News @ M-Media

Tag: iraq

  • အီရတ်ရှိ စစ်ဆင်ရေးတစ်ခုတွင် IS က ဖမ်းထားသည့် ဓားစားခံ ၇၀ ခန့် လွတ်မြောက်လာ

    အီရတ်ရှိ စစ်ဆင်ရေးတစ်ခုတွင် IS က ဖမ်းထားသည့် ဓားစားခံ ၇၀ ခန့် လွတ်မြောက်လာ

    အောက်တိုဘာ ၂၃၊ ၂၀၁၅
    M-Media

    iray

    – အီရတ်နိုင်ငံရှိ IS ၏ ခြေကုပ်ယူထားရာ ဟာဝီဂျာမြို့တွင် အမေရိကန်အထူးတပ်ဖွဲ့ဝင်များ၊ အီရတ်ရှိ ကာ့ဒ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စီးနင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ပြီး ဓားစားခံ ၇၀ ခန့်ကို လွတ်မြောက်စေခဲ့သည်ဟု ပင်တဂွန်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ဓားစားခံများမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမည့်အရေးကို ကြုံတွေ့ရဖွယ် ရှိနေသည်ဟု သတင်းရသောကြောင့် အဆိုပါ စစ်ဆင်ရေးကို စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ပြီး အမေရိကန် စစ်သားတစ်ဦးသေဆုံးခဲ့ကာ၊ ကာ့ဒ်တပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    အီရတ်ရှိ တိုက်ပွဲတွင် အမေရိကန်စစ်သား သေဆုံးခြင်းမှာ ၂၀၁၀ နောက်ပိုင်း ပထမဆုံးလည်းဖြစ်သည်။ IS အဖွဲ့ဝင်အများအပြားကို ထိုစစ်ဆင်ရေးတွင် သုတ်သင်နိုင်ခဲ့ပြီး ၅ ဦးကို ဖမ်းဆီးရမိခဲ့သည်။

    လွတ်မြောက်လာကြသည့် ဓားစားခံများတွင် အနည်းဆုံး ၂၀ ခန့်မှာ အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်များဖြစ်ပြီး၊ စစ်ဆင်ရေးကို အီရတ်ဗဟိုအစိုးရက သိရှိခဲ့ခြင်းမရှိဘဲ သတင်းထောက်များ၏ ဖုန်းခေါ်ဆိုမေးမြန်းမှုများ ရရှိမှသာ သိရှိခဲ့ခြင်းဟု သိရသည်။

    Ref: Aljazeera

  • IS ခေါင်းဆောင်၏ ယာဉ်တန်းကို တိုက်ခိုက်ခဲ့ဟု အီရတ်ပြော

    IS ခေါင်းဆောင်၏ ယာဉ်တန်းကို တိုက်ခိုက်ခဲ့ဟု အီရတ်ပြော

    အောက်တိုဘာ ၁၁၊ ၂၀၁၅
    M-Media

    iraq

    – IS အဖွဲ့ခေါင်းဆောင် အဘူဘာကာရ် အလ်-ဘဂ္ဂဒါဒီ လိုက်ပါလာသည့် ယာဉ်တန်းကို မိမိတို့လေတပ်က တိုက်ခိုက်ခဲ့သည်ဟု အီရတ်စစ်တပ်က ယနေ့တွင် ပြောကြားလိုက်ပြီး ဘဂ္ဂဒါဒီ၏ ကံကြမ္မာကို မသိရသေးဟု ဆိုသည်။

    ကာရ်ဘာလာဒေသတွင် အကြီးတန်း IS ခေါင်းဆောင်များနှင့် အစည်းအဝေးလုပ်ရန် သွားရောက်စဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးလုပ်မည့် နေရာကိုလည်း တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ IS ခေါင်းဆောင် အများအပြား သေဆုံး ဒဏ်ရာရခဲ့ကြသည်ဟု စစ်တပ်မှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

    ပြီးခဲ့သည့်နှစ် နိုဝင်ဘာနှင့် ယခုနှစ် မတ်လတို့တွင် ဘဂ္ဂဒါဒီမှာ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ဒဏ်ရာများ ရရှိခဲ့သည်ဟု အီရတ်စစ်တပ်က ၂ ကြိမ်တိုင်တိုင် ကြေငြာခဲ့ဖူးသည်။ သို့သော်လည်း ထိုသတင်း ထွက်ပေါ်လာပြီး ရက်အနည်းငယ်ကြာတိုင်း ဘဂ္ဂဒါဒီ၏ အသံဖိုင်များ အွန်လိုင်စာမျက်နှာပေါ်တွင် ပေါ်ထွက်လာတတ်သည်။

    Ref: CNN

  • အာဖဂန်ဆေးရုံကို အမေရိကန်က ဗုံးကြဲမှုအတွက် အိုဘားမား ပြန်လည်တောင်းပန်

    အာဖဂန်ဆေးရုံကို အမေရိကန်က ဗုံးကြဲမှုအတွက် အိုဘားမား ပြန်လည်တောင်းပန်

    အောက်တိုဘာ ၈၊ ၂၀၁၅
    M-Media

    obama

    – အာဖဂန်နစ္စတန်မြောက်ပိုင်း ကန်ဒက်ဇ်မြို့ရှိ ဆေးရုံအား အမေရိကန်စစ်တပ်က ဗုံးကြဲခဲ့မှုအတွက် သမ္မတအိုဘားမားမှာ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF နှင့် အာဖဂန်သမ္မတတို့ကို ပြန်လည်တောင်းပန်လိုက်သည်ဟု သိရသည်။

    အဆိုပါ ဆေးရုံမှာ MSF အဖွဲ့မှ တာဝန်ယူဆောင်ရွက်နေသည့် ဆေးရုံဖြစ်ပြီး အိုဘားမားမှာ ယမန်နေ့က MSF ဥက္ကဌ ဂျိုအန်နီလွီနှင့် အာဖဂန်သမ္မတ အရှ်ရက်ဖ်ဂါနီတို့အား ဖုန်းခေါ်ကာ တိုက်ခိုက်မှုတွင် အသက်များ ဆုံးရှုံးခဲ့ရမှုအတွက် ကြေကွဲဝမ်းနည်းရကြောင်း ပြောကြားခဲ့သည်။ ထိုတိုက်ခိုက်မှုအတွင်း MSF မှ ဆရာဝန်များ၊ ၀န်ထမ်းများနှင့် လူနာများအပါအ၀င် လူပေါင်း ၂၂ ဦးသေဆုံးကာ ၃၇ ဦး ဒဏ်ရာရရှိခဲ့သည်။

    အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျွန် အားန်နက်စ်ကမူ အိုဘားမားမှာ နယ်စည်းမခြား ဆရာဝန်များအဖွဲ့မှ ၀န်ထမ်းများကို ၀မ်းနည်းကြောင်း ပြောကြားခဲ့ပြီး၊ ထိုအဖြစ်အပျက်အတွက် ပြည့်စုံ၍ ဓမ္မဓိဌာန်ကျသည့် စီရင်မှုကို ဆောင်ရွက်ပေးမည်ဟု ကတိပေးခဲ့သည်ဟု ဆိုသည်။

    ထို့ပြင် ထိုကဲ့သို့ နောက်ထပ်မဖြစ်ပွားရန် လိုအပ်ပါက မိမိတို့မှာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း၊ အာဖဂန်အစိုးရနှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် အိုဘားမားက ကတိပေးခဲ့ကြောင်း အိမ်ဖြူတော်၏ သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

    ကန်ဒက်ဇ်မြို့အား သိမ်းပိုက်ထားသော တာလီဘန်တို့ကို ပြန်လည်တိုက်ခိုက်မှုအတွင်း ဖြစ်ပွားခဲ့ပြီး စစ်ရာဇ၀တ်မှုအဖြစ် သတ်မှတ်၍ရသည့် ဆေးရုံ ဗုံးကြဲခံရမှုကို စုံစမ်းရန်အတွက် လွတ်လပ်သည့် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ခုကို ဖွဲ့စည်းပေးရန် MSF က တောင်းဆိုခဲ့သည်။

    Ref: Aljazeera

  • IS လက်မှ ရာမာဒီမြို့အား သိမ်းယူရေး အီရတ်စစ်တပ် အရှိန်မြှင့်

    IS လက်မှ ရာမာဒီမြို့အား သိမ်းယူရေး အီရတ်စစ်တပ် အရှိန်မြှင့်

    အောက်တိုဘာ ၈၊ ၂၀၁၅
    M-Media

    iraq

    – IS အဖွဲ့မှ မေလကတည်းက သိမ်းပိုက်ထားသည့် အန်ဘာရ်ပြည်နယ် မြို့တော်ရာမာဒီကို အီရတ်စစ်တပ်က ပြန်လည်သိမ်းယူရေး ကြိုးပမ်းရာတွင် မြို့၏ မြောက်ဘက်နှင့် အနောက်ဘက် ဒေသအများအပြားကို ယမန်နေ့က သိမ်းယူနိုင်ခဲ့သည်။

    တပ်သားပေါင်း ၂၀၀၀ ပါဝင်သည့် အဆိုပါထိုးစစ်ဆင်မှုကို အမေရိကန်ဦးဆောင်သည့် မဟာမိတ်အဖွဲ့က လေကြောင်းမှ ပစ်ကူပေးခဲ့သည်။ ယခုအချိန်တွင် တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေပြီး လကုန်ပိုင်းတွင် မြို့အား ပြန်လည်သိမ်းယူနိုင်မည့် အခြေအနေရှိကြောင်း ပြည်နယ်အုပ်ချုပ်ရေးကောင်စီမှ အဖွဲ့ဝင်ဖြစ်သူ အလ်ဘူ ရစ်ဟာက ပြောာကားခဲ့သည်။

    အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်များလက်မှ မေလအလယ်ပိုင်းတွင် IS က ရာမာဒီမြို့အား ရှောင်တခင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ၀န်ကြီးချုပ် ဟိုင်ဒါ အလ်-အာဘာဒီအပါအ၀င် အီရတ်တာဝန်ရှိသူတစ်ချို့က မိမိတို့မှာ ထိုမြို့အား ရက်ပိုင်းအတွင်း ပြန်လည်သိမ်းယူနိုင်မည်ဟု ပြောကြားခဲ့ဖူးသည်။

    Ref: Aljazeera

  • အရှေ့အလယ်ပိုင်းမှ အနုပညာလက်ရာများကို ထိန်းသိမ်းရန် ယူကေပညာရှင်များ စီမံကိန်းတစ်ခု စတင်

    အရှေ့အလယ်ပိုင်းမှ အနုပညာလက်ရာများကို ထိန်းသိမ်းရန် ယူကေပညာရှင်များ စီမံကိန်းတစ်ခု စတင်

    သြဂုတ် ၂၉၊ ၂၀၁၅
    M-Media

    is

    – IS အဖွဲ့၏ ဖျက်ဆီးမှုအန္တရာယ်များ ရှိနေသည့် အရှေ့အလယ်ပိုင်းမှ သမိုင်းဝင်နေရာများနှင့် အနုပညာလက်ရာများကို ထိန်းသိမ်းရန်အတွက် သိပ္ပံပညာရှင်များမှာ အထူးပြုလုပ်ထားသည့် 3D ကင်မရာ ထောင်ပေါင်းများစွာကို အသုံးပြုသွားမည်ဟု သိရသည်။

    အဆိုပါကင်မရာများဖြင့် ခြိမ်းခြောက်မှုများရှိနေသော အနုပညာလက်ရာပစ္စည်းတိုင်းကို မှတ်တမ်းတင်သွားမည်ဖြစ်ပြီး အစီအစဉ်ကို The Million Image Database Project ဟု အမည်ပေးထားကာ အောက်စဖို့ဒ်အခြေစိုက် Institute for Digital Archaeology အဖွဲ့က စီစဉ် ဆောင်ရွက်ခြင်းဖြစ်သည်။

    The Times သတင်းစာသို့ ပေးပို့သော စာတွင် သုတေသနပညာရှင်များက ၎င်းတို့မှာ အရှေ့အလယ်ပိုင်းသို့ သွားရောက်မည်ဖြစ်ပြီး သမိုင်းဆိုင်ရာအရ အရေးပါသော ပစ္စည်းတိုင်းကို တတ်နိုင်သမျှ မှတ်တမ်းယူနိုင်ရန် ဒေသတွင်း မိတ်ဖက်များကို စာရင်းပြုစုသွားမည်ဟု ဆိုသည်။

    ၎င်းတို့မှာ ဓာတ်ပုံပေါင်း ၅ သန်းခန့်ကို ယခုနှစ်ကုန်ပိုင်းအထိ ရိုက်ကူးသွားမည်ဖြစ်ပြီး အွန်လိုင်းပေါ်သို့ လွှင့်တင်သွားမည်ဖြစ်ကာ ၂၀၁၇ အရောက်တွင် ဓာတ်ပုံပေါင်း သန်း ၂၀ ခန့်ကို ဒေတာဘေ့စ်အတွင်းသို့ ထည့်သွင်းသွားမည်ဟု အဆိုပါစာတွင် ရေးသားဖော်ပြခဲ့သည်။ ထိုဓာတ်ပုံများကို လိုအပ်ပါက 3D ပုံစံဖြင့် ပြန်လည် ဖန်တီးသွားမည်ဖြစ်သည်။

    ကျွမ်းကျင်မှုမလိုဘဲ အသုံးပြုနိုင်ပြီး ဈေးမကြီးသော 3D ကင်မရာ အမြောက်အများအား ဖန်တီးရန်အတွက် ကန်ဒေါ်လာ ၃.၁ သန်းခန့် ကုန်ကျခဲ့သည်။

    “ဒီကင်မရာမှာ ပုံရိပ်တွေကို ဒေတာဘေ့စ်ဆာဗာတွေထဲကို အလိုအလျောက် တင်ပေးတဲ့ စွမ်းဆောင်ရည်ပါဝင်ပြီး၊ အဲဒီလို သိမ်းဆည်းပြီးတဲ့နောက်ပိုင်းမှာ လေ့လာမှုအတွက်၊ ဒါမှမဟုတ် လိုအပ်ရင် 3D ပုံရိပ်ပြောင်းဖို့အတွက် သုံးနိုင်ပါတယ်” ဟု Institute for Digital Archaeology အဖွဲ့က ၎င်းတို့၏ ၀ဘ်ဆိုက်တွင် ရေးသားဖော်ပြခဲ့သည်။

    ကင်မရာဖြင့် ရိုက်ကူးသော ဓာတ်ပုံများတွင် ရိုက်ကူးသည့်နေရာနှင့် နေ့ရက်များကို ဖော်ပြပေးမည်ဟု ထိုအဖွဲ့၏ ဒါရိုက်တာဖြစ်သူ ရော်ဂါ မီခေးလ်က ပြောကြားခဲ့သည်။

    ယူကေရှိ သိပ္ပံပညာရှင်များကမူ အရှေ့အလယ်ဒေသတွင်းရှိ ပြတိုက်များ၊ အစိုးရမဟုတ်သော အဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများအနေဖြင့် ၎င်းတို့၏ စီမံကိန်းတွင် ပါဝင်ရန် အလိုရှိနေသည်။ အဆိုပါ 3D ကင်မရာများကို အီရတ်သို့ ပထမဆုံး ဖြန့်ဖြူးသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် လက်ဘနွန်၊ အီရန်၊ ယီမင်၊ အာဖဂန်နစ္စတန်နှင့် တူရကီ အရှေ့ပိုင်းတို့တွင်ပါ တိုးချဲ့ ဖြန့်ဖြူးသွားမည်ဖြစ်သည်။

    အဆိုပါ စီမံကိန်းကို အရှေ့အလယ်ပိုင်းနှင့် အခြားနေရာများရှိ ယဉ်ကျေးမှုအမွေအနှစ်များ ပျက်ဆီးဆုံးရှုံးမှုကို တွန်းလှန်ရန် ယခုနှစ် ဇူလိုင်လက Global Coalition Unite for Heritage အစီအစဉ်ကို စတင်ခဲ့သော ယူနက်စကိုနှင့် ပူးပါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

    Ref: RT