News @ M-Media

Category: အမေရိက

  • မက္ကဆီကိုက ကျောင်းသားများ အစုလိုက် သတ်ခံရမှု ဆန္ဒပြမှု အရှိန်မြင့်လာ

    မက္ကဆီကိုက ကျောင်းသားများ အစုလိုက် သတ်ခံရမှု ဆန္ဒပြမှု အရှိန်မြင့်လာ

    နိုဝင်ဘာ ၁၃ ၊ ၂၀၁၄
    M-Media
    mexico_3103382b
    – ပညာရေးကောလိပ်မှ ကျောင်းသား ၄၃ ယောက်အား ရဲများနှင့်ပေါင်းကာ မူးယစ်ဂိုဏ်းတစ်ခုက သတ်ဖြတ်မီးရှို့ခဲ့သည်ကို မကျေနပ်သည့်အတွက် အစိုးရအား ဆန္ဒပြမှုများမှာ မက္ကဆီကိုတွင် မြင့်မားလာနေသည်ဟု သိရသည်။

    နိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး ယမန်နေ့က နိုင်ငံတောင်ပိုင်း ဂွါရဲရိုးပြည်နယ် ချီပန်စင်ဂိုမြို့တွင် ကျောင်းဆရာများအသင်းမှ အဖွဲ့ဝင်များအပါအ၀င် လူပေါင်း ၁၀၀၀ ခန့်မှာ ချီတက်ဆန္ဒပြခဲ့ကြပြီး အာဏာရပါတီ PRI ၏ ရုံးချုပ်အား မီးရှို့ခဲ့ကြသည်။ ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ခဲ့ကြပြီး ခဲလုံးများ၊ မီးလောင်ဗုံးများဖြင့် ပစ်ခတ်ခဲ့ကြသောကြောင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် ဂျာနယ်လစ် ၂ ဦး ဒဏ်ရာရခဲ့ကြသည်။

    တနင်္လာနေ့ကလည်း ဆန္ဒပြသူများမှာ ဂွါရဲရိုးလေဆိပ်အား သုံးနာရီကြာ ပိတ်ဆို့ဝန်းရံခဲ့ကြပြီး ခရီးစဉ်သုံးခုအား ဖျက်သိမ်းခဲ့ရကာ ရဲတပ်ဖွဲ့ဝင်က အင်အားသုံး လူစု ခွဲခဲ့ရသည်။

    ပညာရေးကောလိပ်မှ ကျောင်းသားများအား ရဲများ၏ အကူအညီဖြင့် ပြန်ပေးဆွဲ သတ်ဖြတ်ကာ အလောင်းများအား မီးရှို့ဖျောက်ဖျက်ပစ်ခဲ့သည်ဟု မူးယစ်ဂိုဏ်းသားများက ပြီးခဲ့သည့် သောကြာနေ့တွင် ဖြောင့်ချက်ပေးခဲ့ပြီးနောက် စနေနေ့မှ စတင်ကာ မက္ကဆီကို နိုငံတစ်ဝှမ်းတွင် ထိုကဲ့သို့ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    မက္ကဆီကိုမူးယစ်ဂိုဏ်းများမှာ ၎င်းတို့၏ လုပ်ငန်းများကို ဆန့်ကျင်သူများအား ဖမ်းဆီးကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ယခင်ကလည်း ပြုလုပ်ခဲ့ဖူးပြီး ၂၀၀၆ ခုနှစ်မှစတင်ကာ ယခုအချိန်အထိ မူးယစ်ဂိုဏ်းများ၏ လက်ချက်ကြောင့် လူပေါင်း ရှစ်သောင်းကျော် သေဆုံးခဲ့ရသည်။

    AFP/de/by

  • အီရတ်တွင် အမေရိကန်တပ်သား ၁၅၀၀ ထပ်မံ တိုးချဲ့ချထားရန် သမ္မတ အိုဘားမား ခွင့်ပြု

    အီရတ်တွင် အမေရိကန်တပ်သား ၁၅၀၀ ထပ်မံ တိုးချဲ့ချထားရန် သမ္မတ အိုဘားမား ခွင့်ပြု

    နိုဝင်ဘာ ၉၊ ၂၀၁၄
    M-Media
    2014117213329259734_20
    – အီရတ်နိုင်ငံတွင် ISIL အဖွဲ့အား တိုက်ခိုက်ရာ၌ အီရတ်အစိုးရနှင့် ကာ့ဒ်တပ်ဖွဲ့များကို လေ့ကျင့်ပေးရန်နှင့် အကြံဥာဏ်များ ပေးအပ်ရန်အတွက် အမေရိကန်စစ်သည် ၁၅၀၀ ကို ထပ်တိုးချထားရန် သမ္မတအိုဘားမားက ခွင့်ပြုခဲ့သည်ဟု သိရသည်။

    “စစ်မြေပြင်မှာ မဟာမိတ်အဖွဲ့တွေ အားကောင်းလာစေဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ မဟာဗျူဟာအတွက် တိုက်ပွဲဝင်ဖို့မဟုတ်ဘဲ ကာ့ဒ်တပ်ဖွဲ့တွေအပါအ၀င် အီရတ် လုံခြုံရေး တပ်ဖွဲ့တွေကို လေ့ကျင့်ပေးဖို့၊ အကြံပေးဖို့နဲ့ ကူညီဖို့အတွက် အမေရိကန်စစ်သား ၁၅၀၀ ထပ်တိုးချထားဖို့ သမ္မတအိုဘားမားက ခွင့်ပြုလိုက်ပါတယ်” ဟု ယမန်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ ထိုကဲ့သို့ ထပ်တိုးချထားမှုကြောင့် အီရတ်ရှိ အမေရိကန် စစ်သည်ပမာဏမှ ၂ ဆ ဖြစ်လာမည် ဖြစ်သည်။

    ထို့ပြင် အီရတ်နှင့် ဆီးရီးတို့၌ စစ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကန်ဒေါ်လာ ၅.၆ သန်း ချပေးရန် အိုဘားမားက အောက်လွှတ်တော်သို့ တောင်းဆို သွားမည်ဖြစ်ပြီး ထိုပမာဏထဲတွင် အီရတ်နိုင်ငံ၌ လေ့ကျင့်သင်ကြားပေးရန်နှင့် လက်နက်တပ်ဆင်ပေးရန် ကုန်ကျငွေ ၁.၆ ဘီလီယံလည်း ပါဝင်မည်ဖြစ်သည်။

    စစ်ဘက်ဆိုင်ရာ အကြံပေးအချို့အား ISIL အဖွဲ့များ တိုးမြှင့်တိုက်ခိုက်လာမှုကို တွန်းလှန်နေရသည့် အီရတ်အနောက်ပိုင်း အန်ဘာရ်ပြည်နယ်တွင် ချထားမည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူတစ်ဦးက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ ထပ်တိုးချထားမည့် တပ်ဖွဲ့ဝင်များမှာ လာမည့် သီတင်းပတ်များအတွင်း အီရတ်သို့ ရောက်ရှိမည်ဖြစ်သည်။

    Source: Agencies

  • ရဲနှင့်ပေါင်းကာ ကျောင်းသား ၄၀ ကို သတ်ဖြတ် မီးရှို့ခဲ့ကြောင်း မက္ကဆီကို မူးယစ် ဂိုဏ်းသားများ ၀န်ခံ

    ရဲနှင့်ပေါင်းကာ ကျောင်းသား ၄၀ ကို သတ်ဖြတ် မီးရှို့ခဲ့ကြောင်း မက္ကဆီကို မူးယစ် ဂိုဏ်းသားများ ၀န်ခံ

    နိုဝင်ဘာ ၈၊ ၂၀၁၄
    M-Media
    Mexico gang suspects confess to mass killings
    – ပြီးခဲ့သည့်လက ပျောက်ဆုံးသွားခဲ့သည့် ပညာရေးကောလိပ်မှ ကျောင်းသား ၄၀ အား ရဲနှင့်ပေါင်းကာ ပြန်ပေးဆွဲ သတ်ဖြတ်၍ အလောင်းကို မီးရှို့ခဲ့သည်ဟု သံသယရှိသူ မူးယစ်ဂိုဏ်သားများက ၀န်ခံလိုက်သည်ဟု သိရသည်။

    နာမည်ကြီး မူးယစ်ဂိုဏ်း Guerreros Unidos မှ အဖွဲ့ဝင်များဖြစ်ပြီး ထိုကျောင်းသားများအား အီဂွာလာနှင့် ကိုကူလာမြို့ကြားတွင် ရဲတပ်ဖွဲ့က ၎င်းတို့အား လက်လွှဲပေးခဲ့ပြီးနောက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

    ထို့နောက် အလောင်းများအား ကိုကူလာ အမှိုက်ပုံကြီးရှိရာ တောင်ခြေအောက်၌ ပုံကာ ဓာတ်ဆီများ၊ တာယာများ၊ ထင်းနှင့် ပလက်စတစ်တို့ကို အသုံးပြု၍ ၁၄ နာရီကြာ မီးရှို့ အလောင်းဖျောက်ခဲ့ကြသည်ဟု မက္ကဆီကို တရားသူကြီးချုပ် ဂျီးဆပ် မူရီလို ကာရမ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။ ထို့ပြင် ဖြောင့်ချက်ပေးထားသော ဗီဒီယိုကိုလည်း ထုတ်ဝေခဲ့သည်။

    “ကျွန်တော်တို့ ရရှိထားတဲ့ အချက်အလက်တွေဟာ သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေအတွက် အလွန် နာကျည်းခံစားရမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်တို့အားလုံးလည်း မျှဝေခံစားရပါတယ်” ဟု ကာရမ်က သတင်းစာရှင်းလင်းပွဲတွင် ဖွင့်ဟခဲ့သည်။

    မက္ကဆီကို မူးယစ်ဂိုဏ်းများ၏ ရက်စက်ယုတ်မာမှုများကို ဆန့်ကျင်ကာ အရေးယူရန် တောင်းဆိုခဲ့ကြသောကြောင့် ၎င်းတို့အား ပြန်ပေးဆွဲခဲ့ သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့များက လိုက်လံရှာဖွေသည့်အချိန်တွင် မူးယစ်ဂိုဏ်းများ သတ်ဖြတ်မြှုပ်နှံထားသည်ဟု ယူဆရသော အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် နေရာများကို တွေ့ရှိခဲ့ရသည်။

    ၂၀၀၆ ခုနှစ်မှစတင်၍ မက္ကဆီကိုမူးယစ်ဂိုဏ်းများ၏ ရက်စက်စွာ သတ်ဖြတ်မှုကြောင့် သေဆုံးရသူများမှာ ၈၀၀၀၀ ကျော်ရှိနေပြီး ယခုကဲ့သို့ ကျောင်းသား ၄၀ ကျော်အား သတ်ဖြတ်မှုမှာ အဆိုးဆုံးသတ်ဖြတ်မှုများထဲမှ တစ်ခုလည်းဖြစ်သည်။

    Source:Al Jazeera and agencies

    ဆက်စပ် သတင်းနှင့် ဆောင်းပါးဖတ်လိုလျှင်
    ————————————-
    လူသေ အလောင်းများ အစုလိုက်ပြုံလိုက် မြှုပ်နှံမှု မက္ကဆီတွင်တွေ့
    http://www.m-mediagroup.com/news/32603

    မက္ကဆီကိုတွင် ပျောက်နေသည့် ကျောင်းသားများရှာရင်း အစုလိုက်အပြုံလိုက် လူသေများ မြှုပ်ထားမှု ထပ်မံတွေ့ပြန်
    http://www.m-mediagroup.com/news/33597

    ISIL ထက်ပိုပြီး ဆိုးရွား ရက်စက်တဲ့ မက္ကဆီကန် မူးယစ်ရာဇာများ
    http://www.m-mediagroup.com/news/33424

  • အမေရိကန်လေတပ် နျူဒုံးကျည်ဌာနမှ တပ်မှူး ၂ ဦး ထုတ်ပယ်ခံရ

    အမေရိကန်လေတပ် နျူဒုံးကျည်ဌာနမှ တပ်မှူး ၂ ဦး ထုတ်ပယ်ခံရ

    နိုဝင်ဘာ ၈ ၊ ၂၀၁၄
    M-Media
    384701_us-nuke-commanders
    – နျူကလီးယား ဒုံးကျည်ဌာနမှ တပ်မှူး ၂ ဦးအား စည်းကမ်းလိုက်မှုမရှိခြင်းနှင့် ထိရောက်စွာ ခေါင်းဆောင်နိုင်မှု မရှိခြင်းတို့ကြောင့် ရာထူးမှ ထုတ်ပယ်လိုက်သည်ဟု အမေရိကန် လေတပ်က အောက်တိုဘာ ၃ ရက် တနင်္လာနေ့က ကြေညာခဲ့သည်။

    ထုတ်ပယ်ခံရသူများမှာ Wyoming ပြည်နယ်အခြေစိုက် F.E Warren လေတပ်စခန်း အမှတ် ၉၀ ဒုံးကျည် ဌာနမှ တိုက်ချင်းပစ် နျူကလီးယား ဒုံးကျည်မျာကို တာဝန်ယူရသူ ဗိုလ်မှူးကြီး ကားလ်ဂျုံးနှင့် ဒုတိယဗိုလ်မှူးကြီး ဂျင်မီကိသ် ဘရောင်းတို့ဖြစ်ကာ ခေါင်းဆောင်မှုစွမ်းရည်များအတွက် ယုံကြည်မှု ဆုံးရှုံးခဲ့ရသောကြောင့် ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်ဟု AP သတင်းဌာနတွင် ဖော်ပြထားသည်။

    ဘရောင်းမှာ လက်အောက်ရှိ ၀န်ထမ်းများအား တရားဥပဒေနှင့် မညီညွတ်သော ခွဲခြားဆက်ဆံမှုနှင့် အရှက်ရမှုများ ဖြစ်စေခဲ့ပြီး အခြားတပ်မှူးတစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီး မိုက်ကယ် ပက်ဂလွီကိုလည်း စည်းကမ်းပိုင်းဆိုင်ရာ ဖောက်ဖျက်မှုကြောင့် အရေးယူခဲ့သည်ဟု လေတပ်တာဝန်ရှိသူများက ပြောဆိုခဲ့သည်။

    အမေရိကန် လေတပ်မှာ လွန်ခဲ့သည့် ၂ နှစ်ခန့်မှစ၍ မကောင်းသတင်းများ ထွက်ပေါ်ခဲ့ပြီး ပြီးခဲ့သည့်နှစ်က အမေရိကန်၏ နျူကလီးယား လက်နက်တိုက်ကို တာဝန်ယူသော တပ်မှူးတစ်ဦးမှာ လောင်ကစားမှုလုပ်ရပ်များကြောင့် ထုတ်ပယ်ခြင်းခံခဲ့ရသည်။

    ယခုနှစ် ဇန်ဝါရီလကလည်း လေတပ်နျူကလီးယားဌာန အတွက် ဖြစ်ပွားနေသည့် ပုဂ္ဂိုလ်ရေး ပြဿနာများအား ဖြေရှင်းရန်အတွက် အမေရိကန် စစ်ဘက်ဆိုင်ရာ အရာရှိများမှာ အစည်းအဝေးများစွာကို ပြုလုပ်ခဲ့ကြသည်။

    ref_ Press TV

  • အိုစမာ ဘင်လာဒင်ကို မိမိ ပစ်သတ်ခဲ့ကြောင်း ကွန်မန်ဒိုဟောင်း တစ်ဦး ထုတ်ဖော်ပြောကြား

    အိုစမာ ဘင်လာဒင်ကို မိမိ ပစ်သတ်ခဲ့ကြောင်း ကွန်မန်ဒိုဟောင်း တစ်ဦး ထုတ်ဖော်ပြောကြား

    နိုဝင်ဘာ ၇ ၊ ၂၀၁၄
    M-Media
    0,,18046556_303,00

    – ပါကစ္စတန်တွင် ၂၀၁၁ ခုနှစ် မေလ ၂ ရက်နေ့က ပြုလုပ်ခဲ့သော အမေရိကန်၏ လျှို့ဝှက်စစ်ဆင်ရေးအတွင်း အိုစမာ ဘင်လာဒင်အား ပစ်သတ်ခဲ့သည့် အမေရိကန် ကွန်မန်ဒိုဟောင်းတစ်ဦးက ၎င်း၏ အမည်ကိုဖွင့်ဟလိုက်သည်ဟု သိရသည်။

    အမေရိကန် Navy Seal တပ်ဖွဲ့မှ အသက် ၃၈ နှစ်အရွယ်ရှိ ကွန်မန်ဒိုဟောင်း ရောဘတ်အိုနီးလ်ဆိုသူဖြစ်ပြီး အက်ဘော့တာဘတ်မြို့တွင် ပြုလုပ်ခဲ့သည့် အဆိုပါ စစ်ဆင်ရေး၌ မိမိမှာ ဘင်လာဒင်၏ နဖူးအား ၂ ချက် ပစ်ခဲ့ပြီး ထိုဒဏ်ရာကြောင့်ပင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဟု ၀ါရှင်တန်ပို့စ် သတင်းစာနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    အိုနီးလ်မှာ ၂၀၁၃ ခုနှစ်က ဖေဖော်ဝါရီလက ထုတ်ဝေသော Esquire မဂ္ဂဇင်းတွင်လည်း ၎င်းမှာ ထိုဇာမ်လမ်းအား ပြောပြခဲ့ဖူးပြီး ထိုစဉ်က သေနတ်သမား တစ်ဦးဟုသာ ပြောဆိုခဲ့သည်။ Navy Seal တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသူတစ်ဦးနှင့် ယခင်က တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တစ်ဦးတို့ကလည်း အိုနီလ်း ဘင်လာဒင်အား ပစ်သတ်ခဲ့သည်မှာ မှန်ကန်သည်ဟု AP သတင်းဌာနသို့ အတည်ပြုခဲ့သည်။

    ၎င်းနှင့်အတူ အခြား Seal အဖွဲ့ဝင် ၂ ဦးကလည်း ပစ်ခဲ့ကြပြီး ထိုနှစ်ဦးတွင် လျှို့ဝှက်စစ်ဆင်ရေး အကြောင်းအရာအချို့ကို No Easy Day စာအုပ်တွင် ရေးသားခဲ့သည့် ကွန်မန်ဒိုဟောင်း ဘစ်ဆိုနက်တီလည်း ပါဝင်သည်ဟု နီးလ်က ပြောကြားခဲ့သည်။ ဘစ်ဆိုနက်တီ၏ ရှေ့နေကမူ ၎င်း၏ မိတ်ဆွေမှာ လျှို့ဝှက်ချက်ဖော်ထုတ်မှုဖြင့် ဖက်ဒရယ်အစိုးရ၏ စုံစမ်းစစ်ဆေးမှုကို ခံနေရသည်ဟု ဆိုသည်။

    နီးလ်မှာ ဘင်လာဒင်အား သတ်ဖြတ်သည့် စစ်ဆင်ရေးတွင် ပါဝင်ခဲ့သော ၎င်း၏ အခန်းကဏ္ဍကို စက်တင်ဘာ ၁၁ အောက်မေ့ဖွယ် အဆောက်အဦးမဖွင့်ခင် World Trade Centre ပြိုကျမှုတွင် သေဆုံးသွားသူများ၏ မိသားစုများနှင့်အတူ ပြုလုပ်သည့် လျှို့ဝှက်အစည်းအဝေးတွင်လည်း ပြောကြားခဲ့ဖူးသည်။

    ref_aljazeera