ဒီဇင်ဘာ ၈ ၊ ၂၀၁၄
M-Media
– မြို့တော်ဒမတ်စကတ်ရှိ အစိုးရတပ်များ ထိန်းချုပ်ထားသည့် နေရာနှစ်ခုကို အစ္စရေးတိုက် လေယာဉ်များက ကျူးကျော် တိုက်ခိုက်ခဲ့သည်ဟု ဆီးရီးယား အစိုးရက ပြောကြားလိုက်သည်။
အစ္စရေးတိုက် လေယာဉ်များ တိုက်ခိုက်မှုကို နိုင်ငံပိုင် Al Ikhbaryia ရုပ်သံဌာနက ယမန်နေ့တွင် ဖော်ပြခဲ့ခြင်းဖြစ်ပြီး ထိုနေရာမှာ တည်ငြိမ်သည့် နေရာဖြစ်ကြောင်း၊ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် သေဆုံး ဒဏ်ရာရမှုများ မရှိကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။
တိုက်ခိုက်မှုများပြီးနောက် ဆီးရီးယား အစိုးရက ချက်ခြင်းပင် ကြေညာချက်ထုတ်ခဲ့ပြီး ထိုတိုက်ခိုက်မှုမှာ အစ္စရေးက အကြမ်းဖက်သမားများကို ကူညီပေးနေသည်ဟူသော အထောက်အထားများပင်ဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြခဲ့သည်။
ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကမူ အစ္စရေးတိုက်လေယာဉ်များ တိုက်ခိုက်ခဲ့သည့် နေရာတစ်ခုဖြစ်သော ဒီမက်စ်မှာ ဆီးရီးယား စစ်ဘက်ဆိုင်ရာ နေရာဖြစ်သည်ဟု ပြောကြားခဲ့သည်။ အစ္စရေးဘက်ကမူ မည်သည့်တုံ့ပြန်မှုမှ မပြုလုပ်သေးပေ။
၂၀၁၁ ခုနှစ် ဆီးရီးယားပြည်တွင်းစစ် စဖြစ်ကတည်းက အစ္စရေးမှာ ဆီးရီးယားနိုင်ငံအတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့သည်။
အစ္စရေးမှာ ဆီးရီးယားပိုင် ဂိုလန်တောင်ကုန်းဒေသကို ၁၉၆၇ ခုနှစ်ကတည်းက သိမ်းပိုက်ထားပြီး နိုင်ငံတကာအသိုင်းဝိုင်းက ထိုသိမ်းပိုက်မှုကို လက်မခံဘဲ ဆီးရီးယားသို့ ပြန်လည်ပေးအပ်ရန် တောင်းဆိုခဲ့သော်လည်း အစ္စရေးက လိုက်နာခဲ့ခြင်းမရှိချေ။
Leave a Reply
You must be logged in to post a comment.