူမွန်တို့အား ဆက်လက် ပိုင်ဆိုင်ထားနိုင်မည်၊ ၎င်းအပြင် တိုင်းပြည်သည် ကမ္ဘာ့အလယ် ဂုဏ်ထည်စွာ ရပ်တည်နေလိမ့်မည်ဟု လည်းကောင်း၊ ကျွန်ုပ်တို့မြန်မာနိုင်ငံ အတွက် သင်ခန်းစာယူအပ်သည့် အဖြစ်အပျက်တစ်ရပ်ဟုလည်းကောင်း တွေးမိပေသည်။

    ×××××××××××××
    မြင့်မိုရ်မောင်မောင် စုစည်းတင်ဆက်သည်။
    ဓါတ်ပုံများကို AIT website နှင့် Kyi Zaw Myint ရဲ့ FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

    ** ဒေါက်တာ အဟဒ် အနေဖြင့် အမိနိုင်ငံကို စွန်ခွာခဲ့ရသည့် နောက်ခံ အကြောင်းတရားနဲ့ ဘဝဇာတ်ကြောင်း အစုံအလင်ကို အခြေအနေ အခွင့်အရေး ပေးရင်ဖြင့် မေးမြန်းတင်ဆက်ပေးသွားပါမည်။

  • IGCSE O-Level ဘာသာစုံ ဂုဏ်ထူးရှင်  မမေသဇင်ဝင်း နှင့် တွေ့ဆုံခြင်း

    IGCSE O-Level ဘာသာစုံ ဂုဏ်ထူးရှင် မမေသဇင်ဝင်း နှင့် တွေ့ဆုံခြင်း

    စက်တင်ဘာ ၁၈ ၊ ၂၀၁၆
    M-Media
    သီဟ တွေ့ဆုံမေးမြန်းသည်။

    may-thazinwin2
    M-Media- ညီမလေးရဲ့ အကြောင်း မိတ်ဆက်ပေးပါအုံး။
    .
    ဖြေ။    ။ သမီးနာမည်က မမေသဇင်ဝင်း(ခ) Heena ပါရှင်၊
    .
    မိဘတွေက ဟာဂျီ ဦးဌေးဝင်း ၊ ဟာဂျီမ ဒေါ်ဆွေဆွေမြင့်ပါ။
    .
    သမီးက မြန်မာပြည်မှာပဲ မွေးဖွား ကြီးပြင်းခဲ့တာပါ။
    .
    အသက် ၁၄ နှစ် မှာ နိုင်ငံရပ်ခြားကို ပညာသင်ဖို့ ထွက်လာခဲ့ပါတယ်။
    .
    M-Media-  ညီမလေးရဲ့ ငယ်ငယ်က တက်ရောက်ခဲ့တဲ့ ပညာရေးအခြေအနေကို ပြောပြပေးပါဦး။
    .
    ဖြေ။    ။  ငယ်ငယ်က မူကြိုကနေ ငါးတန်းအထိ PISM မှာ တက်ခဲ့ပါတယ်။ ငါးတန်းကနေ ၈ တန်းထိ (Grade 5 ကနေ Grade 8 အထိ) က Horizon International School မှာ တက်ပါတယ်။ Horizon က Grade 8 အောင်ပြီးမှ မလေးရှားကိုထွက်ပြိး ဆက်ပြီး  ကျောင်းတက်ခဲ့တာပါ။
    .
    M-Media-  IGCSE O-Level မှာ ၈ ဘာသာ ဖြေတဲ့ အထဲမှ ဘာသာစုံ ဂုဏ်ထူးထွက်တယ်လို့ သိရတယ်။
    .
    ဖြေ။    ။  Cambridge University မှ IGCSE စာမေးပေးပွဲကို ၂၀၁၆ ခုနှစ် မေလမှာ ၈ ဘာသာဝင်ရောက်ဖြေဆိုခဲ့တာ ၈ ဘာသာစလုံး ဘာသာစုံ ဂုဏ်ထူးနဲ့အောင်မြင်ခဲ့ပါတယ်။ အဲဒီထဲမှာ (၆) ဘာသာက A* နဲ့ ၂ ဘာသာက A ရပါတယ်။
    .
    M-Media-   A* နဲ့ A ကွာခြားပုံလေးတွေကို ရှင်းပြပေးပါလား ။
    .
    ဖြေ။    ။  အမှတ် ၈၀ ကနေ ၈၉ အထိ က A ဂုဏ်ထူးပါရှင့်။ အမှတ် ၉၀ အထက်ဆိုရင် A* ဂုဏ်ထူးဝင်တာပါရှင် ။
    .
    M-Media-  ဘာသာစုံ ဂုဏ်ထူးထွက်ဖို့ ဘယ်လိုမျိုး ကြိုးစားခဲ့တယ်ဆိုတာ ညီငယ် ညီမငယ်တွေ လေလာလို့ရအောင် မျှဝေပေးပါအုံး။
    .
    ဖြေ။    ။  ဘာသာစုံ ဂုဏ်ထူးထွက်ဖို့ စာတွေကို ဂရုတစိုက်သင်ယူတယ်။ ၁၀ နှစ်စာ မေးခွန်းဟောင်းတွေကို လေ့ကျင့်တယ်။ Text Book တွေ ကို နှိုက်နှိုက်ချွတ်ချွတ် ဖတ်တယ်။ Text Book  တွေထဲက အရေးကြီးတဲ့ Main Point တွေကို အတိုချူပ် Summary  ရေးပြီးတော့  အကြိမ်များစွာ Revision တွေ လုပ်တော့ စာတွေ မမေ့တော့ဘူး။ ခေါင်းထဲမှာ မှတ်မိနေတယ်။  IGCSE စာတွေက အလွတ်ကျက် တဲ့ ပုံစံနဲ့ ဖတ်လို့မရဘူး။ မေးခွန်းတွေကို အောင်မြင်စွာ ဖြေဆိုနိုင်ဖို့အတွက် စာတွေက ကျေညှက်ပြီး နားလည်နေ၇မယ်။ သူမေးခွန်းတွေ မှာ အဓိက က analytical Skills and Creativity Skills ကို Access လုပ်တာ ဖြစ်တဲ့အတွက် ဖြတ်ထိုး ဥာဏ်နဲ့ ဖြေဆိုနိုင်ဖို့အတွက် များများလေ့ကျင့်ကြပါမယ်။
    .
    M-Media-  ညီမလေးက အခု GCE O-Level မှာ ထူးထူးချွန်ချွန် အောင်မြင်ခဲ့ပြီးပြီဆိုတော့ အခုရော ဆက်ပြီး ပညာသင်ဖို့ ဘယ်လို ရွေးချယ်ခဲ့ပြီလဲ။
    .
    ဖြေ။    ။  သမီးက IGCSE O Level ပြီးတော့ IGCSE A Level ဆက်ပြီးဖြေပါမယ်။ A-Level ဖြေပြီးရင်တော့ သမီး Medical University ဆက်တက်ဖို့ ရည်ရွယ်ထားပါတယ်။ ဆရာဝန်ဖြစ်ချင်ပါတယ်။ သမီးက မလေးရှားမှာ ဆေးကျောင်း တက်ချင်ပေမယ့်  International Student တွေကို House ဆင်းဖို့ မပေးတဲ့အတွက် UK (သို့) US မှာ ဆက်တက်ဖို့ ကြိုးစားနေပါတယ်။
    .
    M-Media-  ဘဝမှာ အားကျ စံထားရတဲ့ ပုဂ္ဂိုလ် ရှိရင်ပြော ပြပေးပါအုံး။
    .
    ဖြေ။    ။  တမန်တော်မုဟမ္မဒ်က က သမီးအတွက် စံထားရတဲ့ ပုဂ္ဂိုလ်ပါ။ ဒုတိယ အနေနဲ့ကတော့ သမီးတို့ နိုင်ငံရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါ။
    .
    M-Media-  အနာဂတ် ရည်မှန်းချက်ကို ပြောပြပါဦး။
    .
    ဖြေ။    ။  သမီးရဲ့ အနာဂတ်ရည်မှန်းချက်က နှလုံး ခွဲစိတ်ပါရဂူအထိ ဖြစ်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ သမီးပညာတွေ အားလုံးသင်ပြီးသွားရင်တော့ အမိမြန်မာနိုင်ငံကို ပြန်လာပြီး အကျိုးပြုချင်ပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ဆင်းရဲဒုက္ခရောက်နေ သူတွေကို သမီးသင်ယူခဲ့တဲ့ ပညာတွေနဲ့ ပြန်လည် အကျိုးပြုချင်ပါတယ်။ သမီးဝါသနာပါတဲ့ ပရဟိတ အလုပ်တွေကို ဇောက်ချပြီး လုပ်ကိုင်ချင်ပါတယ်။ လူမျိုးဘာသာမရွေး ကုသပေးနိုင်တဲ့ ကုသိုလ်ဖြစ် ဆေးရုံ အသေးလေး တခုလောက် တည်ထောင်ချင်တဲ့ ရည်ရွယ်ချက်လည်းရှိပါတယ်။
    .
    M-Media-  မြန်မာမိန်းကလေးငယ်တစ်ယောက်အနေနဲ့ တခြားသော မြန်မာမိန်းကလေးငယ်တွေကိုရော ဘယ်လိုစကား လက်ဆောင်ပါးချင်ပါလဲ။
    .
    ဖြေ။    ။  သမီးအနေနဲ့ တခြား ညီအကိုမောင်နှမတွေကို စကားလက်ဆောင်ပါးချင်တာက ဘယ်လို ခေတ်ပညာတွေပဲ သင်သင် မိမိကိုးကွယ်ရာ ဘာသာတရားရဲ့ အဆုံးအမနဲ့ အညီ နေထိုင်ဖို့တိုက်တွန်းချင်ပါတယ်။ ကိုယ့်ဘဝတလျောက်လုံး ကြုံတွေ့ရမယ့်

    Challenges တွေဖြစ်တဲ့ စိန်ခေါ်မှုတွေကို စိတ်ဓါတ်မကျဘဲ Confidence အပြည့်အဝနဲ့ ရင်ဆိုင်စေချင်ပါတယ်။ ကိုယ်ပညာသင်ကြားနေ တဲ့ တလျောက်လုံးမှာ အဓိကနဲ့ သာမည ကို ခွဲခြားနိုင်ဖို့ လိုအပ်ပါတယ်။ တဆက်တည်းမှာဘဲ သမီးကို ယခုလို အောင်မြင်အောင် သင်ကြားပေးခဲ့တဲ့ ဘာသာရပ် အသီးသီးက ဆရာ/ဆရာမ အားလုံး နဲ့ တကွ သင်ဆရာ၊ မြင်ဆရာ အားလုံးနဲ့ မိဘ ၂ ပါးကို အထူးပဲ ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်ရှင့်။
    .
    M-Media-  ဘာများ ထပ်ပြီး ဖြည့်စွက်ပြောချင်ပါသေးလဲ
    .
    ဖြေ။    ။  မလေးရှားမှာ ဆေးကျောင်းတက်တဲ့  International Student တွေကို House ဆင်းဖို့ ခွင့်မပြုပါဘူး။ တခြားသော အာဆီယံနိုင်ငံတွေ အနေနဲ့ နိုင်ငံခြားတက္ကသိုလ်တွေမှာ ဆေးကျောင်းတက်တဲ့ သူတွေ ကျောင်းပြိးရင် House ဆင်းဖို့ ခွင့်ပြုပေးတယ်။  မြန်မာပြည်မှာတော့ စုံစမ်းရသလောက် ခွင့်မပြုဖို့ဘူးလို့ သိရတယ်။ ဒီအချက်ကလေး တခုကို ကူညီပြီး ဖြေရှင်းပေးစေ ချင်ပါတယ်။ တခြားသော အာဆီယံနိုင်ငံတွေလိုဘဲ အပြင်မှာဆေးကျောင်း တက်ပြိး ကျောင်းပြီးတဲ့သူတွေကို ပြည်တွင်းမှာ House ဆင်းဖို့ ခွင့်ပြုပေးရင် ပြည်ပမှာ ကျောင်းပြီးတဲ့သူတွေ အနေနဲ့လည်း ပြည်တွင်းမှာ ပြန်ပြီး တာဝန်ထမ်းဆောင်နိုင်ပြီး တိုင်းပြည်အတွက် အကျိုး ရှိနိုင်မှာပါ။
    .
    M-Media ကို ဆက်သွယ်ပြီး အင်တာဗျူးပေးတဲ့အတွက်  မမေသဇင်ဝင်း နဲ့ မိဘ၂ ပါးကို အထူးပဲ ကျေးဇူးတင်ပါတယ်။