News @ M-Media

Tag: featured

  • အာဇာနည် ခေါင်းဆောင်ကြီးများ ဂုဏ်ပြုပွဲနှင့် ဆရာကြီး ဦးရာဇတ် (၁၁၅)နှစ်မြောက် အခမ်းအနား ကျင်းပ

    ဇန်န၀ါရီလ ၂၁၊၂၀၁၃
    M-Media
    သတင်း-ပသီဆောင်းနှင်းမှုံ

    U rakak
    ဓါတ်ပုံ-Pathi Zaw Min Tun

    အာဇာနည်အမျိုးသား ခေါင်းဆောင်ကြီးများ ဂုဏ်ပြုပွဲနှင့်ဆရာကြီး ဦးရာဇတ်(၁၁၅)နှစ်မြောက် မွေးနေ့ အခမ်းအနားကို တနင်္ဂနွေနေ့ က ရန်ကုန်မြို့ The Strand Hotel တွင် ကျင်းပ ပြုလုပ်ရာ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ဘာသာပေါင်းစုံမှ ဆရာတော်များ၊နိုင်ငံရေး နယ်ပယ်မှ ခေါင်းဆောင်များ၊သံတမန်များ၊ဆရာကြီး၏ တပည့်သားမြေးများ၊ဆရာကြီးအား ချစ်ခင်လေးစား ကြည်ညှိကြသူ မြန်မာပြည် တလွှားမှ ဧည်သည်တော်များ နှင့် သတင်းမီဒီယာများ တခဲနက် တက်ရောက်အားပေး ဂုဏ်ပြုခဲ့ကြသည်။

    အခမ်းအနားမှူးအဖြစ် ကျင်းပရေးကော်မတီမှ ဥက္ကဌ ဦးသူရ(ဇာဂနာ)က ဆောင်ရွက်ပြီး ကျဆုံးလေပြီသော အာဇာနည် ခေါင်းဆောင်ကြီးများအား ၁မိနစ်ခန့် ငြိမ်သက်၍ မေတ္တာပို့ ဆုတောင်း အလေးပြုခဲ့ကြသည်။ အနုပညာရှင်များ ဖြစ်ကြသော လူရွှင်တော် ဦးအရိုင်း၊ အဆိုတော် ရန်ပိုင်စိုး မစိုးစန္ဒာထွန်းတို့နှင့်အတူ တေးဂီတ ပညာရှင်မျာ မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ် သီဆိုကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။

    ထို အခမ်းအနားတွင် ဆရာကြီး၏စိတ်နေစိတ်ထားကို ထင်ဟပ် ပေါ်လွင်စေမည့် ဗွီဒီယို ပြဇာတ်တစ်ခုကို ခန်းမ တစ်ခုလုံးကို အမှောင်ချကာ ၁၀မိနစ်ခန့် ပြသခဲ့ကြောင်း သိရသည်။

    27

    သီတဂူဆရာတော်၏ ကိုယ်စား ဆရာတော် အရှင် တိက္ခဥာဏ (ကထိက၊ သာသနာ့ဓဇ ဓမ္မာစာရိယ၊ B.A, M.A, သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်) သြ၀ါဒ မိန့်ကြားရတွင် “ဆရာကြီးဦးရာဇတ်တို့ရဲ့ထုံး နှလုံးမူကြကာ သူတို့ရဲ့ လမ်းစဉ်ကို အဆုံးအမကို လိုက်နာကြပြီး တိုင်းပြည်တွင်းမှာ ရှိကြတဲ့ လူမျိုး ဘာသာ အားလုံး ညီရင်းအစ်ကို မောင်ရင်းနှမပမာ တိုင်းပြည်ကောင်းကျိုး၊ မြန်မာ့အကျိုး စုပေါင်း သယ်ပိုးကြပါ။  ငြိမ်းချမ်းသာယာစွာ လက်တွဲနိုင်ကြဖို့ ကရုဏာ ခေါ် ကိုယ်ခြင်းစာတရားနဲ့ ပညာ ရှိကြဖို့လိုတယ်။ သူက ဘယ်ဘာသာ ငါကဘာသာဆိုတဲ့ ခွဲခြားမှုကို အခြေမခံဘဲလူအချင်းချင်း လူလိုမြင်တတ်တဲ့ ကရုဏာတရား ရှိကြရမယ်။ တစ်နိုင်ငံထဲမှာ နေထိုင်ကြသူအချင်းချင်း လက်တွဲသွားကြမယ်ဆိုရင် တို့ရဲ့နိုင်ငံတော် ခေတ်မီဖွံ့ဖြိုး တိုးတက်မယ်။ အာဇာနည်တို့ ဆုံမလမ်းညွှန်ခဲ့တဲ့အတိုင်း ဘာသာလူမျိုးကို အဓိမထားဘဲ တမိတဝမ်းထဲမှ ဖွားသည့် ညီနောင်များပမာ ကြိုးပမ်းတဲ့ အာဇာနည် မျိုးဆက်သစ် ဖြစ်ကြပါစေ။” စသဖြင့် မိန့်ကြားခဲ့ပါသည်။

    ထိုနောက် NLD နာယကကြီးများဖြစ်သော ဦးတင်ဦးနှင့်ဦးဝင်းတင်၊ သိပ္ပံမှူးတင်၊၊ ပါမောက္ခ ဦးခင်မောင်ညွန့်၊  ၈၈ မျိုးဆက် မှခေါင်းဆောင်တစ်ဦး၊ AAPP မှ ကိုတိတ်နိုင် တို့က မိန့်ခွန်းပြောကြားပြီး၊ ဆရာကြီး ဒဂုန်တာရာ၏ ပေးပို့သော သဝဏ်လွှာကို ကိုဒီငြိမ်းလင်းက ဖတ်ကြားခဲ့သည်။

    ထိုနောက် အခမ်းအနားကို ကျင်းပရေးကော်မတီမှ နာယကဖြစ်သူ အလင်းတန်းဂျာနယ်နှင့် ရွှေအမြုတေမဂ္ဂဇင်းမှ အယ်ဒီတာချုပ် ဦးဝင်းငြိမ်းမှ ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

    အခမ်းအနားကျင်းပရေးကော်မတီမှ ဦးတင်မောင်သန်းက“ ဒီပွဲက အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုဖို့ အတွက် ကျင်းပရခြင်း ဖြစ်ပါတယ်။ဆရာကြီးနဲ့ ပတ်သပ်ပြီး အမှတ်ရစရာတွေ၊ တင်ပြစရာတွေ၊တင်ပြထားပြီးတာတွေကို ပြန်လည် ဖော်ထုတ်တာတွေ၊နောက်ထပ် တင်ပြဖို့ ကျန်တာတွေရော အများကြီး ရှိပါတယ်။အဲဒီထဲကနေ အကိုဇာဂနာက ဒီဗွီဒီယို ဇာတ်လမ်းတွဲကိုအဆိုပြုပါတယ်။ဒါလေးက လိုတိုရှင်းနဲ့ ဘာကိုပေါ်လွင်လဲ ဆိုတော့ ဆရာကြီးရဲ့ ဖြတ်ထိုးညဏ်၊စီမံခန့်ခွဲမူ၊စည်းရုံးရေး စွမ်းရည် တကယ့်ဆရာကောင်းပီပီ ကိုယ့်ကျောင်းသား ကိုယ့်ကျောင်း အတွက် ရှေ့ဆုံးကနေ ရဲရဲဝင့်ဝင့် ကိုယ်ကျိုးစွန့်တယ်ဆိုတာကို ဒီဇာတ်လမ်းမှာ ပေါ်လွင်နေပါတယ်။ဆရာကြီးဟာ အာဇာနည် မဖြစ်ခင်ထဲက သူ့မှာ အာဇာနည် စိတ်ဓာတ် အပြည့်အ၀ ရှိတာကို တွေ့ရပါတယ်။ဒါကြောင့် ဒီဇာတ်လမ်းမှတ်တမ်း ဖိနပ်ပြဇာတ်လေးကို ပြသရခြင်း ဖြစ်ပါတယ်”ဟု M-Media သို့ပြောကြားခဲ့သည်။

    ဆရာကြီး ဦးရာဇတ်အဖြစ်ပါဝင် သရုပ်ဆောင်ထားသူ ဦးကျော်ဇေယျ(ရုပ်ရှင်သရုပ်ဆောင်)မှ “ဆရာကြီး နေရမှာ သရုပ်ဆောင်စဉ်က ကျွန်တော်ဆရာကြီး အကြောင်း လေ့လာဖို့ အချိန်အများကြီး မရခဲ့ပါဘူး။စီစဉ်တဲ့ ကိုသန်းထိုက်ရယ်၊ဒါရိုက်တာ ရယ်က ဆရာကြီးရဲ့ အလေ့အထ အပြုအမူလေးတွေကို ပြောပြပေးပါတယ်။ဆရာကြီးက စကားပြောတဲ့အခါ မေးလေးထိုးထိုးပြီး ပြောတတ်တာမျိုးလေး တွေက အစသဖြင့်ပေါ့။ဆရာကြီးရဲ့ အန္မြာ သိက္ခာနဲ့ နေတာ ထိုင်တာ ကြည့်တာ ပြောတာတွေကို ဂရုစိုက် လုပ်ရပါတယ်။ဆရာကြီးရဲ့နေရာမှာ သရုပ်ဆောင်ခွင့်ရတဲ့အတွက် ပြောမပြတက်အောင် ၀မ်းသာဂုဏ်ယူ မိပါတယ်။ကိုယ့်ကို ခေါ်ရိုက်တာကိုပဲ ကိုယ့်စိတ်ထဲမှာ အရမ်းကျေးဇူးတင်နေတာ”ဟု M-Media သို့ပြောကြားခဲ့သည်။

    ဆရာကြီး ဦးရာဇတ်၏သား ဦးတင်မြင့်မှ “အခုလို ဂုဏ်ပြုပွဲ ကျင်းပ ပေးတဲ့အတွက် မိသားစု ကိုယ်စား အရမ်းကျေးဇူးတင် ၀မ်းမြောက်မိပါတယ်။ဒီပွဲ ဖြစ်မြောက်ဖို့ အခက်အခဲတွေ ရှိတဲ့အထဲက အခမ်းအနားကြီး ခုလို ဖြစ်မြောက် အောင်မြင်အောင် ပြုလုပ်ခဲ့တဲ့ အတွက် ကျင်းပရေးကော်မတီနှင့် ပါဝင်ကူညီသူ အားလုံးကို ချီးကျူးမိပါတယ ကျွန်တော်အဖေ အကြောင်းကို ကျွန်တော်တို့ သိပေမယ့် အခုလို လူသိရှင်ကြား ပွင့်ပွင့်လင်းလင်း တင်ပြပေးတဲ့အပေါ် မှာ ကြက်သီးမွှေး ထရလောက်အောင် ဂုဏ်ယူ ၀မ်းမြောက်မိပါတယ်”ဟု M-Media သို့ပြောကြားခဲ့သည်။

    အဆိုတော် ဦးရန်ပိုင်စိုးကလည်း“အခုလို အေးအေးချမ်းချမ်း စည်းစည်းလုံးလုံး နေခွင့် ရတာဟာ မြန်မာပြည်ကြီး လွတ်လပ်ရေး ရထားလို့ပါ။ဒီလို နေခွင့်ရအောင် အသက်စွန့်ပြီး လုပ်သွားတဲ့ ကျေးဇူးရှင်တွေကို အခုလို သီဆိုပြီး အတိုင်းအတွာလေး တစ်ခု အနေနဲ့ ဆပ်ခွင့်ရတာကိုပဲ အရမ်းဝမ်းသာမိပါတယ်။ဆရာကြီးဟာ သူနေထိုင်တဲ့မြန်မာပြည်ကြီးကို ဘယ်လောက်ချစ်ပြီး ဘယ်လောက်ထိ လုပ်ဆောင်သွားလဲဆိုရင် နောက်ဆုံး အသက်ပါ ပါသွားတဲ့ အထိပါပဲ” ဟု M-Media သို့ပြောကြားခဲ့သည်။

    ဦးဝဏ္ဏရွှေမှလည်း “၁၁၅နှစ်မြောက်ဆရာကြီး ဦးရာဇာတ် အခမ်းအနား လုပ်ရခြင်း ရည်ရွယ်ချက်က ဆရာကြီးဟာ အစ္စလာမ် ဘာသာဝင်ထဲက စံပြ နိုင်ငံသားကောင်း တစ်ဦးလိုံ ပြောလိုံရတယ်။သူဟာ ဘာသာရေးလည်း လေးစားတယ်၊နိုင်ငံတာဝန်လည်း ကျေပွန်တယ်၊အခြား ဘာသာဝင် ညီနောင်တွေနဲ့လည်း စံပြ  သဟဇာတ ဖြစ်အောင်နေထိုင်တယ်။ခုခေတ် ကျွန်တော်တို့ အပါအ၀င်အားလုံး အတုယူနိုင်အောင်ပါ။ပြီးတော့ အခုဖြစ်ပေါ်နေတဲ့ အခြေအနေပေါ်မှာ ဘာသာပေါင်းစုံ ချစ်ကြည်ရေးက ရော်တိရော်ရဲ ဖြစ်နေတဲ့ အတွက် ဒီအခမ်းအနား လုပ်ခြင်းအားဖြစ် တစ်ချိန်တုန်းက တိုင်းပြည် အပေါ်မှာ ဘာသာပေါင်းစုံချစ်ခင်ရင်နှီးစွာ နေထိုင်ခဲ့တယ် ဆိုတာကို ပြန်ပြောင်း အောင်းမေ့ သတိရစေလိုတဲ့ အတွက်ဖြစ်ပါတယ်”ဟု M-Media သို့ပြောကြားခဲ့သည်။

     

    ဓါတ်ပုံများကြည့်ရန်။

  • သမိုင်းဟူသည် ဤသို့တည်-၈ [မဂိုမင်းဆက် သမိုင်းအမှန် – အိမ်တွင်းပုန်းတာ အစ္စလာမ်ကြောင့်လား]

    M-Media
    ရဲရင့်သစ္စာ

    ယခုဆောင်းပါးမှာ အစ္စလာမ်သာသနာ နှင့်ပတ်သတ်ပြီး သမိုင်းအလွဲများစွာ ထည့်သွင်းေ၇းသားထားတဲ့ ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့် မူ၇င်းစာအုပ်လင်ခ့် စာအုပ်ကိုဤ ကျမ်းငယ်ပြုစုသူ ရဲရင့်သစ္စာမှ သမိုင်းအမှန်များ ဖြင့် ပြန်လည်ဖြေရှင်းရေးသားသာ စာအုပ်မှ အခန်းဆက်ဖော်ပြချက်ဖြစ်ပါသည်

    Thamine-Hu-the

    မဂိုမင်းဆက် သမိုင်းအမှန်

    သမိုင်းအမှားကြီး နောက်တစ်ချက်ကိုတင်ပြရမယ် ဆိုရင်ဖြင့်- မဂိုမင်းဆက်တွေ အိန္ဒိယကို စိုးစံခဲ့တဲ့ နှစ်အရေအတွက်ပါ။ ဗုဒ္ဓဘာသာမြစ်ဖျားနှင့် သမိုင်းရှုထောင့်စာအုပ် စာမျက်နှာ (၄၉)မှာ မဂို မင်းဆက်တွေဟာ အိန္ဒိယကို နှစ်ပေါင်း (၁၃၀) ခန့်စိုးစံ ခဲ့တယ်လို့ ရေးသားထားပါတယ်။ အမှန် တစ်ကယ် ကတော့ မဂိုမင်း ဘာဘရ် က စလို့ မဂိုနောက်ဆုံးမင်းဆက် ဘဟာဒူရ်ရှားဟ်(၂) အထိ စုစုပေါင်းနန်းစံသက် (၃၃၁) နှစ်ရှိပါတယ်။ မဂိုမင်း ဘာဘရ် လက်ထက် (၁၅၂၆) ကနေ မဂိုမင်း ဩရန်ဇစ်(၁၇၀၇) အထိ တွက်မယ်ဆိုရင်တောင် နှစ်ပေါင်း (၁၈၁) နှစ်ရှိနေပါပြီ။ အဲဒါကြောင့် မဂိုမင်းဆက်တွေဟာ အိန္ဒိယကို နှစ်ပေါင်း (၁၃၀) ခန့်စိုးစံခဲ့တယ် လို့ ရေးသားခြင်း ဟာ သမိုင်းအမှန် နဲ့ ယှဉ်ရင် လွဲမှားကွာဟနေပါတယ်။ (ကိုးကား-The Mughals of India)

    ဗုဒ္ဓဘာသာမြစ်ဖျားနှင့်သမိုင်းရှုထောင့် စာအုပ်စာမျက်နှာ(၅၀)ပါ သမိုင်းအမှားကြီး တစ်ခုကတော့ မဂိုမင်းဩရန်ဇစ်ကို နောက်ဆုံး မင်းဆက်လို့ရေးသားထားပြီး၊ဩရန်ဇစ်မင်းနောက်ပိုင်း အိန္ဒိယနိုင်ငံမှာ မင်းဆက် လုံးဝ ပြတ်ဆဲသွားခဲ့တယ်လို့ ရေးသားထားခြင်းပါဘဲ။ မဂိုမင်းဆက်ရဲ့နောက်ဆုံး မင်းဟာ ဩရန်ဇစ် မင်းလုံးဝ မဟုတ်သလို၊ ဩရန်ဇစ်မင်းနောက်ပိုင်းအိန္ဒိယနိုင်ငံ မှာ မဂိုမင်းဆက်ပြတ် ဆဲသွားခဲ့တာလည်း လုံးဝ မဟုတ်ပါဘူး။ မဂိုမင်းဆက်ရဲ့နောက်ဆုံးမင်းဟာ ဘဟာဒူရ်ရှားဟ်(၂) (ခ) အဗူဇဖရ် စေရာ ဂျုဒ်ဒီးန် မုဟမ္မဒ်ဘဟာဒုရ် ရှားဟ်ဇဖရ် ဖြစ်ပါတယ်။ အဲဒီမင်းကို အင်္ဂလိပ်နယ်ချဲ့ဟာ ၁၈၅၈ ခုနှစ်မှာ ရန်ကုန်မြို့ကို ခေါ်ဆောင်လာပြီး အကျဉ်းချထားခဲ့ပါတယ်။ မဂိုမင်းဆက် ဟာ အဲဒီ မင်းနောက်ပိုင်းမှာ မှ ပြတ်စဲ သွားတာဖြစ်ကြောင်းပါ။

    အိမ်တွင်းပုန်းတာ အစ္စလာမ်ကြောင့်လား

    အိန္ဒိယမှာဟိန္ဒူအမျိုးသမီးတွေဟာ မွတ်စ်လင်မ်မဂိုမင်းတွေ လက်ထက်ကနေစပြီး အိမ်တွင်း ပုန်းတွေဖြစ်သွားတာ မဟုတ်ပါဘူး။ အစ္စလာမ်ဘာသာကလည်း အမျိုးသမီးတွေကို အိမ်တွင်းပုန်း ခိုင်းထားတဲ့ဘာသာ မဟုတ်ပါဘူး။ အစ္စလာမ်ဘာသာရဲ့ သွန်သင်ချက်က အမျိုးသမီးတွေဟာ တစ်စိမ်း အမျိုးသား တွေနဲ့ ဒွေးရောယှက်တင်မနေဖို့၊ ဝတ်စားဆင်ယင်တဲ့ အခါမှာ ခန္ဓာအလှအပကို ဖော်မဝတ်ဖို့၊ အကြောင်းတစ်စုံတစ်ရာ မရှိဘဲ ပြင်ပကိုထွက်ပြီး လမ်းမသလားဖို့စတာတွေပါ။ အကြောင်း တစ်စုံ တစ်ရာရှိရင်တော့ အိနြေ္ဒရှိစွာ ဝတ်ဆင်ပြီး ပြင်ပကို ထွက်ခွင့်ရှိပါတယ်။ တစ်ကယ်တော့ မွတ်စ်လင်မ် အမျိုးသမီးတွေ အတွက် သတ်မှတ်ထားတဲ့ နေထိုင်သွားလာပုံ၊ ဝတ်စားဆင်ယင်ပုံ၊ ပြောဆိုဆက်ဆံပုံတွေဟာ အခြား အခြားသော ဘာသာတွေရဲ့သီလရှင် (သို့) Nuns တွေရဲ့ စည်းကမ်းတွေနဲ့ခပ်ဆင်ဆင်ပါဘဲ။ အခြား ဘာသာတွေနဲ့ အဓိက ကွာတာကတော့ အစ္စလာမ်မှာက မွတ်စ်လင်မ် အမျိုးသမီးတိုင်းဟာ တစ်စိမ်း အမျိုးသားတွေနဲ့ရောနှောမနေဖို့၊ ဝတ်စားဆင်ယင်တဲ့အခါမှာ ခန္ဓာအလှအပကို ဖော်မ ဝတ်ဖို့၊ အကြောင်း တစ်စုံတစ်ရာမရှိဘဲ ပြင်ပကိုထွက်ပြီး လမ်းမသလားဖို့ ပြဋ္ဌာန်း ထားပေမဲ့၊ အခြားဘာသာတွေမှာတော့ အဲဒီလိုစည်းကမ်းဟာ သီလရှင် Nuns လူတန်းစားတစ်ရပ်အတွက်ဘဲ ဖြစ်နေတာပါ။ (ဥပမာ-ခရစ်ယာန်သီလရှင်များ)

    ဟိန္ဒူဘာသာရဲ့ကျမ်း၊ ရိဝေဒ (Rig Veda) ကျမ်းအမှတ် ၈၊ မန္တန် အမှတ် ၃၃၊ အပိုဒ် ၁၉ မှာ အမျိုးသမီးတွေ အနေနဲ့ မိမိရဲ့မျက်လွှာကိုချထားဖို့၊ မိမိအဝတ်အစားနဲ့ ခေါင်းမြီးချုံ က ဖုံးကွယ်ထား တဲ့ အစိတ်အပိုင်းတွေကို မဖော်ဖို့၊ မိမိတို့ရဲ့ခြေထောက်တွေကို ခွဲမထားဖို့(စေ့ထားဖို့) ပြဋ္ဌာန်း ထားပါတယ်။

    ခရစ်ယာန်ဘာသာရဲ့သမ္မာကျမ်း ၊ ကောရိန္တုဩဝါဒစာ (၁)၊ ၁၁း၅၊၆ မှာ “မိန်းမမည်သည်ကား၊ မိမိ ခေါင်းကိုမဖုံးဘဲ ဆုတောင်းသော်၎င်း၊ ပရောဖက် ပြုသော၎င်း၊ မိမိခေါင်းအသရေကိုရှုတ်ချ၏။ ထိုသို့ပြုလျှင် ဆံပင်ရိတ်သည်နှင့်တူ၏။ မိန်းမသည်မိမိ ခေါင်းကိုမဖုံးလျှင် ဆံပင်ကိုဖြတ်စေ။ ဆံပင် ဖြတ်ခြင်း၊ ဆံပင်ရိတ်ခြင်းအရာသည် ရှက်စရာရှိလျှင်ခေါင်းကိုဖုံးစေ။”

    ဟိန္ဒူဘာသာမှာအမျိုးသမီးတွေကို ခြေထောက်တောင် ခွဲမထားဖို့ (ကားမထားဖို့) တားမြစ် ထားတဲ့နောက်တော့ အိမ်တွင်းပုန်းခိုင်းထားသလား မပုန်းခိုင်းထားဘူးလား ဆိုတာကိုတော့ ကိုယ့်ဟာ ကိုယ်သာဆင်ခြင်ကြည့်ပါတော့လို့။ ရိဝေဒကျမ်းဟာ တမန်တော်မုဟမ္မဒ် မမွေးဖွားခင် နှစ်ပေါင်းများစွာ အရင်ကတည်းက ပေါ်ပေါက်ခဲ့တယ်ဆိုတာလောက်ကိုတော့သိမယ်လို့ ယူဆပါတယ် ခင်ဗျား။ ခရစ် ယာန် ဘာသာမှာတော့ အမျိုးသမီးတွေ ဦးခေါင်းကို မဖုံးရင် ဆံပင်ကိုရိတ်လို့တောင်ပြစ်ဒဏ် ပြဋ္ဌာန်း ထားပါသေးတယ်။ အစ္စလာမ် ဘာသာမှာတော့
    အမျိုးသမီးတွေ ဦးခေါင်း မဖုံးရင်၊ အကြောင်းတစ်စုံ တစ်ရာမရှိဘဲ အပြင်ထွက်ရင် အပြစ်ဒဏ်ပေးရတာမျိုး လုံးဝ မရှိပါခင်ဗျား။

    ဆက်ရန်- သမိုင်းဟူသည် ဤသို့တည် [“ဒါကာ” နှင့် “ဓားကာ” အလွဲ- လူတို့သဘာဝ]

    ref

  • သင်္ဃန်းဝတ်သူ တစ်စု ကရင်ပြည်သူများ၏ နိုင်ငံသား အခွင့်အရေးကို ဗြောင်ကျကျ ချိုးဖောက်

    ဇန်နဝါရီ ၂၀ ၂၀၁၃
    M-Media
    နေသစ်ထွန်း

    IMG_20130120_093023
    လူမျိုး၊ဘာသာ၊ သာသနာ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ အမည် ဖြင့် အစ္စလာမ် ဆန့်ကျင်ရေး လုပ်ဆောင်နေသူများ

    ဘားအံမြို့ သရက်တောကျောင်းတိုက်မှ သင်္ဃန်းဝတ် ၇ဦးနှင့် အ၀ါရောင်ဝတ် လူငယ်အမျိုးသား အမျိုးသမီး ၂၀ ဦးပါဝင်သော အဖွဲ့သည် ဘားအံမြို့ မြို့မ ဈေးအပြင်ဘက် ပျံကျ ဈေးတန်း အတွင်းသို့ ၀င်ရောက်ကာ ပြည်သူများ၏ အေးချမ်း လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကားမှုကို ၀င်ရောက်နှောက်ယှက်ခဲ့သည်။

    ဇန်န၀ါရီ ၂၀ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ဘာသာခြား ဆိုင်များတွင် ဈေးဝယ် ခြင်းမပြုရန် ဈေးအတွင်း ၀င်ရောက် လှုံ့ဆော် ခဲ့ပြီး ဈေးဝယ်နေသူ ကရင် လူမျိုးများအား အတင်းအဓမ္မ ပိတ်ပင် ဟန့်တားခဲ့ကြောင်း ဘားအံမြို့ခံ တစ်ဦးက ပြောပါသည်။

    မြို့မဈေး အပြင်ဘက်တန်းရှိ ဆိုင်များမှ ၄င်းတို့လိုအပ်သော ပစ္စည်းများဝယ်ခြမ်းခဲ့သည့် ကရင်လူမျိုး အချို့အား ၀ယ်ယူပြီးသော ပစ္စည်းများကို ဆိုင်ရှင်ထံ ပြန်ပေးအပ်ရန်  ဘုန်းကြီး ၇ ဦးနှင့် အဖွဲ့က အတင်းအဓမ္မ စေခိုင်း ခဲ့ကြသဖြင့် ဈေးဝယ်လာပြည်သူများ စိတ်အနှောက်အယှက် ဖြစ်ခဲ့ကြောင်း ၄င်းမြို့ခံ က ပြောပါသည်။

    အဆိုပါ မြို့မဈေးအပြင်ဘက်တန်းအနီးတွင် ရဲတပ်ဖွဲ့ စခန်းရှိသော်လည်း ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ မည်သို့မျှ တားမြစ်ဟန့်တားပေးခြင်းမရှိဟု ၄င်းမြို့ခံက ပြောပါသည်။

    အာဏာပိုင် အဖွဲ့အစည်းများကဲ့သို့ သင်္ဃန်းဝတ် ထားသူတစ်စုမှ ကရင်ပြည်သူများ လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကားခွင့် မရှိအောင် ပိတ်ပင်ဟန့်တား၊ နှောက်ယှက်နေခြင်း များကြောင့် ကရင်ပြည်သူများ နိုင်ငံသား အခွင့်အရေး ချိုးဖောက်ခံ နေရသော်လည်း ယနေ့အချိန်အထိ  ကရင်ပြည်နယ် အစိုးရမှ သော်လည်း ကောင်း၊ ရဲတပ်ဖွဲ့ ကသော်လည်းကောင်း၊ ဥပဒေနှင့်အညီ ၀င်ရောက်တားဆီး ပိတ်ပင် ပေးခြင်းမရှိခဲ့ချေ။

    နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) အပိုဒ် ၃၄၉ အပိုဒ်ခွဲ (ဂ)နှင့် (ဃ) တို့တွင် ကုန်သွယ်ရောင်းဝယ်ဖောက်ကားမှု ၊ စီးပွားရေး လုပ်ကိုင်မှု များနှင့် ပတ်သက်၍ ဘာသာ၊ လူမျိုးမခွဲခြားပဲ နိုင်ငံသားတိုင်း တူညီသော အခွင့်အရေး ရရှိစေရမည် ဟု တွင် ပြဌာန်းထားသော်လည်း သင်္ဃန်းဝတ် သူတစ်စုမှ ကရင်လူမျိုး ဗုဒ္ဓ ဘာသာဝင် များ၏ နိုင်ငံသားအခွင့်အရေးကို ပေါ်ပေါ်တင်တင် ချိုးဖောက် လျက်ရှိသည်။

    ပြည်နယ်အစိုးရနှင့် ရဲတပ်ဖွဲ့တို့သည် ၄င်းတို့၏ လုပ်ရပ်များကို တားဆီးပိတ်ပင်ပေးခြင်းမရှိ ဆက်လက် မျက်ကွယ်ပြုနေပါက ကရင်ပြည်သူများ၏ နိုင်ငံသား အခွင့်အရေး ချိုးဖောက်မှု တွင် ပါဝင်ပတ်သက်သည်ဟု ယူဆရဖွယ် ရှိကြောင်း ဘားအံ ဒေသခံများက ပြောဆိုကြသည်။

  • ဘားအံမြို့ပေါ်တွင် အစ္စလာမ် ဆန့်ကျင်ရေး ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေ

    ဇန်နဝါရီ ၂၀ ၂၀၁၃
    M-Media
    ဘားအံသား

    IMG_20130120_093023
    လူမျိုး၊ဘာသာ၊ သာသနာ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ အမည် ဖြင့် အစ္စလာမ် ဆန့်ကျင်ရေး လုပ်ဆောင်နေသူများ

    ယနေ့နံနက် (၉း၁၅)ခန့်တွင်ဘားအံမြို့၊ မြို့မဈေးကြီး ပတ်ဝန်းကျင်ရှိဆိုင်များတွင် လူမျိုး၊ဘာသာ၊ သာသနာ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဟူသောစာတန်း ပါတီရှပ်များ ၀တ်ဆင်ထားသည့် လူငယ်အမျိုးသား၊ အမျိုးသမီးတစ်ချို့နှင့် ကိုရင်အရွယ် သံဃာအချို့တို့သည် မွတ်စလင်မ် ဆိုင်များ တွင်ဝယ်ယူအားပေးကြသည့် ဗုဒ္ဓဘာသာဝင်များအား လိုက်လံစစ်ဆေး၍ ပစ္စည်းများပြန်ပေးခိုင်း သည့်ဖြစ်စဉ် တစ်ချို့ဖြစ်ပေါ်ခဲ့သည်။ ဖြစ်စဉ်တစ်ခုမှာ-မွတ်စလင်မ် ဆိုင် တစ်ဆိုင်တွင်သွပ်ပြား ၀ယ်ယူသွားသည့် ကရင်လူမျိုးတစ်ဦးအား ၎င်းအဖွဲ့ဝင်များက တွေ့ရှိသွား၍ ထိုဆိုင်သို့  ပစ္စည်းပြန်အပ်ပြီး မွတ်စလင်မ် မဟုတ်သောဆိုင်တွင်သာ ၀ယ်ယူရန် လက်တွေ့ဆောင်ရွက်မှုကို ထိုပတ်ဝန်းကျင်ရှိ  ဘာသာဝင်အသီးသီးတို့က မြင်တွေ့ခဲ့ကြောင်း သတင်းရရှိပါသည်။

    ဤကဲ့သို့ဆောင်ရွက်ခြင်းမှာဘားအံမြို့အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်ဟုသိရသည်။ ထို့ပြင်ကမ္ဘောဇဘဏ် အနီးတွင်လည်း ၎င်းလူငယ်အစောင့် သုံးဦးချထားပြီး ထိုအနီးအနားရှိ မွတ်စလင်မ် ဆိုင်များတွင် ဈေးဝယ်မည့်သူများအား စောင့်ကြပ်လျှက်ရှိနေကြောင်း သိရှိရသည်။

    ထိုကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိသေးကြောင်း သိရပါသည်။

    ထို့ပြင် ဘားအံမြို့အနီးရှိ ကော့ကျိုက်နှင့်အခြားရွာများတွင် ‘ ဒီစာကိုဖတ်ဖြစ်အောင်ဖတ်ပါ” ဟူသောခေါင်းစဉ်ပေးထားသည့် ရေးသူဖော်ပြမထားသော အစ္စလာမ်ဆန့်ကျင်ရေး စာအုပ်များကို မကြာမီကဖြန့်ချိခဲ့သည်။ထိုစာအုပ်တွင် အစ္စလာမ်နှင့်ပတ်သက်သည့် အချက်အလက်များကို မှားယွင်းစွာဖော်ပြထားပြီး  တမန်တော်မုဟမ္မဒ် အပေါ် စော်ကားထားသည့် အောက်တန်းကျသော အရေးအသားများ ပါဝင်နေကြောင်း ဘားအံမြိုမှ အစ္စလာမ်ဘာသာဝင် တစ်ဥိးမှ M-Media သို့ပြောကြားပါသည်။  ယခင်က ကော့ကျိုက်ရွာမှာ ပတ်ဝန်းကျင်ကျေးရွာများနှင့် အရောင်းအ၀ယ် ကူးလူးဆက်ဆံမှုများ ပုံမှန်ရှိခဲ့သော်လည်း ကန့်သတ်မှုများနောက်ပိုင်းတွင် မိမိတို့ ရွာတွင်သာ ရောင်းဝယ် လုပ်ကိုင်ကြရကြောင်း သိရှိရသည်။

    အဆိုပါဖြစ်စဉ်များအစမှာ ဘာသာမတူသူများနှင့် စီးပွားရေး၊ လူမှုရေးအရ ဆက်ဆံခြင်းမပြုရန် ၊ အိမ်ခြေရောင်းဝယ်ခြင်းမပြုရန် ကရင် ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာ တော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ က ၁၀.၉.၂၀၁၂ နေ့တွင် စည်းကမ်းချက် လေးချက်ပါသော ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ပြီး အမှတ်(၈၁) ဂလိုဘယ်ပို့စ် ဂျာနယ်မှ ယင်းသတင်းကို အောက်တိုဘာ (၁၉)ရက်နေ့၊ ၂၀၁၂ နေ့တွင် မျက်နှာဖုံး သတင်းအဖြစ် ဖေါ်ပြခဲ့သည်။

    မကြာမီ ရက်များက ဘားအံမြို့ မဲဘောင် ကျောင်း တိုက်တွင် ၁.၁၂.၂၀၁၂ ပြုလုပ်သော ကရင် ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ က အစည်း အဝေးမှ  ခွင့်ပြုလာလ ကုန်ဆုံး ပြီး ပြစ်ဒဏ်ပေးမည့် ကာလ ရောက်ရှိလာ၍ ဗုဒ္ဓဘာသာဝင်များထံ သတိပေးနှိုးဆော်လွှာ ထုတ်ပြန်ခဲ့သည်။ ယင်းသတိပေးနှိုးဆော်လွှာတွင် ဘာသာခြားဆိုင်များသို့ ပစ္စည်း သွား ရောက် ၀ယ်ယူပါက ရဟန်းတော်ဖြစ်လျှင် ကျပ်ငွေ ၃၀၀၀၀၀  ၊ လူပုဂ္ဂိုလ်ဖြစ် လျှင် ကျပ်ငွေ ၁၀၀၀၀၀ ပြစ်ဒဏ် ချမှတ်မည် ဟု ဖော်ပြထားသည်။

    pahan

    Pa Aan_ Kayin_State
    ဘာသာခြားဆိုင်မျာသို့ ပစ္စည်း သွား ရောက် ၀ယ်ယူပါက ရဟန်းတော်ဖြစ်လျှင် ကျပ်ငွေ ၃၀၀၀၀၀ ၊ လူပုဂ္ဂိုလ်ဖြစ် လျှင် ကျပ်ငွေ ၁၀၀၀၀၀ ပြစ်ဒဏ် ချမှတ်မည်
  • “ငါ့မှာ မျှော်လင့်ခြင်း အိပ်မက် တစ်ခုရှိတယ်” မာတင်လူသာကင်း (ဂျူနီယာ)

    M-Media

    မာတင်လူသာကင်း (ဇန်နဝါရီ ၁၅၊ ၁၉၂၉ – ဧပြီ ၄၊ ၁၉၆၈) ဟာ အာဖရိကန်-အမေရိကန် နိုင်ငံသား အခွင့်အရေး လှုပ်ရှားမှုမှာ ထင်ရှားတဲ့ခေါင်းဆောင် ခရစ်ယာန်ဘုန်းတော်ကြီး တစ်ပါးဖြစ်ပါတယ်။ သူဟာ အကြမ်းမဖက်တဲ့နည်းနာတွေနဲ့ နိုင်ငံသားအခွင့်အရေး တိုးတက်ရရှိရေး လှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့သူဖြစ်တယ်။

    ၁၉၅၅ ခုနှစ်မှာ မောင်ဂိုမာရီ ဘတ်စ်ကား သပိတ်မှောက်မှုကို ဦးဆောင်ခဲ့ပါတယ်။ ၁၉၅၇ ခုနှစ်မှာ Southern Christian Leadership Conference (SCLC) ကိုဖွဲ့စည်းခဲ့ပြီး၊ အဲဒီအဖွဲ့အစည်းရဲ့ ပထမဆုံး ဥက္ကဌအဖြစ်ဆောင်ရွက် ခဲ့ပါတယ်။ တဖန် သူဟာ ၁၉၆၃ ခုနှစ် မတ်လ၊ ဝါရှင်တန် လူထုဆန္ဒပြပွဲကြီးကိုလည်း ဦးဆောင်ခဲ့ပြန်တယ်။ အဲဒီ လူထု ဆန္ဒပြပွဲကြီးမှာဘဲ သူ့ရဲ့သမိုင်းဝင် “I Have a Dream” ဆိုတဲ့ မိန့်ခွန်းပြောခဲ့တာဖြစ်ပါတယ်။ ၁၉၆၄ ခုနှစ်အောက်တိုဘာလမှာတော့ မာတင်လူသာကင်းဟာ ငြိမ်းချမ်းရေးနိုဗဲလ်ဆုကို ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ ဆင်းရဲမှု နဲ့ ဗီယက်နမ် စစ် ဆန့်ကျင်ရေးတွေအပေါ် အာရုံစိုက်လာပါတယ်။ ၁၉၆၇ ခုနှစ်မှာ “Beyound Vietnam” ဆိုတဲ့ မိန့်ခွန်းပြောခဲ့ပါတယ်။ ဆက်လက်ပြီး ဆင်းရဲသားများ လှုပ်ရှားမှုလုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ ၁၉၆၈ ခုနှစ် ဧပြီလ ၄ ရက်နေ့မှာ တဲန်နာဆီပြည်နယ် မဲမ်ဖီစ်မြို့မှာ မာတင်လူသာကင်းဟာ လုပ်ကြံ သတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။ ၎င်း သေဆုံးပြီးနောက် ၁၉၇၇ ခုနှစ်မှာ ၎င်းအား သမ္မ္မတ မှ လွတ်လပ်မှုဆိုင်ရာ ဆုတံဆိပ်ကို ချီးမြှင့်ခဲ့ပြီး၊ ၂၀၀၄ ခုနှစ်မှာ ကွန်ဂရက်ဆိုင်ရာ ရွှေတံဆိပ်ဆုကို ချီးမြှင့်ခဲ့ပါတယ်။ မာတင်လူသာကင်းကို ဂုဏ်ပြုတဲ့အနေနဲ့ မာတင်လူသာကင်းနေ့ ကို အမေရိကန် နိုင်ငံတဝှမ်း အားလပ်ရက်အဖြစ်သတ်မှတ်ထားပါတယ်။

    မာတင် လူသာကင်းရဲ့ “ငါ့မှာ မျှော်လင့်ခြင်း အိပ်မက် တစ်ခုရှိတယ်” မိန့်ခွန်း

    မာတင်လူသာကင်း(ဂျူနီယာ)

    သြဂုတ်လ ၂၈ ရက်၊ ၁၉၆၃ ခုနှစ်။

     

    Civil rights leader Martin Luther King waves to a crowd estimated at 250,000 during his speech on the Mall in Washington DC during the ''March on Washington'' on Aug. 28, 1963. As he spoke, King envisioned a future of racial equality with his ''I Have a Dream'' speech. (AFP)
    Civil rights leader Martin Luther King waves to a crowd estimated at 250,000 during his speech on the Mall in Washington DC during the ”March on Washington” on Aug. 28, 1963. As he spoke, King envisioned a future of racial equality with his ”I Have a Dream” speech. (AFP)

    ဒီကနေ့ ကျွန်ုပ်တို့နိုင်ငံ လွတ်လပ်မှုအတွက် သမိုင်းကြောင်း တလျောက်လုံး စီးဆင်းသွားမဲ့ အကြီးမားဆုံး ဆန္ဒ ထုတ်ဖော်ပွဲမှာ ခင်ဗျားတို့နဲ့ လက်တွဲပါဝင်ရတဲ့ အတွက် နှစ်ထောင်းအားရဖြစ်မိပါတယ်။

    လွန်ခဲ့တဲ့နှစ်တစ်ရာတုန်းက ကြီးမားတဲ့အရိပ်လက္ခဏာဆောင်တဲ့ အမေရိကန်လွတ်လပ်ရေးကြေငြာချက် လက်မှတ်ရေးထိုးရေးဘက်မှာ ကျွန်ုပ်တို့ရပ်တည်ခဲ့ကြတယ်။ အဟုန်ပြင်းတဲ့ ဒီကြေငြာချက်ဟာ ဆိုးရွားလှတဲ့ တရားမမျှတမှု မီးကြီးလောင်မြိုက်ခံနေရတဲ့ သန်းပေါင်းများစွာသော နီဂရိုး ကျေးကျွန်တွေအတွက် မျှော်လင့် ချက်မီးရှူးတန်ဆောင်ကြီး ဖြစ်ခဲ့တာပေါ့။ ဒီစာချုပ်ဟာ ရှည်လျားလှတဲ့ အမှောင်ထုလှောင်အိမ်ကြီးကို ဖြိုခွင်းပစ်လိုက်တဲ့ ပျော်ရွှင်စရာ အာရုဏ်ဦးကြီးဖြစ်တယ်။

    ဒါပေမဲ့ နှစ်တရာကြာတဲ့အခါမှာတော့  နီဂရိုးတွေ မလွတ်မြောက်သေးဘူးဆိုတာ ကျွန်ုပ်တို့ဝမ်းနည်းစွာ တွေ့ကြုံ ကြရတယ်။ နှစ်တရာကြာတဲ့အခါ သီးသန့်ခွဲပြီး အနှိမ်ခံထားတာတွေ၊ ကွင်းဆက်လိုက်ပြီး မဆုံးနိုင်တဲ့ နှိမ်ချခွဲခြားမှု တွေကြောင့် နီဂရိုး တွေဘဝဟာ ခြေလက်တွေလှုပ်မရအောင် ထိန်းချုပ်ထားသလို ဝမ်းနည်ဖွယ်ရာ ထိခိုက်ပျက် စီးနေရတယ်။ နှစ်တစ်ရာကြာတဲ့ အခါ နီဂရိုးတွေဟာ ရုပ်ဝတ္ထုကြွယ်မှု ဆိုတဲ့သမုဒ္ဒရာကြီး ဝန်းရံထားတဲ့၊ အထီးကျန် ဆင်းရဲမှု ကျွန်းကလေးမှာနေ နေကြရပြန်တယ်။ နှစ်တရာကြာတဲ့ အခါ နီဂရိုး တွေကို အမေရိက လူ့အဖွဲ့အစည်း ရဲ့ဒေါင့်တနေရာမှာချောင်ထိုးခံထားရတယ်။ ကိုယ့်တိုင်းပြည်အတွင်းမှာ ပြည်နှင်ဒဏ်ခံနေကြရတယ်။ ဒါကြောင့် ဒီ စိတ်ပျက်ဖွယ်ရာ အခြေအနေဆိုးကို ထုတ်ဖေါ်ပြသဖို့ ကျွန်ုပ်တို့ ဒီကနေ့ ဒီ နေရာမှာ စုရုံးကြတာဖြစ်တယ်။

    သဘောကတော့ ချက်လက်မှတ်တစ်စောင်ကို ငွေသားနဲ့လှဲဖို့မြို့တော်ကို တက်လာကြတာဖြစ်တယ်။ ကျွန်ုပ်တို့ နိုင်ငံကိုတည်ဆောက်ခဲ့ကြတဲ့ ဗိသုကာကြီးတွေဟာ အခြေခံဥပဒေနဲ့ လွတ်လပ်ရေးကြေငြာစာတမ်းကို ခန့်ညား ထယ်ဝါတဲ့ စကားလုံးတွေနဲ့ ရေးစဉ်တုန်းက အမေရိကန်နိုင်ငံသားတိုင်း အကျုံးဝင်စေရမယ်ဆိုတဲ့ ကတိစာချုပ်ကို သူတို့ လက်မှတ်ရေးထိုးခဲ့ကြတယ်။ ဒီစာချုပ်ဟာ ပြောင်းလဲလို့မရတဲ့ အသက်ရှင်ရပ်တည်မှု အခွင့်အရေး၊ လွတ်လပ်မှုနဲ့ ပျော်ပျော်ရွှင်ရွှင်ဘ၀လမ်းကြောင်းနိုင်ဖို့ အခွင့်အရေးတွေကို အာမခံကြောင်း နိုင်ငံသားအားလုံးကို ကတိပြုတဲ့ စာချုပ် တရပ်ဖြစ်တယ်။

    ဒီကနေ့ အမေရိကနိုင်ငံကြီးဟာ အသားအရောင်မတူတဲ့သူ့ နိုင်ငံသားတွေအပေါ်မှာ ဒီကတိစာချုပ်အရ ပေးစရာရှိတာတွေ ပေးရမှာပျက်ကွက်နေတာ သိသာထင်ရှားလှပါတယ်။ အမေရိကန်နိုင်ငံကြီးဟာ ဒီမြင့်မြတ်လှတဲ့ တာဝန်ဝတ္တရားကြီးကို ဆောင်ရွက်ပေးရမဲ့အစား နီဂရိုးတွေကို “ငွေအလုံအလောက်မရှိပါ” ဆိုတဲ့ မှတ်ချက်နဲ့ ငွေထုတ်သူဆီပြန်၊ ပြန်ရောက်လာတတ်တဲ့ bad check ကိုပေးတာဘဲဖြစ်တယ်။

    ဒါပေမဲ့ တရားမျှတမှုတည်းဟူသော ဘဏ်ကြီးဟာ မွဲပြာကျနေတယ်ဆိုတာ ကျွန်ုပ်တို့မယုံကြည်နိုင်ဘူး။ ဒီနိုင်ငံကြီးရဲ့ အခွင့်အလမ်းတွေ အင်မတန် ပေါကြွယ်တဲ့မြေ တိုက်ခန်းထဲမှာ  ငွေကြေး မလုံလောက်ဘူးဆိုတာ ကျွန်ုပ်တို့ မယုံကြည် နိုင်ဘူး။ ဒါကြောင့် ဒီချက်လက်မှတ်ကြီးကို ငွေသားနဲ့လှဲလှယ်ဖို့လာခဲ့ကြတာပါ။ ဒီချက်လက်မှတ်ကြီးဟာ လွတ်လပ်မှု ကျယ်ကျယ်ပြန့်ပြန့်ရရေး၊ တရားမျှတမှုတွေအာမခံချက်ရှိရေးဆိုတဲ့ ကျွန်ုပ်တို့ရဲ့တောင်းဆိုချက်တွေကိုပေးမဲ့ ချက်လက်မှတ်ကြီးဖြစ်တယ်။ ထို့အတူဘဲ ကျွန်ုပ်တို့ဟာ အမေရိကန်ပြည်ထောင်စုကြီးကို ထက်ထက်သန်သန် သတိ ပေးနှိုးဆော်ဖို့အတွက် ဒီနေရာကိုရောက်လာခြင်းလည်းဖြစ်တယ်။ အခုအချိန်ဟာ ပျားရည်နဲ့ဝမ်းချလို့ရမဲ့အချိန် မဟုတ်တော့ဘူး။ အခုအချိန် ဟာ ခွဲခြားခံရမှုအမှောင်ထုတွင်းထဲမှ တရားမျှတမှုတည်းဟူသော အလင်းရောင်လမ်းကြောင်းဆီကို ချီတက်ရန် နှိုးထဖို့အချိန်ရောက်ပြီ။ အခွင့်အလမ်းတံခါးမကြီးကို ဘုရားသခင်ရဲ့ ကလေးတွေအားလုံးအတွက် ဖွင့်ဖို့အချိန်ရောက်ပြီ။ အခုအချိန်ဟာ ကျွန်ုပ်တို့နိုင်ငံကို လူမျိုးရေး တရားမမျှတမှု သဲဗွက်အနေအထားကနေ ခိုင်မာတဲ့ ညီအစ်ကိုတော် ကျောက်တုံး အနေအထားမျိုး ရောက်အောင်ဆောင်ရွက် ဖို့အချိန်တန်ပြီဖြစ်တယ်။

    အရေးကြီးတဲ့ကာလကို လစ်လျူရှု့မယ်ဆိုရင်၊ နီဂရိုးတွေရဲ့ ဆုံးဖြတ်ချက်ကို လျော့တွက်မယ်ဆိုရင်၊ တိုင်းပြည်အ တွက် ကံဆိုးမိုးမှောင်ကျလိမ့်ပါမယ်။ လွတ်လပ်ခြင်း၊ ညီမျှခြင်းတွေနဲ့အတူ လန်းဆန်း တက်ကြွတဲ့ဆောင်းဦးရာသီ တခုကို မရောက်မချင်း   နီဂရိုးတွေရဲ့သဘာဝကျလှတဲ့ ပူပြင်းတဲ့ အခဲမကျေနွေရာသီကြီးဟာ ဆက်လက်တည် ရှိနေဦးမှာဘဲ။ ၁၉၆၃ ခုနှစ်ကြီးဟာ နိဂုံးမဟုတ်သေးဘူး။ နိဒါန်းသာဖြစ်တယ်။ နီဂရိုးတွေကိုချွေးသိပ်ထားဖို့လို အပ်တယ်၊ ဒါဆိုသူတို့ကျေနပ်သွားမယ်လို့ လို့မျှော်လင့်တဲ့သူတွေဟာ တိုင်းပြည်ရဲ့လုပ်ငန်းတွေ ခါတိုင်းလိုပြန် လည် လည် ပတ်လာတဲ့အခါကျရင် သတိပြုမိကြလိမ့်မယ်။ နီဂရိုးတွေကို နိုင်ငံသားအခွင့်အရေး မပေးသမျှ အမေရိကန်မှာ အေးဆေး၊ တည်ငြိမ်မှုရှိမှာမဟုတ်ဘူး။ တရားမျှတမှုပေါ်ပေါက်လာတဲ့နေ့အထိ လေပွေကြမ်းကြီးက ကျွန်ုပ်တို့ နိုင်ငံရဲ့ အခြေခံအုတ်မြစ်ကို ကိုင်လှုပ်နေဦးမှာဖြစ်တယ်။

     

    ဒါပေမဲ့ တရားမျှတမှုနန်းတော်ရဲ့ လှေကားရင်းမှာရောက်နေကြပြီဖြစ်တဲ့ ကျွန်ုပ်ရဲ့လူတွေကိုပြောဖို့ တစုံတရာတော့ ရှိပါတယ်။ ကျွန်ုပ်တို့မှန်ကန်တဲ့နေရာကိုရဖို့ဆောင်ရွက်ရာမှာ စိတ်စနိုးစနှောင့်ဖြစ်စရာဘာမှမလိုဘူး။ ကျွန်ုပ်တို့ ဆာ လောင်ငတ်မွတ်နေတဲ့ လွတ်လပ်မှုကြီးအတွက် ခါးသီးမှုတွေ၊ အမုန်းတရားစိတ်တွေကိုတော့ မမွေးလိုက်ကြပါနဲ့။

    ကျွန်ုပ်တို့ရဲ့ ရုန်းကန်တိုက်ပွဲဝင်မှုကို ဂုဏ်သိက္ခာရှိရှိ၊ စည်းကမ်းရှိရှိနဲ့ ဆောင်ရွက်သွားကြရမှာဖြစ်တယ်။ ကျွန်ုပ်တို့ ရဲ့ကန့်ကွက်ဆန္ဒပြမှုတွေကို ရုပ်ပိုင်းအကြမ်းဖက်မှု အသွင်ဖြစ်သွားအောင် လုပ်ဆောင်တာမျိုးကို ခွင့်မပြုဘူး။ ကျွန်ုပ်တို့ တင့်တယ်လှတဲ့ ရုပ်ပိုင်းဆိုင်ရာအားတွေကို စိတ်ပိုင်းဆိုင်ရာအားတွေရဲ့ အထောက်အတိုင်နဲ့ မြင့်သ ထက်မြင့်ဖို့ ထပ်ခါတလဲ လဲ မြှင့်တင် သွားကြရမယ်။ နီဂရိုးလူ့အဖွဲ့အစည်းကို ထူးထူးခြားခြား ဝါးမျိုးလာနေတဲ့ ရန်လိုမှုတွေကြောင့်  ကျွန်ုပ်တို့တွေဟာ လူဖြူတွေ အားလုံးကို အယုံအကြည် ကင်းသွားတာ မျိုးလည်းမဖြစ်သင့်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့နဲ့အတူ ဒီမှာရောက်ရှိနေကြတဲ့ ကျွန်ုပ်တို့ရဲ့ညီအစ်ကိုတော် လူဖြူတွေဟာ သူတို့ရဲ့ဘဝနဲ့ ကျွန်ုပ်တို့ရဲ့ဘဝဟာ တထပ်တည်းဘဲ၊ ဆိုတာနားလည်ကြတယ်။ သူတို့ရဲ့လွတ်လပ်မှုနဲ့ ကျွန်ုပ်တို့ ရဲ့လွတ်လပ်မှု ခွဲခြားလို့မရဘူးဆိုတာလည်း သူတို့ သဘောပေါက် နားလည်ကြတယ်။ ဒါ သက်သေပါဘဲ။ ကျွန်ုပ်တို့ ချည်းသက်သက်ဘဲ သွားလို့မရပါဘူး။

    ကျွန်ုပ်တို့ချီတက်သွားတဲ့အခါ ရှေ့ကိုသာတူရူပြီး ဆက်လက်သွားကြမယ်လို့ သံန္နိဌာန် ချထားရမယ်။ ကျွန်ုပ်တို့ နောက်ပြန်လှည့်လို့ မရဘူး။ နိုင်ငံသားအခွင့် အရေးကိုထောက်ခံသူတွေ မေးကြတာရှိတယ်။ “ခင်ဗျားတို့ ဘယ်တော့ကျေနပ်မှာလဲ”တဲ့။ ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ် လေးလေးပင်ပင် နွမ်းနွမ်းလျလျ ခရီးသွားနေရမျှ၊ အဝေးပြေးလမ်းမပေါ်က မော်တယ်တွေမှာ၊ မြို့တွေထဲက ဟော်တယ်တွေမှာ တည်းခိုခွင့်မရသမျှ၊ ကျွန်ုပ်တို့ ကျေနပ်မှာမဟုတ်ဘူး။ နီဂရိုးတွေ စုတ်စုတ်ပြတ်ပြတ် တဲဂုတ်တွေထဲ ကနေ အိုးအိမ်ကြီးတွေဆီကို ပြောင်းရွေ့နိုင်ခွင့် မရသမျှ ကျွန်ုပ်တို့ ကျေမှာမဟုတ်ဘူး။ မစ္စစပိက နီဂရိုးတစ်ယောက် မဲ ပေးခွင့်မရသမျှ၊ နယူးယောက်က နီဂရိုးတစ် ယောက်ဟာ သူ့မှာ မဲပေးနိုင်ဖို့ ဘာမှမရှိဘူး လို့ယုံကြည်နေသေးသမျှ ကျွန်ုပ်တို့ ဘယ်တော့ကျေနပ်မှာ မဟုတ်ဘူး။ မကျေနပ်ဘူး…မကျေနပ်ဘူး။ ကျွန်ုပ်တို့ မကျေနပ်ကြပါဘူး။ တရားမျှတမှု ရေစီးကြောင်းဟာ သမာဓိ ဆိုတဲ့ ချောင်းမကြီးထဲကို မစီးဝင်သမျှ ကျွန်ုပ်တို့ကျေနပ်မှာမဟုတ်ဘူး။

    တချို့သူတွေဟာ စမ်းသပ်မှုတွေ၊ ဒုက္ခဗျာပါဒတွေ့ရင်ဆိုင်ရင်း ဒီကိုလာကြတယ်ဆိုတာ ကျွန်တော်သတိပြု မိပါတယ်။ တချို့တွေက အချုပ်ခန်းကျဉ်းထဲကထွက်လာရလို့ လန်းဆန်းလာကြတယ်။ တချို့တွေက လွတ်လပ်မှု တောင်းဆိုလို့ ငြင်းပန်းနှိပ်စက်ကလူ ပြုနေတဲ့ မုန်တိုင်းကြီးရဲ့ အထုအထောင်းကြားကလာကြရတယ်။ တချို့တွေက ပုလိပ်တွေရဲ့ လူမဆန်တဲ့လုပ်ရပ်ကို ရှောင်ကွင်းလာကြရတယ်ဆိုတာကို ကျွန်တော်သတိပြုမိပါတယ်။ ခင်ဗျားတို့တတွေဟာ ဒုက္ခခံစားရတဲ့နေရာမှာတော့ ကျင်လည်နေတဲ့ သူတွေပါပဲ။ မတရားသဖြင့် ဒုက္ခခံစားခြင်းဟာ အကောင်းဘက်ကို ဦးတည်စေတယ်ဆိုတဲ့ ယုံကြည် ချက်နဲ့ ဆက်လုပ်ကြပါ။

    ဒီအခြေအနေတွေဟာ ပြောင်းလဲနိုင်တယ်၊ ပြောင်းလဲသွားမယ်ဆိုတဲ့ အသိတွေနဲ့ မစစ္စစပီကို ပြန်သွားကြပါ၊ အလာဘားမားကိုပြန်သွားကြပါ၊ ဂျော်ဂျီယာကိုပြန်သွားကြပါ၊ လူစီယားနားကိုပြန်သွားကြပါ၊ မြောက်ပိုင်းမြို့တော် ဆင်းရဲသားရပ်ကွက်တွေဆီက တဲစုတ်တွေဆီပြန်သွားကြပါ။ စိတ်ကုန်တာစိတ်ပျက်တာတွေ မဖြစ်ကြပါနဲ့။

    မိတ်ဆွေအပေါင်းတို့ ဒီကနေ့ ကျွန်တော် ခင်ဗျားတို့ကိုပြောမယ်။ ဒီကနေ့ကာလဟာ စိတ်ပျက်စရာတွေ၊ အခက်အခဲ တွေရှိပေမဲ့လည်း ကျွန်တော့်မှာ မျှော်မှန်းချက် တရပ်ရှိနေစဲဘဲဆိုတာ ခင်ဗျားတို့ကိုပြောချင်ပါတယ်။ ဒါဟာ အမေရိ ကန် မျှော်မှန်းချက်ထဲမှာ နက်နက်နဲနဲ အမြစ်တွယ်နေတဲ့ အိပ်မက်လည်းဖြစ်တယ်။

    တနေ့ကျရင် ဒီနိုင်ငံမှာ ဓမ္မတရား အဓိပ္ပါယ်အစစ်အမှန်ပေါ်ထွန်းမယ်ဆိုတဲ့ မျှော်မှန်းချက်တရပ် ကျွန်တော့မှာရှိတယ်။ “လူတွေကို အညီအမျှ ဖန်ဆင်းထားပေးတယ်ဆိုတဲ့ အမှန်တရားကို ကျွန်ုပ်တို့ ကိုယ်ပိုင် သက်သေအဖြစ် လက်ဆုပ်လက်ကိုင် ထားကြတယ်။”

    တနေ့ကျရင် ဂျော်ဂျီယာတောင်ကုန်းနီတွေပေါ်မှာ ကျွန်ဟောင်းတွေရဲ့သားသမီးတွေနဲ့၊ ကျွန်ပိုင်ရှင်ဟောင်းတွေရဲ့ သားသမီးတွေ ညီအစ်ကိုတော်စားပွဲဝိုင်းမှာ အတူထိုင် စားသောက်ကြမယ်ဆိုတဲ့မျှော်မှန်းချက်တရပ် ကျွန်တော့မှာရှိ တယ်။

    တနေ့ကျရင် တရားမမျှတမှု နဲ့ ဖိနှိပ်မှု အပူမီးတွေလောင်ကျွမ်းနေတဲ့ ကန္တာရလို မစ္စစပီပြည်နယ်မှာတောင်မှ လွတ်လပ်တဲ့ တရားမျှတဲ့ အိုအေစစ်တခု အဖြစ်ကိုပြောင်းလဲ သွားမယ်ဆိုတဲ့ မျှော်မှန်းချက် တရပ်ကျွန်တော့်မှာရှိ တယ်။

    တနေ့ကျရင် ကျွန်တော့်သားသမီးလေးယောက်ဟာ အသားအရောင်ပေါ်အခြေခံမဘဲ အကြောင်းအချင်းအရာ လက္ခဏာပေါ်မှာသာအခြေခံပြီး တရားစီရင် ဆုံးဖြတ်တဲ့ နိုင်ငံမှာ နေထိုင်ကြလိမ့်မယ်ဆိုတဲ့ မျှော်မှန်းချက်တရပ် ကျွန်တော့် မှာရှိတယ်။

    ဒီကနေ့ ကျွန်တော့မှာတော့ မျှော်လင့်ခြင်း အိပ်မက်တစ်ခု ရှိနေပါတယ်။

    တနေ့ကျရင် အလာဘားမားပြည်နယ်မှာ၊  ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ နုတ်ဖျားက ငြင်းချက်စကားလုံးတွေ၊ ပယ်ဖျက် လိုက်ပြီဆိုတဲ့စကားလုံးတွေ ရွှမ်းရွှမ်းဝေနေတဲ့ အဲဒီပြည်နယ်မှာ လူမည်းယောင်္ကျားလေး၊ မိန်းခလေးတွေဟာ လူဖြူ ယောင်္ကျားလေး၊ မိန်းခလေးတွေနဲ့ ညီရင်းအစ်ကို မောင်ရင်းနှစ်မတွေလို လက်ချင်းချိတ်ပြီးလမ်းလျှောက်ကြမဲ့ အခြေအနေမျိုးပြောင်းလဲသွားမယ်ဆိုတဲ့ မျှော်မှန်းချက်တရပ် ကျွန်တော့် မှာရှိတယ်။

    ဒီကနေ့ ကျွန်တော့်မှာ မျှော်မှန်းချက်တရပ်ရှိတယ်။

    တနေ့ကျရင် ချိုင့်ဝှမ်းတိုင်းမြှင့်တက်လာလိမ့်မယ်၊ တောင်ကုန်းတွေ၊ တောင်တန်းတွေ တိုင်းကိုနိမ့်သွားလိမ့်မယ်။ အဖုအ ထစ် မညီမညာနေရာတွေ ညီညာပြန့်ပြူးသွားလိမ့်မယ်၊ အကွေ့အကောက်နေရာတွေ ဖြောင့်တန်းသွား လိမ့်မယ်၊ ဘုရားသခင်ရဲ့ဂုဏ်တော်တွေပြသလာလိမ့်မယ်၊ ဒါတွေကို လူသားတွေအားလုံးမြင်ကြရလိမ့်မယ် ဆိုတဲ့ မျှော်မှန်း ချက်တရပ် ကျွန်တော်မှာရှိတယ်။

    ဒါဟာကျွန်ုပ်တို့ရဲ့မျှော်မှန်းချက်ဘဲ။ ဒီယုံကြည်ချက်နဲ့ ကျွန်တော် တောင်ပိုင်းကိုလာခဲ့တာဖြစ်တယ်။ ဒီယုံကြည်ချက်နဲ့ ဘဲ စိတ်ပျက်ခြင်း တောင်တန်းကြီးထဲက မျှော်လင့်ခြင်း အဖိုးတန်ကျောက် တစ်လုံးကို တူးဖေါ်နိုင်လိမ့်မယ်။ ဒီယုံကြည် ချက်နဲ့ဘဲ ကျွန်ုပ်တို့နိုင်ငံရဲ့ဆူဆူညံညံသဘောထားကွဲသံတွေကို သာယာနာပျော်ဘွယ် ညီအစ်ကိုတော် သံစုံတီး ဝိုင်းကတီးသံတွေအဖြစ် ကျွန်ုပ်တို့ပြောင်းလဲပစ်နိုင်လိမ့်မယ်။  တနေ့မှာ ကျွန်ုပ်တို့လွတ်လပ်စေရမယ်ဆိုတဲ့ အသိရှိ ပြီး ဒီယုံကြည်ချက်နဲ့ဘဲ ကျွန်ုပ်တို့ အတူတကွ အလုပ်လုပ်နိုင်ကြမယ်၊ အတူတကွ ဆုမွန်ချွေနိုင်မယ်။ အတူတကွ ရုန်းကန်လှုပ်ရှားနိုင်ကြမယ်၊ အတူတကွ ထောင်ထဲဝင်နိုင်ကြမယ်၊ လွတ်လပ်မှု အတွက် အတူတကွ ရပ်တည်နိုင်ကြမယ်။

    ဒီနေ့ဟာ …  “လွတ်လပ်မှုပေါင်းစုံ နဲ့ချစ်စရာမြေ ငါ့တိုင်းပြေ(ပြည်)၊ သင့်အတွက် သီဆိုပါရစေ။ ဖခင်များ သေဆုံးခဲ့ရာမြေ၊ ဘုရားဖူးများရဲ့ဂုဏ်ယူရာမြေ၊ တောင်နံရံတိုင်းဆီမှနေ၊ လွတ်လပ်မှုခေါင်း လောင်းသံ မြည်ဟီးနိုင် ပါစေ..” လို့  အဓိပ္ပါယ်သစ်နဲ့ သီချင်းကို ဘုရားသခင့်ကလေးတွေအားလုံးက သီဆိုနိုင်မဲ့နေ့ဖြစ်တယ်။