ဒီဇင်ဘာ ၁၇၊ ၂၀၁၅
M-Media
– အမေရိကန်လေယာဉ်တင်စစ်သင်္ဘော USS Harry S. Truman မှာ စူးအက်တူးမြောင်းကိုဖြတ်၍ လာမည့်ရက်အနည်းငယ်အတွင်း ပါရှန်ပင်လယ်ကွေ့သို့ ရောက်ရှိတော့မည်ဖြစ်ကာ အီရတ်နှင့်ဆီးရီးယားရှိ IS အကြမ်းဖက်အုပ်စုများကို စတင်တိုက်ခိုက်သွားမည်ဟု သိရသည်။
USS Harry S. Truman၊ ၎င်းနှင့်အတူ လိုက်ပါလာသော တိုက်သင်္ဘောအုပ်စုမှာ ယခုလအစောပိုင်းတွင် ရောက်ရှိခဲ့သည့် ပြင်သစ်လေယာဉ်တင်စစ်သင်္ဘော ချားလ်စ်ဒီဂေါနှင့် သွားရောက်ပူးပေါင်းမည်ဖြစ်သည်။
ဗဟိုစစ်ဌာနချုပ်၏ စာရင်းဇယားများအရ အမေရိကန်မှာ IS များကို လေကြောင်းတိုက်ခိုက်မှုများ တဖြည်းဖြည်း တိုးမြှင့်ပြုလုပ်လျက်ရှိပြီး နိုဝင်ဘာလတွင် ဗုံးကြဲမှုပေါင်း ၃၂၇၁ ခု ပြုလုပ်ခဲ့သည်။
ပါရှန်းပင်လယ်ကွေ့တွင် USS Harry S. Truman သင်္ဘောရောက်ရှိမှုမှာ ထိုဒေသအတွင်း အမေရိကန်စစ်သင်္ဘောမရှိသည့် လစ်ဟာမှုကို အဆုံးသတ်စေမည့် အမှတ်အသားလည်းဖြစ်သည်။ ယခင်ရှိခဲ့သည့် USS Theodore Roosevelt မှာ အောက်တိုဘာလ အစောပိုင်းက ထိုဒေသမှ ထွက်ခွာခဲ့သည်။
မဟာမိတ်အဖွဲ့များ၏ ကြောင်းတိုက်ခိုက်မှုမှာ IS တို့ကို အပြီးတိုင်ချေမှုန်းနိုင်စွမ်းမရှိသေး၍ အင်အားဖြည့်တင်းမှုများ ပိုမိုပြုလုပ်ရန်လိုအပ်သည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်တန် ကာတာက ပြီးခဲ့သည့်တစ်ပတ်တွင် ပြောကြားခဲ့သည်။
အမေရိကန်နှင့် မဟာမိတ်နိုင်ငံများမှာ ၂၀၁၄ ကတည်းက အီရတ်နှင့် ဆီးရီးယားရှိ IS စစ်သွေးကြွများကို ပစ်မှတ်ထား တိုက်ခိုက်နေသော်လည်း အောင်မြင်မှု မရရှိသေးပေ။
Ref: PresstV


Leave a Reply
You must be logged in to post a comment.