သြဂုတ် ၇၊ ၂၀၁၅
M-Media
– နိုင်ငံ၏ စီးပွားရေးကို မြင့်တက်လာစေမည်ဟု မျှော်လင့်ရသည့် ဆူးအက်ဇ်တူးမြောင်းသစ်ကို အီဂျစ်နိုင်ငံတွင် ယမန်နေ့က ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာ အလ် စီစီ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး တူးမြောင်းအသစ်တွင် သင်္ဘောများဖြတ်သန်းခွင့် အမိန့်ကိုလည်း လက်မှတ်ရေးထိုးပေးခဲ့သည်။ ထိုအခမ်းအနားသို့ ပြင်သစ်၊ ရုရှား၊ အာရပ်နှင့် အာဖရိကနိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။
“အီဂျစ်တွေဟာ အားထုတ်မှုကြီးတစ်ခုကို လုပ်နိုင်ခဲ့ပြီး ဒါဟာ ကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက်မှု၊ ဆောက်လုပ်ရေးနဲ့ ယဉ်ကျေးမှုတွေအတွက် လက်ဆောင်ပါပဲ” ဟု စီစီက ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပြီး သမိုင်းတင်ရန်နှင့် လူသားထု သာယာဝပြောရေး အနာဂတ်ကို ခုန်ကူးနိုင်ရန်အတွက် စွမ်းရည်ကို အီဂျစ်နိုင်ငံသားများက ပြသခဲ့သည်ဟုဆိုသည်။
ကန်ဒေါ်လာ ၈.၅ ဘီလီယံကုန်ကျခဲ့သည့် အဆိုပါတူးမြောင်းဆောက်လုပ်မှုကို မူလက ၃ နှစ်ကြာမြင့်မည်ဟု သတ်မှတ်ထားသော်လည်း တစ်နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည်။ အီဂျစ်ရင်းနှီးမြှုပ်နှံသူများ၏ ငွေကြေးများဖြင့်သာ ဆောင်လုပ်ခဲ့သည့် ထိုတူးမြောင်းမှာ ၂၀၂၃ ခုနှစ်တွင် တစ်နှစ်ဝင်ငွေ ကန်ဒေါ်လာ ၁၃.၂ ဘီလီယံရရှိမည်ဟု အစိုးရက ခန့်မှန်းထားသည်။
အဆိုပါတူးမြောင်းသစ်မှာ ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း မငြိမ်မသက်မှုကြောင့် ယိုင်နဲ့လာခဲ့သည့် အီဂျစ်စီးပွားရေးကို ပြန်လည်တည်ငြိမ်ရန်အတွက်လည်း အထောက်အကူဖြစ်စေမည်ဖြစ်သည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.