News @ M-Media

Tag: featured

  • အိုအိုင်စီ ဆန္ဒပြပွဲမှ အစ္စလာမ်ကို စော်ကားသည့် အသုံးအနှုန်း မလေးရှား အစ္စလာမ့် အဖွဲ့အစည်းဆိုင်ရာ အတိုင်ပင်ခံကောင်စီ ရှုံ့ချ

    အောက်တိုဘာ- ၁၇၊ ၂၀၁၃
    M-Media

    ပြီးခဲ့ရက်ပိုင်းများအတွင်း မြန်မာနိုင်ငံရှိ အကြမ်းဖက်ခံ မွတ်စလင်မ်များ၏ အခြေအနေကို လာရောက်လေ့လာရန် မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ တရားဝင် ခရီးရောက်ရှိနေသော အိုအိုင်စီ ကိုယ်စားလှယ် အဖွဲ့ကိုဆန်ကျင့်သောအားဖြင့် ပြည်တွင်းမှ သံဃာတော်များ ဦးဆောင်ပြိး ဆန္ဒပြပွဲများ ရန်ကုန်၊ စစ်တွေနှင့် အခြားမြို့ကြိးများတွင် ပြုလုပ်ခဲ့ကြသည်။

    အချို့နေရာများမှ ဆန္ဒပြပွဲတွင် အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ကို ဆန့်ကျင်ဆန္ဒပြခြင်းကို အကြောင်းပြုပြီး အစ္စလာမ်သာသနာကို စော်ကားသည့် အသုံးအနှုန်းများဖြင့် ကြေညာချက်များနှင့် အပြုအမှုများ ပြုလုပ်ခဲ့ကြသည်။ ဤကဲ့သို့ အစ္စလာမ်ကို စော်ကားသည့် အသုံးအနှုန်းများ အသုံးပြုမှုကို ရှုံ့ချသောအားဖြင့် မလေးရှားနိုင်ငံ အစ္စလာမ့်အဖွဲ့အစည်းဆိုင်ရာ အတိုင်ပင်ခံကောင်စီ (မလေးရှား) – Malaysian Consultative Council for Islamic Organization (MAPIM) မှ ရှုံချသည့် ကြေညာချက် တစောင်ထုတ်ပြန်ခဲ့ပြီး ကြေညာချက်ကို မြန်မာနိုင်ငံနှင့် သံအဆက်အသွယ်ပြုလုပ်ထားသော အိုင်အိုင်စီ အဖွဲ့ဝင်နိုင်ငံများမှ မြန်မာသံရုံးများကို အကြောင်းကြား သတိပေးရန် ထည့်သွင်းရေးသားထားသည်။ ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

    sittwe 2013

    အစ္စလာမ့်အဖွဲ့အစည်းဆိုင်ရာ အတိုင်ပင်ခံကောင်စီ (မလေးရှား) – Malaysian Consultative Council for Islamic Organization (MAPIM) မှ ထုတ်ပြန်စာ

    ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်

    အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများမှ မြန်မာသံရုံးအားလုံးထံ အကြောင်းကြား အသိပေးရန် ထုတ်ပြန်ချက်
    ==========================================

    ဤရက်ပိုင်းအတွင်း အိုအိုင်စီအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ မြန်မာနိုင်ငံသို့လာရောက်မှုအပေါ် မနှစ်မြို့ခြင်းကို အကြောင်းပြုပြီး မြန်မာနိုင်ငံမြို့ကြီးများတွင် ရဟန်းသံဃာများမှ အစ္စလာမ်သာသနာအား စော်ကားပြုမူချက်နှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့သည် ထိခိုက်ခံစားရပါသောကြောင့် ပြင်းထန်စွာ ရှုံ့ချလိုက်ပါသည်။

    အစ္စလာမ်သာသနာအား တိရစ္ဆာန်ဝါဒနှင့်နှိုင်းယှဉ်ဖော်ပြလိုက်ခြင်းမှာ စော်ကားမှုလုပ်ရပ်သာမက၊ အစ္စလာမ်သာသနာအပေါ် အငြိုးတကြီး စစ်ကြေငြာလိုက်ရာ ရောက်နေပါသည်။

    မွတ်စ်လင်မ်များနှင့်အစ္စလာမ်သာသနာအား နက်ရှိုင်းစွာမုန်းတီးနေမှုကို မြန်မာအစိုးရအာဏာပိုင်များကိုယ်တိုင်က ရည်ရွယ်ချက်ရှိရှိ ဖော်ထုတ်တင်ပြခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့ သုံးသပ်ပါသည်။

    အစ္စလာမ်သာသနာကိုစော်ကားထားသော – အစ္စလာမ်သာသနာအား တိရစ္ဆာန်လမ်းစဉ်နှင့်နှိုင်းယှဉ်ထားသော စာတန်းများကိုကိုင်ဆောင်ပြသခဲ့သည့် ရဟန်းသံဃာတို့၏ လုပ်ရပ်နှင့်သဘောထားအပေါ် ကျွန်ုပ်တို့မှ ရွံရှာစက်ဆုပ်မိပါသည်။

    ဤအလည်အပတ်ခရီးစဉ်ကို ဗုဒ္ဓဘာသာဝင်များမှကန့်ကွက် ဆန္ဒပြရေးအတွက် မြို့ပြကြီးများရှိအာဏာပိုင်များမှ ခွင့်ပြုချက်ပေးခဲ့သည်ဟု သိရသဖြင့် ကျွန်ုပ်တို့မှ အံ့သြတုန်လှုပ်ရပေသည်။ အိုအိုင်စီခရီးစဉ်အပေါ် ဆန္ဒပြခြင်း၌ ၀န်ကြီးအဆင့်ပုဂ္ဂိုလ်တစ်ဦးသည်ပင် အင်တိုက် အားတိုက်ပါဝင်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

    ကမ္ဘာ့မွတ်စ်လင်မ်ထု၏သည်းခံမှုကို သွေးတိုးစမ်းနေသည့် ဤသို့သောလုပ်ရပ်ဆိုးများ ဆက်လက်ဖြစ်ပွားလာအောင် မြန်မာအစိုးရမှခွင့်ပြုချက်မပေးပါရန် ကျွန်ုပ်တို့မှ တောင်းဆိုပါသည်။

    မလေးရှားကဲ့သို့သော မွတ်စ်လင်မ်တိုင်းပြည် နိုင်ငံတစ်ခုသည် ဗုဒ္ဓဘာသာဝင်များအပါအ၀င် မွတ်စ်လင်မ်မဟုတ်သူအပေါင်းနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုကို အောင်မြင်စွာ ဖန်တီးထားကြောင်း ထိုသူတို့အား ကျွန်ုပ်တို့မှ သိစေအပ်ပါသည်။ ဘာသာသာသနာ အားလုံးကို ဥပဒေအားဖြင့် အကာအကွယ်ပေးထားပါသည်။ မလေးရှားနိုင်ငံတွင် မွတ်စ်လင်မ်တို့နှင့် အခြားဘာသာဝင်များမှာ အများအားဖြင့် ငြိမ်းချမ်းစွာ ရှိနေကြပါသည်။

    ယဉ်ကျေးမှုမြင့်မားနေပြီဖြစ်သည့် ယခုလိုကာလမျိုးတွင် ယင်းသို့သော သည်းမခံနိုင်ဖွယ်ရာနှင့်အမုန်းတရားများကို မြန်မာအစိုးရနှင့်ရဟန်းသံဃာတို့သည် အဘယ်ကြောင့် ပြုမူဆောင်ရွက်ရပါသနည်း ?

    OIC လာရောက်ခြင်း၌ မြန်မာနိုင်ငံအတွက် မည်သည့်အန္တရာယ်ရှိပါသနည်း ? အကယ်၍ မြန်မာအစိုးရသည် အစွန်းရောက်ဗုဒ္ဓဘာသာဝင်များကို အသုံးပြုလျက် အကြမ်းဖက်မှုဖြစ်ပွားစေသောမူဝါဒကို ကိုင်စွဲမထားပါလျှင် (မည်သည့် ပြဿနာမျှ ဖြစ်ပွားစရာ အကြောင်းမရှိပါ)။

    လက်ခံ၍မရနိုင်သော ဤရဟန်းသံဃာများ၏လုပ်ဆောင်ချက်ကို ကန့်ကွက်ရှုံ့ချကြရန်၊ ဘာသာရေးလူမျိုးရေးဆိုင်ရာအမုန်းတရားထိုးဆွနေသည့် အစွန်းရောက်ဗုဒ္ဓဘာသာဝင်များလက်အောက်၌ မရပ်တည်ရေးအတွက် မြန်မာအစိုးရကို ဖိအားပေးကြပါရန် ကျွန်ုပ်တို့မှ အာဆီယံအဖွဲ့ဝင်နိုင်ငံအပေါင်းသို့ နှိုးဆော်ပန်ကြားပါသည်။

    အစ္စလာမ်ကိုဆန့်ကျင်သည့် ဤသို့အကျည်းတန်လှုံ့ဆော်ဆောင်ရွက်ချက်အား ခွင့်ပြုနေသည့်အပေါ် ပြတ်သားရှင်လင်းသော အဖြေတစ်ရပ်မပေးနိုင်ပါလျှင် (ကမ္ဘာ့)မွတ်စ်လင်မ်များမှာ ဆိတ်ဆိတ်နေ၍ ဘေးထိုင်ရပ်ကြည့်နေတော့မည်မဟုတ်ပါကြောင်း အစွန်းရောက်ရဟန်းသံဃာတို့ကို ကျွန်ုပ်တို့မှ သတိပေးလိုက်ပါသည်။

    မြန်မာနိုင်ငံနှင့်သံတမန်အဆက်အသွယ်ပြုလုပ်ထားသော အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများရှိ မြန်မာသံရုံးအားလုံးထံသို့လည်း အကြောင်းကြားအသိပေးပါရန် ကျွန်တော်တို့မှ တောင်းဆိုပါသည်။

    မြန်မာအစိုးရအပေါ် အင်တိုက်အားတိုက်ဖိအားပေးနိုင်ရေးအတွက် မွတ်စ်လင်မ်နိုင်ငံအားလုံးထံ တာဝန်ရှိပါသည်။ ဤသို့ ဖိအားပေးမှုနှင့်မလုံလောက်ပါက သံတမန်အဆက်အသွယ်ဖြတ်တောက်ခြင်းကိုသာ ရွေးချယ်ပါမည်။

    မုဟမ္မဒ် အဇ်မီ အဗ်ဒုလ် ဟာမစ်ဒ်
    MAPIM ဥက္ကဌ
    ယှူရာ(အစ္စလာမ့်ရေးရာအတိုင်ပင်ခံအဖွဲ့) အတွင်းရေးမှူးချုပ်

  • OIC ကိုယ်စားလှယ် အဖွဲ့ မြန်မာသမ္မတနဲ့ တွေ့ဆုံဆွေးနွေး

    OIC ကိုယ်စားလှယ် အဖွဲ့ မြန်မာသမ္မတနဲ့ တွေ့ဆုံဆွေးနွေး

    ကျော်ကျော်သိန်း
    16.11.2013
    ဗီအိုအေ(မြန်မာပိုင်း)

    မြန်မာနိုင်ငံမှာရောက်နေတဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ OIC ရဲ့ အတွင်းရေးမှူးချုပ် ပါမောက္ခ အက်ခ်မယ်လက်ဒင်န် အီဆာနိုဂလူ (Ekmeleddin Ihsanoglu) ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ စနေနေ့ မနက်ပိုင်းက နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ OIC နဲ့ မြန်မာအစိုးရကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စ အပါအ၀င် ကိစ္စရပ် အများအပြားကို ဆွေးနွေးခဲ့ကြပြီးတော့ မြန်မာနိုင်ငံမှာ OIC ရုံးခွဲ ဖွင့်လှစ်ဖို့ မရှိသေးပါဘူးလို့ အတွင်းရေးမှူး ချုပ်က ဗွီအိုအေကိုပြောပါတယ်။ အပြည့်အစုံကိုတော့ OIC အတွင်းရေးမှူးချုပ်ကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

    ဗုဒ္ဓဟူးနေ့ကတည်းက မြန်မာနိုင်ငံမှာရောက်နေတဲ့ OIC ကိုယ်စားလှယ်အဖွဲ့ဟာ သူတို့ခရီးစဉ်အဆုံးမသတ်ခင် တစ်ရက်မှာ ပဲ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံခွင့် ရခဲ့တာပါ။ အဲဒီတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံနဲ့ OIC အကြားဆက်ဆံရေးကိစ္စ၊ ပူးပေါင်းဆောင်ရွက် ရေးကိစ္စနဲ့ တခြားကိစ္စရပ်အများအပြားကို ဆွေးနွေး ပြောဆိုခဲ့ တယ်လို့ OIC အတွင်းရေးမှူးချုပ်က ဗွီအိုအေကို ပြောပါတယ်။

    “ဒုက္ခသည်စခန်းမှာ မနေ့က ကျနော်တို့တွေ့ခဲ့တာနဲ့ပတ်သက်ပြီး ကျနော်တို့ရဲ့ အတွေးစိတ်ကူးကို ပြောပြပါတယ်။ ပုံမှန် အခြေအနေ ပြန်ရောက်အောင် လုပ်နေတဲ့ အစိုးရရဲ့လုပ်ငန်းစဉ်အောင်မြင်စေဖို့ ကျနော်တို့ ဆုတောင်းပေးပါတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ အင်မတန်ခက်ခဲပြီး စိတ်ရှည်သည်းခံမှုနဲ့ ဂရုတစိုက်ရှိဖို့ လိုတယ်လို့ ကျနော်တို့ ထင်ပါတယ်။ တစ်ချိန်တည်းမှာပဲ မတူကွဲပြားတဲ့အစုတွေကြား ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်အောင် လုပ်ဖို့လိုပါတယ်။ ရခိုင်ပြည်နယ်မှာ ပဋိပက္ခကို ကျော်လွှား နိုင်အောင် ပြည်နယ်တစ်ခုလုံးကို အကူအညီပေးချင်တယ်ဆိုတာ ပြောခဲ့ပါတယ်။

    မတူကွဲပြားတဲ့ လူမှု အ၀န်းအ၀ိုင်း နှစ်ခုအကြား ယုံကြည်မှုတည်ဆောက်ဖို့ လိုတယ်ဆိုတာကို ကျနော်တို့ ပြောခဲ့ပါတယ်။ ဒါဟာ အင်မတန် အကျိုးရှိတဲ့ ဆွေးနွေးပွဲဖြစ်ပြီး သိပ် အောင်မြင်တဲ့ခရီးစဉ်လို့ ကျနော်ထင်ပါတယ်။”

    သမ္မတဦးသိန်းစိန်က ဘာတွေ ပြန်ပြီး ဆွေးနွေးခဲ့တယ်ဆိုတာကို OIC အတွင်းရေးမှူးချုပ်က မပြောပါဘူး။ သမ္မတရုံးကို ဆက်သွယ်မေးမြန်းတဲ့အခါ တနင်္ဂနွေနေ့မှာ ကြေညာချက်ထုတ်ပြန်မယ်ဆိုတာကိုပဲ ပြောခဲ့ပါတယ်။ OIC ကိုယ်စားလှယ် အဖွဲ့ဟာ ကြာသပတေးနေ့က ရခိုင်ပြည်နယ် စစ်တွေနဲ့ မောင်တောမြို့နယ်တွေက ဒုက္ခသည်စခန်းတွေဆီ သွားရောက်ပြီး နှစ်ဘက်စလုံးက လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုတွေကနေ သူတို့သိခဲ့ရတာကို အတွင်းရေးမှူးချုပ်က အခုလိုပြောပါတယ်။

    “တကယ့်အစစ်အမှန် ပြဿနာ ဘယ်ကလာတယ်ဆိုတာကို ကျနော်တို့ တွေ့ခဲ့ပါတယ်။ ဒီလူတွေဟာ ရာစုနှစ်ပေါင်းများစွာ ကြာအောင် ငြိမ်းချမ်းစွာနဲ့ လိုက်လျောညီထွေစွာ နေထိုင်ခဲ့ကြတာပါ။ ပြီးခဲ့တဲ့နှစ်ကဖြစ်ခဲ့တဲ့ ရာဇ၀တ်ပြစ်မှု ဆိုင်ရာ ကျူးလွန်မှုတွေကနေ အခြေအနေတစ်ခုလုံးဟာ လူမှုအ၀န်းအ၀ိုင်း ပဋိပက္ခဆီ ကူးပြောင်းသွားခဲ့တာပါ။ ကျနော်တို့နားလည်ချက်အရ ဒါဟာ အစ္စလာမ်တွေ၊ မူဆလင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ အကြားမှာဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက် ဘာမှမရှိပါဘူး။ အဲဒီဖြစ်ရပ်တွေဟာ တရားရုံးတင် ဖြေရှင်းရမှာ ဖြစ်ပြီး လူမှုအ၀န်းအ၀ိုင်းနှစ်ခုအကြား နောက်ထပ် အကြမ်းဖက်မှုတွေ မဖြစ်သင့်ပါဘူး။ ဒီလူတွေကြားမှာ ငြိမ်းချမ်းစွာ ပြန်ပြီး အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် ကျနော်တို့ ကူညီ လုပ်ဆောင်သွားဖို့ ဆန္ဒရှိတယ်ဆိုတာ ပြောခဲ့ပါတယ်။”

    OIC ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံဆီ ရောက်မလာသေးခင်မှာရော ရောက်လာပြီးတဲ့နောက်ပိုင်းမှာရော ရန်ကုန်မြို့နဲ့ တခြား နေရာတချို့မှာ OIC ကိုယ်စားလှယ်အဖွဲ့ကို ကန့်ကွက် ဆန္ဒပြတာတွေရှိခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး လူထုရဲ့ ဆန္ဒပြပိုင်ခွင့် ဆန္ဒ ထုတ်ဖော်ပိုင်ခွင့်ကို သူတို့အနေနဲ့ လေးစားတဲ့ အကြောင်းနဲ့ ဒါဟာ ဒီမိုကရေစီနည်းလမ်းမှာ လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့်ကို ကျင့်သုံးတာဖြစ်တဲ့အတွက် အရေးကြီးပါတယ်လို့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။ OIC ဟာ ဒီမိုကရေစီကို ထောက်ခံအား ပေးတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်လို့လည်း သူကပြောပါတယ်။

    ဆန္ဒပြသူတွေ အဓိက ကန့်ကွက်ကြတဲ့ကိစ္စထဲမှာ အတည်မပြုနိုင်တဲ့ သတင်းတွေပေါ် အခြေခံထားတဲ့ မြန်မာနိုင်ငံမှာ OIC ရုံးခွဲ ဖွင့်လှစ်မယ်ဆိုတာကို အဓိက ကန့်ကွက်ကြတာပါဝင်ပါတယ်။ ရုံးဖွင့်ဖို့ကိစ္စဟာ နားလည်လွဲမှု အများအပြားကြောင့် ပြောဆိုရတဲ့ ကိစ္စတစ်ခု ဖြစ်လာတာပါလို့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။ တခြားလူတွေကို တိုက်ခိုက်ဖို့အတွက် OIC အဖွဲ့က မူစလင်တွေ ကို ငွေတွေပေးနေတယ်ဆိုတာမျိုး မှားယွင်းတဲ့ သတင်းတွေကို ယုံကြည်တဲ့လူ အနည်းစု ရှိနေတယ်ဆိုတာကို သူက ထောက်ပြပြီး တော့ သူတို့အနေနဲ့ ငွေတပြားတချပ်မှ ပေးမနေပါဘူးလို့ အခိုင်အမာပြောပြီး လက်ရှိအချိန်မှာ OIC ရုံးခွဲဖွင့်လှစ်ဖို့ မရှိပါဘူးလို့ ဗွီအိုအေကိုပြောပါတယ်။

    “လူတွေရဲ့ တောင်းဆိုချက်ကို ကျနော် လေးစားပါတယ်။ အဲဒါကို သူတို့ မလိုချင်ပါဘူး။ လက်ရှိအချိန်မှာ ဘယ်လိုရုံးမျိုးမှ ကျနော်တို့ဖွင့်ဖို့မရှိပါဘူး။ တစ်ကမ္ဘာလုံးမှာ ကျနော်တို့ရုံးတွေ ရှိပါတယ်၊ နယူးယောက်မှာရှိပါတယ်၊ ဂျီနီဗာမှာရှိပါတယ်၊ ဘရပ်ဆဲလ်မှာရှိပါတယ်။ ကမ္ဘာပေါ်က နေရာအများအပြားမှာ ရှိပါတယ်။ မြန်မာနိုင်ငံမှာ ကျနော်တို့ရုံးခွဲ မရှိသေးဘဲ ဒီ နားလည်လွဲမှားမှုတွေ ကျော်လွန်သွားတဲ့အထိ ကျနော်တို့ စောင့်နိုင်ပါတယ်။”

    OIC အဖွဲ့ဝင်ခုနစ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး၊ ဒုတိယနိုင်ငံခြားရေး ၀န်ကြီးငါးဦးနဲ့ OIC အတွင်းရေးမှူးချုပ်တို့ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ မျှော်လင့်ထားခဲ့ပေမဲ့ သူတို့ တွေ့ဆုံပွဲတွေက နေပြည်တော်မှာပဲ ဖြစ်ခဲ့ပြီး အဲဒီအချိန် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့မှာရှိနေခဲ့တာကြောင့် တွေ့ဆုံဖို့ မဖြစ်ခဲ့ပါဘူးလို့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

    သူတို့အဖွဲ့ဟာ တနင်္ဂနွေနေ့မနက်ပိုင်းမှာ ရန်ကုန်လေဆိပ်ကနေ ပြန်လည် ထွက်ခွာမှာဖြစ်ပြီး မထွက်ခွာခင် မနက် ၆ နာရီ ၄၅ မိနစ် မှာ လေဆိပ်မှာပဲ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ရှိတယ်လို့ ကိုယ်စားလှယ်အဖွဲ့မှာပါလာတဲ့ OIC ရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် သံအမတ် အူဖုခ် ဂေါ့က်ဆင်န် (Ufuk Gokcen) က ဗွီအိုအေကို ပြောပါတယ်ခင်ဗျား။

  • စစ်တွေတွင် လူ(၅၀၀) ခွင့်ပြုမိန့်ဖြင့် လူ(၈၀,၀၀၀) ပါဝင်သည့် အိုအိုင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်

    နိုဝင်ဘာ -၁၅ ၂၀၁၃
    M-Media
    မောင်ပုည

    Sittwe

    နိုင်ငံတော် အစိုးရ၏ ဖိတ်ကြားချက်ဖြင့် အကြမ်းဖက်ခံ ဒေသများသို့ လေ့လာရန် ရောက်ရှိနေသော အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ ရခိုင်ပြည်နယ်သို့ နိုဝင်ဘာ(၁၅) ရက်နေ့ သွားရောက်ချိန်တွင် ရခိုင်ဒေသခံ သံဃာနှင့် လူဦးရေ ၈၀,၀၀၀ခန့်က စစ်တွေလေဆိပ်တွင် ဆန္ဒပြ ထုတ်ဖော်ခဲ့ကြောင်းကို ဆန္ဒပြခေါင်းဆောင် ဦးမောင်နုက ပြောကြားကြောင်း မဇ္ဈိမ သတင်းတွင် ဖော်ပြပါရှိသည်။

    အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC သည် ရခိုင်ပြည်နယ်သို့ နိုဝင်ဘာလ ၁၅ရက်က သွားရောက်ချိန်တွင် ရခိုင်ဒေသခံ သံဃာနှင့် လူဦးရေ ၈၀,၀၀၀ခန့်က စစ်တွေလေဆိပ်တွင် စောင့်ဆိုင်းကာ ဆန္ဒထုတ်ဖော်ခဲ့သည်ဟု ဆန္ဒပြခေါင်းဆောင် ဦးမောင်နုက မဇ္ဈိမ ကိုပြောတယ်။

    ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေးကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင်က “သူလည်း လာလေ့လာတာ ဒေသခံတွေလည်း သူ့တို့ဆန္ဒကို လွှတ်လပ်စွာ ထုတ်ဖော်တာ အဓိက,က ဆူဆူပူပူမလုပ်ဖို့လိုတယ်”ဟု မဇ္ဈိမ ဆက်လက်ဖော်ပြထားပါတယ်။

    ဒေသခံ မွတ်စလင်မ် အများစု နေအိမ်စွန့်ခွါပြီး ဒုက္ခသည်စခန်းတွင် သွားရောက်နေထိုင်နေရသော ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ အပြီး စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ် မြို့နယ် အများစုတွင် လူ(၅)ဦးထက် ပိုပြီးမစုဝေးရန်နှင့် ညမထွက်ရအမိန့် ပုဒ်မ(၁၄၄) ထုတ်ပြန်ထားပြီး ယနေ့တိုင် ရုပ်သိမ်းခြင်းမရှိသေးပေ။

    ယနေ့ပြုလုပ်သော ဆန္ဒပြပွဲခွင့်ပြုမိန့်တွင် ပါဝင်ဆန္ဒပြမည့် လူဦးရေ(၅၀၀) ဟု သာခွင့်ပြုထားသော်လည်း လူ(၈၀,၀၀၀) ကျော် ဆန္ဒပြခဲ့ခြင်းဖြစ်ပါတယ်။

  • (၅) ရက်ကြိုတင်ရသည့် ဆန္ဒပြခွင့် အိုင်အိုင်စီကို ဆန္ဒပြရန် (၁)ရက်အတွင်း ပဲခူးတွင် ခွင့်ပြုချက်ရ

    နိုဝင်ဘာ- ၁၅ ၂၀၁၃
    M-Media
    KK

    ဆန္ဒပြခွင့် နည်းပဒေအရ (၅) ရက်ကြိုပြီး ခွင့်ပြုမိန့်တင်ရသော်လည်း အိုအိုစီ ကို ဆန္ဒပြရန် ပဲခူးတွင် (၁)ရက်အတွင်း ခွင့်ပြုမိန့်ကျ

    terrorist-monks-accusing-oic

    နိုင်ငံတော် အစိုးရ၏ ဖိတ်ကြားချက်ဖြင့် အကြမ်းဖက်မှုဖြစ်ပွားရာ ဒေသများကို လေ့လာကြည့်ရှုရန် ရောက်ရှိနေသော အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ကို ပဲခူးမြို့တွင် ကန့်ကွက်ဆန္ဒပြရန် ပြင်ဆင်လျက်ရှိကြောင်းသိရှိရသည်။

    ဆန္ဒထုတ်ဖော်မည့် သူများမှာ ချမ်းမြေ့ဇေယျာ သာမဏေကျော် ဘုန်းကြီးကျောင်းမှ စတင်ပြီး ပြင်စည်ဈေးအထိ လမ်းလျောက်ဆန္ဒထုတ်ဖော်မည်ဟုသိရသည်။

    ဆန္ဒထုတ်ခွင့်နှင့် ပတ်သက်ပြိး ယမန်နေ့က သက်ဆိုင်ရာရဲစခန်းတွင် ယမန့်နေ့ နိုဝင်ဘာ(၁၄) ရက်နေ့က ခွင့်ပြုမိန့်တင်ခဲ့ပြီး ယနေ့ ဆန္ဒပြရန် စီစဉ်ခြင်းမှာ ခွင့်ပြုမိန့်ကို (၁) ရက်အတွင်း ချပေးသည့် သဘောဖြစ်ကြောင်း ပဲခူးမြို့ခံတစ်ဦးက M-Media ကို ပြောပါတယ်။

    “ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်အတွက် သက်ဆိုင်ရာ ရဲစခန်းမှာ (၅) ရက်ကြိုပြီးခွင့်ပြုချက်တောင်းဖို့ ဆန္ဒထုတ်ဖော်ခွင့် ဆိုင်ရာ နည်းဥပဒေမှာ ပြဌာန်းထားပါတယ်။ ပြည်သူအရေးကိစ္စတွေ အတွက် ဆန္ဒပြခွင့် တင်ပြီး ခွင့်ပြုချက်မရဘဲ ဆန္ဒပြခဲ့လို့ ဆန္ဒထုတ်ဖော်တဲ့သူတွေကို  ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ (၁၈) တွေနဲ့  ဖမ်းဆီး ထောင်ချခဲ့တာ နိုင်ငံနှင့်အဝှမ်းပါ။ ဒါပေမယ့် အခု ဆန္ဒပြပွဲကို တော့ (၁)ရက်အတွင်း ခွင့်ပြုမိန့်ထုတ်ပေးလိုက်တယ်ဆိုတော့ မြန်မာနိုင်ငံရဲ့ အုပ်ချူပ်ရေးအာဏာပိုင်တွေ ဥပဒေကို မထီမဲ့မင်ပြုပြီး ထင်ရာစိုင်း ဘက်လိုက် လုပ်ဆောင်နေတာ သိသာထင်ရှားနေတယ် ” လို့ ပဲခူးမြို့ခံက ပြောကြားခဲ့ပါတယ်။

    ဓါတ်ပုံအညွန်း- ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် အိုအိုင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ မြင်ကွင်း

  • မြန်မာပြည်၏ လူမျိုးဘာသာခွဲခြားမှု အကြမ်းဖက်ခြင်းများကြောင့် ကမ္ဘာက စိတ်ပျက်ခဲ့ရဟု ဘီလ်ကလင်တန်ပြော

    နိုဝင်ဘာ ၁၄၊၂၀၁၃
    M-Media
    Myanmar Bill Clinton.JPEG-08163

    ရန်ကုန်၊ မြန်မာ (AP)။      ။ရာစုနှစ်ဝက်စစ်အုပ်ချုပ်ရေး နောက်ပိုင်း ဒီမိုကရေစီဖော်ဆောင်ရာတွင်ကြုံရသည့် စိန်ခေါ်မှုများနှင့်စပ်လျဉ်း၍ ကြာသပတေးနေ့၌ နိုင်ငံရေးနှင့်လူထုခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးစဉ် မြန်မာနိုင်ငံ၌ အသစ်တဖန်ဖြစ်ပေါ်လာသော လူမျိုးဘာသာခွဲခြားမှု အကြမ်းဖက်ခြင်းများသည် ကမ္ဘာကို စိတ်ပျက်စေသည်ဟု အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်မှ  ပြောကြားလိုက်သည်။

    ဗုဒ္ဓဘာသာဝင်အများစုပါဝင်သည့် လူဦးရေ သန်း ၆၀ ရှိနိုင်ငံ၌ မွတ်စ်လင်မ်များ အပေါ် လူများစွာတို့မှ ဦးတည် တိုက်ခိုက်နေခြင်းကို ကြိုးစားရှောင်ဖယ်ဖို့ လိုအပ်သည်။ ၂၀၁၁ ခုနှစ်အစောပိုင်း သမ္မတ ဦးသိန်းစိန်မှ အရပ်သားတစ်ပိုင်း အစိုးရဖွဲ့စည်းပြီး များမကြာမြင့်မီမှာပင် နိုင်ငံရေးနှင့် စီးပွားရေး အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သလို လူနည်းစု မွတ်စ်လင်မ်တို့အပေါ် အရိုးစွဲနေသည့် အငြိုးအတေးများလည်း ပွင့်အံပေါ်လွင်လာခဲ့သည်။

    ယမန်နှစ်က ဓားရှည်တရမ်းရမ်း တုတ်ထမ်းကာ လိုက်လံအမဲဖျက်ခဲ့ကြသည့် ဗုဒ္ဓဘာသာ လူရမ်းကားအုပ်စုကြောင့် လူပေါင်း ၂၄၀ ထက်မနည်း သတ်ဖြတ်ခံရပြီး နှစ်သိန်း လေးသောင်းမျှ အိုးအိမ်စွန့်တိမ်းရှောင်ခဲ့ကြရသည်။ အများစုမှာ မွတ်စ်လင်မ်များဖြစ်ကြသည်။ လုံခြုံရေး တပ်ဖွဲ့ဝင်တို့သည် ရပ်ကြည့်နေခဲ့သည်သာမက အချို့ပြဿနာများ၌ အားပေးအားမြှောက်ပြုခဲ့ကြသော်လည်း ၄င်းတို့မည်သူတစ်ဦးမျှ အရေးယူခြင်း မခံရသေးချေ။ ၄င်းအပြင် ပြည်သူအများစု အပါအ၀င် အာဏာပိုင်တို့ကလည်း ထူးခြားစွာ နှုတ်ဆိတ်လျက်ရှိနေကြသည်။

    မြန်မာအတွက် ကမ္ဘာမှ ရတက်မအေးဖြစ်နေကြောင်းကို ကလင်တန်မှ “ ကောင်းသတင်းမှန်သမျှကို တစ်ကမ္ဘာလုံးက ကောင်းချီးသြဘာပေးကြသလို ခွဲခြားမှုဆိုင်ရာအကြမ်းဖက်မှုကို ဖတ်ရှုသိရှိရတဲ့အခါတိုင်းမှာလည်း စိတ်ပျက်မှုဖြစ်လေ့ရှိကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာမြေရဲ့နေရာတိုင်းမှာ မိမိတို့ရဲ့မတူကွဲပြားမှုများကို အကြောင်းပြုပြီး တစ်ဦးကိုတစ်ဦး အပြန်အလှန် သတ်ဖြတ်တိုက်ခိုက်နိုင်အောင် လူတွေကို အသုံးချနေကြလို့ပါပဲ ” ဟု ပြောဆိုခဲ့သည်။

    တစ်ချိန်တည်းမှာပင် ကိုယ်ပိုင်သမိုင်းကြောင်း၊ ကိုယ်ပိုင်ရပ်တည်မှုရှိသော မြန်မာနိုင်ငံ၏အနေအထားမှာ ထူးခြားကြောင်း ကလင်တန်မှ အသိအမှတ်ပြုခဲ့သည်။ မိမိ၏သမ္မတသက်တမ်းအတွင်း ကိုဆိုဗိုနှင့်ဘော့စ်နီးယား၊ ရ၀မ်ဒါ၊ မြောက်ပိုင်းအိုင်ယာလန်၊ အစ္စရေးနှင့်ပါလက်စတိုင်း စသော နိုင်ငံများသည် မိမိတို့၏ ကွဲပြားခြားနားမှုအားဖြင့် ဖရိုဖရဲ ပရမ်းပတာဖြစ်သွားစေသည်ကို ကြုံတွေ့ခဲ့ကြောင်း၊ အချို့မှာ လူတိုင်းရယူအပ်သည့် သင်ခန်းစာများ ဖြစ်ကြောင်း သူမှ ဆိုသည်။

    အမြဲတစေ မှန်ကန်နိုင်သူ မည်သူမျှမရှိ၊ ရှုပ်ထွေးသော ပြဿနာများအား မတူကွဲပြားသောအတွေ့အကြုံ၊ အသိပညာများရှိကြသော အုပ်စုကြီးများကသာလျှင် ဖြေရှင်းနိုင်ကြောင်းကို သူက “ ဒီနိုင်ငံကို တစ်ခါမျှ မရောက်ဖူးသူ၊ ဒီကိုဘယ်တော့မှ မလာရောက်မယ့်သူ၊ ခင်ဗျားတို့ကို အောင်မြင်ဖြစ်ထွန်းစေချင်သူတွေ ဘယ်လောက်ရှိနေလဲဆိုတာ ခင်ဗျားတို့ မသုံးသပ်နိုင်ဘူးလို့တော့ ကျွန်တော် မထင်ပါဘူး ” ဟု ပြောကြားခဲ့သည်။

    Ref:washingtonpost