News @ M-Media
Tag: EPL
  • အသင်းကို အားဖြည့်မည်ဖြစ်သော်လည်း ငွေကြေး အလွန်အကျွံ မသုံးဟု ၀င်းဂါးပြော
    အသင်းကို အားဖြည့်မည်ဖြစ်သော်လည်း ငွေကြေး အလွန်အကျွံ မသုံးဟု ၀င်းဂါးပြော
    ဇွန် ၁၊ ၂၀၁၅
    M-Media
    winger
    – လာမည့်နှစ်တွင် ပရီးမီးယားလိဂ်အား စိန်ခေါ်နိုင်ရန်အတွက် ယခုနှစ်နွေရာသီတွင် အသင်းအား တောင့်တင်းအောင် ပြုလုပ်သွားမည် ဖြစ်သော်လည်း ငွေကြေး အလွန်အကျွံ သုံးစွဲသွားမည်မဟုတ်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါက ပြောကြားလိုက်သည်။
    စနေနေ့က အက်စတွန်ဗီလာအသင်းအား ၄ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြီး FA ဖလားကို ၂ နှစ်ဆက်တိုက် ရရှိခဲ့သည့် အာဆင်နယ်အသင်းမှာ နွေရာသီအပြောင်းအရွှေ့တွင် သွက်သွက်လက်လက် လှုပ်ရှားလာမည်ဟု မျှော်လင့်ထားကြသည်။
    အာဆင်နယ်မှာ ဂိုးသမားနှင့် နောက်ခံအလယ်လူ နေရာများအတွက် ပစ်မှတ်ထားရှာဖွေမှုများ ပြုလုပ်နေသော်လည်း ၀င်းဂါးက ငွေကြေးအမြောက်အများ သုံးစွဲရမည့် ပေါ့ဘာနှင့် ဘေးလ်တို့ကဲ့သို့ ကစားသမားများကိုမူ ဆက်သွယ်မည်မဟုတ်ဟု ဆိုသည်။
    “ဒီလောက်ငွေများများတော့ ကျွန်တော်တို့ သုံးစွဲမှာ မဟုတ်ပါဘူး။ နှစ်တော်တော်များများမှာ ကျွန်တော်တို့ရဲ့ အကောင်းဆုံး ကစားသမားတွေကို ရောင်းထုတ်ခဲ့တာကို လူတွေကမေ့နေကြပါတယ်။ ပြီးတော့ အဲဒီတုန်းက တော်တော်လေးခက်ခဲတဲ့ အချိန်ကာလတွေ ဖြစ်ခဲ့ပါတယ်။ ဒါဟာ တကယ့်အဖြစ်မှန်ပါ။ ကျွန်တော်တို့ ကစားသမား ပြန်ဝယ်တဲ့အချိန်ကစလို့
    ပခုံးချင်းယှဉ်နိုင်တဲ့အဆင့်ကို တစ်ဖြည်းဖြည်း ပြန်ရောက်လာပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ပြောသလိုမျိုး အုံနဲ့ကျင်းနဲ့ ခေါ်ဖို့တော့ မလုပ်ပါဘူး” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    ထို့ပြင် ငွေကြေးကို ချွေတာသုံးစွဲရသည့် အချိန်များမှာ နောက်တွင်ကျန်ခဲ့ပြီး ဈေးနှုန်းနှင့် အရည်အသွေး ကိုက်ညီသည့် ကစားသမားများကိုသာ လိုချင်ကြောင်း၊ မိမိအနေဖြင့် ငွေသုံးရမည်ကို ဆန့်ကျင်သူမဟုတ်ဘဲ မကြာသေးမီကပင် ထိုအချက်ကို သက်သေပြခဲ့ကြောင်း ၀င်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Goal
  • လက်စတာအသင်းမှ ကစားသမားများ ထိုင်းအမျိုးသမီးကို လူမျိုးရေးခွဲခြားစော်ကား
    လက်စတာအသင်းမှ ကစားသမားများ ထိုင်းအမျိုးသမီးကို လူမျိုးရေးခွဲခြားစော်ကား
    ဇွန် ၁၊ ၂၀၁၅
    M-Media
    lester
    – ထိုင်းနိုင်ငံ၏ ပျော်ပွဲရွှင်ပွဲတစ်ခုတွင် ထိုင်းအမျိုးသမီးတစ်ဦးအား လူမျိုးရေးအရ စော်ကားခဲ့သည့် ကစားသမား ၃ ဦး၏ ဗီဒီယို အင်တာနက်စာမျက်နှာတွင် ထွက်ပေါ်လာပြီးနောက် မိမိတို့အနေဖြင့် အသင်းတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ပရီးမီးယားလိဂ်လကပ် လက်စတာအသင်းက ပြောကြားလိုက်သည်။
    The Sunday Mirror က ရရှိကာ ဖော်ပြခဲ့သည့် အဆိုပါဗီဒီယိုမှာ ထိုင်းနိုင်ငံသို့ လက်စတာအသင်း သွားရောက်လည်ပတ်ခဲ့သည့် အချိန်တွင် ရိုက်ကူးထားခြင်းဖြစ်ပြီး သတင်းစာကမူ ထိုင်းအမျိုးသမီးအား လူမျိုးရေးအရ စော်ကားသူများမှာ အသင်းနည်းပြ နီဂျဲလ် ပီယာဆန်၏သား ဂျိမ်းစ် ပီယာဆန်၊ လူငယ်ကစားသမားများဖြစ်ကြသည့် တွမ်ဟော့ပါးနှင့် အဒမ်စမစ်တို့ ဖြစ်ကြသည်ဟု ဖော်ပြခဲ့သည်။
    ထို့ပြင် ထိုင်းအမျိုးသမီးများထဲမှ တစ်ဦးအား လူမျိုးရေးခွဲခြားသည့် စကားဖြင့် တုန့်ပြန်ပြောဆိုခဲ့သည်ကိုလည်း အဆိုပါဗီဒီယိုတွင် ထင်ထင်ရှားရှား ကြားနိုင်သည်။
    လက်စတာနည်းပြ နီဂျဲလ်ပီယာဆန်မှာ လူမျိုးရေးခွဲခြားသည့် ကစားသမားများကို တိုက်ရိုက်အနီကဒ်ဖြင့် ထုတ်ပယ်ရေး လှုပ်ရှားမှုဖြစ်သည့် Show Racism the Red Card ကို အားပေးထောက်ခံသူလည်းဖြစ်သည်။
    လက်စတာအသင်းကို ထိုင်းဘီလျံနာ ဗီချိုင်း ဆရီဗဒ်ဒနာ ပရာဘ်ဟာက ပိုင်ဆိုင်ပြီး ၎င်း၏သားဖြစ်သူကလည်း ဒုဥက္ကဌတာဝန် ရယူထားသည်။
    Sunday Mirror သတင်းစာ၏ အဆိုပါ ဖော်ပြမှုကို ဖြေရှင်းသည့်အနေဖြင့် ယမန်နေ့က အသင်း၏ ၀ဘ်ဆိုက်မှတစ်ဆင့် ထုတ်ပြန်သော ကြေညာချက်တွင် ထိုအဖြစ်အပျက်၌ ပါဝင်သူ ၃ ဦးစလုံးက တောင်းပန်ထားပြီး လက်စတာစီးတီးဘုတ်အဖွဲ့အနေဖြင့်လည်း ထိုင်းခရီးစဉ်တွင် မိမိတို့၏ လူငယ်ကစားသမားများ ပါဝင်ခဲ့သော အဆိုပါ အဖြစ်အပျက်အတွက် အလွန်အမင်း စိုးရိမ်မိသည်ဟု
    ဖော်ပြခဲ့သည်။
    “ကျွန်တော်တို့အသင်းရဲ့ ဘယ်အဆင့်က ကစားသမားမျိုးမဆို အသင်းတာဝန် ထမ်းဆောင်နေတဲ့အချိန်နဲ့ ကိုယ်ပိုင်အချိန် နှစ်ခုစလုံးမှာ ကျွန်တော်တို့အသင်းရဲ့ ကိုယ်စားလှယ်တွေ၊ သံတမန်တွေအဖြစ် ပြုမှုဆက်ဆံဖို့ပဲ မျှော်လင့်ပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ ဒီလုပ်ရပ်ဟာ
    တော်တော်လေး ဆိုးရွားတယ်လို့ ကျွန်တော်တို့ မှတ်ယူပါတယ်” ဟု အဆိုပါ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
    ထို့ပြင် ကစားသမားများ၏ ကိုယ်စားလှယ်များနှင့် ဆက်သွယ်ကာ စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်နေသည်ဟုလည်း ဖော်ပြခဲ့သည်။
    Ref: Goal
  • ချယ်ဆီးမှာ ပရီးမီးယားလိဂ်ကို ဆက်လက်လွှမ်းမိုးမည်ဟု ဖာဂူဆန်ပြော
    ချယ်ဆီးမှာ ပရီးမီးယားလိဂ်ကို ဆက်လက်လွှမ်းမိုးမည်ဟု ဖာဂူဆန်ပြော
    မေ ၂၇၊ ၂၀၁၅
    M-Media
    jose
    – ပရီးမီးယားလိဂ်တွင် စံချိန်တင်မှတ်တမ်းသစ်ဖြင့် ဗိုလ်စွဲခဲ့သည့် ချယ်ဆီးအသင်းမှာ အင်္ဂလိပ်ဘောလုံးလောကကို ဆက်လက် လွှမ်းမိုးထားမည်ဟု မန်ယူအသင်း၏ ဂန္တ၀င်နည်းပြ ဖာဂူဆန်က ပြောကြားလိုက်သည်။
    ယခုနှစ်တွင် လိဂ်ဖလားကို ရရှိခဲ့သည့် ချယ်ဆီးမှာ ပထမနေရာကို ၂၇၄ ရက်ကြာ စံချိန်တင်ဆုပ်ကိုင်၍ ၅ နှစ်အတွင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့သည်။ မော်ရင်ဟိုမှာလည်း ပရီးမီးယားလိဂ်၏ တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့သည်။
    “သူက အောင်မြင်တဲ့လူတစ်ယောက်ပါ။ အနိုင်ရသူတစ်ယောက်ပါ။ သူဟာ ဒီဆုနဲ့ ထိုက်တန်ပါတယ်။ သူ့မှာ အကောင်းဆုံးလူစာရင်း ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဂျွန်တယ်ရီကလည်း ပွဲတိုင်းမှာ ပါဝင်ကစားခဲ့ပါတယ်။ ချန်ပီယံဆိုတာ နိုင်ဖို့ အမြဲတမ်းရှိနေသူပါ။ ဂျိုဆေး(မော်ရင်ဟို) က သူ့ရဲ့အသင်းအကြောင်း ကောင်းကောင်းသိပါတယ်။ ချယ်ဆီးဟာ လာမယ့် နှစ်အနည်းငယ်အတွင်းမှာ တော်တော်လေး အောင်မြင်တော့မှာပါ” ဟု အကောင်းဆုံးနည်းပြဆု ပေးပွဲကို တက်ရောက်လာခဲ့သည့် ဖာဂူဆန်က ပြောကြားခဲ့သည်။
    မော်ရင်ဟို ပထမအကြိမ် ချယ်ဆီးသို့ စရောက်စဉ်က ဖာဂူဆန်၏ ပြိုင်ဘက်ကောင်းဖြစ်ခဲ့ပြီး ဖာဂူဆန်ကမူ မော်ရင်ဟိုတွင် ပြောင်းလဲမှုရှိပြီး ရှေရှည်ကိုကြည့်တတ်ကာ လာမည့်နှစ်အနည်းငယ်မှာ မိမိတို့ မန်ယူအသင်းအတွက် နာကျင်စရာနှစ်များ ဖြစ်လာမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Goal
  • ပရီးမီးယားလိဂ်သို့ ပြန်မလာဟု မိုယက်စ်ပြော
    ပရီးမီးယားလိဂ်သို့ ပြန်မလာဟု မိုယက်စ်ပြော
    မေ ၂၆၊ ၂၀၁၅
    M-Media
    moyes
    – ပရီးမီးယားလိဂ် ကလပ်အသင်းများက စိတ်ဝင်စားနေသော်လည်း မိမိအနေဖြင့် လာမည့်ရာသီတွင် ရီးယဲလ်ဆိုစီဒက်၌သာ ဆက်ရှိနေမည်ဟု မန်ယူနည်းပြဟောင်း ဒေးဗစ်မိုယက်စ်က ပြောကြားလိုက်သည်။
    မိုယက်စ်မှာ နိုဝင်ဘာလက ဆိုစီဒက်နည်းပြ ဂျာဂိုဘာ အာရာဆာတေးနေရာ၌ အစားဝင်ရောက်ခဲ့ပြီးနောက် ဆီုစီဒက်အသင်းအား အဆင့် ၁၂ ဖြင့် ရာသိမ်းနိုင်အောင် စွမ်းဆောင်ပေးခဲ့သည်။
    သို့သော်လည်း ပရီမီးယားလိဂ်တွင် ရုန်းကန်ခဲ့ရသည့် နယူးကာဆယ်နှင့် ၀က်စ်ဟမ်းအသင်းများက မိုယက်စ်အားခေါ်ယူရန် စိတ်ဝင်စားနေပြီး ၎င်းကမူ မိမိနေဖြင့် စပိန်တွင်သာပျော်သည်ဟု ပြောကြားခဲ့သည်။
    “လာမယ့်နှစ်မှာ စပိန်မှာပဲ ဆက်ရှိနေမယ်လို့ ကျွန်တော် လူတိုင်းကို ပြောထားပါတယ်။ စပိန်ကို မရောက်ခင် အင်္ဂလန်မှာနေဖို့ ကျွန်တော် အခွင့်အလမ်းတွေ အများကြီးရခဲ့ပါတယ်။ ကျွန်တော် စပိန်ကိုသွားပြီး အလုပ်လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တာပါ” ဟု မိုရက်စ်က Sky Sports သို့ ပြောကြားခဲ့သည်။
    ဖာဂူဆန်၏ အကြံပေးချက်ဖြင့် မိုယက်စ်အား မန်ယူက နည်းပြအဖြစ် ခန့်အပ်ခဲ့သော်လည်း မန်ယူအား ရလဒ်ကောင်းများ ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်း မရှိချေ။
    မိုယက်စ်ကမူ မိမိအနေဖြင့် မတူညီသောအရာ၊ ယဉ်ကျေးမှုအသစ်တို့ကို မြည်းစမ်းချင်ပြီး မတူညီသော ကစားသမားဖြင့် အလုပ်လုပ်ချင်ကာ လာလီဂါတွင် မည်သို့ အလုပ်လုပ်ကြသည်ကို ကြည့်ချင်သည်ဟု ပြောကြားခဲ့သည်။
    “ဆိုစီဒက်ဟာ ကြီးကျယ်တဲ့ကလပ်ပါ။ ကျွန်တော်လည်း ပျော်ရပါတယ်”
    Ref: Goal
  • လာမည့်နှစ်တွင် ပိုကောင်းလာမည်ဟု ဟယ်ရီကိန်းဆို
    လာမည့်နှစ်တွင် ပိုကောင်းလာမည်ဟု ဟယ်ရီကိန်းဆို
    မေ ၂၆၊ ၂၀၁၅
    M-Media
    harry
    – ယခုနှစ်တွင် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သည့် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက မိမိအနေဖြင့် လာမည့်ရာသီတွင် ပိုကောင်းလာမည်ဟု ပြောကြားလိုက်သည်။
    အသက် ၂၁ နှစ်အရွယ်ရှိ ကိန်းမှာ စပါးအသင်းအတွက် ပြိုင်ပွဲပေါင်းစုံတွင် ၃၁ ဂိုး သွင်းယူပေးခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရကာ ပထမဆုံးပါဝင်ကစားခဲ့သည့် လစ်သူယေးနီးယားနှင့်ပွဲတွင် ၁ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။
    ကိန်း၏ ခြေစွမ်းများကြောင့် မန်စီးတီးအပါအ၀င် အသင်းကြီးများက ခေါ်ယူရန် စိတ်ဝင်စားနေပြီး ၎င်းကမူ လာမည့်ရာသီတွင် ခြေစွမ်းပိုကောင်းလာလိမ့်မည်ဟု ပြောကြားခဲ့သည်။
    “ကျွန်တော်ဟာ ပြင်းပြင်းထန်ထန် အလုပ်လုပ်သူ တစ်ယောက်ပါ။ ကျွန်တော်ဟာ အမြဲတမ်း တိုးတက်ဖို့၊ ပိုကောင်းဖို့ ကြိုးစားသွားမှာပါ။ ဒါတွေအားလုံးက ကျွန်တော် အာရုံစိုက် လုပ်ဆောင်ရမယ့် အရာတွေပါပဲ။ ဒါမှသာ ကျွန်တော်ဟာ တိုးတက်ပြီး လာမယ့်ရာသီမှာလည်း ပိုပြီးကောင်းလာမှာပါ” ဟု ကိန်းက ပြောကြားခဲ့သည်။
    ဟယ်ရီကိန်းမှာ တက်ဒီရှာရင်ဂမ်၊ ကလင်းစမန်းနှင့် ဂါရက်ဘေးလ်တို့၏ နောက်ပိုင်း စပါးအတွက် ပရီးမီးယားလိဂ်တွင် ပထမဆုံး ၂၁ ဂိုး သွင်းနိုင်ခဲ့သည့် တိုက်စစ်မှူးဖြစ်ပြီး ၎င်းကမူ ထိုကစားသမားများနှင့် မိမိအား နှိုင်းယှဉ်မှုမှာ ရူးနှမ်းသည်ဟု ခံစားရကြောင်း၊ မိမိမှာ ၎င်းတို့၏
    အဆင့်သို့ မရောက်သေးကြောင်း ပြောကြားခဲ့ပြီး မိမိအား ယုံယုံကြည်ကြည်နေရာပေးသည့် စပါးနည်းပြ ပိုချက်တီနိုကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
    Ref: Goal