ဒီဇင်ဘာ ၁၆၊ ၂၀၁၅
M-Media

– ပြီးခဲ့တဲ့ ဇူလိုင်လက ပါလက်စတိုင်း မိသားစုတစ်ခုကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တဲ့ ဂျူးအခြေချနေထိုင်သူတွေကို တရားစွဲဖို့ သက်သေမလုံလောက်ဘူးလို့ အစ္စရေးကာကွယ်ရေးဝန်ကြီး မိုရှေး ယာလွန်ရဲ့ ပြောကြားမှုကို ပါလက်စတိုင်းတွေက ရှုတ်ချလိုက်ပါတယ်။
အဲဒီမီးရှို့မှုဟာ ပါလက်စတိုင်းပိုင်နက်ဖြစ်တဲ့ အနောက်ဖက်ကမ်းက ဒူးမားဆိုတဲ့ရွာလေးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ၁၈ လအရွယ် ကလေးငယ်လေး အလီ၊ သူ့မိဘနှစ်ပါးဖြစ်တဲ့ ဆအဒ်နဲ့ ရေဟမ်အပါအ၀င် ဒါဝါဘက်ရှ်မိသားစု ၃ ဦး မီးလောင်သေဆုံးခဲ့ကြရပါတယ်။
သူတို့ဇနီးမောင်နှံနှစ်ဦးရဲ့ အသက် ၄ နှစ်အရွယ် သားငယ်လေးကတော့ မီးလောင်ဒဏ်ရာဗရပွနဲ့ မိသားစုမှာ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ ဖြစ်ခဲ့ပါတယ်။
“ဒီအကြမ်းဖက်လုပ်ရပ်အတွက် ဘယ်သူက တာဝန်ရှိလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် သူတို့ကို တရားစွဲဖို့ သက်သေအလုံလောက်မရှိပါဘူး” လို့ အစ္စရေးစစ်တပ်ရေဒီယိုကို အင်္ဂါနေ့က ပြောကြားမှုမှာ ယာလွန်က ထည့်သွင်းပြောဆိုခဲ့တာပါ။
အဲဒီနေ့မှာပဲ အစ္စရေးတရားရုံးချုပ်ဟာ “ဒါဝါဘက်ရှ်မိသားစုကို သတ်ဖြတ်တဲ့သူတွေကို ဥပဒေကြောင်းအရ ချက်ခြင်းလက်ငင်း ဆောင်ရွက်ပေးဖို့” ဆိုတဲ့ တောင်းဆိုလွှာကို ပယ်ချခဲ့ပါတယ်။
ဒီဇင်ဘာ ၃ ရက်နေ့မှာ အစ္စရေးအာဏာပိုင်တွေက ဂျူးအကြမ်းဖက်အဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင်တွေကို ဒီမီးရှို့မှုအတွက် ဖမ်းဆီးလိုက်တယ်လို့ ကြေငြာခဲ့ပါတယ်။
နိုင်ငံတကာ ကလေးများ ကာကွယ်ရေးအဖွဲ့ DCI ရဲ့ ပါလက်စတိုင်းအဖွဲ့ခွဲက ဒါရိုက်တာ အေယဒ် အဘူ အက်တာအစ်ရှ်က ယာလွန်ရဲ့ ဒီမှတ်ချက်ဟာ “အရှေ့ဂျရုစလင်အပါအ၀င် အနောက်ဖက်ကမ်းမှာ ဂျူးအခြေချနေထိုင်သူတွေက ပါလက်စတိုင်းတွေအပေါ် အကြမ်းဖက်မှုကို အစ္စရေးအစိုးရက လစ်လျူရှုနေတယ်၊ ပိတ်ဆို့ခံထားရတဲ့ ပါလက်စတိုင်းပြည်သူတွေ ပူပင်သောကဖြစ်အောင်၊ သူတို့ကို ပိုပြီး ထိန်းချုပ်လို့ရအောင် လုပ်နေတယ်ဆိုတာကို ဖော်ပြနေတဲ့ သက်သေသာဓကတစ်ခုပဲ” လို့ ပြောကြားခဲ့ပါတယ်။
“အစ္စရေးရဲ့ ပေါ်လစီတွေက “အဖမ်းမခံရပါဘူးကွာ” ဆိုတဲ့ အခြအနေမျိုးကိုဖြစ်စေပြီးပြီး ဒီလိုတိုက်ခိုက်မှုတွေ ထပ်ဖြစ်လာအောင် ဆောင်ရွက်လိုက်သလို ဖြစ်နေပါတယ်” လို့ အက်တာအစ်ရှ်က ဆိုပါတယ်။
ရာမာလာအခြေစိုက်တဲ့ ပါလက်စတိုင်း လူ့အခွင့်အရေးအဖွဲ့က အလ်ဟက်ကတော့ ဒါဝါဘက်ရှ်မိသားစုကို မီးရှို့သတ်ဖြတ်တဲ့သူတွေကို တရားဥပဒေရှေ့မှောက် ခေါ်ဆောင်မလာနိုင်တဲ့အတွက် အစ္စရေးအစိုးရကို ရှုတ်ချခဲ့ပြီး ဒါဟာ “စနစ်တကျ တမင်တကာ လစ်လျူရှုခြင်း” သာ ဖြစ်တယ်လို့ ရည်ညွှန်းပြောဆိုခဲ့ပါတယ်။
ဒီလူ့အခွင့်အရေးအဖွဲ့ရဲ့ ဥပဒေရေးရာ သုတေသနနဲ့ အသိပညာပေးမှုဆိုင်ရာ တာဝန်ရှိသူ မိုနာစဘဲလာကတော့ ဂျူးအခြေချသူတွေဟာ “ပင်ကိုယ်သဘာဝ ခွဲခြားဆက်ဆံတဲ့ ပေါ်လစီတွေကြောင့် ပြစ်ဒဏ်ကင်းလွတ်မှုအတွက် အာမခံချက် ရနေတယ်” လို့ ပြောကြားခဲ့ပါတယ်။
“ဒီပေါ်လစီတွေက အစ္စရေးအခြေချနေထိုင်သူတွေဟာ ပါလက်စတိုင်းတွေကို သတ်ဖြတ်ကာ လွတ်မြောက်စေပြီး၊ ပါလက်စတိုင်းသံသယရှိသူတွေကတော့ တရားလက်လွတ် သတ်ဖြတ်ခံရတာ၊ မထင်ရင်မထင်သလို ဖမ်းဆီးထိန်းသိမ်းတာကို ခံရစေပါတယ်” လို့ သူမက ဆိုပါတယ်။
ဒါဝါဘက်ရှ်မိသားစုကို သတ်ဖြတ်တဲ့သူတွေဟာ ခြွင်းချက်အဖြစ် သီးသန့်လွတ်မြောက်တာမျိုး မဟုတ်ပါဘူး။ အစ္စရေးက လူ့အခွင့်အရေးအဖွဲ့ Yesh Din ရဲ့ အဆိုအရ ပါလက်စတိုင်းတွေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ဂျူးအခြေချသူတွေက တိုက်ခိုက်မှု တော်တော်များများဟာ အစ္စရေးအာဏာပိုင်တွေရဲ့ အရေးယူခြင်းကနေ ကင်းလွတ်ခွင့်ရနေတယ်လို့ သိရပါတယ်။
အောက်တိုဘာလအတွင်း Yesh Din က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ အရှေ့ဂျေရုစလင်အပါအ၀င် အစ္စရေးက သိမ်းပိုက်ပိတ်ဆို့ထားတဲ့ အနောက်ဖက်ကမ်းမှာ ဂျူးအခြေချနေထိုင်သူတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုဟာ မြင့်တက်လာတယ်ဆိုတာကို တွေ့မြင်ခဲ့ရပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကို စုံစမ်းစစ်ဆေးမှုရဲ့ ၉၁.၆ ရာခိုင်နှုန်းဟာ တရားစွဲဆိုမှုမရှိဘဲနဲ့ ပိတ်သိမ်းခဲ့ပြီး၊ ၂၀၁၄ ခုနှစ် သြဂုတ်လကနေ၊ ၂၀၁၅ ခုနှစ် သြဂုတ်လအတွင်းမှာ ဂျူးအခြေချ နေထိုင်သူတွေရဲ့ ပါလက်စတိုင်းတွေအပေါ် တိုက်ခိုက်မှုဟာ ၂ ဆ မြင့်တက်လာတယ်လို့လည်း အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပါလက်စတိုင်းတွေအပေါ် ကျူးလွန်တဲ့ အစ္စရေးစစ်သားတွေကလည်း အရေးယူခံရတယ်ဆိုတာ ရှားပါတယ်။ ၂၀၁၄ ခုနှစ်ကစတင်ပြီး ပါလက်စတိုင်းတွေအပေါ် တိုက်ခိုက်မှုအသစ် ၂၂၉ ခုကို အစ္စရေးစစ်တပ်က စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ရာမှာ ၈ ခုလောက်သာ တရားစွဲဆိုခြင်း ခံခဲ့ရတယ်လို့ Yesh Din ရဲ့ နောက်ထပ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တစ်ဖက်မှာတော့ အနောက်ဖက်ကမ်း စစ်ခုံးရုံးမှာ ပါလက်စတိုင်းအတွေအပေါ် ပြုလုပ်တဲ့ တရားစွဲဆိုမှုမှာတော့ ၉၉.၇၄ ရာခိုင်နှုန်းဟာ အပြစ်ရှိတယ်ဆိုတဲ့ စီရင်ချက် ချခဲ့တယ်လို့ ၂၀၁၁ ခုနှစ်မှာ အစ္စရေးနေ့စဉ်ထုတ်သတင်းစာ Haaretz က ရရှိခဲ့တဲ့ အစ္စရေးစစ်တပ်က လျှို့ဝှက်မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာတုန်းက အစ္စရေးဆယ်ကျော်သက်နှစ်ဦးဟာ အသက် ၁၆ နှစ်အရွယ် မိုဟာမက် အဘူ ခဒီရ်ကို ၂၀၁၄ ခုနှစ်နွေရာသီမှာ ပြန်ပေးဆွဲသတ်ဖြတ်မှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။
အဲဒီတရားခံနှစ်ဦးရဲ့ ဦးလေးဖြစ်သူ အသက် ၃၁ နှစ်အရွယ် ယိုဆက်ဖ် ဟိုင် ဘင်-ဒေးဗစ်ဟာ သူ့ကိုစွဲထားတဲ့ စွဲချက်အတွက် အပြစ်ရှိကြောင်း ဂျေရုစလင်တရားရုံးက တွေ့ရှိခဲ့ရပေမယ့် ရှေ့နေဖြစ်သူက သူ့ရဲ့အမှုသည်ဟာ စိတ်ရောဂါဖြစ်နေတယ်လို့ နောက်ဆုံးအချိန်မှာ လျှောက်လဲခဲ့ပါတယ်။ ဒါ့ကြောင့် စီရင်ချက်ချမှတ်ခြင်း မပြုလုပ်ရသေးပါဘူး။
ဒီလအစောပိုင်း အလ်ဂျာဇီးရားကို အဘူ ခဒီရ်ရဲ့မိသားစုက ပြောကြားတဲ့အထဲမှာ အဲဒီကြားနာမှုဟာ အမှန်တရားဖြစ်ပါ့မလားဆိုတဲ့ သံသယတွေရှိနေတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
“မိုဟာမက် အသတ်ခံရမှုအတွက် ဒီတရားရုံးကနေ တရားမျှတမှုရလိမ့်မယ်လို့ ကျွန်တော်ကတော့ မထင်ပါဘူး။ သူတို့ကို လွှတ်လိုက်မှာပါပဲ” လို့ သေဆုံသွားသူရဲ့ဖခင် ဟူစိန် အဘူ ခဒီရ်က ဆိုပါတယ်။
ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့က အကြံပေးတစ်ဦးဖြစ်တဲ့ ဇာဗီယာအဘူအီဒ်က အဘူခဒီရ်ကိုသတ်တဲ့သူတွေကို တရားစွဲဆိုမှုက “ပါလက်စတိုင်းတွေရဲ့အသက်တွေဟာ အစ္စရေးအတွက် ဘယ်လောက် ဈေးပေါနေလဲဆိုတာကို ပြသနေတဲ့ သာဓကပဲ” လို့ နောက်ပိုင်းမှာ Twitter စာမျက်နှာကတစ်ဆင့် ရေးသားခဲ့ပါတယ်။
အာရပ်လူနည်းစုများအခွင့်အရေးဆိုင်ရာ Adalah တရားရေးစင်တာက နိုင်ငံတကာအသိပညာပေး တာဝန်ရှိသူ အမ်ဂျဒ် အီရာကီက ဒါဝါဘက်ရှ်မိသားစုနဲ့ မိုဟာမက် အဘူ ခဒီရ်တို့ကို သတ်ဖြတ်မှုတွေဟာ “အစ္စရေးအာဏာပိုင်တွေအနေနဲ့ ဂျူးတွေနဲ့ ပါလက်စတိုင်းတွေကို ဆက်ဆံရာမှာ စံနှစ်မျိုးသုံးနေတယ်ဆိုတာကို” ဖော်ပြနေတာသာဖြစ်တယ်လို့ ဆိုပါတယ်။
“မစုံစမ်းမစစ်ဆေးဘဲ ဖမ်းဆီးမှု၊ စစ်ဘက်တရားစွဲဆိုမှုနဲ့ သီတင်းပတ်အနည်းငယ်အတွင်းမှာ ပါလက်စတိုင်းတွေကို ပြစ်ဒဏ်ချမှတ်မှုတွေအတွက် အစ္စရေးစစ်တပ်ဟာ မကောင်းသတင်းနဲ့ကျော်ဇောပါတယ်။ ဒါပေမယ့် ဂျူးလူမျိုး သံသယရှိသူတွေဆိုရင်တော့ ဆောင်ရွက်မှုဟာ လေးလံနှေးကွေးပြီး တရားစွဲဆိုမှုတွေ၊ ပြစ်ဒဏ်ချမှတ်မှုတွေကို ရှောင်ရှားဖို့အတွက် အကြောင်းပြချက်တွေပေးကြပါတယ်” လို့ အီရာကီက ပြောကြားခဲ့ပါတယ်။
(Aljazeera သတင်းဌာနမှ Rights groups decry Israel’s comments on Dawabsheh case သတင်းဆောင်းပါးကို
လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
Leave a Reply
You must be logged in to post a comment.