News @ M-Media

Category: အမေရိက

  • အမေရိကန် ကာကွယ်ဝန်ကြီး အသစ် အိုဘားမား ခန့်အပ်

    အမေရိကန် ကာကွယ်ဝန်ကြီး အသစ် အိုဘားမား ခန့်အပ်

    ဒီဇင်ဘာ ၅ ၊ ၂၀၁၄
    M-Media
    6103401_G
    – ဖိအားများကြောင့် ရာထူးမှ နှုတ်ထွက်သွားခဲ့သည့် ကာကွယ်ရေး ၀န်ကြီး ချက်ဟေဂယ်၏  နေရာတွင် ဒုတိယ ကာကွယ်ရေး ၀န်ကြီးဟောင်း အက်ရှ်တန် ကာတာအား ခန့်အပ်ခဲ့သည်ဟု အိမ်ဖြူတော်က အတည်ပြု ပြောကြားခဲ့သည်။

    အသက် ၆၀ အရွယ်ရှိ ကာတာမှာ ဒုတိယ ကာကွယ်ရေး ၀န်ကြီးအဖြစ် ၂၀၁၁ ခုနှစ် အောက်တိုဘာလမှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာအထိ တာဝန်ယူခဲ့သူဖြစ်ပြီး ဟေဂယ် ထွက်သွားပြီးနောက် ကာကွယ်ရေး ၀န်ကြီးသစ်ဖြစ်လာရန် ရေပန်းစားနေခဲ့သူဖြစ်သည်။

    ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ကြောင်းကို အိုဘာမားက ၀ါရှန်တန် စံတော်ချိန် သောကြာနေ့ နံနက်ပိုင်းတွင် တရားဝင်သတင်းထုတ်ပြန်မည်ဖြစ်ပြီး ကာတာမှာ အိုဘားမားလက်ထက် ၆ နှစ်တာကာလအတွင်း စတုတ္ထမြောက် ကာကွယ်ရေးဝန်ကြီး ဖြစ်လာမည်ဖြစ်သည်။

    ကာတာမှာ အမေရိကန် လုံခြုံရေးကဏ္ဍတွင် အတွေ့အကြုံရင့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး လက်ထောက် ကာကွယ်ရေး ၀န်ကြီးမဖြစ်ခင်က စစ်ဆင်ရေး အကြီးအကဲ တစ်ဦးလည်း ဖြစ်ခဲ့သည်။ ထိုအရင်က ကာတာမှာ စစ်တပ်အတွက် နည်းပညာနှင့် လက်နက်များ ၀ယ်ယူပေးသူအဖြစ် ၂ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။

    သမ္မတ ဘီလ်ကလင်တန်၏ လက်ထက်တွင် ကာတာမှာ ကာကွယ်ရေး ၀န်ကြီးဌာန နိုင်ငံခြားရေး ပေါ်လစီ ဒုတိယ၀န်ကြီးအဖြစ်လည်းကောင်း၊ ထိုရာထူးမတိုင်ခင်က ဂျွန်အက်ဖ်ကနေဒီ တက္ကသိုလ် သိပ္ပံနှင့် နိုင်ငံခြားရေးရာ ဒါရိုက်တာအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

    ဟေဂယ်မှာ IS နှင့် အရှေ့အလယ်ပိုင်းအရေး ပေါ်လစီများကြောင့် ဝေဖန်မှုများကိုခံခဲ့ရပြီး ထိုကိစ္စကြောင့်ပင် အိုဘားမားက ရာထူးမှနှုတ်ထွက်ရန် ဖိအားပေးခဲ့ခြင်းဖြစ်ကြောင်း အိမ်ဖြူတော်နှင့် နီးစပ်သည့်အသိုင်းအ၀ိုင်းက ပြောကြားခဲ့သည်။

    AP

  • အသည်းကွဲသည့် အမေရိကန် ဆယ်ကျော်သက် မိန်းကလေး တစ်ဦး အမြင့်မှ ခုန်ချ၍ သတ်သေ

    အသည်းကွဲသည့် အမေရိကန် ဆယ်ကျော်သက် မိန်းကလေး တစ်ဦး အမြင့်မှ ခုန်ချ၍ သတ်သေ

    ဒီဇင်ဘာ ၄ ၊ ၂၀၁၄
    M-Media
    PAY-Ashli-Cook
    – အမေရိကန်ပြည်ထောင်စု ဟမ့်ရှိုင်းယားပြည်နယ်ရှိ ဆယ်ကျော်သက် မိန်းကလေးတစ်ဦးမှာ ချစ်သူနှင့် စကားများပြီးနောက် ပေ ၁၀၀ အမြင့်မှ ခုန်ချကာ အဆုံးစီရင်ခဲ့သည်ဟု သိရသည်။

    စက်တင်ဘာလနှောင်းပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၁၅ နှစ်အရွယ် အရှ်လီကွတ်ဟုအမည်ရသည့် အဆိုပါ မိန်းကလေးငယ်မှာ အသက် ၂၀ အရွယ် ချစ်သူ မားကတ်စ် ၀ဘ်နှင့် စကားများခဲ့ပြီးနောက် ပေ ၁၀၀ အမြင့်ရှိသည့် Sir Eyre Coote အထိမ်းအမှတ်တာဝါပေါ်မှ ခုန်ချခဲ့ခြင်းဖြစ်သည်။

    မားကက်စ်ကမူ အရှ်လီမှာ ခုန်မချခင် သူ၏ထံသို့ မက်ဆေ့ခ်ျတစ်စောင်ပို့ခဲ့ပြီး အဆိုပါ မက်ဆေ့ခ်ျတွင် အက်ရှ်လီက မိမိတို့ ၂ ဦး အတူတူမနေနိုင်ပါက အမြင့်မှခုန်ချကာ သတ်သေမည်ဟု ရေးသားထားကြောင်း ပြောကြားခဲ့သည်။

    ထိုမက်ဆေ့ခ်ျရပြီးနောက် မိမိမှာ အက်ရှ်လီအား သွားရောက်ရှာဖွေခဲ့ရာတွင် အက်ရှ်လီမှာ တာဝါမှ ခုန်ချပြီးဖြစ်နေကြောင်း၊ ထိုတာဝါမှာ လွန်ခဲ့သည့် ၃ နှစ် ၎င်းတို့ ချစ်သူများ ဖြစ်ချိန်က ပထမဆုံးသွားရောက်ခဲ့သည့် နေရာဖြစ်ပြီး ဓာတ်ပုံလည်း အတူတွဲရိုက်ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    အက်ရှ်လီမှာ ငယ်စဉ်က ဟမ့်ရှိုင်းယားရှိ စိတ်ကျန်းမာရေးဆေးရုံးကို တက်ရောက်ဖူးပြီး ယခုနှစ် ဇူလိုင်လအတွင်း ထပ်မံတက်ရောက်ခဲ့ရကာ သူမတွင် အိပ်စက်ခြင်းနှင့်ပတ်သက်၍ ပြသနာလည်း ရှိနေကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    မားကက်စ်ကမူ အရှ်လီသေဆုံးရခြင်းမှာ မိမိ၏ အပြစ်ဖြစ်ပြီး နောင်တရမိသည်ဟုလည်း ပြောကြားခဲ့သည်။

  • အမေရိကန်ရဲကြောင့် လူမည်းလူငယ် ၁ ဦး ထပ်မံသေဆုံး ၊ နယူးယောက်တွင် ဆန္ဒပြမှုများ ဖြစ်ပေါ်

    အမေရိကန်ရဲကြောင့် လူမည်းလူငယ် ၁ ဦး ထပ်မံသေဆုံး ၊ နယူးယောက်တွင် ဆန္ဒပြမှုများ ဖြစ်ပေါ်

    ဒီဇင်ဘာ ၄ ၊ ၂၀၁၄
    M-Media
    665003303001_3922878669001_201412452718147734-20
    – နယူးယောက်တွင် လက်နက်မဲ့ လူမည်းလူငယ် တစ်ဦးအား သေစေခဲ့သော လူဖြူရဲအရာရှိတစ်ဦးကို တရားစွဲဆိုခြင်းမပြုရန် တရားသူကြီးက ဆုံးဖြတ်ချက်ချပြီးနောက် နယူးယောက်မြို့တစ်ဝှမ်းတွင် ယမန်နေ့က ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    CCTV မှတ်တမ်းများအရ အဲရစ်ဂါနာဟု အမည်ရသည့် အသက် ၁၇ နှစ်အရွယ် လူမည်း လူငယ်ကို အခွန် မတပ်ရသေးသော ဆေးလိပ်များရောင်းသည်ဟူသော သံသယဖြင့် ဇူလိုင်လ ၁၇ ရက်နေ့၌ ရဲတပ်ဖွဲ့မှ ဖမ်းဆီးစဉ် လူဖြူရဲ အရာရှိတစ်ဦးက ဂါနာ၏ လည်ပင်းကို သိုင်း၍ ချုပ်ထားရာမှ အသက်ရှုကြပ်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း တရားရုံးက စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် အဆိုပါ ရဲအရာရှိအား တရားစွဲဆိုခြင်း မပြုရန် အမိန့်ချမှတ်ခဲ့ပြီး ဂါနာ၏ မိသားစုများ အပါအ၀င် ပြည်သူများက မကျေနပ်သောကြောင့် နယူးယောက်မြို့ မက်ဟက်တန်ဒေသနှင့် စတိတ်တန် အိုင်းလန်း ဒေသတို့တွင် ဗုဒ္ဓဟူးနေ့က ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။

    `တရားရေးစနစ်က လူဖြူတွေကို ကာကွယ်ပေးနေတုန်းပဲလို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ ကျွန်တော့်ဘ၀တစ်လျှောက် ကြုံဖူးတဲ့ ပြောင်ပြောင်တင်းတင်း လူမျိုးရေးခွဲခြားမှုပါပဲ´ ဟု ဆန္ဒပြသူများထဲတွင် ပါဝင်သည့် အသက် ၃၂ နှစ်အရွယ် ရောဘတ် ကုပ်လန်းဆိုသူက ပြောကြားခဲ့သည်။

    မစ်ဇူရီပြည်နယ် ဖာဂူဆန်မြို့တွင်လည်း လူမည်းလူငယ် မိုက်ကယ်ဘရောင်းအား လူဖြူရဲအရာရှိက သေနတ်ဖြင့် ပစ်သတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ထိုအမှုအတွက်လည်း တရားရုံးက လူဖြူအရာရှိအား တရားစွဲဆိုခြင်းမပြုရန် ဆုံးဖြတ်ခဲ့မှုကြောင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မစ်ဇူရီ ပြည်နယ်အပါအ၀င် နိုင်ငံတစ်ဝှမ်း ပြင်းထန်သော ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

    Al Jazeera and agencies

  • ဗုံးပါသည်ဟု နောက်ပြောင်ခဲ့သည့် ဆရာဝန်  ဒေါ်လာ ၁ သိန်းနီးပါး ဒဏ်ရိုက်ခံရ

    ဗုံးပါသည်ဟု နောက်ပြောင်ခဲ့သည့် ဆရာဝန် ဒေါ်လာ ၁ သိန်းနီးပါး ဒဏ်ရိုက်ခံရ

    ဒီဇင်ဘာ ၃ ၊ ၂၀၁၄
    M-Media
    afp-not-that-funny-doctors-bomb-joke-costs-him-9
    – အမေရိကန်ပြည်ထောင်စု မိုင်ယာမီလေယာဉ်ကွင်း စစ်ဆေးရေးဂိတ်၌ မိမိ၏အိတ်ထဲ၌ ဗုံးပါဝင်သည်ဟု နောက်ပြောင်ခဲ့သည့် ဆရာဝန်တစ်ဦးမှာ ဒဏ်ငွေ ကန်ဒေါ်လာ ၉ သောင်းခန့် ပေးဆောင်ခဲ့ရသည်ဟု သိရသည်။

    အောက်တိုဘာ ၂၂ ရက်နေ့တွင် အဗီယန်ကာသို့သွားမည့် လေယာဉ်ပေါ်သို့ မတက်ခင် စစ်ဆေးရေး ဂိတ်၌ မေးခွန်းများမေးရာ အသက် ၆၀ အရွယ် ဗင်နီဇွဲလား ဆရာဝန် မန်နျူယဲလ် အလ်ဗာရာဒိုက မိမိ၏ ခရီးဆောင်အိတ်ထဲ၌ C-4 ဖောက်ခွဲရေးဗုံး သယ်ဆောင်လာသည်ဟု ပြောကြားခဲ့သည်။

    ထို့နောက် ၎င်းက မိမိမှာ နောက်ပြောင်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ လေဆိပ်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး လေကြောင်းလိုင်းများကိုလည်း ရပ်ဆိုင်းခဲ့ကာ ဗုံး ရှာဖွေရေး တပ်ဖွဲ့တစ်ခုဖြင့် အလ်ဗာရာဒို၏ ခရီးဆောင်အိတ်အား ရှာဖွေခဲ့ကြသည်။

    သို့သော်လည်း ဗုံးအားရှာဖွေတွေ့ရှိခြင်းမရှိခဲ့ဘဲ နောက်ပိုင်းတွင် အလ်ဗာရာဒိုအား ဗုံးခွဲရန် ခြိမ်းခြောက်မှု၊ ရာဇ၀တ်မှုဆိုင်ရာ ထိခိုက်နစ်နာစေမှုတို့ဖြင့် တရားစွဲက ဒဏ်ငွေ ၈၉၁၇၂ ဒေါ်လာပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။

    ၎င်း၏ရှေ့နေဖြစ်သူ ဘရီယန်ဘီဘာကမူ မိမိ၏အမှုသည်မှာ နောင်တကြီးစွာ ရနေကြောင်း၊ မည်သူ့ကိုမှ ကြောက်ရွံ့ရန် ရည်ရွယ်ခြင်း မရှိခဲ့ကြောင်း၊ ထိုကဲ့သို့ နောက်ပြောင်မှုမှာ ၎င်း၏ အဆိုးဝါးဆုံး အမှားဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    AFP

  • မက္ကဆီကိုတွင် သမ္မတနှုတ်ထွက်ရေး ဆန္ဒပြ

    မက္ကဆီကိုတွင် သမ္မတနှုတ်ထွက်ရေး ဆန္ဒပြ

    ဒီဇင်ဘာ ၃ ၊ ၂၀၁၄
    M-Media
    201412215332795734_20
    – ပြန်ပေးဆွဲ အသတ်ခံရသည့် ပညာရေးကောလိပ်မှ ကျောင်းသားများ ကိစ္စတွင် ကိုင်တွယ်မှု ညံ့ဖျင်းခြင်းကို ဆန့်ကျင်သည့် အနေဖြင့် မက္ကဆီကိုသမ္မတ အန်းရစ် ပန်နာ နီယက်တို နှုတ်ထွက်ရန်အတွက် နိုင်ငံ တစ်ဝှမ်း ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ဒီဇင်ဘာ ၁ ရက်နေ့က ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ပျောက်ဆုံးကျောင်းသားများ၏ မိသားစုဝင်များလည်း ပါဝင်ခဲ့ကြကာ ဆန္ဒပြသူများမှာ နီယက် တိုနှုတ်ထွက်ရန် ကျွေးကျော်ခဲ့ကြသည်။ ထို့ပြင် `အသင်တို့ တစ်ယောက်တည်းမဟုတ်´ ဟု ပျောက်ဆုံး ကျောင်းသားများ၏ မိသားစုဝင်များကို ရည်ညွှန်းသည့် ကျွေးကျော်သံများလည်းပါဝင်သည်။

    ဆန္ဒပြမှုများကို ငြိမ်းချမ်းစွာပြုလုပ်ခဲ့ကြသော်လည်း ညပိုင်း၌  အချို့နေရာများတွင် မီးရှို့မှုများ၊ ပြတင်းပေါက်များအား ဖျက်ဆီးမှုများနှင့် ဘဏ်များကို ဖျက်ဆီးမှုများလည်း ဖြစ်ပွားခဲ့သည်။

    ကျောင်းသားများပြန်ပေးဆွဲ သတ်ဖြတ်ခံခဲ့ရသည့် ဂွာရဲရိုးပြည်နယ်တွင်လည်း ပြည်သူများက ထိုကဲ့သို့ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပြီး ပြည်နယ် တရားသူကြီးချုပ်ရုံးအား ၀င်ရောက်၍ မွှေနှော က်ရှာဖွေမှုများလည်း ပြုလုပ်ခဲ့ကြကာ ရဲတပ်ဖွဲ့သုံး ယာဉ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြသည်။

    ထို့ပြင် ဆရာများအသင်း ခေါင်းဆောင်သည့် အခြား ဆန္ဒပြသူများကလည်း နိုင်ငံတောင်ပိုင်းရှိ အစိုးရပိုင် ရေနံ သန့်စင်စက်ရုံသို့ သွားရောက်ကာ ပိတ်ပစ်ခဲ့ကြသည်။

    မူးယစ်ဂိုဏ်များအား ဝေဖန်ခဲ့သော အဆိုပါကျောင်းသား ၄၃ ဦးကို ရဲတပ်ဖွဲ့ကိုယ်တိုင် ဖမ်းဆီးကာ မူးယစ်ဂိုဏ်းများလက်သို့ အပ်ခဲ့သည်ဟု ဖမ်းဆီးခံထား ရသူများမှ ဖြောင့်ချက်ပေး ခဲ့ပြီးနောက် မက်ဆီကိုနိုင်ငံတစ်ဝှမ်းတွင် အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများ ကြီးထွားခဲ့သည်။

    Al Jazeera and agencies