News @ M-Media

Tag: iraq

  • အီရန်နှင့် ဆက်ဆံရေးပြန်ကောင်းရန် ဆော်ဒီက အီရတ်ကို အကူအညီတောင်း

    အီရန်နှင့် ဆက်ဆံရေးပြန်ကောင်းရန် ဆော်ဒီက အီရတ်ကို အကူအညီတောင်း

    သြဂုတ် ၁၄၊ ၂၀၁၇
    M-Media

    အီရတ် ပြည်ထဲရေးဝန်ကြီး ကာစင် အလ်-အေရာဂျီ အီရန်သို့ရောက်ရှိစဉ်က

    – အီရန်နှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်ရန်အတွက် ဆော်ဒီမှာ အီရတ်ဝန်ကြီးချုပ်ကို အကူအညီတောင်းခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

    အီရတ် ပြည်ထဲရေးဝန်ကြီး ကာစင် အလ်-အေရာဂျီ၏ ပြောကြားမှုကို ကိုးကား၍ အီရတ် ဂြိုဟ်တုသတင်းဌာန Alghadeer က ယမန်နေ့က ဖော်ပြခဲ့ခြင်းဖြစ်ပြီး ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင် ဆလ်မန်က အီရန်နှင့် ဖြန်ဖြေရေးအဖွဲ့ကို ဦးဆောင်ရန်အတွက် အီရတ်ဝန်ကြီးချုပ် ဟိုက်ဒါ အလ်-အာဘာဒီကို တောင်းဆိုခဲ့သည်ဟု ဆိုသည်။

    “ဆော်ဒီအာရေဗျကိုသွားတဲ့ ကျွန်တော်တို့ရဲ့ ခရီးစဉ်မှာ သူတို့က အဲဒီလိုလုပ်ဖို့ ပြောပါတယ်။ ကျွန်တော်တို့က အီရန်ဘက်ကို ပြောလိုက်တယ်။ အီရန်ကလည်း ဒီတောင်းဆိုမှုကို အပြုသဘောဆောင်တယ်လို့ မြင်ပါတယ်။ အီရတ်က အောင်မြင်မှုတွေ ရရှိခဲ့ပြီးနောက်ပိုင်းမှာ ဆော်ဒီကလည်း အီရတ်အပေါ် အမြင်တည့်လာပါတယ်။ အီရန်နဲ့ ဆော်ဒီကြား တည်ငြိမ်မှု၊ ဆက်ဆံရေး ပြန်လည်ရရှိမှုဟာ ဒေသတစ်ခုလုံးအပေါ် အပြုသဘောဆောင်တဲ့ တန်ပြန်သက်ရောက်မှု ရှိမှာဖြစ်ပါတယ်” ဟု Alghadeer သတင်ဌာနက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    အေရာဂျီမှာ အီရန်မြို့တော် တီဟီရန်သို့ စနေနေ့တွင် သွားရောက်ခဲ့ပြီး အီရန် ထိပ်တန်းတာဝန်ရှိသူများနှင့် ကိစ္စရပ်အများအပြားကို ဆွေးနွေးခဲ့သည်။ ၎င်းမှာ ဇူလိုင်လကလည်း ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက်ခဲ့သည်။

    အီရန်သတင်းဌာနဖြစ်သော ISNA က ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်မှာ အီရန်နှင့် တင်းမာမှုများကို လျော့ကျစေချင်နေသည်ဟု ဖော်ပြခဲ့သည်။

    သီးခြားအနေဖြင့် အီရတ်နိုင်ငံ၏ ထင်ရှားသော ရှီအာပညာရှင် မွတ်က်တာဒါ အလ်-ဆဒါရ်မှာ ယူအေအီးနိုင်ငံသို့ သွားရောက်လည်ပတ်မည်ဟု စနေနေ့တွင် ကြေငြာခဲ့သည်။ ၎င်းမှာ ဇူလိုင်လကလည်း ဆော်ဒီသို့ မသွားစဖူး သွားရောက်ခဲ့ပြီး အိမ်ရှေ့မင်းသား၊ အခြားတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

    Ref: Aljazeera

  • IS က ဖန်တီးထားသည့် တိုက်ပွဲဝင်ကားများကို မူဆိုးလ်တွင် ပြသ

    IS က ဖန်တီးထားသည့် တိုက်ပွဲဝင်ကားများကို မူဆိုးလ်တွင် ပြသ

    ဇူလိုင် ၁၅၊ ၂၀၁၇
    M-Media

    – သာမန်ရိုးရိုးကားတွေကို တိုက်ပွဲဝင်နိုင်တဲ့ ယာဉ်တွေလိုမျိုး IS က ဖန်တီးထားတဲ့ ကားတွေကို မူဆိုးလ်မြို့မှာ အီရတ်အစိုးရက ပြပွဲတစ်ခုအဖြစ် ခင်းကျင်းပြသထားပါတယ်။

    ၂၀၁၄ ခုနှစ်က IS အကြမ်းဖွဲ့ရဲ့ သိမ်းယူမှုကို ခံလိုက်ရတဲ့ မူဆိုးလ်မြို့ကို ပြန်လည်သိမ်းပိုက်ဖို့အတွက် အီရတ်စစ်တပ်ဟာ ၉ လတာ ထိုးစစ်ဆင်ခဲ့ပြီး ပြီးခဲ့တစ်ပတ်မှာတော့ လုံးဝ လွတ်မြောက်သွားပြီဖြစ်ပါတယ်။

    မူဆိုလ်းမြို့ ပြည်ထောင်စု ရဲတပ်ဖွဲ့ဌာနချုပ်မှာ ပြသထားတဲ့ အဲဒီကားတွေဟာ ထိုးစစ်အတွင်း သိမ်းဆည်းရမိခဲ့တာတွေဖြစ်ပြီး အများစုက အိမ်စီးကားတွေ ဖြစ်ပါတယ်။

    IS က အဲဒီကားတွေကို သံပြားထူထူတွေနဲ့ ဖုံးအုပ်ပြီး ကျည်ကာကားအဖြစ် ဖန်တီးထားသလို အနောက်က လူထိုင်တဲ့နေရာတွေကို ဖယ်ရှားပြီး ဖောက်ခွဲရေးပစ္စည်းတွေကို ဖြည့်တင်းထားပါတယ်။ နောက်ပြီး ဘီးတွေမှာလည်း အသေခံဗုံးတွေကို တပ်ဆင်ထားတာ တွေ့ရပါတယ်။

    တစ်ချို့ကားတွေရဲ့ ခေါင်မိုးမှာ ရထားလမ်းလို လမ်းကြောင်းလေးတွေ ဖန်တီးထားပြီး လက်လုပ်ဒုံးကျည်အတွက် ရည်ရွယ်တယ်လို့ ယူဆရပါတယ်။ ဘီးတွေမှာ အသေခံဗုံးတွေမပါဘဲ ကျည်ဒဏ်ခံနိုင်ဖို့ သံပြားတွေ လှိုင်လှိုင်သုံးကာ တိုက်ပွဲဝင်ဖို့ ဖန်တီးထားတဲ့ ကားတွေကိုလည်း တွေ့ရပါတယ်။

    မြေတူးစက်ကားတွေကို လက်နက်တပ်ဆင်ကာ ကားတစ်စီးလုံးကို သံပြားတွေဖုံးထားတာ၊ ထရပ်ကားတစ်စီးမှာဆိုရင် T-55 တင့်ကားက အမြောက်ကို ဖြုတ်ကာ တပ်ပြီး ပုံဖျက်ထားမျိုးတွေလည်း ရှိပါတယ်။

    IS က ဖန်တီးထားတဲ့ ဒီကားတွေဟာ တင့်ကားအစစ်တွေနဲ့ယှဉ်ရင် အန္တရာယ်ကင်းမှု၊ ပေါ့ပါးမှုမရှိပေမယ့် အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကို ခံနိုင်ဖို့ အဓိကရည်ရွယ်လို့ ယူဆရပါတယ်။

    Ref: RT

  • မည်သည့်အကြမ်းဖက်သမားကိုမှ လွတ်ငြိမ်းချမ်းသာခွင့်မပေးဟု အီရတ်ဝန်ကြီးချုပ် ပြော

    မည်သည့်အကြမ်းဖက်သမားကိုမှ လွတ်ငြိမ်းချမ်းသာခွင့်မပေးဟု အီရတ်ဝန်ကြီးချုပ် ပြော

    ဇူလိုင် ၁၃၊ ၂၀၁၇
    M-Media

    အီရတ်စစ်တပ်ထံ အညံ့ခံခဲ့သည့် IS အဖွဲ့မှ နိုင်ငံခြားသား အဖွဲ့ဝင်များ

    – အီရတ်နိုင်ငံအတွင်းရှိသည့် အကြမ်းဖက်သမားတိုင်းကို အပြစ်ပေးသွားမည်ဖြစ်ပြီး မည်သည့်အကြမ်းဖက်သမားကိုမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်မဟုတ်ဟု အီရတ်ဝန်ကြီးချုပ် ဟိုက်ဒါ အလ်-အာဘာဒီက ပြောကြားလိုက်သည်။

    ၂၀၁၄ ခုနှစ်က IS အကြမ်းဖက်အဖွဲ့၏ သိမ်းပိုက်မှုကိုခံခဲ့ရသည့် ဒုတိယမြို့တော် မူဆိုးလ်ကို ပြန်လည်ရရှိရန် အီရတ်အစိုးရစစ်တပ်နှင့် ကာ့ဒ်တပ်ဖွဲ့များက ၉ လကြာ ထိုးစစ်ဆင်ခဲ့ရပြီး ပြီးခဲ့သည့်သီတင်းပတ် နှောင်းပိုင်းတွင် သိမ်းယူနိုင်ခဲ့သည်။

    ယမန်နေ့က ၀န်ကြီးများကောင်စီ အဖွင့်မိန့်ခွန်းတွင် အာဘာဒီက အီရတ်စစ်သားများမှာ လူ့အခွင့်အရေးကို ကာကွယ်သူများဖြစ်ပြီး၊ လူသားထုလွတ်မြောက်ရေး၊ ပြည်သူများအား ကယ်တင်ရေး စတေးခဲ့ကြသူများဖြစ်ကြောင်း၊ လူ့အခွင့်အရေးကို ကာကွယ်ရန် စစ်သားများ၏ ကြိုးပမ်းမှုများကို အစိုးရအနေဖြင့် ထောက်ခံသွားမည်ဖြစ်ပြီး မည်သည့်ချိုးဖောက်မှုမျိုးကိုမဆို ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    မူဆိုးလ်ထိုးစစ်တွင် အရပ်သားများ သေဆုံးမှုနှင့်ပတ်သက်၍ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ဖြစ်သော Amnesty International က ရှုတ်ချခဲ့သည်။

    အာဘာဒီက ပြစ်ဒဏ်ခံရမှုမှ မည်သည့်အကြမ်းဖက်သမားမှ လွတ်မြောက်မည်ဟုတ်ဘဲ၊ လူသတ်အကြမ်းဖက်သမားများကို လွတ်ငြိမ်းချမ်းသာခွင့်လည်း ပေးမည်မဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အစိုးရမှာ အနာဂတ်တွင် စီးပွားရေး၊ ဖွံ့ဖြိုးရေးနှင့် ပညာရေးကဏ္ဍများကို အာရုံစိုက် လုပ်ဆောင်မည်ဖြစ်ကာ ခြစားမှုကိုလည်း တိုက်ဖျက်သွားမည်ဟု ဆိုသည်။

    Ref: Alarabiya

     

  • ခေါင်းဆောင် ဘဂ္ဂဒါဒီသေဆုံးကြောင်း IS က အတည်ပြုဟု သတင်းထွက်

    ခေါင်းဆောင် ဘဂ္ဂဒါဒီသေဆုံးကြောင်း IS က အတည်ပြုဟု သတင်းထွက်

    ဇူလိုင် ၁၁၊ ၂၀၁၇
    M-Media

    IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဘဂ္ဂဒါဒီ

    – မိမိတို့ရဲ့ခေါင်းဆောင် အဘူ ဘာကာရ် အလ်-ဘဂ္ဂဒါဒီ သေဆုံးကြောင်း IS အကြမ်းဖက်အဖွဲ့က အတည်ပြုလိုက်တယ်လို့ အီရတ်နိုင်ငံ နိုင်နီဗာပြည်နယ်မှာရှိတဲ့ ဒေသခံ ရင်းမြစ်တစ်ခုကို ကိုးကားပြီး အီရန်သတင်းဌာန Press TV က ဖော်ပြခဲ့ပါတယ်။

    မူဆိုးလ်မြို့ရဲ့ အနောက်ဖက် ၆၃ ကီလိုမီတာအကွာက တာလ်အဖာရ်မြို့လယ်ကောင်မှာရှိတဲ့ IS ရဲ့ မီဒီယာဌာနတစ်ခုကနေ ထုတ်ပြန်တဲ့ ကြေငြာချက်အတိုလေးမှာ ဘဂ္ဂဒါဒီသေဆုံးကြောင်း အတည်ပြုခဲ့မှုကို ဒေသတွင်း ရင်းမြစ်တစ်ခုက al-Sumaria သတင်းဝဘ်ဆိုက်ကို မနေ့မှာ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

    ဒါပေမယ့် အသေးစိတ်အချက်အလက်ကိုတော့ သိရှိရခြင်းမရှိပါဘူး။ အမည်မဖော်လိုတဲ့ ဒီသတင်းရင်းမြစ်က IS ဟာ မကြာခင်မှာ ခေါင်းဆောင်သစ်ကို ကြေငြာသွားမယ်လို့လည်း ဆိုပါတယ်။

    တာလ်အဖာရ်မှာရှိတဲ့ IS အဖွဲ့က လူတွေအချင်းချင်း ရာထူးအဝေမတည့်လို့ အဖွဲ့တွင်း ပုန်ကန်မှုတွေဖြစ်နေတယ်လို့ ဒီသတင်းထွက်လာပြီးနောက်ပိုင်း အခြား အီရတ်မီဒီယာတစ်ခုက ဖော်ပြခဲ့ပါတယ်။

    ဒီသတင်းတွေကို အီရတ်အာဏာပိုင်တွေက အတည်ပြုခြင်း မရှိသေးပါဘူး။

    မေလအတွင်း ဆီးရီးယားက ရက်ကာမြို့မှာပြုလုပ်တဲ့ သူတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ IS ခေါင်းဆောင် ဘဂ္ဂဒါဒီ သေဆုံးဖွယ်ရှိတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်မှာ ရုရှားက သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ်မှာ IS အကြမ်းဖက်အဖွဲ့က သိမ်းပိုက်ခဲ့တဲ့ မူဆိုးလ်မြို့ကို ပြန်လည်သိမ်းယူဖို့ အီရတ်စစ်တပ်ရဲ့ ထိုးစစ်ဟာ ၉ လကျော် ကြာခဲ့ပြီး တနင်္လာနေ့မှာတော့ အီရတ်ဝန်ကြီးချုပ် ဟိုက်ဒါ အလ်-အာဘာဒီက မူးဆိုးလ်ကို ပြန်လည်သိမ်းပိုက်နိုင်ကြောင်း ကြေငြာခဲ့ပါတယ်။

    Ref: Press TV

  • မူဆိုးလ်မြို့ရှိ IS များကို အမြစ်ဖြတ် ချေမှုန်းနိုင်ခဲ့ပြီဟု အီရတ်ကြေငြာ

    မူဆိုးလ်မြို့ရှိ IS များကို အမြစ်ဖြတ် ချေမှုန်းနိုင်ခဲ့ပြီဟု အီရတ်ကြေငြာ

    ဇူလိုင် ၉၊ ၂၀၁၇
    M-Media

    – အီရတ်၏ ဒုတိယအကြီးဆုံး မူဆိုးလ်မြို့တွင် IS အကြမ်းဖက်အဖွဲ့ကို လုံးဝ အောင်နိုင်သွားပြီဖြစ်ကြောင်း အီရတ်ဝန်ကြီးချုပ် ဟိုက်ဒါ အလ်-အာဘာဒီက ယနေ့တွင် ကြေငြာလိုက်သည်။

    “လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ကာကွယ်ရေးဦးစီးချုပ် ဟိုင်ဒါ အလ်-အာဘာဒီဟာ လွတ်မြောက်တဲ့ မူဆိုးလ်မြို့ကို ရောက်ရှိခဲ့ပြီး ကြီးကျယ်တဲ့အောင်မြင်မှုအတွက် သူရဲကောင်းတပ်သားတွေ၊ အီရတ်ပြည်သူတွေကို ချီးကျူးခဲ့ပါတယ်” ဟု ၀န်ကြီးချုပ်ရုံးမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    နိုင်ငံပိုင် သတင်းဌာနက အီရတ်တပ်ဖွဲ့များမှာ တီဂရစ်မြစ်ကမ်းသို့ ရောက်ရှိပြီး အီရတ်အလံကို လွှင့်တင်နိုင်ခဲ့သည်ဟု ဖော်ပြခဲ့ပြီးနောက်ပိုင်း မူဆိုးလ်မြို့လွတ်မြောက်ကြောင်း ကြေငြာချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

    စောစောပိုင်းက IS အဖွဲ့ဝင် ၁၀၀ ခန့်မှာ တီဂရစ်မြစ်တစ်လျှောက်ရှိ မြို့ဟောင်းတွင် ပိတ်မိနေခဲ့ပြီး​ ရှုံးနိမ့်မည်ဆဲဆဲအချိန် ယနေ့မနက်ပိုင်းက အများစုမှာ မြစ်ထဲသို့ ခုန်ချထွက်ပြေးခဲ့သည်။

    မူဆိုးလ်မြို့ကို အီရတ်စစ်တပ် ပြန်လည်သိမ်းပိုက်နိုင်ခြင်းမှာ ၃ နှစ်အတွင်း IS အကြမ်းဖက်အဖွဲ့၏ အကြီးဆုံး ဆုံးရှုံးမှုဖြစ်သည်။

    အမေရိကန်ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့များ၏ လေကြေားင်းပစ်ကူနှင့်တူ အီရတ်တပ်ဖွဲ့မှာ ပြီးခဲ့သည့် အောက်တိုဘာလကတည်းက မူဆိုးလ်မြို့သိမ်းပိုက်ရေး ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

    ၉ လတာ ကြာမြင့်ခဲ့သည့် ထိုတိုက်ပွဲအတွင်း အရပ်သားထောင်နှင့်ချီ၍ သေဆုံးခဲ့ပြီး ၁ သန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    Ref: Aljazeera