News @ M-Media

Tag: Myanmar Military

  • ကမ္ဘောဒီးယားစစ်ခေါင်းဆောင်၏ ဂျပန်ခရီးစဉ်တွင် မြန်မာ့အရေး ဆွေးနွေးမည်

    ကမ္ဘောဒီးယားစစ်ခေါင်းဆောင်၏ ဂျပန်ခရီးစဉ်တွင် မြန်မာ့အရေး ဆွေးနွေးမည်

    ဖေဖော်ဝါရီ ၇၊ ၂၀၂၂
    M-Media

    ဟွန်ဆန်နှင့် သားဖြစ်သူ ဟွန်မာနတ် (ယာ)

    -ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့သား ဟွန်မာနတ်ဟာ ဖေဖော်ဝါရီလအလယ်ပိုင်းမှာ ဂျပန်နိုင်ငံကို သွားရောက်ဖို့ရှိနေပြီး အဲဒီခရီးစဉ်အတွင်း မြန်မာ့အရေးကို ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

    ဟွန်မာနတ်ဟာ ကမ္ဘောဒီးယားစစ်တပ် အကြီးအကဲဖြစ်ပြီး ဟွန်ဆန်က သူ့သားကို သူ့နေရာဆက်ခံဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

    ဂျပန်ခရီးစဉ်အတွင်း ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါ၊ နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာယာရှီ၊ ကာကွယ်ရေးဝန်ကြီး နိုဘူအိုကီရှီတို့နဲ့ တွေ့ဆုံကာ နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအတွေ၊ အခြား ကိစ္စတွေ ဟွန်မာနတ်က​ ဆွေးနွေးမှာ ဖြစ်ပါတယ်။

    ဟွန်မာနတ်ရဲ့ခရီးစဉ်အတွင်း ဂျပန်တာဝန်ရှိသူတွေက မြန်မာ့အရေးပါ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ အခုနှစ်ဇန်နဝါရီ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ မြန်မာခရီးစဉ်အတွင်း ဟွန်မာနတ်လည်း လိုက်ပါခဲ့တာဖြစ်ပါတယ်။

    ၂၀၂၂ ခုနှစ် အာဆီယံဥက္ကဌအဖြစ် ဆောင်ရွက်မယ့် ကမ္ဘောဒီးယားဟာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်တွေကို အာဆီယံအသိုင်းအ၀ိုင်းမှာ ပြန်လည်ပါဝင်နိုင်ရေး ကြိုးပမ်းဖို့ ဆန္ဒရှိပေမယ့် အခြား အာဆီယံအဖွဲ့အဝင်တွေက လက်မခံတဲ့အတွက် ရှေ့ဆက်လို့ မရခဲ့ပါဘူး။

    ဂျပန်ကတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာအစိုးရကို ပေးနေတဲ့ အကူအညီတွေကို ရပ်ဆိုင်းခဲ့ပါတယ်။

    Ref: Japan Today

  • စစ်ကောင်စီက ဒစ်ဂျစ်တယ်ငွေကြေးစနစ် ကျင့်သုံးရန် စီစဉ်နေ

    စစ်ကောင်စီက ဒစ်ဂျစ်တယ်ငွေကြေးစနစ် ကျင့်သုံးရန် စီစဉ်နေ

    ဖေဖော်ဝါရီ ၅၊ ၂၀၂၂
    M-Media

    -မြန်မာအာဏာသိမ်းစစ်ကောင်စီက ဒစ်ဂျစ်တယ်ငွေကြေးစနစ်တစ်ခု ဖော်ဆောင်ဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ကိုးကားပြီး Bloomberg သတင်းဌာနက ဖော်ပြပါတယ်။

    ဒစ်ဂျစ်တယ်ငွေကြေးစနစ် ကျင့်သုံးခြင်းအားဖြင့် စီးပွားရေးတိုးတက်မှုကို အထောက်အကူဖြစ်စေလိမ့်မယ်လို့လည်း ဗိုလ်မှူးချုပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒစ်ဂျင်တယ်ငွေကြေးကို ပြည်တွင်းကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်မလား ဒါမှမဟုတ် ဗဟိုဘဏ်ကပဲ သီးခြားထုတ်မလားဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ သူက ဆိုပါတယ်။

    ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းတွေ ရပ်ဆိုင်းလုနီးနီး ဖြစ်သွားခဲ့ပြီး၊ တိုင်းပြည်စီးပွားရေးလည်း အကြီးအကျယ် ကျဆင်းသွားခဲ့ပါတယ်။

    ၂၀၂၁ ခုနှစ်အတွင်း စီးပွားရေးကျဆင်းမှု ၁၈ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး အခုနှစ်မှာလည်း ထပ်မံကျဆင်းအုံးမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

    Ref: Bloomberg

  • စစ်ကောင်စီကိုစားလှယ်ကို လက်မခံရန် လူ့အခွင့်အရေးအဖွဲ့များက ICJ ကို စာပို့တောင်းဆို

    စစ်ကောင်စီကိုစားလှယ်ကို လက်မခံရန် လူ့အခွင့်အရေးအဖွဲ့များက ICJ ကို စာပို့တောင်းဆို

    ဖေဖော်ဝါရီ ၄၊ ၂၀၂၂
    M-Media

    -မြန်မာစ်တပ်က ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုကိစ္စအတွက် ဖေဖော်ဝါရီ ၂၁ ရက်နေ့ ကြားနာမှုမှာ အာဏာသိမ်းစစ်ကောင်စီကိုယ်စားလှယ်ကို တက်ရောက်ဖြေရှင်းခွင့် မပေးသင့်ဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက နိုင်ငံတကာ ခုံသမာဓိရုံး (ICJ) ကို ကြာသာပတေးနေ့က စာရေးသားပေးပို့ တောင်းဆိုလိုက်ပါတယ်။

    Legal Action Worldwide(LAW)၊ Fortify Rights နဲ့ Myanmar Accountability Project တို့က စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ကိုယ်စား ချေပခွင့် ပေးလိုက်တာဟာ စစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းမှုကို အသိအမှတ်ပြုလိုက်သလို ဖြစ်သွားနိုင်တဲ့အန္တရာယ် ရှိတယ်ဆိုပြီး ICJ ဥက္ကဌကို လိပ်မူပေးပို့တဲ့ အဲဒီစာမှာ ဖော်ပြထားပါတယ်။

    အာဏာသိမ်းစစ်ကောင်စီကို ဒီလို အသိအမှတ်ပြုတဲ့ ပုံစံမျိုးဟာ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ မူ၀ါဒနဲ့ ဆန့်ကျင်နေကြောင်း၊ ဖြုတ်ချခံ အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ NUG အစိုးရကိုသာ မြန်မာနိုင်ငံကိုယ်စားပြုခွင့်ပေးသင့်ကြောင်းလည်း စာထဲမှာ ထောက်ပြထားပါတယ်။

    LAW အဖွဲ့က စစ်တမ်းကောက်ယူခဲ့တဲ့ ရိုဟင်ဂျာ ၈၀၀ ကျော်ကလည်း လူ့အခွင့်အရေးအဖွဲ့အစည်းတွေ ပေးပို့တဲ့စာကို အပြည့်အ၀ ထောက်ခံတယ်လို့ ပြောကြားခဲ့ပါတယ်။

    “၂၀၁၉ ခုနှစ် ဒီဇင်ဘာက ကြားနာမှုမှာ မြန်မာဖက်ကပြောခဲ့တဲ့ မုသားတွေအတွက် ကျွန်မ တော်တော်လေး ဒေါသထွက်ခဲ့ရပါတယ်။ ICJ တရားသူကြီးတွေက ဒီမုသားတွေကို လက်မခံခဲ့ပါဘူး။ အခု စစ်တပ်က အာဏာသိမ်းမှု တရားဝင်အောင်လို့ ICJ ကို အသုံးချနေပါပြီ။ တရားရုံးကသာ ဒါကို လက်ခံလိုက်ရင် ကျွန်မတို့ ဘယ်တော့မှ မြန်မာနိုင်ငံ မပြန်နိုင်တော့မှာကို စိုးရိမ်မိပါတယ်” လို့ ၂၀၁၉ ကြားနာမှုကို တက်ရောက်နား​ထောင်ခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသမီး ဟာဆီနာ ဘေဂွန်က ပြောပါတယ်။

    ပထမအကြိမ် ကြားနာမှုအပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့မှာ ICJ က မြန်မာနိုင်ငံက လိုက်နာရမယ့် ကြားဖြတ် အမိန့်တစ်ခု ထုတ်ပြန်ခဲ့ပြီး လူမျိုးတုန်းသတ်ဖြတ်မှု အထောက်အထားတွေ မပျောက်ပျက်အောင် ထိန်းသိမ်းထားဖို့၊ ရိုဟင်ဂျာတွေရဲ့ အခြေအနေ တိုးတက်အောင် ဆောင်ရွက်နေကြောင်း ၆ လတစ်ကြိမ် သတင်းပို့ဖို့ စတာတွေ ပါဝင်ပါတယ်။

    Ref: Scoop NZ

  • စစ်ကောင်စီနိုင်ငံခြားရေး၀န်ကြီး အာဆီယံအစည်းအ၀ေး တက်ခွင့်မရ

    စစ်ကောင်စီနိုင်ငံခြားရေး၀န်ကြီး အာဆီယံအစည်းအ၀ေး တက်ခွင့်မရ

    ဖေဖော်၀ါရီ ၃၊ ၂၀၂၂
    M-Media

    -အခုလ အလယ်ပိုင်းမှာလုပ်မယ့် အာဆီယံ နိုင်ငံခြားရေး၀န်ကြီးများအစည်းအ၀ေးပွဲမှာ မြန်မာအာဏာသိမ်း စစ်ကောင်စီခန့် နိုင်ငံခြားရေး၀န်ကြီး ဦး၀ဏ္ဏမောင်လွင်ကို တက်ရောက်ခွင့်ပေးမှာမဟုတ်ဘူးလို့ ကမ္ဘောဒီးယားနိုင်ငံက ဒီကနေ့ ထုတ်ပြန်ပါတယ်။

    ကမ္ဘောဒီးယားဟာ ၂၀၂၂ ခုနှစ် အာဆီယံဥက္ကအဖြစ် တာ၀န်ယူထားတာပါ။ အာဆီယံနိုင်ငံခြားရေး၀န်ကြီးများအစည်း၀ေးကို အရင်က ဇန်န၀ါရီနှောင်းပိုင်းမှာ ကျင်းပဖို့ စီစဥ်ထားတာ ဖြစ်ပါတယ်။

    ကမ္ဘောဒီယား၀န်ကြီးချုပ် ဟွန်ဆန်ရဲ့ ဇန်န၀ါရီ အစောပိုင်း မြန်မာနိုင်ငံခရီးစဥ်နဲ့ အဲဒီခရီးစဥ်မှာ ဦး၀ဏ္ဏမောင်လွင်ကို အစည်းအ၀ေးတက်ဖို့ ဖိတ်ကြားမှုကို ကန့်ကွက်တဲ့အနေနဲ့ အဖွဲ့၀င်နိုင်ငံတွေက အစည်းအ၀ေးတက်ဖို့ ငြင်းခဲ့ပြီး အစည်းအ၀ေးကိုလည်း ရွှေ့ဆိုင်းလိုက်ရပါတယ်။

    ဖေဖော်၀ါရီ ၁၆၊ ၁၇ မှာ ကျင်းပဖို့ ပြန်လည်စီစဥ်လိုက်တဲ့ အာဆီယံ နိုင်ငံခြားရေး၀န်ကြီးများ အစည်းအ၀ေးမှာတော့ ကမ္ဘောဒီယားက စစ်ကောင်စီနိုင်ငံခြားရေး၀န်းကြီးကို တက်ခွင့်မပေးတော့ပါဘူး။

    ပြီးခဲ့တဲ့နှစ်က ရရှိခဲ့တဲ့ အာဆီယံ သဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီဖက်က အကောင်အထည်ဖော်မှု မရှိသေးတဲ့အတွက် ဖိတ်ကြားမှုမလုပ်တာလို့ ကမ္ဘောဒီယား နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ချမ်ဆွန်နရီက ပြောပါတယ်။

    “အာဆီယံ သဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှု မရှိတဲ့အတွက် လာမယ့် နိုင်ငံခြားရေး၀န်ကြီးများအစည်းအ၀ေးမှာ စစ်ကောင်စီနိုင်ငံခြားရေး၀န်ကြီးကို ဖိတ်ကြားဖို့ အဖွဲ့၀င်နိုင်ငံတွေကြားထဲမှာ သဘောတူညီမှု မရခဲ့ပါဘူး”

    စစ်ကောင်စီက နိုင်ငံရေးဖက်ကမဟုတ်တဲ့ ကိုယ်စားလှယ်တစ်ဦးကိုသာ ဖိတ်ကြားသွားမယ်လို့လည်း ဆွန်နရီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အာဆီယံ သဘောတူညီချက် ၅ ချက်မှာ အကြမ်းဖက်မှု ရပ်တန့်ရေး၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ရေး၊ အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံလာရောက်ကာ နိုင်ငံရေး နယ်ပယ်က သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးခွင့်ပေးရေး စတာတွေ ပါ၀င်ပါတယ်။

    စစ်ကောင်စီဖက်က ဒီသဘောတူညီချက်တွေကို အကောင်အထည်ဖော်ခြင်း မရှိတဲ့အတွက် ပြီးခဲ့တဲ့နှစ်က အာဆီယံ ထိပ်သီးအစည်းအ၀ေး အနည်းဆုံး ၃ ခုမှာ အာဆီယံက မြန်မာစစ်ခေါင်းဆောင်ကို ဖိတ်ကြားခြင်း မရှိပါဘူး။

    Ref : Reuters

  • အရေခြုံများ၏ အသုံးချမှုကို ဆက်လက်ခံနေရသည့် မြန်မာနိုင်ငံက ဗုဒ္ဓသာသနာ

    အရေခြုံများ၏ အသုံးချမှုကို ဆက်လက်ခံနေရသည့် မြန်မာနိုင်ငံက ဗုဒ္ဓသာသနာ

    ဖေဖော်ဝါရီ ၁၊ ၂၀၂၂
    M-Media

    -ပြီးခဲ့တဲ့နှစ်က အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တစ်ယောက် ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ တည်ထားကိုးကွယ်ဖို့ စီစဉ်နေပါတယ်။ သူဟာ ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်ခဲ့တယ်ဆိုတဲ့ သမိုင်းတစ်ခုကို ချန်ထားခဲ့ချင်တဲ့အတွက် ကြိုးပမ်းနေတာပါ။

    သူ့လက်အောက်မှာရှိတဲ့စစ်သားတွေကတော့ ပြီးခဲ့တဲ့နှစ်အတွင်း အာဏာသိမ်းမှုဆန့်ကျင်တဲ့ ပြည်သူ ၁၅၀၀ ကျော်လောက်ကို သတ်ဖြတ်ခဲ့ကြပါတယ်။ ‘သူတစ်ပါးအသက် မသတ်ရ’ ဆိုတဲ့ ဗုဒ္ဓဘာသာရဲ့ ငါးပါးသီလထဲက ပထမဆုံးနဲ့ အရေးအကြီးဆုံး ပညတ်ကို ချိုးဖောက်ခဲ့ကြတာ ဖြစ်ပါတယ်။

    “သူတို့ရဲ့ ဗုဒ္ဓဘာသာဆိုတာ ဟန်ပြပါပဲ။ သူတို့ကို ဗုဒ္ဓဘာသာဝင်လို့တောင် မခေါ်ထိုက်ဘူး။ ဗုဒ္ဓဘာသာဝင်ဆိုတာ သူများအသက် မသတ်ရဘူး။ သူတို့ အခုလုပ်နေတာတွေအားလုံးက ဗုဒ္ဓဘာသာနဲ့ ဆန့်ကျင်တာတွေပဲ” လို့ အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို ဦးဆောင်နေတဲ့ သက်တော် ၃၀ နှစ်အရွယ် ရဟန်းတော် ဦးအဂ္ဂဝံသက ပြောပါတယ်။

    “သူတို့ကိုယ်သူတို့ ဗုဒ္ဓဘာသာဝင်တွေလို့ပြောတယ်။ ဒါပေမယ့် သူတို့လုပ်နေတာတွေအားလုံးက တိုင်းပြည်ကို အုပ်စိုးထားဖို့ပါပဲ”

    လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ အတွင်း အချိန်အတော်ကြာ စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက် နေခဲ့ရပြီး ဗုဒ္ဓဘာသာဝင် ၉၀ ရာခိုင်နှုန်းရှိတဲ့ မြန်မာနိုင်ငံမှာ တရားဝင်မှုတစ်ခုရဖို့အတွက် သူ့အရင်လူတွေ လုပ်ခဲ့တဲ့ နည်းလမ်းဟောင်းတွေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လုပ်ဆောင်နေတာပါ။

    ထေရ်ကြီးဝါကြီး၊ နာမည်ကြီး ဘုန်းတော်ကြီးတွေနဲ့ မဟာမိတ် ဖွဲ့မယ်။ သူနဲ့ သူ့တပည့်တွေက ဗုဒ္ဓဘာသာကို အထူးသက်ဝင်ယုံကြည်တယ်ဆိုတာမျိုး မြင်လာအောင် ပုံမှန်လုပ်ပြမယ် စတာမျိုးတွေပါ။ တစ်ဖက်မှာတော့ အကြမ်းဖက်သတ်ဖြတ်မှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။

    မဟာမိတ်ဖွဲ့

    မြန်မာစစ်တပ်ဟာ အောက်တိုဘာလနှောင်းပိုင်းကစပြီး ချင်းပြည်နယ် အနောက်မြောက်ပိုင်း ထန်တလန်မြို့မှာ မြေလှန်ဖျက်ဆီးမှုတွေ လုပ်ပါတယ်။ အဆောက်အဦး ရာချီ မီးရှို့ဖျက်ဆီးပြီး၊ လူထောင်သောင်းချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    ရက်အနည်းငယ်အကြာမှာပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒုတိယအကြီးဆုံးမြို့ မန္တလေးက ဘုန်းကြီးကျောင်း အများအပြားကို သွားရောက်ပြီး ဘုန်းတော်ကြီးတွေကို ပူဇော်ကန်တော့ကာ၊ လှူဖွယ်၀တ္ထုပစ္စည်းတွေ ပေးအပ်ခဲ့ပါတယ်။ သူတွေ့ဆုံခဲ့တဲ့ ဘုန်းတော်ကြီးတွေထဲမှာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့(မဟန) ရဲ့ ဥက္ကဌ ဗန်းမော်ဆရာတော်လည်း ပါဝင်ပါတယ်။ ထိပ်တန်းဘုန်းကြီးတွေပါဝင်တဲ့ မဟနဟာ အစိုးရခန့်ထားတဲ့အဖွဲ့ဖြစ်ပြီး နိုင်ငံအတွင်းက ဗုဒ္ဓဘာသာနဲ့ ဘုန်းတော်ကြီးတွေကို ထိန်းကွပ်ဖို့ ဖြစ်ပါတယ်။

    စစ်တပ်ကခေါင်းဆောင်တွေက နာမည်ကြီးဘုန်းတော်ကြီးတွေဆီ သွားရောက်တွေ့ဆုံတဲ့သတင်းကို နိုင်ငံပိုင်မီဒီယာမှာ နေ့တိုင်းနီးပါး ဖော်ပြပါတယ်။ ဒါဟာ ပြည်သူနဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးစားမှု တစ်စိတ်တစ်ပိုင်းပါ။ အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု (Institute of Peace) ရဲ့ ပြီးခဲ့တဲ့လ အစီရင်ခံစာမှာ စစ်တပ်က ဗုဒ္ဓဘာသာကို အားပေးချီးမြှောက်တယ်ဆိုတဲ့ပုံစံမျိုး လူတွေမြင်လာအောင် လုပ်ဆောင်မှုဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၄ ဆ တက်လာတယ်လို့ ဖော်ပြထားပါတယ်။

    “သူတို့လိုချင်တာရဖို့ ဗုဒ္ဓဘာသာကို အသုံးချရာမှာ စစ်တပ်ဟာ သိပ်ကို တော်ပါတယ်။ လူထုက ဘုန်းကြီးတွေကို အရမ်းရိုသေလေးစားတယ်။ ဒါ့ကြောင့် စစ်တပ်ဟာ ဘုန်းကြီးတွေကို အသုံးချတာပါ။ လူ့အဖွဲ့အစည်းအပေါ် အမြတ်ထုတ်ဖို့အတွက် အင်မတန်ထိရောက်တဲ့နည်းလမ်း ဖြစ်ပါတယ်” လို့ Pyidaungsu Institute for Peace and Dialogue အဖွဲ့က မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် စိုင်းသက်နိုင်ဦးက ပြောပါတယ်။ ဒီအဖွဲ့ဟာ မြန်မာနိုင်ငံက မတူညီတဲ့ နိုင်ငံရေးအသံတွေကို စုစုစည်းစည်းထုတ်ဖို့အတွက် ဖွဲ့စည်းထားတာပါ။

    “ဒါ့ကြောင့် အခြားလုပ်စရာတွေများကြီး ရှိပေမယ့် မင်းအောင်လှိုင်ဟာ ထိပ်တန်းဘုန်းကြီးတွေကို အချိန်ပေးပြီး အမြဲသွားသွားတွေ့တာပါ”

    ပြည်သူ့ချဉ်ဖတ်

    အရပ်သားခေါင်းဆောင် ‌‌ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ပါတီကို ဖြုတ်ချပြီးကတည်းက စစ်တပ်ဟာ လူထုတစ်ရပ်လုံးရဲ့ အုံကြွဆန့်ကျင်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲ မသမာမှုကြောင့် အာဏာသိမ်းတာလို့ စစ်တပ်က ပြောပါတယ်။

    ပြင်းထန်တဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေ ချက်ခြင်းဆိုသလို ပေါ်ထွက်လာခဲ့ပြီး ဆန္ဒပြမှုတွေ၊ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ကနေတစ်ဆင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) လို လက်နက်ကိုင်အဖွဲ့တွေ အများအပြား ပေါ်ပေါက်လာပါတယ်။ လက်ရှိအချိန်မှာတော့ နိုင်ငံတစ်ဝှမ်း ဒီအဖွဲ့တွေနဲ့ စစ်တပ်တို့ ပုံမှန်လိုလို တိုက်ခိုက်မှုတွေ ဖြစ်နေပါပြီ။

    နိုင်ငံတကာအသိုင်းအ၀ိုင်းက အာဏာသိမ်းအစိုးရကို ရှုတ်ချခဲ့ပြီး အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကလည်း စစ်ခေါင်းဆောင်တော်တော်များများ၊ သူတို့ပိုင်ဆိုင်တဲ့ လုပ်ငန်းတွေကို ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ကုလသမဂ္ဂမှာတော့ NLD အစိုးရလက်ထက်က ခန့်အပ်ထားတဲ့ သံတမန်က မြန်မာနိုင်ငံကို ဆက်လက် ကိုယ်စားပြုနေဆဲပါ။

    ပြည်တွင်းမှာ အကြီးအကျယ် ဆန့်ကျင်ခံနေရပြီး နိုင်ငံတကာရဲ့ ထောက်ခံမှုကို မရတဲ့အတွက် စစ်တပ်ဟာ ထောက်ခံမှုကို ရနိုင်သမျှ ရှာဖွေနေတယ်လို့ International Crisis Group ရဲ့ မြန်မာနိုင်ငံဆိုင်ရာအကြံပေး ရစ်ချက် ဟော်ဆေးက ပြောပါတယ်။

    စက်တင်ဘာလအစောပိုင်းမှာ စစ်ကောင်စီအာဏာပိုင်တွေက ဆရာတော် ဦးဝီရသူကို လွှတ်ပေးလိုက်တယ်လို့ ကြေငြာပါတယ်။ ဦးဝီရသူဟာ ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒကို ဟောပြောပြီး၊ မွတ်စလင်တွေအပေါ် မုန်းတီးတဲ့အမြင် ရှိသူပါ။

    စစ်တပ်ဟာ လတ်တလောမှာ ဦးဝီရသူနဲ့ ခပ်ခွာခွာနေပြပြီး နောက်ကွယ်မှာရှိနေတဲ့ ‘ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒကို အပြည့်အ၀ အသုံးချတာမျိုး’ မလုပ်သေးပေမယ့် သဘောထားတင်းမာတဲ့ အဖွဲ့တွေကို ကိုင်ထားဆဲလို့ ဟော်ဆေးက သုံးသပ်ပါတယ်။

    “သူတို့မှာ မိတ်ဆွေ များများစားစား မရှိဘူး။ လူတိုင်းက သူတို့ကို မုန်းနေကြတဲ့အချိန်မှာ ဘယ်လိုမိတ်ဆွေမျိုးကိုမဆို သူတို့ ထိန်းထားဖို့ လုပ်မှာပါ”

    “ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒဟာ သူတို့ ထုတ်ကစားနိုင်တဲ့ ဖဲချပ်တွေထဲက တစ်ခုဖြစ်တယ်ဆိုတာကတော့ သိပ်ရှင်းပါတယ်။ သူတို့ နိုင်နိုင်နင်းနင်း လုပ်နိုင်ကိုင်နိုင်တဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။ အပြည့်အ၀ ထုတ်ကစားမျိုး မဟုတ်သေးပေမယ့် အစပျိုးတဲ့ အနေအထားတော့ ရှိနေပါတယ် ”

    တရားဝင်မှုရဖို့ စစ်တပ်က ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒကို အမြတ်ထုတ် အသုံးချမှုဟာ ပြည်တွင်းမှာတင် မကတော့ဘဲ ပြည်ပအထိပါ နယ်ချဲ့လာပါတယ်။

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တပည့် ဒုတိယစစ်ခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်း စက်တင်ဘာလက ရုရှားနိုင်ငံ သွားရောက်ပြီး လက်နက်ဝယ်ယူတဲ့ခရီးမှာ သဘောထားတင်းမာတဲ့အမြင် ရှိသူလို့ စွပ်စွဲခံရတဲ့ သီတဂူဆရာတော် လိုက်ပါသွားခဲ့ပါတယ်။ လူထုက မထောက်ခံတဲ့ပြဿနာ ရှိနေတဲ့အချိန် ‘ဘာသာရေးခေါင်းဆောင်ပိုင်းက သူတို့ကို ထောက်ခံနေတယ်’ ဆိုတာမျိုး ပြသချင်တဲ့အတွက် သီတဂူဆရာတော်ကို ခေါင်ဆောင်သွားတာ​မျိုး ဖြစ်တယ်လို့ ဟော်ဆေးက ကောက်ချက်ချပါတယ်။

    စစ်တပ်ရဲ့အသည်းကျော် သီတဂူဆရာတော်ဟာ ရိုဟင်ဂျာတွေ ထောင်နဲ့ချီ အသတ်ခံရပြီး၊ သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရတဲ့ ၂၀၁၇ ခုနှစ် စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကို ထောက်ခံပြောဆိုတဲ့ ထိပ်တန်းဘုန်းကြီးတွေက တစ်ပါးလည်း ဖြစ်ပါတယ်။ ‘ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့သူတွေက လူမဟုတ်တဲ့အတွက် သတ်ရင် အကုသိုလ်မဖြစ်ဘူး’ ဆိုတဲ့တရားကို ဟောပြောကာ စစ်တပ်ရဲ့ လုပ်ရပ်တွေကို ဆရာတော်က ကာကွယ်ပေးခဲ့ပါတယ်။ ရိုဟင်ဂျာတွေကို သတ်ဖြတ်မှုဟာ အခုအချိန်မှာ လူမျိုးတုန်းသတ်ဖြတ်မှုတစ်ခုအဖြစ် စုံစမ်းစစ်ဆေးခံနေရပြီ ဖြစ်ပါတယ်။

    စစ်ကောင်စီဟာ လတ်တလောမှာ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒကို အပြည့်အ၀ ဝါဒဖြန့်တာမျိုး မလုပ်သေးပေမယ့် ဗုဒ္ဓဘာသာဝင် မဟုတ်သူတွေ အများအပြားနေထိုင်တဲ့ ဒေသတွေမှာ တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်တဲ့ နည်းလမ်းဟောင်းကို ပြန်သုံးလာပါတယ်။

    “လက်နက်ကိုင်ပဋိပက္ခတွေဟာ ဗုဒ္ဓဘာသာဝင်မဟုတ်သူတွေ ရှိတဲ့နေရာမှာ ပိုဖြစ်လာတာကို တွေ့ရလိမ့်မယ်။ ဘာသာမတူတဲ့သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တယ်လို့ စစ်တပ်က ထုတ်မပြောပါဘူး။ ဒါပေမယ့် ဘယ်သူတွေကို သူတို့ ပစ်မှတ်ထားနေလဲဆိုတာ ခင်ဗျားတွေ့မှာပါ။ လုပ်ရပ်တွေက သူတို့ရဲ့ သဘောထားကို ပြနေပါတယ်” လို့ စိုင်းဦးက ပြောပါတယ်။

    ခရစ်ယာန်ဘာသာဝင် ၈၅ ရာခိုင်နှုန်းရှိတဲ့ ချင်းပြည်နယ်၊ ခရစ်ယာန် ရိုမန်ကက်သလစ်ဘာသာဝင် အများအပြား ရှိနေတဲ့ ကယားပြည်နယ်မှာ မြန်မာစစ်တပ်က လုပ်ဆောင်နေတဲ့ တိုက်ခိုက်မှုတွေကို ရည်ညွှန်းပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

    ဘာသာရေးခွဲခြားမှု

    အတိုက်အခံ NLD ပါတီ၊ သူတို့ဖမ်းထားတဲ့ လူထုခေါင်းဆောင်တွေရဲ့ ပုံရိပ် ညှိုးနွမ်းအောင်၊ ကြီးထွားလာတဲ့ တော်လှန်ရေးလှုပ်ရှားမှုကို ပုံပျက်အောင် ဆောင်ရွက်ရာမှာလည်း စစ်တပ်က ဗုဒ္ဓဘာသာကို အသုံးချပါတယ်။

    နိုင်ငံပိုင်မီဒီယာမှာ ရေးသားတဲ့ ဆောင်းပါးတွေထဲမှာ PDF က ဘုန်းကြီးတွေကို သတ်တယ်လို့ စွပ်စွဲပြီး ‘လူအများစု ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာရဲ့ ဘုန်းကြီးတွေကို အကြမ်းဖက်သမားတွေက ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တယ်’ လို့ ဆိုပါတယ်။

    အာဏာမသိမ်းခင်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီတို့ဟာ ဗုဒ္ဓဘာသာကို ‘ထိထိရောက်ရောက် ချီးမြှင့်မြှောက်စားမှု မရှိဘူး’ လို့ စစ်တပ်က ဝါဒဖြန်ခဲ့ပါတယ်။ အရပ်သားအစိုးရဟာ အလွန်အကျွံ လစ်ဘရယ်ဖြစ်​နေတယ်ဆိုတဲ့ စိုးရိမ်မှုမျိုး ဝင်လာပြီး ဘုန်းကြီးတွေက NLD ကို မထောက်ခံတော့အောင် ဆောင်ရွက်တယ်လို့ ဟော်ဆေးက ဆိုပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်း ဒီလို တိုက်ခိုက်ဝါဒဖြန့်မှုတွေ ဆက်ဖြစ်လာပါတယ်။ ဩဂုတ်လက မိန့်ခွန်းတစ်ခုမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ‘ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ဗုဒ္ဓဘာသာဝင်တွေ စိတ်နှလုံးညှိုးနွမ်းခဲ့ရတယ်’ လို့ ထည့်ပြောခဲ့ပြီး NLD အစိုးရ အာဏာရတဲ့ ၅ နှစ်ကို ရည်ညွှန်းခဲ့တာဖြစ်ပါတယ်။

    ဘုန်းတော်ကြီးအသိုင်းအ၀ိုင်းက သဘောထားတင်းမာသူအချို့ လက်ခံထားကြတဲ့ ဒီဝါဖြန့်မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ ဘာသာရေးလူနည်းစု လူ့အဖွဲ့အစည်းတွေက အမြင်တစ်မျိုး ရှိပါတယ်။

    ချင်းလူ့အခွင့်အရေးအဖွဲ့ Chin Human Rights Organization ရဲ့ ဒုတိယအကြီးအကဲ Salai Za Uk Ling က ဒေါ်အောင်ဆန်းစုကြည် အာဏာရတဲ့အချိန်ကလည်း နိုင်ငံရေးမှာ ဗုဒ္ဓဘာသာကသာ အဓိကလွှမ်းမိုးထားခဲ့တယ်လို့ ပြောပါတယ်။

    “ခရစ်ယာန်ဘာသာဟာ နိုင်ငံခြားဘာသာတစ်ခုအဖြစ် ယူဆခံရပြီး ခရစ်ယာန်ဘာသာဝင်တွေလည်း ဒုတိယတန်းစား နိုင်ငံသားအဖြစ် ပြုမူဆက်ဆံခံရပါတယ်။ အရပ်သားအစိုးရအောက်မှာ မူဝါဒတွေက ဘာမှ သိပ်ပြီး ပြောင်းလဲမှုမရှိတာကို ကျွန်တော်တို့ တွေ့ရတယ်။ အရင်မူဝါဒတွေကို ထင်ထင်ပေါ်ပေါ် မလုပ်ခဲ့ပေမယ့် ဘာသာရေးလူနည်းစုတွေ ရင်ဆိုင်နေရတဲ့ ခွဲခြားဆက်ဆံမှု အဓိကအကြောင်းအရင်းတွေကို ထိထိရောက်ရောက်ဖြေရှင်းဖို့ ကြိုးပမ်းတာမျိုး မရှိခဲ့ပါဘူး”

    “လက်ရှိ စစ်အစိုးရလက်ထက်မှာ အရင်ကတည်းကရှိခဲ့တဲ့ မူဝါဒတွေ ဆက်လက်အကောင်အထည် ဖော်နေတာမျိုးကို ကျွန်တော်တို့ မြင်နေရပါတယ်”

    NLD ဟာ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး စစ်တပ်နဲ့ တူညီတဲ့အမြင် ရှိခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်လှန်ရေးလှုပ်ရှားမှု ပုံပျက်အောင် စစ်တပ်ရဲ့ ဝါဒဖြန့်မှုဟာ တစ်စိတ်တစ်ပိုင်း ထိရောက်မှုရှိတာကို တွေ့ရပါတယ်။

    အရင်ကဖြစ်ခဲ့တဲ့ လူထုအုံကြွမှုတွေမှာ ဘုန်းတော်ကြီးတွေဟာ ရှေ့တန်းက​နေ ပါဝင်လေ့ရှိပါတယ်။ သင်္ကန်းကို ရည်ညွှန်းပြီး အမည်မှည့်ခဲ့တဲ့ ၂၀၀၇ ‘ရွှေဝါရောင်တော်လှန်ရေး’ ဟာ လောင်စာဆီစျေးနှုန်းတွေ အဆမတန် မြင့်တက်မှုကနေ စတင်လာတာပါ။ နိုင်ငံတစ်ဝှမ်း ထောင်သောင်းချီတဲ့ဘုန်းတော်ကြီးတွေ တစ်လကျော်လောက် ဆန္ဒပြခဲ့ကြပါတယ်။

    စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြမှုမှာ ဘုန်းတော်ကြီးတွေကို သိပ်မမြင်ရတာဟာ စစ်တပ်ကို ထောက်ခံတာကြောင့် မဟုတ်ဘူးလို့ ဆရာတော် ဦးအဂ္ဂဝံသက ပြောပါတယ်။ ကိုဗစ်ရောဂါကြောင့် ဘုန်းတော်ကြီး တော်တော်များများ မပါဝင်ကြတာဖြစ်ပြီး၊ နာမည်ကြီးဘုန်းကြီးတွေက စစ်တပ်ကို ထောက်ခံနေတာကြောင့် အောက်ခြေကဘုန်းကြီးတွေ စစ်အာဏသိမ်းမှု ဆန့်ကျင်တာဟာ သိပ်မပေါ်လွင်တာ ဖြစ်တယ်လို့လည်း ဦးအဂ္ဂဝံသက ထည့်သွင်း မိန့်ကြားခဲ့ပါတယ်။

    “အာဏာသိမ်းပြီးကတည်းက မင်းအောင်လှိုင်ဟာ ဘုန်းကြီးတွေကို လာဘ်လာဘတွေပေးပြီး သူ့ဖက်ပါအောင် လုပ်ထားတယ်။ ဒါပေမယ့် လူထုလုပ်ရှားမှုကို ဘုန်းကြီးတွေက မထောက်ခံဘူးဆိုတာမျိုးတော့ ပြည်သူတွေ မထင်စေချင်ပါဘူး။ ဘုန်းကြီးတို့ကလည်း စစ်တပ်က အာဏာသိမ်းတာကို လက်မခံပါဘူး”

    အာဏာခိုင်မြဲဖို့ ဘာသာရေးကို အသုံးချတာ၊ ထိပ်တန်းဘုန်းကြီးတွေနဲ့ မဟာမိတ်ဖွဲ့တာတွေ လုပ်ဆောင်ပြီး၊ အခုနောက်ပိုင်း ဗုဒ္ဓဘာသာဝင်တွေကို စည်းရုံးဖို့ စစ်တပ်က ကြိုးပမ်းနေပေမယ့် ကိုယ့်ပြည်သူကိုသတ်ဖြတ်​နေတဲ့ အဖွဲ့အစည်းက ဗုဒ္ဓဘာသာကို အမြတ်ထုတ်အသုံးချတာမျိုးကို လူထုက လက်မခံတော့တာ ပိုပြီး ထင်ရှားလာပါတယ်။

    “စစ်တပ်အုပ်စိုးမှုကြောင့် ဘုန်းကြီးတို့လည်း ထိခိုက်ပါတယ်။ လမ်းပေါ်မှာ ဘုန်းကြီးတို့ကိုတွေ့ရင် သူတို့က ပစ်တာပဲ။ အခန့်မသင့်ရင် ဖမ်းခံရတယ်။ ဗုဒ္ဓဘာသာဝင်ဆိုတာ ဒါမျိုးမှမဟုတ်ဘဲ။ ဘုန်းကြီးတို့ ဆက်လက် ဆန့်ကျင်သွားမှာပါ” လို့ ဦး အဂ္ဂဝံသက မိန့်ပါတယ်။

    Ref: Aljazeera