နိုဝင်ဘာ ၈ ၊ ၂၀၁၄
M-Media

– နျူကလီးယား ဒုံးကျည်ဌာနမှ တပ်မှူး ၂ ဦးအား စည်းကမ်းလိုက်မှုမရှိခြင်းနှင့် ထိရောက်စွာ ခေါင်းဆောင်နိုင်မှု မရှိခြင်းတို့ကြောင့် ရာထူးမှ ထုတ်ပယ်လိုက်သည်ဟု အမေရိကန် လေတပ်က အောက်တိုဘာ ၃ ရက် တနင်္လာနေ့က ကြေညာခဲ့သည်။
ထုတ်ပယ်ခံရသူများမှာ Wyoming ပြည်နယ်အခြေစိုက် F.E Warren လေတပ်စခန်း အမှတ် ၉၀ ဒုံးကျည် ဌာနမှ တိုက်ချင်းပစ် နျူကလီးယား ဒုံးကျည်မျာကို တာဝန်ယူရသူ ဗိုလ်မှူးကြီး ကားလ်ဂျုံးနှင့် ဒုတိယဗိုလ်မှူးကြီး ဂျင်မီကိသ် ဘရောင်းတို့ဖြစ်ကာ ခေါင်းဆောင်မှုစွမ်းရည်များအတွက် ယုံကြည်မှု ဆုံးရှုံးခဲ့ရသောကြောင့် ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်ဟု AP သတင်းဌာနတွင် ဖော်ပြထားသည်။
ဘရောင်းမှာ လက်အောက်ရှိ ၀န်ထမ်းများအား တရားဥပဒေနှင့် မညီညွတ်သော ခွဲခြားဆက်ဆံမှုနှင့် အရှက်ရမှုများ ဖြစ်စေခဲ့ပြီး အခြားတပ်မှူးတစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီး မိုက်ကယ် ပက်ဂလွီကိုလည်း စည်းကမ်းပိုင်းဆိုင်ရာ ဖောက်ဖျက်မှုကြောင့် အရေးယူခဲ့သည်ဟု လေတပ်တာဝန်ရှိသူများက ပြောဆိုခဲ့သည်။
အမေရိကန် လေတပ်မှာ လွန်ခဲ့သည့် ၂ နှစ်ခန့်မှစ၍ မကောင်းသတင်းများ ထွက်ပေါ်ခဲ့ပြီး ပြီးခဲ့သည့်နှစ်က အမေရိကန်၏ နျူကလီးယား လက်နက်တိုက်ကို တာဝန်ယူသော တပ်မှူးတစ်ဦးမှာ လောင်ကစားမှုလုပ်ရပ်များကြောင့် ထုတ်ပယ်ခြင်းခံခဲ့ရသည်။
ယခုနှစ် ဇန်ဝါရီလကလည်း လေတပ်နျူကလီးယားဌာန အတွက် ဖြစ်ပွားနေသည့် ပုဂ္ဂိုလ်ရေး ပြဿနာများအား ဖြေရှင်းရန်အတွက် အမေရိကန် စစ်ဘက်ဆိုင်ရာ အရာရှိများမှာ အစည်းအဝေးများစွာကို ပြုလုပ်ခဲ့ကြသည်။
ref_ Press TV

Leave a Reply
You must be logged in to post a comment.