News @ M-Media

Tag: UK

  • အင်္ဂလန်တွင် ဟာလာလ် စံချိန် စံညွှန်း စည်းကမ်းဖောက်ဖျက်ပြီး လိမ်ရောင်းသည့် စားသောက်ဆိုင်အား တရားရုံးမှ ဒဏ်ရိုက်

    ဖေဖော်ဝါရီ ၂၃ ၊ ၂၀၁၄
    M-Media
    uk-restaurant-ordered-to-pay-out-£8900-over-false-halal-meat-claim-01
    ဟာလာလ် စားသောက်ဆိုင် စံချိန်မမှီဘဲ ရောင်းချသည်ပြီး လိမ်လည်ဖော်ပြမှုအတွက်  အင်္ဂလန်နိုင်ငံ ဘာမင်ဟမ်ရှိ စားသောက်ဆိုင်တစ်ဆိုင်အား ယူကေ တရားရုံးတစ်ခုက ဒဏ်ငွေရိုက်ခဲ့သည်ဟု သိရသည်။

    ဘာမင်ဟမ် Star City ရှိ The Real China အမည်ရ အဆိုပါစားသောက်ဆိုင်မှာ အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်လ ၀ါထွက်ချိန်နှင့် အီးဒ်နေ့များတွင် ရောင်းချရာ၌ ၎င်းတို့ဆိုင်မှ အစားအသောက်များမှာ ဟာလာဟ်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    “The Real China Birmingham မှာ စားသုံးသူတွေအတွက် ဟာလာလ် အစားအသောက်လည်းရပါတယ်။ အသားတွေဟာ ဟာလာလ်ဖြစ်ပြီး၊ စနစ်ကျတဲ့ ပုံစံအောက်မှာ သီးသန့် ပြင်ဆင်ထားတာပါ။ ဟာလာလ် အစားအသောက်တွေရဲ့ လိုအပ်ချက်နဲ့အညီ ချက်ပြုတ်ဖို့အတွက် သီးသန့် စားဖိုမှူးတွေကိုလည်း ခန့်အပ်ထားပါတယ်” ဟု ဆိုင်မျက်နှာစာရှိ ပိုစတာတွင် ရေးသားထားသည်။

    သို့သော်လည်း ဗြိတိန်ရှိ လုပ်ငန်းများနှင့် အစားအသောက်များအား စံချိန်ပြည့်မီခြင်း ရှိ မရှိကို စစ်ဆေးသည့် Trading Standards အဖွဲ့မှ စစ်ဆေးရာ ကြော်ငြာထားသည့်အတိုင်း အစားအသောက်များကို သီးသန့် ချက်ပြုတ်ပေးခြင်း မရှိဘဲ၊ စားဖိုမှူးများလည်း သီးသန့် ခန့်ထားခြင်းမရှိသောကြောင့် ဘာမင်ဂမ်ရှိ တရားရုံးတွင် တရားဆွဲဆိုခြင်း ခံခဲ့ရသည်။

    ထိုဆိုင်မှာ ယခုအခါ The Real China အမည်အား အသုံးမပြုတော့ဘဲ Littleton Food  လိမိတက်အမည်ဖြင့် ယခင်နေရာတွင်ပင် ဆက်လက်ဖွင့်လှစ်ထားပြီး ယခင်က လိမ်လည်ဖော်ပြထားသော အဆိုပါ ပိုစတာနှင့် ဟာလာလ် လက်မှတ်တို့အတွက် The Real China ဒါရိုက်တာ Fan Zhang အား ဘာမင်ဂမ် တရားရုံးမှ ပေါင် ၂၀၀၀ ဒဏ်ရိုက်ခဲ့သည်။ ထို့ပြင် Littleton Food ကုမ္ပဏီကိုလည်း ပိုစတာနှင့် လက်မှတ်အတွက် ပေါင် ၂၅၀၀ ဒဏ်ရိုက်ခဲ့သည်။

    ဘာမင်ဂမ်မြို့တော်ကောင်စီ လိုင်စင်နှင့် ပြည်သူ့ကာကွယ်ရေးကော်မတီမှ ဥက္ကဌ Coun Barbara Dring က

    “အစားအသောက်လုပ်ငန်း လုပ်တဲ့အခါမှာ အစားအသောက်တွေဟာ ကြေငြာဖော်ပြထားတဲ့အတိုင်း ပြင်ဆင်ထားဖို့ အရေးကြီးပါတယ်။ ဒီဖြစ်ရပ်မှာဆိုရင် သူတို့ယူတဲ့အသားတွေဟာ ဟာလာလ်ပါဆိုပြီး စားသောက်ဆိုင်က စားသုံးသူတွေကို လှည့်ဖြားခဲ့ပါတယ်။ တကယ်တော့ အဲဒါတွေဟာ ဟာလာလ်မဟုတ်ပါဘူး”  ဟု ပြောကြားခဲ့သည်။

    ထိုကဲ့သို့ ဥပဒေချိုးဖောက်မှုများကို Trading Standards အဖွဲ့မှ ပြင်းပြင်းထန်ထန် အရေးယူပြီး၊ စားသုံးသူများ ထပ်မံ၍ အလိမ်မခံရစေရန် ဥပဒေနာခံရေး သင့်လျော်သော အစီအမံများကို ပြုလုပ်လိမ့်မည်ဟု သူမက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Eat Halal

  • ကလေးများ စီးသည့် ကားများတွင် ဆေးလိပ်သောက်ခွင့် ပိတ်ပင်သည့် ဥပဒေ ဗြိတိန်ပြဌာန်းတော့မည်။

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၄
    M-Media
    Britain to ban smoking in cars carrying children
    – ဆေးလိပ်မှထွက်သော မီးခိုးများကြောင့် ကလေးငယ်များ၏ ကျန်းမာရေးထိခိုက်မှုကို လျှော့ချရန်အတွက် ကလေးငယ်များ တင်ဆောင်ထားသည့် ကားအတွင်း ဆေးလိပ်သောက်သုံးခြင်းအား တားမြစ်ပိတ်ပင်သည့် ဥပဒေတစ်ခုကို ဗြိတိန်က မကြာမီ ပြဌာန်းတော့မည်ဟု သိရသည်။

    ကားများအတွင်း ဆေးလိပ်သောက်ခြင်းက လူငယ်များ ဆေးလိပ်ကို နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးရန်အတွက် တွန်းအားဖြစ်စေပြီး ကျန်းမာရေးပြဿနာများ ကိုလည်း ဖြစ်ပွားစေသည်ဟု လေ့လာမှုများက ပြသခဲ့ပြီး အတိုက်အခံ လေဘာပါတီနှင့် ကျန်းမာရေးတက်ကြွလှုပ်ရှားသူများက ထိုအပြုအမူအား ပိတ်ပင်ရန် တောင်းဆိုခဲ့သည့် နောက်ပိုင်းတွင် ပေါ်ထွက်လာခြင်းလည်းဖြစ်သည်။

    ထိုဥပဒေနှင့်ပက်သက်၍ ၀န်ကြီးများအား လုပ်ပိုင်ခွင့်ပေးရန် ဥပဒပြေုအမတ်များက ပြီးခဲ့သည့် တနင်္လာနေ့တွင် မဲခွဲဆုံးဖြတ်ခဲ့ပြီး၊ လာမည့်မေလ ရွေးကောက်ပွဲမတိုင်ခင် စတင်အကောင်အထည်ဖော်သွားမည်ဟု ဗြိတိန်အစိုးရက အတည်ပြုပြောကြားခဲ့သည်။

    သို့သော်လည်း ထိုကဲ့သို့ ပိတ်ပင်တားဆီးခြင်းမှာ လူတစ်ဦးချင်းစီ၏ လွတ်လပ်ခွင့်ကို ဖောက်ဖျက်ခြင်းဖြစ်သည်ဟု ပါလီမန်အမတ်အချို့နှင့် ဥပဒေပြု အမတ်အချို့က ဝေဖန်ခဲ့သည်။ ကမ္ဘာ့ ဒုတိယအကြီးဆုံး ဆေးရွက်ကြီး ကုမ္ပဏီတစ်ခုဖြစ်သည့် British American Tobacco ကမူ ကလေးငယ်များအရှေ့တွင် ဆေးလိပ်မသောက်သင့်ဆိုသည့် ယူဆချက်ကို သဘောတူခဲ့သော်လည်း၊ ကလေးငယ်များ မရှိသောအခါတွင်ပင် ဆေးလိပ် မသောက်ရန် တားမြစ်မှုများရှိလာမည်ကို စိုးရိမ်နေသည်ဟု ပြောကြားခဲ့သည်။

    Ref: World Bulletin

  • ၁၉၈၄ ခုနှစ်က ဆစ်ခ်တို့၏ Golden Temple ဘုရားကျောင်း တိုက်ခိုက်ဖို့ အိန္ဒိယကို ဗြိတိန် အကြံဥာဏ်ပေးခဲ့

    ဖေဖော်ဝါရီလ ၄၊ ၂၀၁၄
    M-Media

    BlueStar-1 copy

    – ဆစ်ခ်ခွဲထွက်ရေးသမားများအား နှိပ်ကွပ်ရန်အတွက် အိန္ဒိယနိုင်ငံအနောက်ပိုင်း Amritsar မြို့ရှိ ဆစ်ခ် ဘာသာဝင်များ အထွဋ်အမြတ်ထားရာ Golden Temple ဘုရားကျောင်းတွင် ၁၉၈၄ ခုနှစ်ကဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအား ပြုလုပ်ရန် ဗြိတိန်မှ အကြံဥာဏ်ပေးခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုများအရ သိရှိရသည်ဟု ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ၀ီလီယံဟော့ဂ်က ယနေ့တွင် ပြောကြားခဲ့သည်။

    ထိုစဉ်က ၀န်ကြီးချုပ်ဖြစ်သည် မာဂရက်သက်ချာက ထိုတိုက်ခိုက်မှုကိုပြုလုပ်ရန် အတွက် အိန္ဒိယကို အကြံပေးရန် ဗြိတိန် အထူးလေတပ်မှ အရာရှိ တစ်ယောက်အား စေလွှတ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုဘုရားကျောင်း တိုက်ခိုက်မှုအား ပြန်လည် စစ်ဆေးရန် ပြီးခဲ့သည့်လက ၀န်ကြီးချုပ် ကင်မရွန်းမှ အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

    “ယူကေရဲ့ ကူညီမှုကတော့ (အဆိုပါတိုက်ခိုက်မှု ပြုလုပ်ဖို့) အကြံပေးခဲ့ခြင်းပါ။ အဲဒီအကြံပေးမှုဟာ သုံးလကြာတဲ့အခါ အဲဒီဘုရားကျောင်းမှာ ဖြစ်ခဲ့တဲ့ ၀မ်းနည်းဖို့ကောင်းတဲ့ အဖြစ်အပျက် အတွက် အတိုင်းအတာ တစ်ခုအထိ သက်ရောက်ခဲ့ပါတယ်” ဟု ၀ီလီယံဟော့ဂ်က လွှတ်တော်သို့ ပြောကြားခဲ့သည်။

    ၁၉၈၄ ခုနှစ် ဇွန်လ ၃ ရက်မှ ၈ ရက်နေ့ အထိ ဖြစ်ပွားခဲ့သည့် Golden Temple ဆစ်ခ်ဘုရားကျောင်း တိုက်ခိုက်မှုအား ၀န်ကြီးချုပ် အင်ဒရာဂန္ဒီ၏ အမိန့်ဖြင့် အိန္ဒိယ အစိုးရမှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ဆစ်ခ် ခွဲထွက်ရေးသမားများအား နှိမ်နင်းခြင်းဟု ခေါင်းစဉ် တပ်ခဲ့သည်။ ဘုရားကျောင်းအတွင်း ပွဲတော် ကျင်းပနေချိန် တင့်ကားများ၊ ရဟတ်ယာဉ်များ၊ အမြောက်များ အသုံးပြုကာ တိုက်ခိုက်ခဲ့သည့် အဆိုပါ တိုက်ခိုက်မှုတွင် အရပ်သား ၄၉၂ ဦး သေဆုံးခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။ သို့သော် လွတ်လပ်သော စုံစမ်း စစ်ဆေးရေး အဖွဲ့၏ စစ်ဆေးမှုများအရ အရပ်သားသေဆုံးမှုမှာ ၅၀၀၀ ခန့်အထိ ရှိနိုင်သည်ဟု သိရသည်။

  • ယူကေရှိ နျူစက်ရုံတစ်ခု ဓာတ်ရောက်ခြည် ထုတ်လွှတ်မှုမြင့်မား၊ ၀န်ထမ်းအချို့အား စက်ရုံသို့ မလာရန် ညွှန်ကြားထား

    ဖေဖော်ဝါရီ ၁ ၊ ၂၀၁၄
    M-Media
    201413185211732734_20
    နျူးကလီးယား စွန့်ပစ်ပစ္စည်းများ သိုလှောင်ထားသည့် ယူကေရှိ နျူစက်ရုံတစ်ခုတွင် ဓာတ်ရောက်ခြည် ထုတ်လုပ်မှုမှာ ပုံမှန်ထက် မြင့်တက် လာကြောင့် တွေ့ရှိ ရ၍ အရေးကြီးသော ၀န်ထမ်းများမှ အပ အခြားသောဝန်ထမ်းများအား စက်ရုံသို့မလာရန် ကြေညာထားသည်ဟုသိရသည်။

    အင်္ဂလန်တွင်ရှိသည့် Sellafield နျူးကလီးယား စွန့်ပစ် ပစ္စည်းများပြန်လည် သန့်စင်ရေးစက်ရုံမှ ယမန်နေ့ကထုတ်ပြန်သာ ကြေညာချက်တွင် စက်ရုံ၏ ဓာတ်ရောက်ခြည်ထုတ်လွှတ်မှုမှာ သာမန်ထက် ပိုမိုမြင့်များနေသော်လည်း ၀န်ထမ်းများက လိုအပ်သည်များကို လုပ်ဆောင်ခြင်း၊ သို့မဟုတ် စက်ရုံအား ပိတ်ပစ်ရလောက်အောင်အထိ ဆိုးရွားခြင်းမရှိဟု ဖော်ပြထားသည်။

    “တာဝန်ရှိသူများက လေ့လာ ဆန်းစစ် ဆုံးဖြတ်ချပြီးနောက် Sellafield စက်ရုံဟာ ပုံမှန်လည်ပတ်နေပါတယ်။ ဒါပေမယ့် လုပ်ငန်းလုပ်ဆောင်မှု ကိုတော့ လျှော့ချထားပါတယ်။ စက်ရုံးက ပုံမှန်အခြေနေတွင်ရှိနေပြီး၊ စက် ကိရိယာတွေကိုလည်း စစ်ဆေးမှုတွေလုပ်နေပါတယ်။ စက်ကိရိယာတွေဟာ ဖောက်ပြန်တာမျိုးတွေမရှိဘဲ၊ အားလုံးကောင်းနေပါတယ်” ဟု ထိုကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    ယူကေ၏ နျူးကလီးယား ပိတ်သိမ်းရေး အေဂျင်စီကမူ စက်ရုံအတွင်းမှ ယိုစိမ့်မှုကြောင့် ထိုကဲ့သို့ ဓာတ်ရောက် ထုတ်လွှတ်မှုမြင့် တက်ခြင်း ဖြစ်ရသည်ကို ပြောရန် စောလွန်းနေသေးကြောင်း၊ ပြည်သူလူထုနှင့် ထိုစက်ရုံရှိ လုပ်သားများမှာ အန္တရာယ်ရှိသော အနေအထားတွင် မရှိကြောင်းပြောကြားခဲ့သည်။ သို့သော်လည်း ဗြိတိန်စွမ်းအင် ၀န်ကြီးဌာနကမူ ထိုစက်ရုံ၏ အခြေအနေမှာ သတင်းထုတ်ပြန်သည်ထက် ပိုမိုဆိုးရွားသည်ဟု ပြောကြားခဲ့သည်။

    Sellafield စက်ရုံမှာ ယူကေရှိ အကြီးဆုံးနှင့် အန္တရာယ်အရှိဆုံး နျူးကလီးယား စက်ရုံတစ်ခုဖြစ်ပြီး၊ ထိုစက်ရုံတွင် သိုလှောင်ထားသည့် ရေဒီယို သတ္တိကြွ နျူးကလီးယား စွန့်ပစ်ပစ္စည်းများမှာ တန်ပေါင်းမြောက်များစွာရှိနေသည်။

    ယခင်က ထိုစက်ရုံမှ လျှပ်စစ်ဓာတ်အား ထုတ်ပေးခဲ့သော်လည်း ယခုအချိန်တွင် ပိတ်သိမ်းရန်လုပ်ဆောင်နေကာ ကန်ဒေါ်လာ ၁၁၁ ဘီလီယံကုန်ကျနေပြီး ယခုထက်ပို၍ ကုန်ကျရန်ရှိနေသည်ဟု ပြည်သူ့စာရင်းအင်းကော်မတီက ယမန်နှစ်တွင် ပြောကြားခဲ့သည်။
    Ref: aljazeera

  • လန်ဒန်မှ အစ္စလာမ်နှင့် ခရစ်ယျာန် ဘာသာရေးကျောင်းများမှ ကလေးငယ်များ စုပေါင်းကာ မြို့တွင်းရှိ ချို့တဲ့သူများအား လှူဒါန်း

    ဇန်နဝါရီ ၂၆၊ ၂၀၁၄
    M-Media
    London-Religious-Schools-Unite-to-Help-Poor
    – လန်ဒန်မြို့ရှိ ဘာသာရေးကျောင်းနှစ်ခုမှ အစ္စလာမ်ဘာသာဝင်များနှင့် ခရစ်ယာန်ဘာသာဝင် မူလတန်းကျောင်းသားများစုပါင်းကာ ဆင်းရဲသားများအား လှူဒါန်းမှုတစ်ခု ယမန်နေ့က ပြုလုပ်ခဲ့သည်ဟု သိရသည်။

    Gatton အမည်ရ အစ္စလာမ့် ဓမ္မ သင်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများနှင့် St Boniface ရိုမန် ကက်သလစ်ကျောင်းမှ ကျောင်းသား ကျောင်းသူများ စုပေါင်းကာ လန်ဒန်မြို့ထဲသို့ သွားရောက်ခဲ့ကြပြီး ချို့တဲ့များအား အစားအသောက်များ ဝေငှခဲ့ကြသည်။  ထိုကျောင်းနှစ်ကျောင်းစုပေါင်းကာ ပြုလုပ်ခဲ့သည့် ထိုလှုပ်ရှားမှုမှာ ပထမဦးဆုံးအကြိမ်မဟုတ်ဘဲ ယခင်ကလည်း ထိုကဲ့သို့ လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်ကြသည်။

    “ဒါဟာ လိုအပ်နေတဲ့သူတွေကို ကူညီဖို့ အခွင့်ရေးကောင်းပါပဲ။ ကျွန်မတို့အနေနဲ့ အလှူဒါနပြုဖို့ လိုအပ်တာမို့ ဒီလှုပ်ရှားမှုဟာ အရေးပါပါတယ်။ ပြီးတော့ အချို့လူတွေ နေစရာအိမ်ရာ မရှိကြတာဟာလည်း သိပ်မကောင်းပါဘူး” ဟု အသက် ၉ နှစ်အရွယ် အစ္စလာမ်ဘာသာဝင်ကျောင်းသူ အာအေရှာခန်းက ဒေသတွင်း သတင်းစာတစ်စောင်သို့ ပြောကြားခဲ့သည်။

    အစ္စလာမ်ဘာသာသာဝင်များစုပေါင်းကာ နှစ်စဉ် လှူဒါန်းမှုများပြုလုပ်သည့် Warm Hearst အစီအစဉ်တွင်လည်း Gatton အစ္စလာမ့်ဓမ္မသင်တန်းကျောင်းမှာ ကျောင်းသားကျောင်းသူများမှာ နှစ်တိုင်းပါဝင်ခဲ့ကြသည်။ ယမန်နှစ်က St Boniface ကက်သလစ်ကျောင်းမှ ကျောင်းသားကျောင်းသူများမှာ Gatton ကျောင်းသို့ သွားရောက်လည်ပတ်ခဲ့ကြပြီး အစ္စလာမ်သာသနာ၏ အဆုံးအမများကို လေ့လာခဲ့ကြသည်။

    ငယ်ရွယ်သောအရွယ်ကပင် ယခုကဲ့သို့ ဘာသာဝင်အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ အလှူဒါနပြုလုပ်ခြင်းကို Gatton ကျောင်းမှ ကျောင်းအုပ် ရီဖတ် ဘာတူက ချီးကျူးခဲ့သည်။

    “ရည်ရွယ်ချက်တစ်ခုအတွက် အယူဝါဒနှစ်ခုက ကျောင်းသားလေးတွေ သွေးစည်းညီညွတ်ဖို့ ဒါဟာ ကောင်းမွန်တဲ့ အခွင့်အလမ်းတစ်ခုပါပဲ။ ဒါဟာ သူတို့လေးတွေရဲ့ အချင်းချင်းမိတ်ဖွဲ့မှု၊ စိတ်ဓာတ်ရေးရာ၊ ကိုယ်ကျင့်တရား၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် အပြုသဘောဆောင်တဲ့ ပြယုဂ်တစ်ခုပါပဲ” ဟု ဘာတူးက ပြောကြားခဲ့သည်။

    Ref: OnIslam