ဇန်န၀ါရီ ၉၊ ၂၀၁၆
M-Media
– အီရန်၏ ဒုံးကျည်အစီအစဉ်သည် အမေရိကန်က ပိတ်ဆို့အရေးယူရလောက်သည့် အခြေခံအကြောင်းရင်းမရှိဟု ရုရှားက ပြောကြားလိုက်သည်။
“ဒုံးကျည်အစီအစဉ်နဲ့ပက်သက်ပြီး အီရန်အပေါ် ပိတ်ဆို့မှုတွေလုပ်ဖို့ အခြေခံအကြောင်းအရင်းတွေ ရှိတယ်လို့ ကျွန်တော်တို့မယုံကြည်ပါဘူး” ဟု ရုရှားသံတမန်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Interfax က ဖော်ပြခဲ့သည်။
အီရန်မှာ ပစ်မှတ်ကို တိကျစွာပစ်လွှတ်နိုင်သည့် တာဝေးပစ်ဒုံးကျည်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၁ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ပြီးနောက် အမေရိကန်က ပိတ်ဆို့မှုအသစ်များပြုလုပ်ရန် ပြောဆိုမှု ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံရေးသမားများက အီရန်မှာ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက် စမ်းသပ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။ ထို့နောက် အမေရိကန်အာဏာပိုင်များမှာ အီရန်အပေါ် ပိတ်ဆို့မှုအသစ်များ ထပ်မံပြုလုပ်ရန် တောင်းဆိုခဲ့ကြသည်။
“အမေရိကန်တွေဟာ အီရန်နဲ့ကုလ သဘောတူညီထားတဲ့ ဆုံးဖြတ်ချက်အမှတ် ၁၉၂၉ က သက်ဆိုင်တဲ့ ပြဌာန်းချက်ဟာ ဒုံးကျည် မစမ်းသပ်ရလို့ ယူဆနေကြပါတယ်၊ တကယ်တော့ စာချုပ်ထဲမှာ ရေးထားတာက နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်တဲ့ ဒုံးကျည်ပစ်လွှတ်ခြင်းကိုသာ တားမြစ်ထားခြင်းဖြစ်ပါတယ်” ဟု ရုရှားသတင်းဌာနက ဖော်ပြခဲ့သည်။
သို့သော်လည်း အမေရိကန်အာဏာပိုင်မျာမှာ အီရန်ဒုံးကျည်ထုတ်လွှတ်မှုတွင် ပူးပေါင်းပါဝင်ခဲ့သည်ဟု သံသယရှိသည့် ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ် တစ်ဒါဇင်ခန့်ကို ပိတ်ဆို့မှုအသစ်များ ပြုလုပ်တော့မည်ဟု ပြီးခဲ့သည့်လအတွင်း ကြေငြာခဲ့သည်။
အီရန်၏ တုန်ပြန့်မှုများကို စိုးရိမ်ရသည့်အတွက် အမေရိကန်အနေဖြင့် ပိတ်ဆို့မှုများအား စတင်ဆောင်ရွက်ရန် အချိန်တိတိကျကျ မသတ်မှတ်သေးဘဲ ဆိုင်းငံထားခဲ့သည်။
ယခုပိတ်ဆို့မှုမှာ အီရန်နှင့် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံတို့အကြား နျူကလီးယား သဘောတူညီချက် ရရှိပြီးကတည်းက ပထမဆုံးအကြိမ်လည်းဖြစ်သည်။ ထိုသဘောတူညီချက်ကို JCPOA ဟု ခေါ်ဆိုပြီး အီရန်အပေါ် နျူကလီးယားနှင့် ဆက်စပ်နေသည့် ပိတ်ဆို့မှုများကို ပယ်ဖျက်ပေးရမည်ဖြစ်ပြီး အပြန်အလှန်အနေဖြင့် အီရန်ကလည်း ငြိမ်းချမ်းသောနျူကလီးယားလုပ်ငန်းစဉ်များကို ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ပေးရမည်ဖြစ်သည်။
အီရန်အဓိပတိ အယာတိုလာခါမေနီက JCPOA စာချုပ်ကို ချိုးဖောက်၍ ပိတ်ဆို့အသစ်များ မပြုလုပ်ရန် သတိပေးပြောကြားထားသည်။
Ref: PressTV
Leave a Reply
You must be logged in to post a comment.