သြဂုတ် ၅၊ ၂၀၁၅
M-Media

– မြန်မာနိုင်ငံအတွင်းရှိ ရေဘေးအန္တရာယ်ကို ခံစားနေရသည့် ပြည်သူများအား မိမိတို့မှ အကူအညီများ ပေးအပ်သွားရန် ဆောင်ရွက်နေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားခဲ့သည်။
ကွာလာလမ်ပူသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်နှင့် ပူးတွဲဥက္ကအဖြစ် ဆောင်ရွက်သည့် အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဂျွန်ကယ်ရီက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ရန်ကုန်ရှိ အမေရိကန်သံရုံးမှာ ဦးစားပေးအကူအညီများကို ဆုံးဖြတ်ရန်အတွက် မြန်မာအာဏာပိုင်များနှင့် အနီးကပ် အလုပ်လုပ်နေသည်ဟု ဆိုသည်။
ပြီးခဲ့သည့် သီတင်းပတ်များအတွင်း နိုင်ငံတစ်ဝှမ်း ရေကြီးမှုများကြောင့် လူပေါင်း ၆၉ ဦး သေဆုံးခဲ့ပြီး ၂၅၀၀၀၀ ကျော်မှာ ရေဘေးဒဏ်ကိုခံစားခဲ့ရသည်ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ပြောကြားခဲ့သည်။
ထို့ပြင် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင်လည်း ပြီးခဲ့သည့် ၂ ရက်အတွင်း မြစ်ရေများ မြင့်တက်လာမှုကြောင့် အစိုးရက သတိပေးချက်ထုတ်ပြန်ထားသည်။
ရေဘေးကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၄ ခုကို အရေးပေါ်အခြေအနေအဖြစ် မြန်မာအစိုးရက ကြေညာထားပြီး ရေဘေးသင့်ပြည်သူများအား ကူညီရန်အတွက် နိုင်ငံတကာ၏ အကူအညီကို သြဂုတ်လ ၃ ရက်နေ့က တောင်းခံခဲ့သည်။
ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA မှတစ်ဆင့် ဂျပန်နိုင်ငံက စောင်များ၊ အိပ်ယာများနှင့် ပလက်စတစ်ဖျင်များ ကူညီပေးသွားမည်ဟု ပြောကြားထားပြီး၊ ရန်ကုန်ရှိ တရုတ်သံရုံးမှလည်း အကူအညီများ ပေးအပ်လျက်ရှိနေသည်။
Ref: Reuters

Leave a Reply
You must be logged in to post a comment.