News @ M-Media

Tag: Myanmar Military

  • အာဏာသိမ်းစစ်ကောင်စီကို အာဆီယံစိတ်ပျက်နေ၊ စစ်ခေါင်းဆောင်ကို အာဆီယံအစည်းအဝေး လာခွင့်မပေးရန်ပင် စဉ်းစားထား

    အာဏာသိမ်းစစ်ကောင်စီကို အာဆီယံစိတ်ပျက်နေ၊ စစ်ခေါင်းဆောင်ကို အာဆီယံအစည်းအဝေး လာခွင့်မပေးရန်ပင် စဉ်းစားထား

    အောက်တိုဘာ ၄၊ ၂၀၂၁၂
    M-Media

    -အာဆီယံအထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်တဲ့အပေါ် အာဏာသိမ်း စစ်ကောင်စီကို စိတ်ပျက်မိတယ်လို့ မလေးရှားနဲ့ အင်ဒိုနီးရှားတို့က ပြောကြားလိုက်ပြီး၊ အခုလ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ စစ်ခေါင်းဆောင်ကို လာခွင့်မပေးတာအထိ ဖြစ်လာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

    မြန်မာနိုင်ငံမှာ ​ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကို ဦးဆောင်ဖြေရှင်းပေးဖို့အတွက် အာဆီယံအဖွဲ့ကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ဖိအားပေးနေတာပါ။ ဧပြီလမှာ မြန်မာ့အရေး အာဆီယံထိပ်သီးအစည်းအဝေး ပြုလုပ်ခဲ့ပြီး ဩဂုတ်လမှာတော့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်နိုင်ခဲ့ပါတယ်။

    အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကိုသွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်သူတွေအားလုံးနဲ့ တွေ့ဆုံကာ ကြားဝင်ညှိနှိုင်းပေးဖို့ အာဆီယံဖက်က စီစဉ်ထားပေမယ့် စစ်ကောင်စီက ပူးပေါင်းဆောင်ရွက်မှု မရှိပါဘူး။

    “မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့အပေါ် မြန်မာအာဏာပိုင်​တွေကို ကျွန်တော်တို့ စိတ်ပျက်မိပါတယ်။ ဘာတိုးတက်မှုမှ မရှိဘူးဆိုရင် စစ်ကောင်စီဥက္ကဌကို အာဆီယံထိပ်သီးအစည်းအဝေးမှာ လက်ခံဖို့ ခက်ခဲပါလိမ့်မယ်” လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုက်ဖူဒင် အဘ်ဒူလာက Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    အာဆီယံထိပ်သီးအစည်းအဝေးကို အောက်တိုဘာနှောင်းပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

    အာဆီယံအဖွဲ့ရဲ့ ငြိမ်းချမ်းရေးမူဝါဒ အကောင်အထည်ဖော်ရေးမှာ စစ်ကောင်စီဖက်က သိသာတဲ့ ဆောင်ရွက်မှု မတွေ့ရဘူးလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီပြောကြားခဲ့ပြီး၊ အာဆီယံကိုယ်စားလှယ်​ တောင်းဆိုထားတဲ့ကိစ္စတွေကို ပြန်လည်ဖြေကြားတာမျိုးလည်း မလုပ်ဘူးလို့ ဆိုပါတယ်။

    ဒီကနေ့ ဗီဒီယိုကနေတစ်ဆင့် ပြုလုပ်တဲ့ အစည်းအဝေးမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအများစုက မြန်မာအာဏာသိမ်းစစ်ကောင်စီကို စိတ်ပျက်ကြောင်း ပြောခဲ့ကြပြီး၊ ဒီသဘောထားကို သက်ဆိုင်ရာ နိုင်ငံခေါင်းဆောင်တွေသိအောင် လက်ဆင့်ကမ်းပေးဖို့ လိုအပ်တယ်လို့လည်း မာဆူဒီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မြန်မာနိုင်ငံက ဆိုးရွားနေတဲ့အခြေအနေကို ရပ်တန့်အောင် ကူညီဖို့ အာဆီယံက ကမ်းလှမ်းခဲ့ပေမယ့် တိုင်းပြည်အတွင်းက သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံနိုင်ရေးမှာ စိန်ခေါ်မှုတွေရှိနေကြောင်း အထူးကိုယ်စားလှယ်က ပြောခဲ့တယ်လို့ မာဆီဒီက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ကရစ်ရှ်နန်က အာဆီယံအထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာနိုင်ငံကို တိုက်တွန်းခဲ့တယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ဟာ ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး အရီဝမ် ယူစွဖ်ဖြစ်ပြီး မြန်မာနိုင်ငံကိုလာကာ သက်ဆိုင်သူတွေနဲ့တွေ့ဖို့ စစ်ကောင်စီကို တောင်းဆိုထားတာ ဖြစ်ပါတယ်။

    စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ တရားရင်ဆိုင်နေရသူတွေနဲ့ တွေဆုံခွင့်ရဖို့ ခက်ခဲမှာဖြစ်ပြီး၊ တရားဝင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့သာ မိမိတို့က ပိုမို လိုလားတယ်လို့ ကြာသာပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    Ref: CNA

  • မြန်မာ့အရေး နိုင်ငံတကာက အရေးတကြီး တုန့်ပြန်ရန် လိုအပ်နေကြောင်း ကုလအတွင်းရေးမှူးပြော

    မြန်မာ့အရေး နိုင်ငံတကာက အရေးတကြီး တုန့်ပြန်ရန် လိုအပ်နေကြောင်း ကုလအတွင်းရေးမှူးပြော

    စက်တင်ဘာ ၃၀၊ ၂၀၂၁
    M-Media

    -ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ​မြန်မာနိုင်ငံမှာ ဖြစ်လာတဲ့ နိုင်ငံရေးပြဿနာအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက အလျင်အမြန် တုန့်ပြန်ဖြေရှင်းဖို့ လိုအပ်တယ်လို့ ကုလအထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က ပြောကြားလိုက်ပါတယ်။

    ‘မြန်မာနိုင်ငံမှ ရိုဟင်ဂျာမွတ်စလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေး အခြေအနေ’ ဆိုတဲ့ခေါင်းစဉ်နဲ့ ထုတ်ပြန်တဲ့အစီအရင်ခံစာမှာ စစ်တပ်ရဲ့ အာဏာဆုပ်ကိုင်ထားမှုကို တုန့်ပြန်ဖို့ ပိုမိုခက်ခဲလာမှာ စိုးရိမ်ကြောင်းလည်း ထည့်သွင်းဖော်ပြထားပါတယ်။

    “ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုလမ်းကြောင်းပေါ် မြန်မာနိုင်ငံ ပြန်ရောက်ရေး ကူညီနိုင်ဖို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ဒေသတွင်းအဖွဲ့အစည်းတွေက စည်းစည်းလုံးလုံးနဲ့ တုန့်ပြန်ဆောင်ရွက်မှု ချက်ခြင်းလုပ်ဆောင်ဖို့ လိုအပ်နေပါပြီ”

    ဂူတာရက်စ်ရဲ့ ဒီအစီရင်ခံစာကို ကုလမှာ အတည်ပြုဖို့အတွက် နိုင်ငံပေါင်း ၁၁၉ နိုင်ငံက ထောက်ခံမဲပေးခဲ့ပြီး တရုတ်အပါအဝင် ၃၆ နိုင်ငံက ကြားနေခဲ့ကာ၊ ဘီလာရုစ်နိုင်ငံက ကန့်ကွက်မဲ ပေးခဲ့ပါတယ်။

    ဖမ်းဆီးခံထားရတဲ့ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား အစိုးရတာဝန်ရှိသူတွေ ပြန်လည်လွတ်မြောက်လာရေး နိုင်ငံတကာအသိုင်းအ၀ိုင်းက ကြိုးပမ်းအားထုတ်ဖို့ ဂူတာရက်စ်က တိုက်တွန်းခဲ့သလို၊ ရိုဟင်ဂျာမွတ်စလင်တွေအပါအဝင် ထိခိုက်ခံစားလွယ်တဲ့ အုပ်စုတွေဟာ လူသားချင်းစာနာ​ထောက်ထားမှုဆိုင်ရာ အကူအညီတွေ အလျင်အမြန် လိုအပ်နေတယ်လို့လည်း သတိပေးခဲ့ပါတယ်။

    “စစ်တပ်က အာဏာခိုင်အောင်လုပ်နေတာကို တားဆီးဖို့ အခွင့်အလမ်း နည်းလာပါပြီ”

    Ref: AFP

  • တရုတ်ထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေး ၄ သန်း မြန်မာကို ထပ်ရောက်

    တရုတ်ထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေး ၄ သန်း မြန်မာကို ထပ်ရောက်

    စက်တင်ဘာ ၂၇၊ ၂၀၂၁
    M-Media

    -တရုတ်နိုင်ငံကနေ ဝယ်ယူထားတဲ့ ကိုဗစ်ကာကွယ်ဆေး Sinopharm အလုံးရေ ၄ သန်း မနေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတယ်လို့ သိရပါတယ်။

    မြန်မာနိုင်ငံဟာ တရုတ်ထုတ်ကာကွယ်ဆေး စုစုပေါင်း အလုံးရေ ၁၆.၆ သန်း ရရှိထားပြီး အဲဒီအထဲက ၃.၉ သန်းကို တရုတ်နိုင်ငံက လှူဒါန်းတာလို့ မြန်မာနိုင်ငံ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    စစ်ကောင်စီရဲ့ မှတ်တမ်းတွေအရ နိုင်ငံတစ်ဝှမ်း ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်စလုံးထိုးပြီးသူ ၃.၇၂ သန်း ရှိနေပြီး တစ်ကြိမ်ထိုးထားသူက ၃.၄၇ သန်း ရှိတယ်လို့ ဆိုပါတယ်။

    NLD အစိုးရလက်ထက်က ဝယ်ယူထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေ၊ ပြည်သူလူထုက လှူဒါန်းထားတဲ့ ကာကွယ်ဆေးဝယ်ဖို့ အလှူငွေတွေကို ဘယ်လို သုံးစွဲသလဲဆိုတာတွေနဲ့ပတ်သက်လို့ အာဏာသိမ်းပြီး ၉ လအထိ စစ်ကောင်စီက ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

    Ref: CGTN

  • အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်၏ ကျူးလွန်မှုများ စစ်ရာဇဝတ်မှုမြောက်နေ

    အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်၏ ကျူးလွန်မှုများ စစ်ရာဇဝတ်မှုမြောက်နေ

    စက်တင်ဘာ ၂၄၊ ၂၀၂၁
    M-Media

    -ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေက မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေဟာ စစ်ရာဇဝတ်မှုမြောက်တဲ့အနေအထားမှာ ရှိနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အကြီးအကဲ မီရှဲ ဘာချလက်က ကြာသာပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေက နိုင်ငံတစ်ဝှမ်း လူပေါင်း ၁၁၂၀ ကျော် သတ်​ဖြတ်ခဲ့တာ၊ ဖမ်းဆီးခံရသူ ၈ ထောင်ရှိပြီး ဖမ်းဆီးထားစဉ်အတွင်း သတ်ဖြတ်မှု ၁၂၀ လောက် ရှိနေတာ၊ လူ ၂ သိန်း ၃ သောင်းကျော်လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာတွေကို ဘာချလတ်ရဲ့ လူ့အခွင့်အရေးကောင်စီကိုတင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ပြည်သူလူထုရဲ့ အသက်ရှင်ရပ်တည်ခွင့်၊ လွတ်လပ်ခွင့်၊ လုံခြုံရေး၊ မျှတစွာ တရားစီရင်မှု၊ လွတ်လပ်စွာပြောဆိုခွင့်၊ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြခွင့် စတာတွေအပါအဝင် နိုင်ငံတကာ လူ့ခွင့်အရေး စံချိန်စံညွှန်းတွေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သတ်မှတ်ချက်တွေကို စစ်ကောင်စီတပ်တွေက ချိုးဖောက်နေတာကို မှတ်တမ်းရယူထားတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

    ပဋိပက္ခ၊ ဆင်းရဲမွဲတေမှု၊ ကိုဗစ်ကပ်ရောဂါတွေ၊ စစ်တပ်ရဲ့ အကြမ်းဖက်မှု၊ စီးပွားရေးပြိုလဲမှု စတာတွေကြောင့် မြန်မာပြည်သူတွေဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းကို ပိုမို ကြုံတွေ့ရနိုင်တယ်လို့ ဘာချလက်က သတိပေးခဲ့ပါတယ်။

    “မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားဖို့နဲ့ ပဋိပက္ခတွေ အခုထက်ပိုပြီး မကျယ်ပြန့်ခင် တားဆီးဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက နှစ်ဆလောက် ကြိုးပမ်းအားထုတ်ဖို့ လိုအပ်နေပါတယ်”

    စစ်ကောင်စီတပ်တွေဟာ စစ်ပွဲမှာ အသုံးပြုတဲ့ လက်နက်ခဲယမ်းတွေကို ပြည်သူတွေအပေါ်မှာ အသုံးပြုနေပြီး လေကြောင်း၊ လက်နက်ကြီးတွေနဲ့လည်း အရပ်သား၊ လက်နက်ကိုင် မခွဲခြားဘဲ ပစ်ခတ်နေတယ်လို့ ဘာချလက်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    လူသားထုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှု

    မြန်မာနိုင်ငံက လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် တွမ်အန်ဒရူးက စစ်ကောင်စီတပ်တွေဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ လုပ်ဆောင်နေပြီး ဒါတွေကို တားဆီးဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ကြိုးပမ်းမှုတွေ အလုပ်မဖြစ်ဘူးလို့ ဆိုပါတယ်။

    ဖမ်းလိုသူတွေကို မတွေ့ရင် ၅ လကလေးအပါအဝင် ​မိသားစုတွေ၊ ဆွေမျိုးတွေကို စစ်တပ်က ပြန်ပေးဆွဲပြီး ညှင်းပမ်းတာ၊ တစ်နှစ်ကျော်အရွယ်ကနေ ၁၇ နှစ်အရွယ်ရှိတဲ့ ကလေးငယ် အနည်းဆုံး ၇၅ ဦး သတ်ဖြတ်ခံရတာတွေကို တွမ်အန်ဒရူးက ဗုဒ္ဓဟူးနေ့ လူ့အခွင့်အရေးကောင်စီကို အစီရင်ခံမှုမှာ ထည့်သွင်းပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ကျူးလွန်မှု မှတ်တမ်းမှတ်ရာတွေကို ရရှိထားတယ်လို့လည်း ဆိုပါတယ်။

    Ref: Vatican News

  • ရိုဟင်ဂျာများကို အကြမ်းဖက်ရန်လှုံ့ဆော်ခဲ့သည့် အကောင့်များကို လွှဲပေးရန် Facebook ကို အမေရိကန်တရားရုံးတစ်ခု ညွှန်ကြား

    ရိုဟင်ဂျာများကို အကြမ်းဖက်ရန်လှုံ့ဆော်ခဲ့သည့် အကောင့်များကို လွှဲပေးရန် Facebook ကို အမေရိကန်တရားရုံးတစ်ခု ညွှန်ကြား

    စက်တင်ဘာ ၂၄၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုနဲ့ ပတ်သက်ဆက်နွယ်ပြီး ဖယ်ရှားခဲ့တဲ့ အကောင့်တွေမှာ ရေးသားခဲ့တဲ့ မှတ်တမ်းတွေကို ပေးအပ်ဖို့ ဆိုရှယ်မီဒီယာကုမ္ပဏီ Facebook ကို အမေရိကန်တရားရုံးတစ်ခုက ညွှန်ကြားလိုက်ပါတယ်။

    အရင်က ဒီလိုတောင်းဆိုမှုမျိုး ရှိပေမယ့် အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ထုတ်ပေးတာဟာ အမေရိကန်ရဲ့ ဆက်သွယ်ရေးဥပဒေကို ချိုးဖောက်ရာရောက်တယ်ဆိုပြီး Facebook က တုန့်ပြန်ထားတာပါ။

    ဗုဒ္ဓဟူးနေ့ ဝါရှင်တန်တရားရုံးတစ်ခုရဲ့ ညွှန်ကြားမှုမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် စုံစမ်းဆေးဖို့ ဆောင်ရွက်မှုအတွင်း Facebook က ပူးပေါင်းဆောင်ရွက်မှု မရှိတာကို ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် ဆက်သွယ်ရေးဥပဒေရဲ့ တားမြစ်ထားချက်ဟာ ရိုဟင်ဂျာတွေအပေါ် အမုန်းစကားပြောတာ၊ အကြမ်းဖက်ဖို့ လှုံဆော်တာတွေအတွက် အကြုံးမဝင်ဘဲ၊ ဒီအချက်အလက်တွေကို ထုတ်မပေးတာက ‘ရိုဟင်ဂျာတွေ ခံစားခံရတဲ့ ဖြစ်ရပ်ဆိုးမှာ ပူးပေါင်းပါဝင်သလို’ ဖြစ်သွားစေတယ်လို့ တရားရုံးက ဆိုပါတယ်။

    Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူက ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး ကုလရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အချက်အလက်တွေပေးကာ ပူးပေါင်းဆောင်ရွက်နေပြီး ဝါရှင်တန်တရားရုံးက အခုညွှန်ကြားမှုအတွက် သုံးသပ်နေတယ်လို့ ပြောပါတယ်။

    မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေဟာ ၁၉၆၀ ပြည့်နှစ်တွေကတည်းက စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်ညှင်းပမ်း​ မောင်းထုတ်မှုကို ခံခဲ့ရတာပါ။ ၂၀၁၇ ခုနှစ် ဩဂုတ်လ စစ်တပ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြုလုပ်တဲ့ နယ်မြေရှင်းလင်းရေးအတွင်း ရိုဟင်ဂျာ ထောင်ချီ အသတ်ခံခဲ့ရပြီး ၇ သိန်းလောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထပ်မံ ထွက်ပြေးခဲ့ရပါတယ်။

    မြန်မာစစ်တပ်ဟာ ရိုဟင်ရွာပေါင်းများစွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး အမျိုးသမီးတွေကို အဓမ္မကျင့်တာ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ ခိုးဆိုးလုယက်တာတွေလို ရာဇဝတ်မှုပေါင်းများစွာကို ကျူးလွန်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

    စစ်တပ်နဲ့ အဲဒီအချိန်က မြန်မာအစိုးရက ဒီသတင်းတွေကို ငြင်းဆိုပြီး ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ အာဆာရဲ့ တိုက်ခိုက်မှုကို တုန့်ပြန်တာသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၂ ခုနှစ်ကလည်း မဘသအစွန်းရောက်တွေဟာ အဓမ္မကျင့်သတ်ဖြတ်မှုတစ်ခုကို အသုံးချပြီး ဆူပူအောင်လှုံဆော်ခဲ့တာကြောင့် ရိုဟင်ဂျာ၊ ကမန်နဲ့ အခြားအစ္စလာမ်ဘာသာဝင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေ ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့ပြီး၊ ဒီမီးပွားဟာ ပြည်မကိုပါ ကူးစက်ကာ အစ္စလာမ်ဘာသာဝင်တွေ တိုက်ခိုက်သတ်ဖြတ်ခံခဲ့ရပါတယ်။

    လူ့အခွင့်အရေးအဖွဲ့တွေက မြန်မာနိုင်ငံမှာပြန့်နှံ့ခဲ့တဲ့ ရိုဟင်ဂျာနဲ့ မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ Facebook ဟာ အဓိကကျခဲ့တယ်လို့ ၂၀၁၈ ခုနှစ်မှာ ထုတ်ပြန်ပါတယ်။

    ရိုက်တာသတင်းဌာနရဲ့ စုံစမ်းဖော်ထုတ်မှုတစ်ခုမှာလည်း ရိုဟင်ဂျာနဲ့ မွတ်စလင်တွေကို ခွေးတွေ၊ မုဒိမ်းကောင်တွေ၊ လောက်တွေနဲ့ နှိုင်းကာ အမုန်းစကားပြောဆိုတဲ့၊ သတ်ဖြတ်ဖို့လှုံ့ဆော်တဲ့ Facebook က ပို့စ်ပေါင်း တစ်ထောင်ကျော်ကို ကိုးကားခဲ့ပါတယ်။

    မြန်မာနိုင်ငံက မွတ်စလင်မုန်းတီးရေးလှုပ်ရှားမှုမှာ Facebook က အရေးယူဆောင်ရွက်မှု အလွန်နှေးကွေးတယ်လို့ ဝေဖန်ခံခဲ့ရပြီးတဲ့နောက် Facebook ဟာ ရိုဟင်ဂျာဆန့်ကျင်ရေး၊ မွတ်စလင်ဆန့်ကျင်ရေး အကောင့်တွေ၊ Group တွေကို ၂၀၁၈ ခုနှစ်နောက်ပိုင်းမှာ ဖယ်ရှားခဲ့ပါတယ်။

    Ref : Reuters