News @ M-Media

Tag: Climate Change

  • ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး Amazon သူဌေးက ဒေါ်လာ ၁၀ ဘီလီယံ လှူဒါန်း

    ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး Amazon သူဌေးက ဒေါ်လာ ၁၀ ဘီလီယံ လှူဒါန်း

    ဖေဖော်ဝါရီ ၁၉၊ ၂၀၂၀
    M-Media

    Amazon ပိုရှင် ဂျက်ဖ် ဘီဇို့စ်

    -ရာသီဥတု ပြောင်းလဲပြီး ကမ္ဘာကြီးပူနွေးလာမှုကို တိုက်ဖျက်ဖို့အတွက် ကန်ဒေါ်လာ ၁၀ ဘီလီယံ ထည့်ဝင် သုံးစွဲသွားမယ်လို့ Amazon ကုမ္ပဏီကို တည်ထောင်သူ သန်းကြွယ်သူဌေး ဂျက်ဖ် ဘီဇို့စ်က တနင်္လာနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    ဘီဇို့စ်ဟာ Bezos Earth Fund ‌အမည်နဲ့ ရန်ပုံငွေထူထောင်မှာဖြစ်ပြီး ရာသီဥတုပြောင်းလဲမှု ဆိုးကျိုးကို လျော့ချဖို့ ကြိုးစားနေတဲ့ သိပ္ပံပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေကို ထောက်ပံ့ပေးသွားမယ်လို့ Instagram စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    အခုထည့်ဝင်တဲ့ ကန်ဒေါ်လာ ၁၀ ဘီလီယံဟာ ဘီဇို့စ်ရဲ့ အသားတင်ကြွယ်၀မှု ဒေါ်လာ ၁၃၀ ဘီလီယံရဲ့ ၈ ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။ ဒါပေမယ့် သမိုင်းတစ်လျှောက် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် လှူဒါန်းမှုတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

    ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် ဘီလီယံနာ စီးပွားရေးလုပ်ငန်းရှင် ဝါရန် ဘက်ဖက်က ၂၀၀၆ ခုနှစ်မှာ ဒေါ်လာ ၃၆ ဘီလီယံ လှူဒါန်းခဲ့ပြီး Walmart ကို တည်ထောင်သူ ဆမ်ဝေါလ်တန်ရဲ့ ကျန်ရစ်သူဇနီး ဟဲလင် ဝေါလ်တန်က ၂၀၀၇ ခုနှစ်မှာ‌ ဒေါ်လာ ၁၆.၄ ဘီလီယံ လှူဒါန်းခဲ့ပါတယ်။

    “ရာသီဥတုပြောင်းလဲမှုဟာ ကျွန်တော်တို့ကမ္ဘာဂြိုဟ်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုပါပဲ။ ဒီကိစ္စရဲ့ ကြောက်မက်ဖွယ် ဆိုးကျိုးကို တိုက်ဖျက်ရာမှာ ရှိပြီးသား နည်းလမ်းတွေကို တိုးချဲ့ဆောင်ရွက်ဖို့၊ နည်းသစ်လမ်းသစ်တွေ ရှာဖွေဖို့ စတာတွေမှာ ကျွန်တော်ဟာ အခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ချင်ပါတယ်” လို့ ဘီဇို့စ်က Instagram စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ဖို့အတွက် ဝန်ထမ်းတွေရဲ့ ဖိအားပေးမှုကို Amazon ဟာ ပြီးခဲ့တဲ့နှစ် မေလလောက်ကတည်းက စတင်ခံစားခဲ့ရတာပါ။ အဲဒီနောက်ပိုင်း ၂၀၄၀ ရောက်ရင် ကာဘွန်ကင်းစင်တဲ့ လုပ်ငန်းတစ်ခု ဖြစ်အောင် ဆောင်ရွက်မယ်လို့ Amazon က စက်တင်ဘာလမှာ ကြေငြာခဲ့ပါတယ်။

    Ref: CNN

  • သမုဒ္ဒရာများတွင် အောက်ဆီဂျင်လျော့လာပြီး ရေနေမျိုးစိတ်များအတွက် အန္တရာယ်ရှိနေ

    သမုဒ္ဒရာများတွင် အောက်ဆီဂျင်လျော့လာပြီး ရေနေမျိုးစိတ်များအတွက် အန္တရာယ်ရှိနေ

    ဒီဇင်ဘာ ၈၊ ၂၀၁၉
    M-Media

    -ရာသီဥတုပြောင်းလဲမှု၊ အဟာရဓာတ် ညစ်ညမ်းမှုတွေကြောင့် ကမ္ဘာ့သမုဒ္ဒရာတွေမှာ အောက်ဆီဂျင်နည်းလာပြီး ရေနေသတ္တဝါ တော်တော်များများကို ခြိမ်းခြောက်နေတယ်လို့ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ IUCN က လေ့လာထုတ်ပြန်လိုက်ပါတယ်။

    IUCN ရဲ့ အခု လေ့လာမှုဟာ သုမဒ္ဒရာဆိုင်ရာမှာ အကြီးဆုံး လေ့လာမှုလည်း ဖြစ်ပါတယ်။ လယ်ယာလုပ်ငန်း၊ စက်မှုလုပ်ငန်းတွေကထွက်တဲ့ ဓာတုပစ္စည်းတွေကြောင့် သမုဒ္ဒရာတွေထဲမှာ အဟာရဓာတ်တွေ ညစ်ညမ်းကာ အောက်ဆီဂျင် နည်းပါးလာမှုကို လွန်ခဲ့တဲ့ ၁၀ စုနှစ်တွေကတည်းက သိရှိခဲ့တာဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုက ဒီအခြေအနေကို ပိုမိုဆိုရွားစေတယ်လို့ ပညာရှင်တွေက သုံးသပ်ခဲ့ကြပါတယ်။

    ၁၉၆၀ ပြည့်နှစ်တွေတုန်းက သမုဒ္ဒရာတွေထဲ ၄၅ နေရာသာ အောက်ဆီဂျင်နည်းပါးမှုပြဿနာ ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ နေရာ ၇၀၀ လောက် ရှိလာပြီဖြစ်ကာ တူနာငါးနဲ့ ငါးမန်းတွေအပါအဝင် ရေနေမျိုးစိတ်တော်တော်များများကို ခြိမ်းခြောက်နေတယ်လို့ လေ့လာမှုက ဆိုပါတယ်။

    ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု မြင့်တက်လာပြီး သမုဒ္ဒရာတွေက အပူချိန်ကို စုပ်ယူရတာကြောင့် အောက်ဆီဂျင်ထိန်းသိမ်းနိုင်မှု ပမာဏ ကျဆင်းလာတာ ဖြစ်ပါတယ်။ ကမ္ဘာလုံးအတိုင်းအတာအရ သမုဒ္ဒရာတွေထဲ အောက်ဆီဂျင် သိုလှောင်ထားမှုဟာ ၂ ရာခိုင်နှုန်းလောက်သာ ကျဆင်းပေမယ့် တစ်ချို့ အပူပိုင်းဒေသတွေမှာ ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းတာကို ပညာရှင်တွေက တွေ့ခဲ့ရပါတယ်။

    အောက်ဆီဂျင်နည်းလာမှုကြောင့် ဂျယ်လီငါးတွေလို အသေးစားရေနေမျိုးစိတ်တွေအတွက် ပိုမိုအဆင်ပြေလာပေမယ့် တူနာငါးလို့ ငါးကြီးတွေအတွက် မကောင်းကြောင်း၊ ကာဘွန်ထုတ်လွှတ်မှုနဲ့ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံတွေက ပုံမှန်အတိုင်းတာ တုန့်ပြန်မယ်ဆိုရင် ၂၁၀၀ ခုနှစ်အရောက်မှာ သမုဒ္ဒရာတွေထဲ အောက်ဆီဂျင်သိုလှောင်မှုပမာဏဟာ ၃ ရာခိုင်နှုန်းကနေ ၄ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း ပညာရှင်တွေက သတိပေးခဲ့ပါတယ်။

    အောက်ဆီဂျင်လျော့နည်းလာမှုဟာ ရေပြင်ကနေ အောက်အနက် မီတာတစ်‌ထောင်အတွင်းမှာ ပိုမိုဖြစ်ပွားတာဖြစ်ပြီး ရေနေဇီ၀မျိုးစိတ်တွေ ကြွယ်၀တဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။

    Ref: BBC

  • ရာသီဥတုပြောင်းလဲမှုကိစ္စ ကမ္ဘ္ဘာ့ပညာရှင်များ အာတိတ်ဒေသသို့ သွားရောက် လေ့လာမည်

    ရာသီဥတုပြောင်းလဲမှုကိစ္စ ကမ္ဘ္ဘာ့ပညာရှင်များ အာတိတ်ဒေသသို့ သွားရောက် လေ့လာမည်

    စက်တင်ဘာ ၂၂၊ ၂၀၁၉
    M-Media

    -ကမ္ဘ္ဘာ့နိုင်ငံပေါင်း ၁၉ သိပ္ပံပညာရှင်တွေဟာ ကမ္ဘ္ဘာ့မြောက်ဖက်စွန်းက အာတိတ်ဒေသကို သွားရောက်ပြီး ရာသီဥတုပြောင်းလဲမှုကို အနီးကပ်လေ့လာဖို့ စီစဉ်နေပါတယ်။

    နော်ဝေနိုင်ငံမြောက်ပိုင်း ထရွမ်ဆိုးမြို့ကနေ Polarstern ရေခဲခွဲသင်္ဘောနဲ့ သွားရောက်မှာ ဖြစ်ပါတယ်။ သင်္ဘောပေါ်မှာ ရာနဲ့ချီတဲ့ သိပ္ပံပညာရှင်တွေ လိုက်ပါသွားမှာဖြစ်ပြီး လေ့လာမှုကို အလှည့်ကျ လုပ်ဆောင်ကြမှာပါ။

    “အာတိတ်ဒေသဟာ ရာသီဥတုပြောင်းလဲမှုရဲ့ အဓိကဗဟိုချက်ဖြစ်တာကြောင့် ကျွန်တော်တို့ သွားချင်တာပါ” လို့ စီမံကိန်းကို ဦးဆောင်သူ သိပ္ပံပညာရှင် မာကွတ်စ် ရက်စ်က ပြောကြားခဲ့ပါတယ်။

    ရက်စ်ဟာ ဂျာမနီ Alfred Wegener အင်စတီကျုက သိပ္ပံပညာရှင်လည်း ဖြစ်ပါတယ်။

    Mosaic လို့အမည်ပေးထားတဲ့ အဲဒီအဖွဲ့ဟာ ဆောင်းရာသီအတွင်း အာတိတ်ဒေသမှာ သွားရောက်လေ့လာတဲ့ ပထမဆုံး သိပ္ပံပညာရှင်များအဖွဲ့ ဖြစ်လာမှာ ဖြစ်ပါတယ်။

    “ဆောင်းရာသီမှာ တစ်ခါမှ ကျွန်တော်တို့ မသွားဖူးတာကြောင့် အာတိတ်ဒေသရဲ့ ရာသီဥတုအခြေအနေကို ကျွန်တော်တို့ နားမလည်ကြပါဘူး”

    စီမံကိန်းကာလမှာ ပညာရှင်တွေဟာ အာတိတ်ဒေသအလယ်ပိုင်းက အဓိက ရာသီဥတု ဖြစ်စဉ်တွေကို လေ့လာမှာဖြစ်ပြီး၊ ရလဒ်တွေကြောင့် အနာဂတ်မှာ ရာသီဥတု ခန်းမှန်းချက်တွေကို ပိုမို တိတိကျကျ လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

    Ref: Reuters

  • ရာသီဥတုဖောက်ပြန်မှုက မြန်မာနိုင်ငံအတွက် ကြီးမားသည့် စိန်ခေါ်မှုဟာ ပညာရှင်များ ထောက်ပြ

    ရာသီဥတုဖောက်ပြန်မှုက မြန်မာနိုင်ငံအတွက် ကြီးမားသည့် စိန်ခေါ်မှုဟာ ပညာရှင်များ ထောက်ပြ

    စက်တင်ဘာ ၂၀၊ ၂၀၁၉
    M-Media

    Photo credit – Myanmar Times

    -ဖွံ့ဖြိုးရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံမှာ ရာသီဥတုဖောက်ပြန်မှုက ကြီးမားတဲ့ စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေပြီး တိုင်းပြည်ရဲ့ အနာဂတ်တိုးတက်မှု အပေါ်မှာပါ ခြိမ်းခြောက်နေတယ်လို့ ပြည်တွင်း၊ ပြည်ပ ပညာရှင်နှစ်ဦးက သတိပေးလိုက်ပါတယ်။

    သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန ၀န်ကြီး ဦးအုန်းဝင်းနဲ့ UNDP ရဲ့ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် ပီတာ ဘက်ချလာတို့ ပူးပေါင်းရေးသားထားပြီး Myanmar Times သတင်းဌာနမှာ ဖော်ပြထားတဲ့ ဆောင်းပါးမှာ ဆွေးနွေးရေးသားထားတာပါ။

    ခြောက်သွေ့ဒေသတွေမှာ အပူချိန် မြင့်တက်လာတာ၊ မိုးခေါင်တဲ့ဒေသတွေ ပိုမို များပြားလာတာ၊ ကမ်းရိုးတန်း ဒေသတွေမှာ မုန်တိုင်းဒဏ်ကို ပိုမိုခံစားရဖို့ရှိနေတာတွေကို ပညာရှင်တွေက ထောက်ပြခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံဟာ ရာသီဥတုဖောက်ပြန်မှုဒဏ်ကို မကြာခဏ ခံစားလာခဲ့ရပြီး ရာသီဥတုဆိုးရွားမှုဒဏ်ကို ခံစားရနိုင်ချေအများဆုံးစာရင်းထဲမှာလည်း ပါဝင်လာခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်က ကြုံတွေ့ခဲ့ရတဲ့ နာဂစ်မုန်တိုင်းဒဏ်ဟာ အခုအချိန်အထိ အရိပ်မည်းကြီးအဖြစ်ရှိနေသေးပြီး နောက်ထပ် ဒီလိုအန္တရာယ်မျိုး ကြုံတွေ့ရနိုင်တယ်လို့လည်း အဲဒီဆောင်းပါးမှာ ထည့်သွင်းရေးသားထားပါတယ်။

    ဒီလို သဘာဝဘေးအန္တရာယ်တွေကို ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်တာ၊ ဖြစ်ပေါ်လာရင် တုန့်ပြန်တာ၊ ထိခိုက်ခံစားရမှုတွေကနေ ပြန်လည်ထူထောင်တာတွေဟာ အချိန်ပေးရပြီး၊ အရင်းမြစ်များစွာ အသုံးပြုရတာကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းမှာ အဓိက ဦစားပေးအဖြစ် ထည့်သွင်းဖို့၊ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း ပညာရှင်တွေက အကြံပြုထားပါတယ်။

    မြန်မာနိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးရေးစီမံချက် (၂၀၁၈-၂၀၃၀) မှာ ရာသီဥတုနဲ့ ဆက်စပ်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ လမ်းဖွင့်ပေးထားသလို လက်ရှိသမ္မတ ဦးဝင်းမြင့် လက်ထက်မှာလည်း အမျိုးသား သဘာဝပတ်ဝန်းကျင် မူဝါဒ၊ မြန်မာနိုင်ငံ ရာသီဥတု ပြုပြင်ပြောင်းလဲရေး မူဝါဒတွေကို ချမှတ် အကောင်အထည် ဖော်နေပါတယ်။ ဒီမူဝါဒတွေကြောင့် UNDP လို နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ နည်းပညာဆိုင်ရာ အထောက်အပံ့တွေ ရရှိလာပြီး မြန်မာနိုင်ငံတစ်ဝှမ်း ပြည်သူ့အသိပညာရေး လုပ်ငန်းတွေကို တိုးချဲ့လုပ်ဆောင်လာနိုင်ပါတယ်။

    မြန်မာနိုင်ငံဟာ ပဲရစ်ရာသီဥတု သဘောတူညီချက်ကို အကောင်အထည်ဖော်နေသလို၊ ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချရေး၊ သစ်တောပြုန်းတီးမှု တားဆီးရေး၊ ကမ်းရိုးတန်း လမုတောများ ထိန်းသိမ်းရေး စတဲ့ ရာသီဥတု ထိန်းသိမ်းရေး လုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေပါတယ်။

    အာရှ ပစိတ်ဖိတ်ဒေသမှာ စွမ်းအင်ကဏ္ဍက ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုရဲ့ ၃ ပုံ ၂ ပုံလောက် ရှိနေတာကြောင့် မြန်မာနိုင်ငံက စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုတွေဟာ ရာသီတုနဲ့ ကိုက်ညီတဲ့ပုံစံမျိုး ဖြစ်ဖို့လိုတယ်လို့လည်း ပညာရှင်တွေက ထောက်ပြခဲ့ပါတယ်။

    ရာသီဥတု ဖောက်ပြန်မှုကို တုန့်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိက ကဏ္ဍတွေလည်း အရေးပါပြီးသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတဲ့ နည်းပညာ၊ တီထွင်ဖန်တီးမှု အခြေခံတဲ့ စီးပွားရေး လုပ်ငန်းတွေကို အစိုးရက အားပေးဖို့ ဆောင်းပါးမှာ တိုက်တွန်းထားပါတယ်။

    စီမံကိန်းတွေကို မြေပြင်မှာ အကောင်အထည်ဖော်နိုင်ဖို့အတွက် နည်းပညာတွေ လိုအပ်သလို၊ လူ့စွမ်းအား အရင်းအမြစ်၊ တီထွင်ဖန်တီးမှု နည်းလမ်းတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ၊ အစိုးရ၊ လူ့အဖွဲ့အစည်းနဲ့ ပုဂ္ဂလိကကဏ္ဍမှာ ရှိနေတဲ့ သက်ဆိုင်သူတွေအားလုံးရဲ့ လုပ်ဆောင်နိုင်စွမ်း ကောင်းမွန်လာစေဖို့အတွက် လေ့ကျင့်မှုနဲ့ နည်းပညာအထောက်အပံ့တွေ လိုအပ်တယ်လို့လည်း ပညာရှင်တွေက အကြံပြုခဲ့ပါတယ်။

    Ref: mmtimes

    (Myanmar Times အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် Climate change matters to Myanmar ဆောင်းပါးမှ ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)

  • အမေဇုန်ကို ကာကွယ်ရေး G7 နိုင်ငံများ ဒေါ်လာ သန်း ၄၀ ကျော် လှူဒါန်း

    အမေဇုန်ကို ကာကွယ်ရေး G7 နိုင်ငံများ ဒေါ်လာ သန်း ၄၀ ကျော် လှူဒါန်း

    သြဂုတ် ၂၇၊ ၂၀၁၉
    M-Media

    -အမေဇုန်သစ်တောကြီး မီးလောင်နေမှုကို တားဆီးနိုင်ရေးနဲ့ ကာကွယ်ထိန်းသိမ်းနိုင်ရေးအတွက် ကန်ဒေါ်လာ သန်း ၄၀ ကျော် လှူဒါန်းသွားမယ်လို့ G7 နိုင်ငံတွေက မနေ့မှာ ကတိပြု ပြောဆိုလိုက်ပါတယ်။

    ဘရာဇီးလ်က အမေဇုန်သစ်တောကြီးမှာ တောမီးလောင်မှုဟာ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်လောက်ကတည်းက စတင်ဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။ အခုတစ်ပတ် စနေနဲ့ တနင်္ဂနွေနေ့တွေမှာ မီးလောင်မှု နောက်ထပ် ၁၁၁၃ ခု ဖြစ်ပွားတယ်လို့ ဘရာဇီးလ် အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

    G7 ထိပ်သီးအစည်းအဝေးကို ပြင်သစ်နိုင်ငံမှာ ပြုလုပ်နေတာဖြစ်ပြီး အဖွဲ့အနေနဲ့ အမေဇုန်အတွက် ကန်ဒေါ်လာ သန်း ၂၀၊ ဗြိတိန်နဲ့ ကနေဒါတို့က သီးသန့် ၁၂ သန်းနဲ့ ၁၁ သန်းစီ ထောက်ပံ့ပေးသွားမယ်လို့ ပြောကြားခဲ့တာပါ။ ကနေဒါဟာ မီညှိမ်းသတ်ဖို့အတွက် မီးသတ်လေယာဉ်တွေ လွှတ်ပေးဖို့လည်း ရှိနေပါတယ်။

    ဘရာဇီးလ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး ရီကာဒို ဆာလက်စ်က ဒီလို ကူညီမှုကို ကြိုဆိုကြောင်း ရရှိငွေတွကို ဘယ်လိုအသုံးပြုသွားမလဲဆိုတာ ဘရာဇီးလ်က ဆုံးဖြတ်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    တောင်အမေရိကက နိုင်ငံပေါင်း ၉ နိုင်ငံလောက်မှာ ပြန့်နှံ့နေတဲ့ အမေဇုန် သစ်တောကြီးဟာ ကမ္ဘ္ဘာ့ ရာသီဥတုကို ထိန်းသိမ်းပေးရာမှာ အဓိကကျတဲ့ သစ်တောကြီး ဖြစ်ပါတယ်။ လူသားတွေ ရှူရှိုက်နေတဲ့ အောက်ဆီဂျင်ရဲ့ ၂၀ ရာခိုင်နှုန်းကို ထုတ်ပေးပြီး ရေချိုရင်းမြစ်ရဲ့ ၂၀ ရာခိုင်နှုန်းကိုလည်း အမေဇုန်က ထိန်းသိမ်းပေးထားပါတယ်။

    ပြီးခဲ့တဲ့ ၁၀ စုနှစ်တစ်ခုအတွင်း အမေဇုန်သစ်တော ထိန်းသိမ်းကာကွယ်ရေးအတွက် ကမ္ဘ္ဘာ့နိုင်ငံတွေက စုစုပေါင်း ကန်ဒေါ်လာ ၁ ဘီလီယံကျော် လှူဒါန်းခဲ့ကြပါတယ်။ လှူဒါန်းမှု အများစု ပြုလုပ်ခဲ့တဲ့ ဂျာမနီနဲ့ နော်ဝေတို့က ဘရာဇီးလ်အစိုးရဟာ အမေဇုန်ကာကွယ်ရေးကို ကောင်းမွန်စွာ မဆောင်ရွက်နိုင်ဘူးလို့ဆိုကာ လှူဒါန်းမှုကို မကြာသေးခင်ကပဲ ရပ်ဆိုင်းခဲ့ပါတယ်။

    လက်ရှိ ဖြစ်ပွားနေတဲ့ အမေဇုန်သစ်တော မီးလောင်မှုအတွက် ဘရာဇီးလ်သမ္မတ ဘိုလ်ဆိုနာရိုကို ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေကြပါတယ်။

    Ref: Aljazeera