News @ M-Media

Tag: EPL

  • ဆန္ဒနှင့် တစ်ထပ်တည်းကျမည်ဟု ယူဆပြီး အာဆင်နယ်သို့ ပြောင်းလာခြင်းဟု ချက်ပြော

    ဆန္ဒနှင့် တစ်ထပ်တည်းကျမည်ဟု ယူဆပြီး အာဆင်နယ်သို့ ပြောင်းလာခြင်းဟု ချက်ပြော

    ဇွန် ၃၀၊ ၂၀၁၅
    M-Media

    peter

    – အာဆင်နယ်သို့ ပြောင်းရွှေ့ရခြင်းမှာ မိမိ၏ ပွဲများကို ဆာလောင်မွတ်သိပ်မှုနှင့် အံဝင်ခွင်ကျဖြစ်မည်ဟု ခံစားရသောကြောင့်ဖြစ်ပြီး နည်းပြ၀င်းဂါးကလည်း စွဲဆောင်ခဲ့သည်ဟု ချယ်ဆီးဂိုးသမားဟောင်း ပီတာချက်က ပြောကြားလိုက်သည်။

    ချယ်ဆီးအသင်းတွင် ၁၁ နှစ်ကြာ ကစားခဲ့သည့် ပီတာချက်မှာ ပြီးခဲ့သည့်ရာသီက ချယ်ဆီးအသင်းတွင် ပုံမှန်နေရာ မရရှိခဲ့သောကြာင့် အသင်းမှထွက်ခွာရန် ဆန္ဒရှိနေသူဖြစ်ပြီး ယမန်နေ့က အာဆင်နယ်အသင်းနှင့် အပြီးသတ်စာချုပ် ချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

    အသက် ၃၃ နှစ်အရွယ်ရှိ ချက်မှာ ယခုနှစ် နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် အာဆင်နယ်၏
    ပထမဆုံးခေါ်ယူသော အဓိက ကစားသမားတစ်ဦးဖြစ်ပြီး ၎င်းကလည်း ရှိပြီးသား ဆုတံဆိပ်စာရင်းတွင် အာဆင်နယ်အသင်းနှင့်အတူ ရရှိသည့် ဆုတံဆိပ်များကို ထပ်မံ ထည့်သွင်းချင်နေသည်။

    “အာဆင်နယ်ဟာ ထိပ်ဆုံးနေရာအတွက် စိန်ခေါ်နေတဲ့ အသင်းတစ်သင်းပါ။ ပြီးတော့ ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေ၊ ပုဂ္ဂိုလ်ရေးစေ့ဆော်မှုတွေနဲ့လည်း လုံးဝ အံဝင်ခွင်ကျဖြစ်ပါတယ်။ ကျွန်တော့်ကစားသမားဘ၀ရဲ့ ဒီအချိန်မှာ ရွေးချယ်မှုကောင်းတစ်ခုကို ပြုလုပ်လိုက်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ပြီးတော့ ကျွန်တော် အောင်မြင်မှုရမှာဖြစ်ပြီး ရလည်းရချင်ပါတယ်” ဟု
    အာဆင်နယ်အသင်း၏ ၀ဘ်ဆိုက်သို့ ပီတာချက်က ပြောကြားခဲ့သည်။

    မော်ရင်ဟိုမှာ ပီတာချက်အား ပရီးမီးယားလိဂ် ပြိုင်ဘက်ကလပ်များသို့ မရောင်းချင်ဟု စောစောပိုင်းက ပြောကြားခဲ့သော်လည်း ချက်၏ မိသားစုအခြေချမှုနှင့် ပတ်သက်၍ နှစ်ကိုယ်ခြား ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် လက်လွှတ်ခဲ့ခြင်းဖြစ်သည်။

    Ref: Goal

  • လန်ဒန်ရှိ ဘောလုံးကွင်းဆောက်လုပ်ရေးတွင် လူတစ်ဦး ပြုတ်ကျသေဆုံး

    လန်ဒန်ရှိ ဘောလုံးကွင်းဆောက်လုပ်ရေးတွင် လူတစ်ဦး ပြုတ်ကျသေဆုံး

    ဇွန် ၂၉၊ ၂၀၁၅
    M-Media

    london

    – ကမ္ဘာ့လား ရဘ်ဘီပြိုင်ပွဲ ကျင်းပရန်နှင့် ၀က်စ်ဟမ်းအသင်း၏ အိမ်ကွင်းအဖြစ် အသုံးပြုရန် လန်ဒန်မြို့တွင် ဆောက်လုပ်နေသည့် အိုလံပစ်အားကစားကွင်းတွင် အလုပ်သမားတစ်ဦး ပြုတ်ကျသေဆုံးခဲ့ပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းများကို ရပ်ထားလိုက်ပြီဟု သိရသည်။

    ပြုတ်ကျသေဆုံးသူမှာ အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ရဲတပ်ဖွဲ့ကလည်း သေဆုံးကြောင်း အတည်ပြုခဲ့သည်။

    “ရဲတပ်ဖွဲ့ဝင်တွေကို တနင်္ဂနွေနေ့မနက် ၇ နာရီခွဲလောက်မှာ ကစားကွင်းက ဖုန်းခေါ်ခဲ့ပြီး လူတစ်ယောက် ကွင်းပေါ်ကနေ မြေကြီးပေါ်ပြုတ်ကျကာ သတိလစ်နေတယ်လို့ အကြောင်းကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ အခင်းဖြစ်ရာနေရာကို ရောက်ရှိတဲ့အချိန်မှာ အဲဒီလူက မလှုပ်ရှားတော့ပါဘူး။ လန်ဒန်လူနာတင်ယာဉ်အဖွဲ့ ရောက်လာပြီး ၈ နာရီမထိုးခင်လောက်မှာ သေဆုံးကြောင်း ကြေညာခဲ့ပါတယ်” ဟု လန်ဒန်ရဲတပ်ဖွဲ့မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    အဆိုပါကွင်းအား ဆောက်လုပ်နေသော Balfour Beatty ကုမ္ပဏီကမူ အခင်းဖြစ်ပွားရာနေရာကို ကြည့်ရှုစစ်ဆးနေပြီး ပြည့်ဝသည့် စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်နေသည့်အချိန်တွင် မိမိတို့အနေဖြင့် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။

    “ဆောက်လုပ်ရေးလုပ်ငန်းတွေအားလုံးကို ရပ်ထားပါတယ်။ သေဆုံးသွားသူရဲ့ မိသားစု၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့အတူ ကျွန်တော်တို့ ထပ်တူထပ်မျှ ကြေကွဲရပါတယ်”

    အဆိုပါ အိုလံပစ်ဘောလုံးကွင်းမှာ စက်တင်ဘာနှင့် အောက်တိုဘာလတွင် ကမ္ဘာ့ဖလားရပ်ဘီပွဲ ၅ ပွဲကို ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကာ ၂၀၁၆ ခုနှစ်တွင် ၀က်စ်ဟမ်းအသင်း၏ အိမ်ကွင်းအဖြစ် အသုံးပြုသွားမည်ဖြစ်သည်။

    Ref: Goal

  • အာဆင်နယ်မှာ မနှစ်ကခြေစွမ်းရလျှင် ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်မည်ဟု ၀ဲလ်ဘတ်ဆို

    အာဆင်နယ်မှာ မနှစ်ကခြေစွမ်းရလျှင် ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်မည်ဟု ၀ဲလ်ဘတ်ဆို

    ဇွန် ၂၆၊ ၂၀၁၅
    M-Media

    ars

    – ပြီးခဲ့သည့်ရာသီ အဆုံးပိုင်းက အခြေအနေအတိုင်း ရာသီသစ်ကို စတင်နိုင်ပါက မိမိတို့အသင်းမှာ ပရီးမီးယားလိဂ်ဖလားအတွက် ပိုမိုစိန်ခေါ်နိုင်မည်ဟု အာဆင်နယ်တိုက်စစ်မှူး ၀ဲလ်ဘတ်က ပြောကြားလိုက်သည်။

    အာဆင်နယ်မှာ ပြီးခဲ့သည့်နှစ်က ၃၂ နှစ်အတွင်း အဆိုးဝါးဆုံးအခြေအနေဖြင့် ရာသီအား စတင်ခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင် ခြေစွမ်းများ ပြလာနိုင်ခဲ့ကာ အဆင့် ၃ နေရာဖြင့် ရာသီသိမ်းနိုင်ခဲ့ပြီး FA ဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့သည်။

    မန်ယူမှ ပေါင် ၁၆ သန်းဖြင့် ပြောင်းရွှေ့လာပြီး ဒဏ်ရာများဖြင့် ရုန်းကန်နေရသည့် ၀ဲလ်ဘတ်ကမူ ချယ်ဆီးအသင်း၏ စွမ်းဆောင်ရည်နှင့် တည်ငြိမ်မှုအတွက် ချီးကျူးခဲ့ပြီး၊ ကစားပုံမကောင်းသည့် အချိန်များတွင်လည်း လိုအပ်သည့် အနိုင်ရလဒ်ကို ရယူနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။ မိမိတို့မှာမူ နောက်ပိုင်းမှ ကောင်းလာခဲ့သည်ဟုဆိုသည်။

    “အာဆင်နယ်အကြောင်းပြောရရင် ကျွန်တော်တို့ဟာ ရာသီအစတုန်းက ရသင့်သလောက်အမှတ်တွေကို မယူနိုင်ခဲ့ပါဘူး။ ပြီးတော့ ဒါက ကျွန်တ်ာတို့ကို အောက်ခြေကို ဆွဲချသွားပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကိုတော့ လျော့မထားပါဘူး။ ကျွန်တော်တို့
    တတ်နိုင်သလောက် အကောင်းဆုံး ဖြစ်ချင်ခဲ့ပါတယ်။ ရာသီဝက်ပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ဟာ ဆက်သွားခဲ့ပြီး ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့ ကိုင်နိုင်တွယ်နိုင်တယ်ဆိုတာကို ပြသခဲ့ပါတယ်။ တစ်ဖြည်းဖြည်း အနိုင်တွေရခဲ့ပြီး ၃ မှတ်ပြီး ၃ မှတ် ယူနိုင်ခဲ့ပါတယ်” ဟု ၀ဲလ်ဘတ်က Rabona မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။

    ထို့ပြင် ထိုအချင်းအရာကို လာမည့်ရာသီတွင် မိမိတို့ လုပ်နိုင်မည်ဟုထင်ကြောင်း၊ အသင်း ဆက်လက်တိုးတက်ရေးအတွက် မိတို့အားလုံး စိတ်ပိုင်းဖြတ်ထားပြီး လာမည့်ရာသီတွင် ပိုမိုတောင့်တင်းစွာဖြင့် ပြန်လာမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • ကလပ်နှင့် နိုင်ငံအတွက် ဂိုးအများဆုံးသွင်းသူ ရူနီဖြစ်ချင်

    ကလပ်နှင့် နိုင်ငံအတွက် ဂိုးအများဆုံးသွင်းသူ ရူနီဖြစ်ချင်

    ဇွန် ၂၆၊ ၂၀၁၅
    M-Media

    rooney

    – ဘောလုံးလောကမှ အနားမယူခင်အချိန်အတွင်း မန်ယူနှင့် အင်္ဂလန်အသင်းတို့၏ ဂိုးအများဆုံးသွင်းသူ ဖြစ်ချင်သည်ဟု မန်ယူတိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။

    အသက် ၂၉ နှစ်အရွယ် ရှိပြီဖြစ်သည့် ရူနီမှာ ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ စလိုဗေးနီးယားနှင့်ပွဲတွင် တစ်ဂိုးသွင်းယူနိုင်ပြီး ထိုဂိုးမှာ အင်္ဂလန်အသင်းအတွက် ၎င်း၏ ၄၈ ဂိုးမြောက်ဖြစ်ကာ ဂိုးအများဆုံးသွင်းထားသည့် ဘော်ဘီချာလ်တန်ကို လိုက်မီရန် ၁ ဂိုးသာ လိုတော့သည်။

    မန်ယူတွင်လည်း ဘော်ဘီချာလ်တန်မှာ စုစုပေါင်းသွင်းဂိုး ၂၄၉ ဂိုးဖြင့် အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးအဖြစ် စံချိန်တင်ထားနိုင်ပြီး ပြီးခဲ့သည့်ရာသီက ၁၄ ဂိုးသွင်းယူနိုင်ခဲ့သည့် ရူနီမှာ ဂိုးပေါင်း ၂၃၀ ရှိနေပြီဖြစ်သည်။

    ရူနီကမူ ကစားသမားဘ၀မှ အနားမယူခင်အချိန်အတွင်း အဆိုပါ စံချိန်များကို ချိုးဖျက်ရန် စိတ်အားထက်သန်နေသည်။

    “ကျွန်တော့်ရဲ့ တစ်ကိုယ်ရေသွင်းဂိုးတွေဟာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းတွေအတွက် ကျွန်တော့်ရဲ့ အကာင်းဆုံး စွမ်းရည်ကို ပြဖို့ပါပဲ။ ပြီးတော့ ကျွန်တော်ဖြစ်နိုင်တဲ့ အကောင်းဆုံး အသင်းခေါင်းဆောင်အဖြစ် သေချာစေဖို့ပါပဲ။ ကျွန်တော့်ရဲ့ စံချိန်စံညွှန်းတွေကို တတ်နိုင်သလောက် ခပ်မြင့်မြင့်မှာပဲ ထားပါတယ်။ ဒါဟာ မပြောင်းလဲပါဘူး။ မန်ယူနဲ့ အင်္ဂလန် နှစ်သင်းစလုံးကို လာမယ့်နှစ်မှာ ဖလားတွေရအောင် ကျွန်တော် ကူညီချင်ပါတယ်။ ဒီလိုလုပ်ဖို့ အခွင့်အရေး ရပါလိမ့်မယ်” ဟု ၎င်း၏ တရားဝင် ၀ဘ်ဆိုက်တွင် ရူနီက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိနေဖြင့် ကလပ်အသင်းနှင့် နိုင်ငံအသင်းတို့အတွက် သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူ ဖြစ်လာစေရန် ရည်မှန်းချက် စိတ်ထဲတွင် တစ်ချိန်လုံးရှိကြောင်း၊ သို့သော်လည်း မိမိ၏ အဓိကဦးစားပေးမှာ ကလပ်နှင့် နိုင်ငံအသင်းတို့အား ကူညီရန်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • အသင်း၌ အခြေအနေကို မကြိုက်သော်လည်း ထွက်ခွာမည်မဟုတ်ဟု ဒီမာရီယာပြော

    အသင်း၌ အခြေအနေကို မကြိုက်သော်လည်း ထွက်ခွာမည်မဟုတ်ဟု ဒီမာရီယာပြော

    ဇွန် ၂၅၊ ၂၀၁၅
    M-Media

    manu

    – အရန်ခုံတွင် ထိုင်နေရသည်မှာ မိမိအတွက် သက်တောင့်သက်သာမဖြစ်သော်လည်း အသင်းမှ ထွက်ခွာမည်မဟုတ်ဟု မန်ယူအသင်း၏ ကွင်းလယ်လူ ဒီမာရီယာက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ်က ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရီးယဲလ်မှ မန်ယူသို့ ရောက်ရှိလာသည့် ဒီမာရီယာမှာ ရာသီအစတွင် ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းအတွက် ၃ ဂိုး သွင်းယူကာ ၁၁ ဂိုး ဖန်တီးပေးနိုင်ခဲ့သည်။

    သို့သော်လည်း မတ်လ ၄ ရက်နေ့တွင် အသင်း၏ ပွဲထွက်လူစာရင်း၌ ပါဝင်ခွင့်ရပြီးနောက်ပိုင်း မာတာနှင့် အရှက်လေယန်းတို့ကို ဗန်ဂါးလ်က ထည့်သွင်းအသုံးပြုသောကြောင့် ဒီမာရီယာမှာ အသင်း၌ ပါဝင်ခွင့်မရတော့ပေ။

    ဒီမာရီယာကမူ မိမိနေဖြင့် အသင်း၌ မည်သည့်အတွက်ကြောင့် ပါဝင်ခွင့်မရသည်ဆိုသည်ကို ရှင်းပြရန် ခက်ခဲသည်ဟု ဆိုသည်။

    အသင်းတွင် သက်တောင့်သက်သာမဖြစ်ဘူးလားဟု မေးမြန်းရာ ၎င်းက “ဟုတ်ပါတယ်။ ကျွန်တော့်အတွက်ရော ကျွန်တော့်မိသားစုအတွက်ရော သက်တောင့်သက်သာ မဖြစ်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ အရာရာတိုင်းဟာ ကျွန်တော်လိုချင်သလို ဖြစ်မလာတာကြောင့်ပါ။ ပြီးတော့ မကစားရတာကြောင့်လဲ ပါတာပေါ့။ ကျွန်တော်ဟာ ဒီကို ရည်ရွယ်ချက်တစ်ခုနဲ့ ရောက်လာပြီး
    အရန်ခုံမှာ အဆုံးသတ်ခဲ့ပါတယ်” ဟု ဒီမာရီယာက ပြောကြားခဲ့သည်။

    ရာသီနောက်ပိုင်းတွင် အသင်း၌ ပါဝင်ခွင့်မရသောကြောင့် ဒီမာရီယာမှာ အသင်းမှ ထွက်ခွာတော့မည်ဟု သတင်းများထွက်ပေါ်နေပြီး ၎င်းက ငြင်းဆိုခဲ့ကာ လာမည့်နှစ်တွင် မိမိအား ဝေဖန်နေသူများအတွက် အဖြေပြန်ပေးသွားမည်ဟု ဆိုသည်။

    “(အသင်းကထွက်မှာ) မဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော် ဒီလို မတွေးတဲ့အတွက်ကြောင့်ပါပဲ။ မက်ဒရစ်မှာဆိုရင် ကွင်းဘေးမှာ နေခဲ့ရတဲ့အချိန်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် ရင်ဆိုင်ပြီး အဲဒါကို ပြန်ပြောင်းပစ်ပါတယ်။ ဒီလိုမျိုး ရင်ဆိုင်ရတာ ကျွန်တော် သဘောကျပါတယ်”

    Ref: Goal