News @ M-Media

ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး Amazon သူဌေးက ဒေါ်လာ ၁၀ ဘီလီယံ လှူဒါန်း

ဖေဖော်ဝါရီ ၁၉၊ ၂၀၂၀
M-Media

Amazon ပိုရှင် ဂျက်ဖ် ဘီဇို့စ်

-ရာသီဥတု ပြောင်းလဲပြီး ကမ္ဘာကြီးပူနွေးလာမှုကို တိုက်ဖျက်ဖို့အတွက် ကန်ဒေါ်လာ ၁၀ ဘီလီယံ ထည့်ဝင် သုံးစွဲသွားမယ်လို့ Amazon ကုမ္ပဏီကို တည်ထောင်သူ သန်းကြွယ်သူဌေး ဂျက်ဖ် ဘီဇို့စ်က တနင်္လာနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

ဘီဇို့စ်ဟာ Bezos Earth Fund ‌အမည်နဲ့ ရန်ပုံငွေထူထောင်မှာဖြစ်ပြီး ရာသီဥတုပြောင်းလဲမှု ဆိုးကျိုးကို လျော့ချဖို့ ကြိုးစားနေတဲ့ သိပ္ပံပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေကို ထောက်ပံ့ပေးသွားမယ်လို့ Instagram စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

အခုထည့်ဝင်တဲ့ ကန်ဒေါ်လာ ၁၀ ဘီလီယံဟာ ဘီဇို့စ်ရဲ့ အသားတင်ကြွယ်၀မှု ဒေါ်လာ ၁၃၀ ဘီလီယံရဲ့ ၈ ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။ ဒါပေမယ့် သမိုင်းတစ်လျှောက် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် လှူဒါန်းမှုတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် ဘီလီယံနာ စီးပွားရေးလုပ်ငန်းရှင် ဝါရန် ဘက်ဖက်က ၂၀၀၆ ခုနှစ်မှာ ဒေါ်လာ ၃၆ ဘီလီယံ လှူဒါန်းခဲ့ပြီး Walmart ကို တည်ထောင်သူ ဆမ်ဝေါလ်တန်ရဲ့ ကျန်ရစ်သူဇနီး ဟဲလင် ဝေါလ်တန်က ၂၀၀၇ ခုနှစ်မှာ‌ ဒေါ်လာ ၁၆.၄ ဘီလီယံ လှူဒါန်းခဲ့ပါတယ်။

“ရာသီဥတုပြောင်းလဲမှုဟာ ကျွန်တော်တို့ကမ္ဘာဂြိုဟ်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုပါပဲ။ ဒီကိစ္စရဲ့ ကြောက်မက်ဖွယ် ဆိုးကျိုးကို တိုက်ဖျက်ရာမှာ ရှိပြီးသား နည်းလမ်းတွေကို တိုးချဲ့ဆောင်ရွက်ဖို့၊ နည်းသစ်လမ်းသစ်တွေ ရှာဖွေဖို့ စတာတွေမှာ ကျွန်တော်ဟာ အခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ချင်ပါတယ်” လို့ ဘီဇို့စ်က Instagram စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ဖို့အတွက် ဝန်ထမ်းတွေရဲ့ ဖိအားပေးမှုကို Amazon ဟာ ပြီးခဲ့တဲ့နှစ် မေလလောက်ကတည်းက စတင်ခံစားခဲ့ရတာပါ။ အဲဒီနောက်ပိုင်း ၂၀၄၀ ရောက်ရင် ကာဘွန်ကင်းစင်တဲ့ လုပ်ငန်းတစ်ခု ဖြစ်အောင် ဆောင်ရွက်မယ်လို့ Amazon က စက်တင်ဘာလမှာ ကြေငြာခဲ့ပါတယ်။

Ref: CNN