ဇူလိုင် ၃၁၊ ၂၀၁၅
M-Media
– နိုင်ငံအရှေ့မြောက်ပိုင်းတွင် ဘိုကိုဟရမ်များအား နိုက်ဂျီးရီးယားစစ်တပ်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုအတွင်း ဖမ်းဆီးခံထားရသည့် အမျိုးသမီးနှင့် မိန်းကလေးများအပါအ၀င် ၇၁ ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု သိရသည်။
ယမန်နေ့က ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ကာနယ်လ် အိုတီ ဂူဆောင်းကမူ နိုင်ငံအရှေ့မြောက်ပိုင်း အကြီးဆုံးမြို့ဖြစ်သော မိုင်ဒူဂူရီမြို့မှ ကီလိုမီတာ ၄၀ အကွာတွင် ရှိသည့် ရွာများမှ ၁၂ ဦးကို ဗုဒ္ဓဟူးနေ့က ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး ၅၉ ဦးကိုမူ ယမန်နေ့က ကယ်တင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“စစ်ဆင်ရေးအတွင်းမှာ အကြမ်းဖက်သမား တော်တော်များများကို သုတ်သင်နိုင်ခဲ့ပါတယ်” ဟု ဂူဆောင်းက ဆိုပြီး အမျိုးသမီး ၂၉ ဦး ကလေးငယ် ၁၂ ဦးနှင့် သက်ကြီးအမျိုးသား ၅ ဦးတို့ ပါဝင်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
လွတ်မြောက်လာသူများမှ အချို့ကမူ ၎င်းတို့မှာ တစ်နှစ်ခန့် ဖမ်းဆီးခံထားရသော အုပ်စုမှ ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ယာဂါနာ ကျာရီဟု အမည်ရသည့် အမျိုးသမီးငယ်တစ်ဦးကမူ ဘိုကိုဟရမ်အဖွဲ့က သတ်ဖြတ်မည်ဟု ခြိမ်းခြောက်နေခြင်းကြောင့် မိမိအနေဖြင့် သေခြင်းတရားကို စောင့်ဆိုင်းနေရခြင်းဖြစ်ကြောင်း AP သတင်းဌာနသို့ ပြောကြားခဲ့သည်။
ဘိုဟိုဟရမ်က သိမ်းပိုက်ထားသည့် ရွာများအားလုံးကို ပြန်လည် ရယူနိုင်ခဲ့သည်ဟု နိုက်ဂျီးရီးယားစစ်တပ်က ကြေညာခဲ့သော မတ်လအတွင်းက ရာပေါင်းများစွာသော အဖမ်းဆီးခံများ လွတ်မြောက်ခဲ့သည်။
သို့သော်လည်း ဘိုကိုဟရမ်မှာ အသေခံဗုံးခွဲမှုများ၊ ဝေးလံခေါင်သီသောဒေသများရှိ ရွာများ၌ တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ ယခုတစ်ပတ်အစောပိုင်းကလည်း ကလေးငယ် ၂၁ ဦးအပါအ၀င် ဖမ်းဆီးခံ ၃၀ ခန့်ကို လွတ်မြောက်စေခဲ့သည်ဟု နိုက်ဂျီးရီးယားစစ်တပ်က ကြေညာခဲ့သည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.