News @ M-Media

Tag: iraq

  • မူဆိုးလ်တွင် အီးဒ်ပွဲတော် ကျင်းပခြင်းမပြုရန် IS က ၀ါဒဖြန့် အမိန့်ထုတ်

    မူဆိုးလ်တွင် အီးဒ်ပွဲတော် ကျင်းပခြင်းမပြုရန် IS က ၀ါဒဖြန့် အမိန့်ထုတ်

    ဇူလိုင် ၁၃၊ ၂၀၁၅
    M-Media

    is

    – ကမ္ဘာ့တစ်ဝှမ်းမှ အစ္စလာမ်ဘာသာဝင်များမှာ ရမ်ဇာန်ဥပုသ်လပြီးနောက် အီဒွလ်ဖီသီရ်ပွဲတော်ကို ဆင်နွှဲရန် ပြင်ဆင်နေစဉ် IS အဖွဲ့က အီရတ်ရှိ ၎င်းတို့ထိန်းချုပ်ထားရာ မူဆိုးလ်မြို့တွင် အီးဒ်နေ့ ၀တ်ပြုဆုတောင်းမှုကို ပိတ်ပင်ခဲ့ပြီး ထိုသို့ ၀တ်ပြုဆုတောင်းခြင်းမှာ အစ္စလာမ်သာသနာ၏ အစိတ်အပိုင်းမဟုတ်ဟု ဆိုသည်။

    ထိုသို့ အမိန့်ထုတ်ခဲ့ခြင်းကို အီရတ် ကာ့ဒ်ဒီမိုကရက်တစ်ပါတီ KDP မှ မူဆိုးလ်မြို့ တာဝန်ရှိသူတစ်ဦးဖြစ်သော အစ္စမတ် ရာဂျဘ်က ပြောကြားခဲ့ခြင်းဖြစ်ပြီး မူဆိုးလ်မြို့ခံများအနေဖြင့် အီးဒ်နေ့ ၀တ်ပြုဆုတောင်းမှုတွင် ပါဝင်ခြင်းမပြုရန် IS က သတိပေးထားသည်ဟုလည်း ဆိုသည်။ ရာဂျဘ်မှာ လက်ရှိအချိန်တွင် ကာ့ဒ်ဒေသ၌ နေထိုင်နေသည်။

    အီးဒ်နေ့ ၀တ်ပြုဆုတောင်းမှုမှာ အစ္စလာမ်၏ သွတ်သင်ချက်မဟုတ်ဘဲ စောစောပိုင်း အစ္စလာမ်သာသနာကို စတင်ဟောကြားသည့်အချိန်တွင် ပြုလုပ်ခဲ့ခြင်းမရှိဟု ၀ါဒဖြန့်ထားကြောင်း ရာဂျဘ်က ထည့်သွင်းပြောကြားခဲ့သည်။

    တမန်တော်မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) သက်တော်ထင်ရှား ရှိနေစဉ်ကပင် ကိုယ်တော်တိုင် အီးဒ်နေ့ ၀တ်ပြုဆုတောင်းမှုကို ဦးဆောင်လေ့ရှိပြီး၊ ၀တ်ပြုရန် လာရောက်ကြသည့် အမျိုးသား၊ အမျိုးသမီး ကလေးသူငယ်များအားလုံးကို တရားဒေသနာ ဟောကြားမှုများ ပြုလုပ်ခဲ့သော သမိုင်းအထောက်အထား အတိအကျ ရှိနေသည်။ ထို့ပြင် အီးဒ်နေ့၏ ထူးမြတ်မှု၊
    ပျော်ရွှင်ဖွယ်ရာကောင်းမှုတို့ကို ဖော်ပြသော မုဟမ္မဒ်သခင်၏ သြ၀ါဒတော်များလည်း အများအပြား ရှိခဲ့သည်။

    ရမ်ဇာန်ဥပုသ်လကုန် အစ္စလာမ့်ပြက္ခဒိန်၏ ဒဿမမြောက်လဖြစ်သော ရှောင်ဝလ်လ ၁ ရက်နေ့မှာ အီဒွလ်ဖိသိရ်နေ့ဖြစ်ပြီး ထိုနေ့တွင် အစ္စလာမ်ဘာသာဝင်များမှာ စုပေါင်း၍ ၀တ်ပြုဆုတောင်းခြင်း၊ တရားဒေသနာများ နာယူခြင်း၊ ဆင်းရဲသူ ဆင်းရဲသားများအား လှူဒါန်းပေးကမ်းခြင်းများ ပြုလုပ်ကြသည်။

    ထို့ပြင် ဆွေမျိုးမိသင်္ဂဟများ၏ အိမ်များသို့ သွားရောက်လည်ပတ်ကာ နီးစပ်အောင်ပြုလုပ်ခြင်း၊ မုန့်များလုပ်၍ အိမ်နီးနားချင်းများအား ဝေငှခြင်း စသည်တို့ကိုလည်း ဆောင်ရွက်ကြသည်။ တမန်တော်မုဟမ္မဒ်သခင်၏ လက်ထက်တွင် အီးဒ်နေ့၌ အားကစားပြိုင်ပွဲများကိုလည်း ပြုလုပ်လေ့ ရှိခဲ့သည်။

    IS မှာ ၎င်းတို့ ထိန်းချုပ်ရာဒေသများတွင် ဘာသာရေးခေါင်းစဉ်တပ်ကာ ပြည်သူများအား ပြင်းပြင်းထန်ထန် နှိပ်ကွပ်လေ့ရှိပြီး၊ သမိုင်းဆိုင်ရာ အမွေအနှစ်များ၊ မွတ်စလင်တို့၏ သမိုင်းဝင်နေရာများ၊ ဗလီဝတ်ကျောင်းတော်များအပါအ၀င် အထွဋ်အမြတ်ထားရာ ဘာသာရေး အဆောက်အအုံများအား ဗုံးခွဲပျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။

    ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ဆော်ဒီ၊ အီဂျစ်၊ တူရကီ၊ အင်ဒိုနီးရှားနှင့် ကမ္ဘာ့တစ်ဝှမ်းရှိ နိုင်ငံများမှ ထိပ်တန်း မွဖ်သီကြီးများ၊ အစ္စလာမ့် အသင်းအဖွဲ့များက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ကာ ၎င်းတို့၏ လုပ်ရပ်များမှာ အစ္စလာမ်၏ သွင်သင်ချက်များနှင့် လုံးဝ ဆန့်ကျင်နေသည်ဟု ဓမ္မသတ်များ ထုတ်ပြန်ခဲ့ကြသည်။

    ဆော်ဒီရှိ မွဖ်သီကြီး ရှိခ် အဘ်ဒူလ် အဇစ် အလ် ရှိခ်က IS အဖွဲ့မှာ အစ္စလာမ်သာသနာ၏ နံပါတ် ၁ ရန်သူဖြစ်ပြီး မွတ်စလင်များအနေဖြင့် တွန်းလှန်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

    Ref: Tribune, Onislam

  • မူဆိုးလ်တိုက်ပွဲအတွက် အီရတ်စစ်တပ် ပြည်သူများကို အသိပေး

    မူဆိုးလ်တိုက်ပွဲအတွက် အီရတ်စစ်တပ် ပြည်သူများကို အသိပေး

    ဇူလိုင် ၅၊ ၂၀၁၅
    M-Media

    iraq

    – IS ၏ လက်အောက်သို့ ရောက်ရှိနေသည့် မူဆိုးလ်မြို့အား မကြာမီ ထိုးစစ်ဆင်တော့မည်ဖြစ်ပြီး စစ်ဆင်ရေး၏ အသေးစိတ်အချက်အလက်များကို ရေဒီယိုဌာနအသစ်မှ ထုတ်ပြန်သွားမည်ဟု မူဆိုးလ်မြို့ ဒေသခံများအား အသိပေးသည့် စာရွက်များကို အီရတ်စစ်တပ်မှ ဂျက်လေယာဉ်များက ကြဲချခဲ့သည်ဟု သိသည်။

    နိုင်ငံမြောက်ပိုင်းတွင်ရှိပြီး ဒုတိယမြို့တ်ာဖြစ်သော မူဆိုးလ်မြို့ကို IS အဖွဲ့က ပြီးခဲ့သည့် ဇွန်လက သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

    အစိုးရကမူ မူဆိုးလ်မြို့အား ပြန်လည်သိမ်းယူရန် ထိုးစစ်ဆင်မှုများ ပြုလုပ်သွားမည်ဟု ကတိပြုခဲ့သော်လည်း IS အဖွဲ့များက အခြားသော နယ်မြေများကို သိမ်းယူနေသောကြောင့် ကြန့်ကြာခဲ့သည်။ မေလအတွင်းက အီရတ်စစ်တပ်မှာ နိုင်ငံအနောက်ပိုင်း အန်ဘာရ်ပြည်နယ် မြို့တော် ရာမာဒီမှ IS တပ်ဖွဲ့များကို မောင်းထုတ်နိုင်ခဲ့သည်။

    “ဘုရားသခင်ရဲ့ အကူအညီနဲ့ အဖြေက နီးကပ်လာပါပြီ။ ခင်ဗျားတို့ရဲ့ တပ်မတော်ကြီးဟာ အနီးအနားကို ရောက်နေပါပြီ။ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ကြပါ” ဟု အီရတ်စစ်တပ်မှ ကြဲချသော စာရွက်တွင် ရေးသားထားသည်။

    ထိုကဲ့သို့ ကတိပြုခဲ့သော်လည်း မူဆိုးလ်တွင် IS အဖွဲ့အပေါ် စစ်ဆင်ရေး ချက်ချင်းဆောင်ရွက်မည့် လက္ခဏာများ မရှိသေးပေ။

    အဆိုပါစာရွက်များတွင် ရေဒီယိုဌာနအသစ်ဖြစ်သော Mosul FM မှ မကြာခင် အသံလွှင့်သွားမည်ဖြစ်ပြီး မူဆိုးလ်တိုက်ပွဲအတွက် ညွှန်ကြားချက်များကို ရရှိရန် ရေဒီယိုအသေးတစ်လုံးအား ကိုယ်နှင့်မကွာ သယ်ဆောင်သွားကြရန်လည်း မူဆိုးလ်ဒေသခံများကို တိုက်တွန်းထားသည်။

    IS တပ်ဖွဲ့များကမူ စာရွက်ကြဲချသည့် နေရာတစ်ဝိုက်တွင် တပ်ဖြန့်ချထားပြီး လမ်းသွားလမ်းလာများအား အနားမကပ်ရန် သတိပေးထားသည်ဟု မူဆိုလ်းဒေသခံများက ပြောကြားခဲ့သည်။

    Ref: Reuters

  • အီရတ်စစ်တပ် ထိပ်တန်းအရာရှိတစ်ဦးကို ၀န်ကြီးချုပ် ဖယ်ရှား

    အီရတ်စစ်တပ် ထိပ်တန်းအရာရှိတစ်ဦးကို ၀န်ကြီးချုပ် ဖယ်ရှား

    ဇွန် ၃၀၊ ၂၀၁၅
    M-Media

    – အီရတ်စစ်တပ်၏ စစ်ဦးစီးအရာရှိချုပ်ကို ၀န်ကြီးချုပ် ဟိုင်ဒါ အလ်-အဘာဒီက အနားပေးခဲ့သည်ဟု ၀န်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက ယမန်နေ့တွင် ပြောကြားခဲ့ပြီး ပြီးခဲ့သည့်နှစ်က တိုင်းပြည်၏ အစိတ်ပိုင်းအများအပြားကို IS က သိမ်းယူပြီးနောက်ပိုင်း ၀န်ကြီးချုပ်က စစ်တပ်မှ တာဝန်ရှိသူများကို ဖယ်ရှားမှုအတွင်း ရာထူးအမြင့်ဆုံးလည်းဖြစ်သည်။

    ဖယ်ရှားခံရသူမှာ ဗိုလ်ချုပ် ဘာဘေကာ ဇီဘာရီဖြစ်ပြီး အာဘာဒီ၏ အမိန့်ဖြင့် ဖယ်ရှားခံလိုက်ရခြင်းဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူ ဆအာဒ် အလ်-ဟာဒီသီက AFP သတင်းဌာနသို့ ပြောကြားခဲ့ကာ အသေးစိတ်အချက်အလက်များကို ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိချေ။

    ပြီးခဲ့သည့် ဇွန်လမှစကာ IS အဖွဲ့က ထိုးစစ်ဆင်ရာတွင် တုံ့ပြန်မှုဆိုးရွားခဲ့သည့် စစ်တပ်အား ပြန်လည်တည်ဆောက်ရေးနှင့် တိုးတက်စေရေးတို့အတွက် အာဘာဒီမှာ စစ်တပ်နှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ အများအပြားကို ထုတ်ပယ်ခဲ့သည်။

    သို့သော်လည်း ဇီဘာရီမှာ ထိုအကြောင်းကြောင့် သို့မဟုတ် အခြားသော အကြောင်းအရင်းများကြောင့် ထုတ်ပယ်ခံရခြင်းလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။

    IS ၏ ထိုးစစ်ဆင်မှုတွင် အီရတ်စစ်တပ်မှ တပ်မဟာအများအပြားမှာ လက်နက်များ၊ ယာဉ်များနှင့် ယူနီဖောင်းများ အားလုံးကို စွန့်ကာ ထွက်ပြေးခဲ့ကြသည်။ အီရတ်စစ်တပ်မှာ လေ့ကျင့်မှု ညံ့ဖျင်းခြင်းနှင့် ခေါင်းဆောင်မှုကင်းမဲ့ခြင်း စသည့် အားနည်းချက်များကို ခံစားနေရသည်။

    ဇီဘာရီက အမေရိကန်စစ်တပ်များ နိုင်ငံအတွင်း ဆက်ရှိနေခြင်းမှာ ပို၍ကောင်းပြီး အီရတ်စစ်တပ် အပြည့်အ၀ အဆင်သင့်ဖြစ်ရန် နှစ်များစွာ အချိန်ယူရမည်ဟု ထုတ်ပယ်မခံရမီက ပြောကြားခဲ့ဖူးသည်။

    အမေရိကန်စစ်တပ်များ ထွက်ခွာသွားသည်မှာ ၃ နှစ်ခွဲ ကြာမြင့်ပြီဖြစ်သော်လည်း အီရတ်စစ်တပ်အား လေ့ကျင့်ပေးရန်၊ အကြံဥာဏ်ပေးရန်၊ အီရတ်နှင့် ဆီးရီးယားတို့တွင် IS တပ်ဖွဲ့များအား လေကြောင်းမှ တိုက်ခိုက်ရန်အတွက် အမေရိကန်စစ်သား ထောင်နှင့်ချီ၍ အီရတ်သို့ ပြန်လည်ရောက်ရှိလာကြသည်။

    Ref: Alarabiya

  • ဆီးရီးယားရှိ အစ္စလာမ့် သမိုင်းဝင်အမွေအနှစ်နှစ်ခုကို IS ဖောက်ခွဲဖျက်ဆီးပြန်

    ဆီးရီးယားရှိ အစ္စလာမ့် သမိုင်းဝင်အမွေအနှစ်နှစ်ခုကို IS ဖောက်ခွဲဖျက်ဆီးပြန်

    ဇွန် ၂၄၊ ၂၀၁၅
    M-Media

    is

    – ဆီးရီးယားနိုင်ငံ ပါလ်မိုင်ရာမြို့အနီးရှိ အစ္စလာမ့် ရှေးဟောင်းသမိုင်းဝင် ဗိမာန်နှစ်ခုကို ဖျက်ဆီးပစ်လိုက်ပြီဟု IS အဖွဲ့က ပြောကြားလိုက်သည်။

    ပါလ်မိုင်ရာမြို့ကို လွန်ခဲ့သည့် တစ်လခန့်က IS မှ သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါမြို့မှ ၄ ကီလိုမီတာကွာဝေးသော နေရာရှိ ဗိမာန်နှစ်ခုအား စနေနေ့တွင် ဖောက်ခွဲဖျက်ဆီးပြီး အုတ်ပုံဖြစ်သွားသည့် ဓာတ်ပုံများကို အွန်လိုင်းစာမျက်နှာတွင် လွှင့်တင်ခဲ့သည်။

    ထိုကဲ့သို့ဖျက်ဆီးမှုမှာ ပါလ်မိုင်ရာမြို့အား သိမ်းပိုက်ပြီးနောက် ယူနက်စကို၏ သမိုင်းဝင်အမွေအနှစ်အဖြစ် စာရင်းသွင်းခြင်းခံထားရသော ကျော်ကြားသည့် ရှေဟောင်းနေရာများ၌ ပထမဆုံး ဖျက်ဆီးခံရခြင်းလည်း ဖြစ်သည်။

    ဓာတ်ပုံများတွင် တမန်တော်မိုဟာမက်၏ ၀မ်းကွဲညီအကို အီမာမ်အလီ၏ ရောင်းရင်းဖြစ်သော မိုဟာမက်ဘင်အလီ၏ တောင်ပေါ်ဗိမာန်ကို ဖောက်ခွဲမှုကြောင့် ထွက်ပေါ်လာသည့် မီးခိုးလုံးများကို တွေ့ရှိခဲ့ရသည်။

    ဒုတိယတစ်ခုမှာ ဆူဖီပညာရှင်တစ်ပါးဖြစ်သော နီဇာရ် အဘူ အာဟာ အက်ဒင်းအတွက် လွန်ခဲ့သည့် နှစ် ၅၀၀ ကျော်က ဆောက်လုပ်ခဲ့သည့် ဗိမာန်ဖြစ်သည်။

    IS က ထုတ်ပြန်သောကြေညာချက်တွင် မိမိတို့အနေဖြင့် ရုပ်ထုကိုးကွယ်မှုနှင့် ဆက်နွယ်သည့် ရုပ်တုများနှင့် ဗိမာန်များကို ဖျက်ဆီးပစ်မည်ဟု ဖော်ပြခဲ့သည်။

    အီရတ်နိုင်ငံရှိ သမိုင်းဝင်နေရာများကို ဖျက်ဆီးခဲ့သည့် IS ၏ လုပ်ရပ်ကြောင့် ပါလ်မိုင်ရာမြို့အား IS က သိမ်းပိုက်ပြီးနောက်ပိုင်း မြို့တွင်းရှိ သမိုင်းအမွေအနှစ်များ၏ ကံကြမ္မာနှင့်ပတ်သက်၍ နိုင်ငံတကာက စိုးရိမ်းမှုများ မြင့်တက်လာခဲ့သည်။

    ပြီးခဲ့သည့်မတ်လအတွင်းက အီရတ်နိုင်ငံ မူဆိုးလ်မြို့အနီး နှစ်ပေါင်း ၃၀၀၀ သက်တမ်းရှိသော ရှေးဟောင်းသမိုင်းဝင် အက်ဆီရီယန်မြို့ရှိ ပြတိုက်မှ အနုပညာလက်ရာများကို IS က ဖျက်ဆီးခဲ့ပြီး မြို့ကိုလည်း ဘူဒိုဇာဖြင့် ဖျက်ဆီးခဲ့သည်။

    အီရတ်နှင့် ဆီးရီးယားရှိ ဗိမာန်များကိုလည်း IS အဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့ပြီး အများစုမှာ ဆူဖီစင်ဂိုဏ်းနှင့် သက်ဆိုင်သည့် နေရာများဖြစ်သည်။

    IS အဖွဲ့ ပေါ်ထွက်လာပြီးနောက် ၎င်းတို့၏ လူမဆန်သောလုပ်ရပ်များအတွက် အစ္စလာမ်သန္ဓေတည်ရာ ဆော်ဒီ၊ အစ္စလာမ့် ဓမ္မရေးရာတွင် နာမည်ကြီးသည့် အီဂျစ်တို့အပါအ၀င် ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ၊ ရှေ့ဆောင်အီမာမ်များနှင့် မွတ်စလင်အသင်းအဖွဲ့များက ရှုတ်ချခဲ့ကြသည်။

    ထို့ပြင် ဆော်ဒီရှိ မွဖ်သီချုပ်ကြီးကမူ IS မှာ အစ္စလာမ်၏ နံပါတ် ၁ ရန်သူဖြစ်ပြီး မွတ်စလင်များအနေဖြင့် တွန်းလှန်ကြရန် တိုက်တွန်းခဲ့သည်။

    Ref: Aljazeera

  • အီရတ်ရှိ ယာဇီဒီလက်နက်ကိုင်များ စွန်နီရွာသားများကို သတ်ဖြတ်

    အီရတ်ရှိ ယာဇီဒီလက်နက်ကိုင်များ စွန်နီရွာသားများကို သတ်ဖြတ်

    ဇွန် ၁၁၊ ၂၀၁၅
    M-Media

    iraq

    – ပြီးခဲ့သည့်နှစ်က အီရတ်ရှိ IS အဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှုများကို ခါးစီးခံခဲ့ရသော ယာဇီဒီလူ့အဖွဲ့အစည်းမှ လက်နက်ကိုင်များမှာ လက်စားချေသည့်အနေဖြင့် စွန်နီမျိုးနွယ်စု ရွာသားများကို သတ်ဖြတ်ခဲ့ကြသည်ဟု နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က ပြောကြားလိုက်သည်။

    လန်ဒန်အခြေစိုက်ဖြစ်သည့် အဆိုပါအဖွဲ့၏ ယမန်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ထိုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်ပြီး အီရတ်နိုင်ငံမြောက်ပိုင်း ဆင်ဂျာဒေသရှိ စွန်နီရွာနှစ်ခုဖြစ်သော ဂျီရီနှင့် ဆီဘာယာတို့တွင် ယာဇီဒီပြည်သူ့စစ်များမှ ဇန်န၀ါရီ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သော အဆိုပါတိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးပြီးခဲ့ပြီဟုလည်း ပြောကြားခဲ့သည်။

    ယာဇီဒီများ၏ သတ်ဖြတ်မှုတွင် မသန်းစွမ်းဖြစ်နေသော ရွာသားများနှင့် ကလေးများပင် ပါဝင်ခဲ့သည်ဟုဆိုသည်။

    “သဘောတရားအရဆိုရင် တစ်အိမ်မှ မလွတ်ပါဘူး။ အသတ်ခံရတဲ့သူတွေထဲက တစ်ဝက်လောက်ဟာ အသက်ကြီးသူတွေ၊ မသန်စွမ်းသူတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေဖြစ်ပါတယ်” ဟု အဆိုပါကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    ထို့ပြင် ရွာသား ၄၀ အတင်းအဓမ္မ ခေါ်ဆောင်သွားခြင်း ခံခဲ့ရပြီး ထိုအထဲမှ ၁၅ ဦးမှာလည်း ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ဆိုသည်။ မျက်မြင်သက်သေများတွင် Amnesty အဖွဲ့မှာ ယာဇီဒီများ၏ တိုက်ခိုက်မှုအတွင်း အသက် ၁၅ နှစ်နှင့် အသက် ၂၀ အရွယ် သားဖြစ်သူ ၂ ဦး သေဆုံးခဲ့သော ဖခင်တစ်ဦးနှင့်လည်း စကားပြောဆိုခဲ့သည်။ အသက် ၁၂ နှစ်အရွယ် သားဖြစ်သူမှာ နောက်ကျောတွင်
    သေနတ်ဖြင့် ၄ ချက် အပစ်ခံခဲ့ရေသော်လည်း အသက်သေဆုံးခြင်းမရှိခဲ့ဟု ထိုဖခင်က ပြောကြားခဲ့သည်။

    အခြားမျက်မြင်သက်သေ အမျိုးသားတစ်ဦးကလည်း ၎င်း၏ အသက် ၆၆ နှစ်အရွယ် မသန်စွမ်းဖခင်မှာ ဘီးတပ်ကုလားထိုင်တွင် ပစ်သတ်ခြင်း ခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    “IS လက်ထဲမှာ ဆိုးဆိုးဝါးဝါး ခံစားခဲ့ရတဲ့ ယာဇီဒီလူ့အဖွဲ့အစည်းက လူတွေဟာ သူတို့ကိုယ်တိုင် ဒီလိုကြမ်းကြုတ်ရဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်နေတယ်ဆိုတာကို မြင်ရတာ အလွန်အမင်း စိုးရိမ်စရာ ကောင်းပါတယ်” ဟု Amnesty အဖွဲ့မှ ပဋိပက္ခဆိုင်ရာ အကြီးတန်းအကြံပေး ဒွန်နာတဲလ်လာ ရိုဗီရာက ပြောကြားခဲ့သည်။

    ဆင်ဂျာဒေသတွင် အခြေစိုက်နေထိုင်ကြသည့် ယာဇီဒီလူမျိုးများမှာ အီရတ်နိုင်ငံ၏ ဘာသာရေးလူနည်းစုဖြစ်ပြီး IS များက ၎င်းတို့၏ ဒေသကို သိမ်းယူခဲ့ပြီးနောက် ရက်စက်ကြမ်းကြုတ်မှုများနှင့် ရင်ဆိုင်ခဲ့ရကာ ထောင်ပေါင်းများစွာမှာ အိုးအိမ်စွန့်ခွာ
    ထွက်ပြေးခဲ့ရသည်။

    IS မှ ယာဇီဒီလူမျိုးများအပေါ် ကျူးလွန်မှုများမှာ လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် မှတ်ယူ၍ ရနေပြီဟု ကုလသမဂ္ဂက ကြေညာခဲ့သည်။

    Ref: Aljazeera