News @ M-Media

Tag: iraq

  • စစ်ဒဏ်ခံ အီရတ်ပြည်သူများကို ဆက်လက်ထောက်ပံ့ရန် ဒေါ်လာ သန်း ၅၀၀ နီးပါး လိုအပ်နေ

    စစ်ဒဏ်ခံ အီရတ်ပြည်သူများကို ဆက်လက်ထောက်ပံ့ရန် ဒေါ်လာ သန်း ၅၀၀ နီးပါး လိုအပ်နေ

    ဇွန် ၅၊ ၂၀၁၅
    M-Media

    – IS စစ်သွေးကြွများနှင့် ပဋိပက္ခများ ဖြစ်ပွားနေသော အီရတ်ရှိ ဆိုးရွားလာသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာများအား ရင်ဆိုင်ရန်အတွက် ကန်ဒေါ်လာ သန်း ၅၀၀ အကူအညီပေးရန် ကုလသမဂ္ဂက နိုင်ငံတကာသို့ တောင်းခံလိုက်သည်။

    အီရတ်နိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကုလသမဂ္ဂ ညွှန်ကြားရေးမှူး လစ်စီဂရန်ဒီက ထိုကဲ့သို့ တောင်းခံလိုက်ခြင်းဖြစ်ပြီး မိမိတို့အနေဖြင့် ရန်ပုံငွေများ ချက်ခြင်းထပ်မရပါက အီရတ်တွင် ဆောင်ရွက်နေသည့် အကူအညီပေးရေးလုပ်ငန်းများမှ ထက်ဝက်ကျော်ကို လျှော့ချခြင်း၊ သို့မဟုတ် ပိတ်ပစ်ခြင်းတို့ ဆောင်ရွက်ရတော့မည်ဟု
    ထည့်သွင်းပြောကြားခဲ့သည်။

    နေအိမ်များမှာ ထွက်ပြေးကြရသော သို့မဟုတ် အီရတ်တပ်ဖွဲ့များနှင့် IS တိုက်ခိုက်ရေးသမားများအကြား ဖြစ်ပွားနေသော တိုက်ခိုက်မှုများကြောင့် ထိခိုက်ခံစားရသော အီရတ်ပြည်သူ သန်းပေါင်းများစွာအတွက် နောက်ထပ် ၆ လ နေရာထိုင်ခင်း၊ အစားအသောက်နှင့် ရေများပေးရန်အတွက် ကန်ဒေါ်လာ ၄၉၇ သန်း လိုအပ်နေပြီး အလှူရှင်များထံ တောင်းဆိုနေသည်ဟု
    ကုလကဆိုသည်။

    “လာမယ့်လတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေဟာ ပိုပြီး ဆိုးလာပါတော့မယ်။ ၂၀၁၅ နှစ်ကုန်ပိုင်းမှာ ၁၀ သန်းသော အီရတ်ပြည်သူတွေဟာ အသက်ဘေးကာကွယ်ရေး အကူအညီတွေကို လိုအပ်လာမယ့် အလားအလာ ရှိနေပါတယ်” ဟု
    ဂရန်ဒီက ပြောကြားခဲ့သည်။

    အီရတ်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကြောင့် အီရတ်ပြည်သူ ၃ သန်းနီးပါးမှာ အိုအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ဂရန်ဒီကမူ အဓိက လယ်ယာစိုက်ပျိုးသည့် ဧရိယာများမှာ IS ၏ ထိန်းချုပ်မှု လက်အောက် ကျရောက်နေသောကြောင့် အီရတ်ပြည်သူ ၄.၄ သန်းကျော်မှာ အစားသောက်များ လိုအပ်နေသည်ဟု ဆိုသည်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အထွေထွေဒါရိုက်တာဖြစ်သော မာဂရတ်ချန်ကလည်း ကျန်းမာရေး၊ ရေရရှိရေး၊ မိလ္လာစနစ်များနှင့်ဆိုင်သော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများမှာလည်း ပြိုလဲပျက်ဆီးနေသည်ဟု ပြောကြားခဲ့သည်။

    Ref: Reuters

  • IS လက်မှ ရာမာဒီကို ပြန်သိမ်းရန် အီရတ်စစ်တပ် ထိုးစစ်ဆင်

    IS လက်မှ ရာမာဒီကို ပြန်သိမ်းရန် အီရတ်စစ်တပ် ထိုးစစ်ဆင်

    မေ ၂၄၊ ၂၀၁၅
    M-Media

    0

    – နိုင်ငံအနောက်ပိုင်း အန်ဘာရ်ပြည်နယ်ရှိ IS လက်ထဲ ကျရောက်သွားခဲ့သော ရာမာဒီမြို့အား ပြန်လည်ရရှိရန်အတွက် ရှီအာ ပြည်သူ့စစ်များ ကျောထောက်နောက်ခံပြုထားသည့် အီရတ်စစ်တပ်များမှာ ယမန်နေ့မှစတင်ကာ ထိုးစစ်ဆင်မှုများ ပြုလုပ်နေပြီဖြစ်သည်။

    အမေရိကန်ဦးဆောင်သည့် မဟာမိတ်စစ်တပ်များကလည်း လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ပေးနေသည်။ အစိုးရရုံးစိုက်ရာ ပြည်နယ်မြို့တော်ဖြစ်သော ရာမာဒီအား IS တပ်ဖွဲ့က ပြီးခဲ့သည့် တစ်ပတ်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး အီရတ်စစ်တပ်အတွက် ရှက်စရာဖြစ်ခဲ့သည်။

    အဆိုပါထိုးစစ်တွင် အီရတ်တပ်ဖွဲ့ဝင်များနှင့် ရှီအာတိုက်ခိုက်ရေးသမားများ၏ စစ်ဆင်ရေးစတင်ရာ စစ်စခန်းဖြစ်သည့် ဟာဘာနီယဟ် အခြေစိုက်စခန်း ၀န်းကျင်တွင် တိုက်ပွဲများ အကြီးအကျယ် ဖြစ်ပွားနေသည်။

    ရှီအာပြည်သူစစ်တပ်ဖွဲ့မှ လက်ခွဲအဖွဲ့တစ်ခုဖြစ်သော Popular Mobilisation Forces တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အဆိုပါ ထိုးစစ်တွင် ၎င်းတို့၏ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ပါဝင်သည်ဟု ပြောကြားခဲ့သည်။

    IS အဖွဲ့ကမူ အန်ဘာရ်ပြည်နယ်တွင် အီရတ်အစိုးရ ထိန်းချုပ်ထားသည့် တစ်ခုတည်းသောမြို့ ဟာဒီသာအား သိမ်းပိုက်ရန်ကြိုးစားနေပြီး အစိုးရ စစ်ဆေးရေးစခန်းများကို ပစ်မှတ်ထား တိုက်ခိုက်နေသည်။

    Ref: Aljazeera

  • အီရတ်စစ်တပ်၏ အားထုတ်မှုကို အိုဘားမား ချီးကျူး

    အီရတ်စစ်တပ်၏ အားထုတ်မှုကို အိုဘားမား ချီးကျူး

    ဧပြီ ၁၅၊ ၂၀၁၅
    M-Media

    abadi

    – အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အလ်-အာဘာဒီကို ယမန်နေ့က အိမ်ဖြူတော်၌ လက်ခံတွေ့ဆုံစဉ် အီရတ်စစ်တပ်၏ IS အဖွဲ့အား တွန်းလှန်မှုအတွင်း တိုးတက်မှုများကို အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ချီးကျူးပြောဆိုလိုက်ပြီး မဟာမိတ်တပ်ဖွဲ့များကလည်း ထင်ရှားသည့် တိုးတက်မှုများကို ဆောင်ရွက်နိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    အမေရိကန်ဦးဆောင်သည့် မဟာမိတ်တပ်များ၏ အကူအညီဖြင့် အီရတ်စစ်တပ်မှာ IS အဖွဲ့က သိမ်းပိုက်ထားသော နယ်မြေ၏ လေးပုံတစ်ပုံကို ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး အိုးဘားမားကမူ အောင်မြင်မှုမှာ နေ့ချင်းညချင်း မဖြစ်ပေါ်လာသ်ာလည်း မိမိတို့အနေဖြင့် အောင်မြင်ခဲ့သည်ဆိုသည်ကို ထင်ထင်ရှားရှား တွေ့ခဲ့ရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    အာဘာဒီ ၀ါရှင်တန်သို့ လာရောက်မှုတွင် အမေရိကန်ဦဆောင်သည့် လေကြောင်းမှတိုက်ခိုက်မှု အရှိန်မြှင့်ရန်နှင့် လက်နက်များ ပိုမိုတင်ပို့ရန် အမေရိကန်အား တောင်းဆိုမည်ဟု မျှော်လင့်ထားသော်လည်း အိုဘားမားနှင့်တွေ့ဆုံစဉ်အတွင်း အာဘာဒီက ထိုကဲ့သို့ သီခြားတောင်းဆိုမှုများ မလုပ်ခဲ့ပေ။

    အိုဘားမားကမူ တွေ့ဆုံစဉ်အတွင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် အမေရိကန်က ပေးနိုင်သော အကူအညီများအကြောင်း အသေးစိတ် ဆွေးနွေးခဲ့ကြသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် မိမိတို့အနေဖြင့် အီရတ်နှင့် မဟာမိတ်များ၏ ဘုံရည်ရွယ်ချက်ကို အောင်မြင်အောင် ဆောင်ရွက်သွားချင်သည်ဟု အိုဘားမားက ဆိုသည်။

    IS ၏ ဒဏ်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် အီရတ်ပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန်အတွက် ကန်ဒေါ်လာ သန်း ၂၀၀ ထပ်တိုးထောက်ပံ့သွားမည်ဟု အိုဘားမားက ထည့်သွင်းကြေညာခဲ့သည်။

    အာဘာဒီကမူ IS မှ သိမ်းပိုက်ထားသည့် နယ်မြေများ လွတ်မြောက်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ထပ်မံကတိပြုခဲ့သည်။

    အိုအားမားက IS အား တိုက်ခိုက်မှုအတွင်း ပါဝင်သူများအားလုံးမှာ အီရတ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင်ရှိရမည်ဖြစ်ပြီး အီရတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားရန်လည်း တိုက်တွန်းခဲ့သည်။

    “နီးကပ်နေတဲ့ အိမ်နီးချင်းအဖြစ် အီရန်ဟာ အီရတ်နဲ့ အရေးပါတဲ့ဆက်ဆံရေးရှိမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ စုပေါင်းတပ်တွေအနေနဲ့ ထိန်းချုပ်မှုအောက်မှာရှိနေဖို့ အရေးကြီးပါတယ်” ဟု အိုဘားမားက ပြောကြားခဲ့သည်။

    အာဘာဒီကလည်း IS အား တိုက်ခိုက်မှုအတွင်း ကူညီမှုများကို ကြိုဆိုသော်လည်း အီရတ်နိုင်ငံ၏ အချုပ်အခြာအာဏာအား ကျူးကျော်မှုကို လက်မခံဟု ဆိုသည်။ ထို့ပြင် နိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် လုံးဝသည်းမခံဟု ပြောကြားခဲ့ပြီး အရပ်သားများအပေါ် ရက်စက်မှုများတွင် ပါဝင်သူ မည်သူ့ကိုမဆို တရားဥပဒေရှေ့မှောက်သို့ ခေါ်ဆောင်လာမည်ဟု ကတိပြုခဲ့သည်။

    Ref: Channelnewsasia

  • အီရတ်ပြည်သူများကို သတ်ဖြတ်ခဲ့သည့် အမေရိကန်လုံခြုံရေးကုမ္ပဏီ ၀န်ထမ်း ၄ ဦး နှစ်ရှည်ထောင်ဒဏ် ကျခံရ

    အီရတ်ပြည်သူများကို သတ်ဖြတ်ခဲ့သည့် အမေရိကန်လုံခြုံရေးကုမ္ပဏီ ၀န်ထမ်း ၄ ဦး နှစ်ရှည်ထောင်ဒဏ် ကျခံရ

    ဧပြီ ၁၄၊ ၂၀၁၅
    M-Media

    iraq

    – အီရတ်စစ်ပွဲ အရှိန်မြင့်နေစဉ် ၂၀၀၇ ခုနှစ် အတွင်း ဘဂ္ဂဒတ်မြို့၌ အီရတ်ပြည်သူများကို ပစ်သတ်ခဲ့သည့် ပုဂ္ဂလိက စစ်ဘက်ဆိုင်ရာ လုံခြုံရေးကုမ္ပဏီ Blackwater မှ ၀န်ထမ်းလေးဦးကို အမေရိကန်တရားရုံးက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်ဟု သိရသည်။

    ပြစ်ဒဏ်ချမှတ်ခြင်း ခံရသူများမှာ နီကိုလက်စ် ဆလက်တန်၊ ဒက်စ်တန် ဟီယာ့ဒ်၊ အီဗန် လေဘာတီနှင့် ပေါလ် ဆလော့တို့ဖြစ်ကြပြီး ယမန်နေ့က ၀ါရှင်တန်ရှိ တရားရုံးတွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ပစ်ခတ်မှုတွင် အဓိက ပါဝင်ခဲ့သည့် ဆလက်တန်မှာ တစ်သက်တကျွန်းပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရပြီး ကျန် ၃ ဦးမှာ တစ်ဦးလျှင် ထောင်ဒဏ် နှစ် ၃၀ စီ ချမှတ်ခံခဲ့ရသည်။

    Blackwater မှာ အမေရိကန်ဦးဆောင်သည့်တပ်ဖွဲ့များ အီရတ်နိုင်ငံအတွင်း ၀င်ရောက်တိုက်ခိုက်မှု အရှိန်မြင့်နေစဉ်အတွင်း သံတမန်များအတွက် အခြားတပ်ဖွဲ့များနှင့်အတူ လုံခြုံရေး ယူပေးရသည့် ကုမ္ပဏီဖြစ်သည်။ ၂၀၀၇ ခုနှစ်က ထိုသို့ လုံခြုံရေးယူနေစဉ်အတွင်း ၎င်းတို့ ၄ ဦးမှာ ဘဂ္ဂဒတ်မြို့ရှိ နီဆူးရ်ရင်ပြင်တွင် အီရတ်ပြည်သူများကို ပစ်သတ်ခဲ့ပြီး ၁၄ ဦး သေဆုံးခဲ့သည်။ ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနောက်ပိုင်း Blackwater ကုမ္ပဏီမှာ ၎င်းတို့၏ အမည်ကို Academi ဟု ပြောင်းလဲခဲ့သည်။

    ၎င်းတို့၏ ရှေ့နေများကမူ အမှုအတွက် တင်သွင်းချင်သည့် အထောက်အထားတစ်ခု တွေ့ရှိခြင်းကြောင့် ယမန်နေ့ ပြစ်ဒဏ်ချမှတ်မှုအား ရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့သော်လည်း တရားသကြီး ရွိုက်စ် လမ်ဘာ့သ်က ပယ်ချခဲ့သည်။

    ဖက်ဒရယ်အစိုးရမှ တရးသူကြီးများကမူ ဆလက်တန်မှလွဲ၍ ကျန်သုံးယောက်အား ကြီးလေးသော ရာဇ၀တ်မှုကျူးလွန်ခြင်းနှင့် စစ်ဘက်ဆိုင်ရာလက်နက်များ သုံးစွဲခြင်းအတွက် နှစ် ၃၀ ထက်ပိုသော ပြစ်ဒဏ်ကို ချမှတ်ရန် တရားရုံးအား တေင်းဆိုခဲ့သည်။ ၀ါရှင်တန်ပို့စ်၏ အဆိုအရ လူသတ်မှုစွဲချက် ၁၃ ခု၊ သတ်ဖြတ်ရန်ကြိုးပမ်းမှုစွဲချက် ၁၇ ခုတို့ဖြင့် တရားစွဲဆိုခံထားရသည့် ဆလော့အား ထောင်ဒဏ် ၅၇ နှစ်၊ လူသတ်မှုစွဲချက် ၈ ခု၊ လူသတ်ရန်ကြိုးပမ်းမှုစွဲချက် ၁၂ ခုတို့ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် လေဘာတီအား
    ထောင်ဒဏ် ၄၇ နှစ်နှင့် လူသတ်မှုစွဲချက် ၆ ခု၊ လူသတ်ရန်ကြိုးပမ်းမှုစွဲချက် ၁၁ ခုတို့ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် ဟီယာ့ဒ်အား ထောင်ဒဏ် ၄၇ နှစ် အသီးအသီးချမှတ်ရန် အစိုးရက တောင်းဆိုခဲ့သည်ဟု ဖော်ပြခဲ့သည်။ ဆလက်တန်မှာ ၎င်း၏ တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကို ခံဝန်ဖြင့် လွှတ်ပေးရန် ခြွင်းချက်မရဘဲ ကျခံရမည်ဖြစ်သည်။

    Ref: RT

  • အန်ဘာရ်ဒေသကို IS လက်မှ အီရတ် ပြန်လည်သိမ်းပိုက်မည်

    အန်ဘာရ်ဒေသကို IS လက်မှ အီရတ် ပြန်လည်သိမ်းပိုက်မည်

    ဧပြီ ၉၊ ၂၀၁၅
    M-Media

    Iraqi Defence Minister Khaled al-Obeidi speaks during a news conference in Amman

    – တီကရစ်မြို့ကို IS လက်မှ လွတ်မြောက်စေခဲ့ပြီးနောက် မိမိတို့၏ နောက်ထပ်ပစ်မှတ်မှာ အန်ဘာရ်ဒေသအား ပြန်လည်သိမ်းပိုက်ရေး ဖြစ်သည်ဟု အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အလ်-အဘာဘာဒီက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    “ကျွန်တော်တို့ရဲ့ နောက်ထပ် ရပ်တည်မှုနဲ့ တိုက်ခိုက်မှုကတော့ ဒီအန်ဘာရ်ဒေသပဲဖြစ်ပါတယ်” ဟု ဘဂ္ဂဒတ်အနောက်ပိုင်း ထိုဒေသရှိ စစ်စခန်းတစ်ခုတွင် ပြောကြားခဲ့သည်ဟု သမ္မရုံးမှထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    အီရတ်ကာကွယ်ရေးဝန်ကြီး ခါလစ် အလ်-အိုဘိုက်ဒီက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တီကရစ်မြို့အား ပြန်လည်သိမ်းယူရေးတိုက်ပွဲတွင် အီရတ်တပ်ဖွဲ့ဝင်များ ပါဝင်ပြီး အမေရိကန်ဦးဆောင်သည့် မဟာမိတ်များကလည်း လေကြောင်းမှ ကူညီတိုက်ခိုက်ပေးခဲ့သည်ဟု ပြောကြားခဲ့ပြီးနောက် အဆိုပါ ကြေညာချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

    အိုဘိုက်ဒီကလည်း ၎င်းတို့၏ နောက်ထပ်တိုက်ပွဲမှာ အန်ဘာရ်ဒေသ သိမ်းယူရေးဖြစ်သည်ဟု ကြေညာခဲ့ပြီး တီကရစ်တွင် တိုက်ခိုက်ခဲ့ပုံမျိုးနှင့် တူညီလိမ့်မည်မဟုတ်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    တီကရစ်မြို့ သိမ်းယူရေးတိုက်ပွဲ သို့မဟုတ် မြေပြင်တိုက်ပွဲများတွင် အီရန်မှ အကြံပေးများ ပါဝင်ခဲ့သည်ဆိုသော သတင်းကိုမူ အိုဘိုက်ဒီက ငြင်းဆိုခဲ့သည်။ အဆိုပါ မှတ်ချက်များကို ဂျော်ဒန်တွင်ကျင်းပခဲ့သော IS အားဆန့်ကျင်သည့် နိုင်ငံများ၏ အစည်းအဝေးတွင် အိုဘိုက်ဒီက ပြောကြားခဲ့ခြင်းဖြစ်သည်။

    တီရစ်မြို့အား သိမ်းယူရေးမှာ ရက်သတ္တပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ပြီးခဲ့သည့် တစ်ပတ်ကမှ မြို့တစ်ခုလုံးအား အီရတ်စစ်တပ်က အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

    Ref: Alarabiya