ဧပြီ ၇၊ ၂၀၁၅
M-Media
– မိမိရရှိခဲ့သည့် ဆုတံဆိပ်များတွင် ဂျာမနီ၏ ရှုံးထွက်ဖလား ဆုတံဆိပ်ကို ထပ်မံထည့်သွင်းရန် မျှော်လင့်နေသည်ဟု ဘိုင်ယန်မြူးနစ်အသင်း၏ အားထားရသည့် ကွင်းလယ်သူ ဇာဗီအလွန်ဆိုက ပြောကြားလိုက်သည်။
အလွန်ဆိုမှာ ၂၀၀၆ ခုနှစ်က လီဗာပူးလ်အသင်းနှင့် FA ဖလား ရရှိခဲ့ဖူးပြီး ရီးယဲလ်တွင်ကစားစဉ် ၂၀၁၁ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များ၌ စပိန်ဘုရင့်ဖလား ၂ ကြိမ် ရရှိဖူးသည်။ လက်ရှိအချိန်တွင် ဘိုင်ယန်မှာ ဂျာမန်ရှုံးထွက်ဖလားဖြစ်သည့် DFB- Pokal ဖလား ကွာတားဖိုင်နယ် ရောက်နေပြီး လေဗာကူဆင်နှင့် ကစားရမည်ဖြစ်သည်။ အလွန်ဆိုကမူ မတူညီသော နိုင်ငံသုံးနိုင်ငံမှ ရှုံးထွက်ဖလား ဟက်ထရစ်ရရှိရန် ရည်ရွယ်နေသည်။
“(ပြည်တွင်း ရှုံးထွက်ဖလားကို) ကျွန်တော် အင်္ဂလန်နဲ့ စပိန်တို့မှာ ရခဲ့ဖူးပါတယ်။ ဒီမှာလည်း ကျွန်တော် ရချင်ပါတယ်။ လေဗာကူဆင်ဟာ အနိုင်ရဖို့ ခက်တဲ့အသင်းပါ။ သူတို့ဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး အမြဲတမ်း တိုက်စစ်ဆင်တတ်တဲ့ အသင်းပါ။ ကျွန်တော်တို့ ထိပ်တန်း စွမ်းဆောင်မှု လိုအပ်ပါတယ်။ ဖောင်ဖျက်ကစားရမှာပါပဲ” ဟု အလွန်ဆိုက သတင်းထောက်များအား ပြောကြားခဲ့သည်။
တိုက်စစ်မှူး မူလာကမူ လေဗာကူဆင်မှာ မိမိတို့အသင်း အခက်တွေ့အောင် အဆုံးစွန်ဆုံး ဆောင်ရွက်သွားလိမ့်မည်ဟု သတိပေးခဲ့သည်။ သို့သော်လည်း မိမိတို့၏ လက်ရှိ မာကျောသည့် ခံစစ်ကစားပုံ အဆုံးသတ်ရန် အသင်းဖော်များအား စိန်ခေါ်ခဲ့သည်။
“လေဗာကူဆင်ဟာ တော်တော်ကောင်းတဲ့အသင်းပါ။ ပြီးတော့ သူတို့ဟာ စတိုင်ကျကျ ကစားတတ်ပါတယ်။ အဲဒီကစားပုံမျိုးဟာ သူတို့ရဲ့ ပြိုင်ဘက်ကို သက်တောင့်သက်သာ ဖြစ်စေမှာ မဟုတ်ပါဘူး။ ဒါဟာ ရှုံးထွက်ဖလားပါ။ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ဒီအဆင့်ကိုဖြတ်သန်းဖို့ ကျွန်တော်တို့ဟာ ထိပ်တန်းစွမ်းဆောင်ရည်ရှိဖို့ လိုပါတယ်” ဟု မူလာက ထပ်လောင်းပြောကြားခဲ့သည်။
Ref: Goal.com
Leave a Reply
You must be logged in to post a comment.